Page:နန္ဒီသေနပျို့.pdf/17

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၄
လက်ဝဲသုန္ဒရ
 

၂၇။။ “ထိုသို့ စီရင်၊ စစ်ရေးတွင်၌၊ စစ်အင်္ဂါကား၊ ခုနှစ်ပါးမူ၊ ရှေ့ဖျား စူးစူး၊ ရှေ့ဦး ခန့်ရည်၊ ရှေ့က တည်၍၊ ချီသည် တပ်ကား၊ စစ်ဖျား,စစ်လျင်၊ ရင်တွင် ဆွယ်လျက်၊ နောက်နှစ်ဖက်တွင်၊ နှစ်လက် သွယ်ဖုံး၊ စစ်ပခုံးတည့်။ ထိုသုံးစုပြင်၊ မင်းရှေ့တွင်မူ၊ စစ်အင် မူလ[1]၊ စစ်ရင်ဝတည့်။ တပ်မ အရံ၊ နှစ်ဖက်ခံမူ၊ စစ်နံ တလျှောက်၊ ထိုတပ်နောက်မှု၊ စစ်ကျောက်ကုန်းဟု၊ အမည်ပြုရှင့်၊ တစု နောက်ရံ၊ နောက်ခံ,နောက်ထား၊ ဤသို့ ပြား၏။ နှစ်ပါး ပုံခင်း၊ စစ်ကပ်ခြင်းမှု၊ ထိန်ဝင်း လျှံပတ်၊ လပြသာဒ်ဝယ်၊ နက္ခတ် တာရာ၊ ရံဝန်းကာသို့၊ ဗိုလ်ပါ စစ်သည်။ ပတ်လည် ခင်းကျင်း၊ မင်းအလယ်က၊ တပ်ချီကြမူ၊ လ,နှယ်ထွန်းသစ်၊ တူသော စစ်နှင့်၊ တက်တစ် ပြိုးပြောင်၊ ခြည်တထောင်သည်၊ တောက်လောင် သည်နှင့်၊ နှိုင်းချင့် တရည်၊ မင်းရှေ့တည်၍၊ ချီသည် စစ်ကား၊ နေမင်း လားဟု၊ နှစ်ပါး အင်္ဂါ၊ စစ်ရေးရာသည်၊၊ စဉ်လာ,အထင် အရှားတည်း။

၂၈။။ “လေးပါး ခင်းကျင်း၊ စစ်ချီခြင်းကား၊ ဆင်,မြင်း,ရထား၊ အသွား အမှတ်၊ ပြာသာဒ် တူရိုး၊ မုရိုးစည် နှယ်၊ တသွယ်, တကြောင်း၊ ပန်းတောင်းသဏ္ဌာန်[2]၊ ရှားလှင်ကန်နှင့်၊ တုဟန် မယွင်း၊ စစ်ချီခြင်းတည့်။ မင်း အလယ်နေ၊ ဗိုလ်ခြေ မကွဲ၊ လက်ဝဲ နံကာ၊ လက်ယာ နံတောင်း၊ စစ်အား ပေါင်း၍၊ တကြောင်းတည်း ကွန့်၊ များအဝှန်တည့်။ တောင်ညွန့် ဂဠုန်၊ စွမ်းအားဟုန်ဖြင့်၊ ပျံခုန် ကြွားကြွား၊ သွားမည် အယောင်၊ ဂဠုန် တောင်တည့်။ ရှေ့ဆောင် နွားလား၊ သွားရာ စိုက်စိုက်၊ အစဉ်လိုက်သို့၊ တိုက်သည့်စစ်ကား၊ နွားပမာဏ၊ ဥသဘတည့်။ ထိုမှတဆန်း၊ မကန်း ကွက်လား၊ ရှေ့ဖျား တကွဲ၊ လက်ဝဲ တဖြာ၊ လက်ယာ တစု၊ ဤသို့ ပြုသည်၊ ဗိုလ်ထု ရှက်သန်း၊ စစ်မကန်းတည့်။ ရှေ့တန်း နောက်ဝိုက်၊ တပ်စု လိုက်၍၊ တိုက်သည် တဆစ်၊ လေးပြင်းစစ်တည့်။ တိရစ္ဆာန် မြွေ၊ ပတ်မခွေပဲ၊ ဖြန့်ဖြေ ကျောကျော၊ စွယ်ငေါငေါဖြင့်၊ သွားသော ပုံယူ၊ ထို့အတူလျင်၊ မင်းမူ ရှေ့တည်၊ တိုက်သည် စစ်ကား၊ စစ်မြွေတွားတည့်။ စစ်ဖျား , စစ်လယ်၊ တပ်စဉ် သွယ်မှ၊ နောက်ဝယ် စိစိ၊ စစ်အား ဖိ၍၊ မငြိ မသွေး၊


  1. စစ်ဆင်မူလ (ဦး, ဟံ)
  2. မုရိုး စည်ယောင်၊ ပန်းတောင် သဏ္ဌာန် (မန်း)