Page:ပါရာဇိကပါဠိတော်.pdf/20

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သားသုဒိန်သည် သင့်စကားကို လိုက်နာကောင်း လိုက်နာပေမည်"ဟု ခေါ်၍ ပြော၏။

ထိုအခါ အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ ခြေတို့ကို ကိုင်၍ အသျှင်သုဒိန်အား-

"အရှင့်သား အကြင် (နတ်သမီး) တို့ကို (ရလိုမှုဟူသော) အကြောင်းကြောင့် အရှင့်သားသည် မြတ်သောအကျင့်ကို ကျင့်၏၊ ထိုနတ်သမီးတို့ကား အဘယ်သို့သဘော ရှိပါကုန်သနည်း"ဟု မေး၏။

"နှမ ငါသည် နတ်သမီးဟူသော အကြောင်းကြောင့် မြတ်သော အကျင့်ကို ကျင့်သည် မဟုတ်ပါ"ဟု (ပြန်၍ပြော၏)။

ထိုအခါ အသျှင်သုဒိန်၏ မယားဟောင်းသည် "ယနေ့မှစ၍ ငါ့ကို အရှင့်သားသုဒိန်သည် နှမဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုနေသည်တကား"ဟု (ဝမ်းနည်း ပူဆွေးလျက်) ထိုနေရာ၌ပင်လျှင် မိန်းမောတွေဝေ၍ လဲလေ၏။

ထိုအခါ အသျှင်သုဒိန်သည် အဖဖြစ်သူအား-

"ဒါယကာ ဆွမ်းဘောဇဉ်တို့ကို ပေးလှူမည်ဖြစ်လျှင် ပေးလှူလော့၊ အကျွန်ုပ်တို့ကို (ဥစ္စာ မိန်းမအထွေထွေကို ပြလျက်) မညှဉ်းဆဲပါလင့်"ဟု ပြော၏၊ ချစ်သားသုဒိန် သုံးဆောင်လော့ဟု (ပြန်ပြော၏)။

ထို့နောက် အသျှင်သုဒိန်၏ အမိအဖတို့သည် အသျှင်သုဒိန်အား မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင် လုပ်ကျွေးကုန်၏။

ထိုအခါ အသျှင်သုဒိန်၏ မိခင်သည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကိုဖယ်ပြီးသော အသျှင် သုဒိန်အား-

"ချစ်သား သုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာ ရှိ၏၊ များသော ရွှေငွေ ရှိ၏၊ နှစ်သက် ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာစပါး ရှိ၏၊ ချစ်သား သုဒိန် လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်၏၊ ချစ်သားသုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်းပြုလော့"ဟု ပြော၏။

မိခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ရွှင်စွာ မြတ်သော အကျင့်ကိုကျင့်နေပါသည်ဟု (ပြန်၍ပြော၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်၏အမိသည် အသျှင်သုဒိန်အား-

"ချစ်သားသုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာရှိ၏၊ များသော ရွှေငွေ ရှိ၏၊ နှစ်သက် ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာစပါး ရှိ၏၊ ချစ်သားသုဒိန် သို့ဖြစ်လျှင် (သား) မျိုးကိုသော်လည်း ပေးပါလော့၊ အမွေခံသား မရှိသော ငါတို့၏ပစ္စည်းဥစ္စာကို လိစ္ဆဝီ (မင်း) တို့သည် (မင်းဘဏ္ဍာတော်အဖြစ်ဖြင့်) မယူဆောင် ကြပါစေလင့်"ဟု (ပြောသောခါ) -

မိခင် ဤ (သားမျိုးပေးခြင်းကိစ္စ) ကိုမူကား ပြုလုပ်နိုင်ပါသည်ဟု (ပြန်ပြော၏)။

ချစ်သားသုဒိန် ယခုအခါ (သင်) အဘယ်မှာ နေပါသနည်းဟု (မေးသောအခါ) -

မိခင် မဟာဝုန်တောမှာ (နေပါသည်ဟု ပြော၏)။

ထို့နောက် အသျှင်သုဒိန်သည် နေရာမှ ထကာ ဖဲခွါသွားလေ၏။

၃၆။ ထိုအခါ အသျှင်သုဒိန်၏ မိခင်သည် အသျှင်သုဒိန်၏ မယားဟောင်းကို "(ချစ်သမီး) ချွေးမ (သားရဖို့ အကြောင်း တောင်းပန်ပါရစေ) ဥတုလာ၍ (မိန်းမတို့ဓမ္မတာ) ပန်းပွင့်သော အခါ၌ ငါ့အားပြောပါလော့"ဟု ခေါ်၍ ပြော၏၊ အရှင်မ ကောင်းပါပြီဟု အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ မိခင်အား ပြန်ကြား၏။

ထို့နောက် မကြာမီပင် အသျှင်သုဒိန်၏ မယားဟောင်းအား