Page:နန္ဒီသေနပျို့.pdf/11

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
လက်ဝဲသုန္ဒရ
 

စိမ် မပျက်၊ အသက် မသေ၊ နေရာ မနိမ့်၊ ကောင်းလျှင်း စိမ့်ဟု၊ မနှိမ့်,မချ၊ မ,စ တာရှည်၊ ပြုစုမည်ကို၊၊ ကြံစည်,တွေးဆ ထောက်လေကုန်။

၁၅။။ “မီးလည်း မသေ၊ ရေလည်း မနောက်၊ မရှောက် ကြာပင်၊ မှုရေးအင်ကို၊ သင်တို့ မင်းစိုး၊ မကြိုက်နိုးက၊ တန်ခိုး ခေါင်ချာ၊ အာဏာ ခေါင်ချင်း၊ ဖုန်းဝင်းခေါင်တိုင်၊ ဖြိုးဖြိုးမြိုင်မျှ၊ စိုးပိုင်ခန့်ပိုင်း၊ အတိုင်းမသိ၊ ပါဋလိဟု၊ ပြည်ကြီးသခင်၊ စောနတ်ရှင်ဝယ်၊ ပဲ့တင် လွှမ်းညီ၊ မိုးကြိုးသီသို့၊ နန္ဒီသေန၊ ပေါက်ပြ ထုတ်ချင်း၊ သတင်း ကြေညာ၊ သေနာပတိ၊ ငါစင် ရှိလျက်၊ ထိထိ ပါးပါး၊ ဘယ် လေးစားအံ့။ မိုးဖျား စက်ရှိန်၊ တောက်လောင် ထိန်ကြောင့်[1]၊ ကလိင်္ဂရာဇ်၊ တိုင်းလုံးချစ်သည်၊ သူ့စစ်သူကြီး၊ တို့နှင့် နီးသော်၊ လည်လှီး၍ ကွန့်[2]၊ အသက်စွန့်က၊ ရန်ညွန့် ပျောက်ပြေ၊ တပ်လုံး ကြေမူ[3]၊ စစ်မြေ အတွင်း၊ စစ် ခင်းကျင်း၍၊ ဆင်,မြင်း ကိုယ်စွမ်း၊ မစမ်းရမည်၊ သည်သာ ထဲပိုက်၊ စိုးရိမ်လိုက်၏။ သူတိုက်မည်ကြံ၊ စစ်ပွဲခံက၊ တဆံခြည်ခန့်၊ လန့်, မစိုး၊ တို့ မညှိုးတည့်။ အားကြိုး ပြင်းထန်၊ တိုက်မည် မှန်မူ၊ ခန့်ရန် ဆင်, မြင်း၊ ဖြည့်တင်း ရဲမက်၊ များ လက်နက်လည်း၊ ရေတွက် မနိုင်၊ ရုံးစုပြိုင်၍၊၊ တပ်ခိုင်,တပ်ကြီး ဆောက်လေကုန်။။”

၁၆။။ နန္ဒီသေန၊ မတ်လှ တန်ဆောင်၊ မတ်ခေါင်, မတ်ဖျား၊ စကား, စီကုံး၊ ခြင်္သေ့ ကြုံးသို့၊ လက်ရုံး အရည်၊ ပြလိုက်သည်နှင့်၊ နေပြည်ရပ်ဌာန်၊ စေတမန်တို့၊ ပြန်လည် ရောက်ကြ၊ ကလိင်္ဂဟု၊ မည်ရ ဟိုးဟိုး၊ ရေ,မြေ စိုးသည်၊ တန်ခိုး ထန်ပြင်း၊ ထိုသည့်မင်းကို၊ အချင်း တမန်၊ လျှောက်ပြန် စကား၊ အကုန်ကြားက၊ မီးပွါး ယမ်း၌၊ ဟူးဟူးတိုက်သို့၊ မျက်အိုက် ဒေါသ၊ ပြွမ်းပြွမ်း ထလျက်၊ လ၏ အန္တရာယ်၊ ရာဟု ကွယ်သို့၊ “အဘယ် ကြောင်းလမ်း၊ ဘယ်စွမ်းပကား၊ ဘယ်အား,ဘယ်အန်၊ ဘယ်ကျွန်,ဘယ်ကျေး၊ ဘယ်သူသွေး၍၊ ဘယ်ရေးကိစ္စ၊ မဟုတ်လှလျက်၊ အဿက မင်း၊ နှလုံးသွင်းက၊ ဖျင်းဖျင်း သိမ်သိမ်၊ အမြင်တိမ်နှင့်၊ ရန်နှိမ် ကျော်သောင်း၊ ငါ့အကြောင်းကို၊ ပွဲကောင်း ကြိုက်ဆုံ၊ မကြုံဘူး၍၊ ဆူးဆူး ရားရား၊ အကြံမှား” ဟု၊ ဗိုလ်များ အလယ်၊ တင့်တယ်စလောက်၊ တံခွန်ဆောက်သို့၊၊ အားမြောက်,သံပ ကြုံးသည်တည်း[4]


  1. ပြင်းလောက်ထိန်ကြောင့် (ဟံ)
  2. လည်လှီး၍ တွန့် (ဟံ)
  3. တပ်လုံးကြွေမူ (ဦး, ဟံ)
  4. အားမြောက်,သံပ ကြုံးသတည်း (မန်း)