Page:ပါရာဇိကပါဠိတော်.pdf/19

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အသျှင်သုဒိန်၏ မယားဟောင်းကို "(ချစ်သမီး) ချွေးမ ငါ တိုက်တွန်း၏၊ ငါ့သား သုဒိန်အား ကြိုက်နှစ်သက်စေတက်သည့် အဝတ်တန်ဆာကို ဝတ်ဆင်လော့"ဟု ခေါ်၍ ပြော၏။

"အရှင်မ ကောင်းပါပြီ"ဟု အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ အမိအား ဝန်ခံ၏။

၃၄။ ထိုအခါ အသျှင်သုဒိန်သည် နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်မိမိ၏ အဖအိမ်သို့ ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်၏။

အသျှင်သုဒိန်၏ အဖသည် အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးလျှင် ထို (ရွှေ ငွေ) အပုံတို့ကို ဖွင့်လှစ်စေ၍အသျှင်သုဒိန်အား-

"ချစ်သားသုဒိန် ဤ (ရွှေ ငွေ) သည် သင့်အမိ၏ အမိဘက်မှ ပါလာသော ဥစ္စာတည်း၊ မိန်းမ သား၏ (အသုံး အဆောင်အလို့ငှါ ရအပ်သော) မိန်းမသုံး ဥစ္စာတည်း၊၂ အဖဘက်မှ ပါလာသော ဥစ္စာသည်တစ်ခြား ရှိသေး၏၊ အဘိုးအဘေးဘက်မှ (ဆင်းသက်) လာသော ဥစ္စာလည်း တစ်ခြား ရှိသေး၏၊ ချစ်သားသုဒိန် လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်၏၊ ချစ်သား သုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်းပြုလော့"ဟု ပြော၏။

ဖခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ရွှင်စွာ မြတ်သော အကျင့်ကို ကျင့်နေပါသည်ဟု (ပြန်၍ ပြော၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်၏အဖသည် အသျှင်သုဒိန်အား-

"ချစ်သားသုဒိန် ဤ (ရွှေ ငွေ) သည် သင့်အမိ၏ အမိဘက်မှ ပါလာသော ဥစ္စာတည်း၊ မိန်းမသား၏ (အသုံး အဆောင်အလို့ငှါ ရအပ်သော) မိန်းမသုံးဥစ္စာတည်း၊ အဖဘက်မှ ပါလာ သော ဥစ္စာသည်တခြား ရှိသေး၏၊ အဘိုးအဘေးဘက်မှ (ဆင်းသက်) လာသော ဥစ္စာလည်း တခြားရှိသေး၏၊ ချစ်သားသုဒိန် လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်၏၊ ချစ်သားသုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့"ဟုပြော၏။

"ဒါယကာ အကယ်၍ သင် အမျက်မထွက်လျှင် သင့်ကို ပြောလို၏"ဟု (ပြောသောအခါ) ချစ်သားသုဒိန် ပြောလော့ဟု (ပြန်၍ ပြော၏)။

"ဒါယကာ သို့ဖြစ်လျှင် သင်သည် ပိုက်ဆံလျှော်အိတ် ကြီးကြီးတို့ကို ချုပ်စေပြီးလျှင် ရွှေငွေ အပြည့်ထည့်၍ လှည်းတို့ဖြင့် ထုတ်ဆောင်ကာ ဂင်္ဂါမြစ်လယ် ရေအယဉ်၌ ပစ်ချလိုက်လော့၊ ထိုသို့အဘယ့်ကြောင့် ပြုလုပ်စေရသနည်း ဆိုသော်- ဒါယကာ ထို (ဥစ္စာရှိနေခြင်းဟူသော) အကြောင်းကြောင့် သင့်အား ကြောက်ခြင်းသည်လည်းကောင်း၊ တုန်လှုပ်ခြင်းသည်လည်းကောင်း၊ ကြက်သီးမွေးညင်းထခြင်းသည်လည်းကောင်း၊ စောင့်ရှောက်ရခြင်းသည်လည်းကောင်း ဖြစ်ရလိမ့်မည်၊ (မရှိခဲ့မူ) သင့်အား ထို (ကြောက်ခြင်းစသော) အန္တရာယ်သည် မဖြစ်နိုင်တော့ပြီ၊ ထို့ကြောင့်ပင်ဖြစ်သည်"ဟု (ပြော၏)။

ဤသို့ပြောသော် အသျှင်သုဒိန်၏ အဖသည် "သားသုဒိန်သည် အဘယ်ကြောင့်လျှင် ဤသို့ ပြောလေဘိသနည်း"ဟု နှလုံးမသာ ဖြစ်လေ၏။

၃၅။ ထို့နောက် အသျှင်သုဒိန်၏ အဖသည် အသျှင်သုဒိန်၏ မယားဟောင်းကို "(ချစ်သမီး) ချွေးမ ငါတိုက်တွန်းပါ၏၊ သားသုဒိန်သည် သင့်ကို ချစ်လည်း ချစ်၏၊ နှစ်သက်လည်း နှစ်သက်၏၊