၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ  (1956) 
by ကာကွယ်ရေးဝန်ကြီးဌာန
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ

(၁၉၅၆ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၀)
၁၉၅၆ ခုနှစ်


အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်-


၁။ အမည်။ ဤအက်ဥပဒေကို ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူး စီမံချက်) အက်ဥပဒေဟု ခေါ်တွင်စေရမည်။


၂။ အဓိပ္ပါယ်ဖော်ပြချက်။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျင်-
(က) အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင် ဆိုသည်မှာ တပ်မဟာမှူးရာထူးအောက် မနိမ့်သည့် စစ်ဘက် ဆိုင်ရာ တပ်မှူးကို ဆိုလိုသည်။
(ခ) စစ်ဘက်ဆိုင်ရာ ဆိုသည့်စကားရပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ကြည်းတပ်၊ ရေတပ် သို့တည်း မဟုတ် လေတပ်ကို ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။
(ဂ) စစ်ဆင်မှု ဆိုသည်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်က အခါအားလျော်စွာ ထုတ်ဆင့်သည့် အမိန့်ဖြင့်ဖြစ်စေ၊ အမိန့်အရဖြစ်စေ ရန်သူကို နှိမ်နှင်းရန်ပြုလုပ်သော စစ်ဆင်မှုကို ဆိုလိုသည်။
(ဃ) ရန်သူ ဆိုသည်မှာ မြန်မာနိုင်ငံကြည်းတပ်၊ အက်ဥပဒေပုဒ်မ၏ပုဒ်မ ၇၊ အပိုဒ် (၁၂)တွင် အဓိပ္ပါယ် ဖော်ပြထားသည့် အတိုင်း ဖြစ်သည်။
(င) တားမြစ်ထားသည့် နေရာ ဆိုသည်မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ (The Burma Official Secrets Act) ၏ ပုဒ်မ ၂၊ အပိုဒ် (ဂ) တွင် အဓိပ္ပါယ်ဖော်ပြထားသည့်အတိုင်း တားမြစ်ထားသည့် နေရာကို ဆိုလိုသည်။


၃။ တားမြစ်ထားသည့်နေရာများ
(၁) အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများပြုလုပ်နေစဉ်အတွင်း-
(က) မိမိ၏ ခွင့်ပြုချက်မရဘဲ မည်သူမျှ တားမြစ်ထားသည့် နေရာ တစ်ခုခုသို့ ဝင်ရောက်ခြင်း မပြုရဟူ ၍သော်လည်းကောင်း၊ထိုနေရာပေါ်၌ သို့တည်းမဟုတ် ထိုနေရာအတွင်းမရှိရဟူ၍ လည်းကောင်း၊ ထိုနေရာပေါ် ဖြတ်သန်းသွားလာခြင်း မပြုရဟူ၍ လည်းကောင်း၊ ထိုနေရာအနီးတွင်း ရစ်ဝဲနေခြင်း မပြုလုပ်ရဟူ၍ သော်လည်းကောင်း၊ အမိန့်ထုတ်ဆင့်နိုင်သည်။
(ခ) တားမြစ်ထားသည့်နေရာ၌ ဝင်ရောက်ရန် အားထုတ်သူများကို သော်လည်းကောင်း၊ ထိုနေရာပေါ်၌ သို့တည်းမဟုတ် ထိုနေရာအတွင်း ရှိနေသူများကိုလည်းကောင်း ရှာဖွေရန်နှင့် ထိုသို့ရှာဖွေရန် ကိစ္စ အတွက် ထိုသူတစ်ဦးဦးကို ရပ်ဆိုင်းထားရန် မည်သူကိုမဆို အာဏာအပ်နှင်းနိုင်သည်။ သို့ရာတွင် မိန်းမကို မိန်းမချင်းသာ ရှာဖွေရမည်။
(၂) မည်သူမဆို ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ တားမြစ်ထားသည့်နေရာတွင် ရှိနေလျင် အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်က အာဏာအပ်နှင်းထားသူ တစ်ဦးဦးသည် ထိုသူကိုထိုနေရာမှ ထုတ်ပယ်နိုင်သည်။ ထိုသို့ထုတ်ပယ်ခြင်းမှာ ထုတ်ပယ်ခြင်းခံရသူအပေါ် စွဲဆိုသော အခြားမည်သည့် မှုခင်းကိုမျှ ထိခိုက်ခြင်းမရှိစေရ။
(၃) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ တားမြစ်ထားသည့်နေရာတွင် ရှိနေလျင် ထိုသူကို (၃)နှစ် ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


၄။ ကာကွယ်ထားသည့်နေရာများ။ အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများပြုလုပ်နေစဉ် အတွင်း မည်သည့် နေရာသို့မဆို အခွင့်အမိန့်မရသူများ ဝင်ရောက်ခြင်းကို တားမြစ်စိမ့်သောငှာ အထူး ကြိုတင်စီမံချက်များ ပြုလုပ်ရန် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်လျော်သည်ဟု ယူဆလျှင် အမိန့်ဖြင့် ထိုနေရာကို ကာကွယ်ထားသည့်နေရာအဖြစ် ကြေညာနိုင်သည်။ ထို့ပြင် ထိုသို့ ကြေညာသည့်အခါ ပုဒ်မ-၃ ပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များတွင် တားမြစ်ထားသည့်နေရာဆိုသည့် စကားရပ်များမှာ ကာကွယ်ထားသည့်နေရာ ဟူသော အဓိပ္ပါယ် ရှိဘိသကဲ့သို့ အဆိုပါနေရာသည် ထိုပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ရမည်။


၅။ ကာကွယ်ထားသည့်နယ်များ
(၁) အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း နယ်တစ်ခုခုသို့ လူ များဝင်ရောက်ခြင်းကို စည်းမျဉ်းသတ်မှတ်ရန် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်သည်ဟု ယူဆလျှင် ထိုနယ်ကို ကာကွယ်ထားသည့် နယ်မြေအဖြစ် အမိန့်ထုတ်ပြန် ကြေညာနိုင်သည်။
(၂) ပုဒ်မခွဲ (၁)အရ ထုတ်ဆင့်သော အမိန့်တွင် သီးခြားဖော်ပြထားသည့် နေ့ရက်၌လည်းကောင်း၊ ထိုနေ့ရက်နောက်၌ လည်းကောင်း၊ ထိုသို့ အမိန့်ဖြင့် ပြဋ္ဌာန်းသည့် ကင်းလွတ်ခွင့် တစ်ရပ်ရပ်ကို မဆန့် ကျင်စေဘဲ မည်သူမျှ အဆိုပါ အမိန့်ဖြင့် ကာကွယ်ထားသည့် နယ်မြေအဖြစ် ကြေညာထား သည့်နယ်တွင် အဆိုပါ နေ့ရက်မတိုင်မီက နေထိုင်သူမဟုတ်လျှင် အဆိုပါ အမိန့်တွင် သီးခြားဖော်ပြထားသည့် အာဏာ ပိုင်က သို့တည်းမဟုတ် သီးခြားဖော်ပြထားသူက ထိုသူအားစာဖြင့်ရေးသားပေးသော အခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့်အညီမှတပါး ထိုနယ်တွင် မရှိရ။
(၃) မည်သူမဆို ဤပုဒ်မကို ဆန့်ကျင်၍ ကာကွယ်ထားသည့် နယ်တွင်ရှိနေလျှင် အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်က အာဏာအပ်နှင်းထားသူ တစ်ဦးဦးသည် ထိုသူကို ထိုနေရာမှ ထုတ်ပယ်နိုင်သည်။ ထိုသို့ထုတ်ပယ်ခြင်းမှာ ထုတ်ပယ်ခံရသူ အပေါ် စွဲဆိုသော အခြားမည်သည့် မှုခင်းကိုမျှ ထိခိုက်ခြင်း မရှိစေရ။
(၄) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ကာကွယ်ထားသည့်နယ်တွင် ရှိနေလျှင် ထိုသူကို (၃)နှစ် ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


၆။ ဖမ်းဆီးချုပ်နှောင်ပိုင်ခွင့်အာဏာ
(၁) စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးဦးသည် စစ်ဆင်မှုဆင်နွှဲရာတွင် အသုံးပြုသော တပ်ဖွဲ့တစ်ခု၌ ပါဝင် လျှင် သို့တည်းမဟုတ် ထိုတပ်ဖွဲ့နှင့် အတူပူးပေါင်းဆောင်ရွက်လျှင်၊ စစ်ဘက်ဆိုင်ရာ အရာထမ်း၊ အမှု ထမ်းများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သို့တည်းမဟုတ် စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ ဘေးကင်း လုံခြုံမှုကို အန္တရာယ် ဖြစ်စေသော သို့တည်းမဟုတ် အန္တရာယ်ဖြစ်အောင် ကူညီအားပေးသော ပြုမှု တစ်ခုခုကို ပြုပြီး၊ပြုဆဲ၊ သို့တည်းမဟုတ် ပြုလတံ့ဟု သင်္ကာမကင်းသူ တစ်ဦးဦးကို ဖမ်းဆီးနိုင်သည်။
(၂) မည်သည့်အရာရှိမဆို ပုဒ်မခွဲ (၁)အရ တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးလျှင် ထိုသို့ဖမ်းဆီး ကြောင်းကို အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်အား ချက်ခြင်းအစီရင်ခံရမည်။ ထိုသို့အခွင့်ရ စစ်ဘက် အာဏာပိုင်ထံမှ အမိန့်မရမီ ထိုအရာရှိသည် အခွင့်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်က သာမန် သို့တည်း မဟုတ် အထူးအမိန့်ဖြင့် သီးခြားသတ်မှတ်သည့် နေရာတွင် ထိုသို့ ဖမ်းဆီးထားသူကို အမိန့်စာဖြင့် အချုပ်ချထားနိုင်သည်။
(က) မည်သူကိုမျှ အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင်ထံမှ အမိန့်မရဘဲ ဤပုဒ်မခွဲအရ (၇)ရက်ထက်ပို၍ အချုပ်ချ မထားရ။
(ခ) မည်သူကိုမျှ ဤပုဒ်မခွဲအရ (၃)လထက်ပို၍ အချုပ်ချမထားရ။
(၃) ဤပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များအရ တင်သွင်းသည့် အစီရင်ခံစာကို ရရှိသောအခါ အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် ဤပုဒ်မအရ ဖမ်းဆီးထားသူကို ခေတ္တအချုပ်ချထားရန် ပုဒ်မခွဲ (၂) ၏ ဒုတိယခြွင်းချက်ကို ထောက်ထား၍ အကြောင်းအားလျော်စွာ သင့်သည် သို့တည်းမဟုတ် လိုအပ်သည် ထင်မြင်သည့်အတိုင်း အမိန့်ချမှတ်နိုင်သည့်ပြင် ထိုသို့ ထင်မြင်သည့်အတိုင်း ထိုသူကို ချုပ်နှောင်ထားရန် သို့တည်းမဟုတ် လွှတ်ရန် အပြီးသတ်အမိန့်ကိုလည်း ချမှတ်နိုင်သည်။
(၄) နိုင်ငံတော်သမ္မတသည် တစ်ဦးတစ်ယောက်သောသူအား စစ်ဆင်မှု တစ်ခုခုထမြောက်အောင်မြင် ရေးအတွက်အားထုတ်မှု၊ ဆောင်ရွက်မှုတို့ကို ထိခိုက်အောင် တစ်နည်းနည်းဖြင့် ပြုမူခြင်းမှ တားဆီး စိမ့်သောငှာ ထိုသူနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ရန် လိုအပ်သည်ဟု ယုံကြည်ကျေနပ်လျင်-
(က) ထိုသူကို နိုင်ငံတော်သမ္မတက အခါအားလျော်စွာ သတ်မှတ်သည့်နေရာတွင် ချုပ်နှောင်ထားရန် အမိန့်ချမှတ်နိုင်သည်။
(ခ) ထိုသူကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမိန့်၌ သီးခြားဖော်ပြထားသည့်နေရာ သို့တည်းမဟုတ် နယ်အတွင်းနေထိုင်စေရန် သို့တည်းမဟုတ် ရှိနေစေရန် ထို့ပြင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ် အတွင်းထိုသူရှိနေပြီး မဟုတ်လျှင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ်သို့ အမိန့်တွင် သတ်မှတ်ထား သည့်အချိန်အတွင်း သွားရောက်စေရန် အမိန့်ချမှတ်နိုင်သည်။
(၅) မည်သူမဆို ပုဒ်မခွဲ (၄)၊ အပိုဒ် (၄)၊ အပိုဒ် (ခ) အရ ချမှတ်သည့် အမိန့်တစ်ခုခုကိုဆန့်ကျင်လျှင် ထိုသူကို (၆)လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။


၇။ အာဏာလွှဲအပ်ခြင်း။ နိုင်ငံတော်သမ္မတသည် အမိန့်ထုတ်ပြန်၍ ပုဒ်မ ၆၊ ပုဒ်မခွဲ(၄) ဖြင့်မိမိအား အပ်နှင်းထားသည့် အာဏာတစ်ရပ်ရပ်ကို ထိုအမိန့်တွင် သီးခြားဖော်ပြထားသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ လက်နက်ကိုင်တပ်ပေါင်းစုံ စစ်သေနာပတိချုပ်က သုံးစွဲရ မည်ဟု ညွှန်ကြားနိုင်သည်။


၈။ ပြစ်မှုများ စစ်ဆေးစီရင်မှုကို ကန့်သတ်ခြင်း။ ပထမတန်းအာဏာရ ရာဇဝတ် တရားသူကြီးရုံး အောက်နိမ့်သော မည်သည့် တရားရုံးကမျှ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုကို စစ်ဆေး စီရင်ခြင်းမပြုရ။


၉။ အမိန့်နှင့် စပ်လျဉ်းသည့် ခြွင်းချက်များ ။ ဤအက်ဥပဒေနှင့်အညီ ဆောင်ရွက်သည့် အာဏာပိုင် သို့တည်းမဟုတ် သူတစ်ဦးတစ်ယောက်သည် သာမန်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို လည်းကောင်း၊ ပစ္စည်းနှင့် စပ်လျဉ်းသည့်အကျိုးခံစားမှုကို လည်းကောင်း၊ ရန်သူကို နှိမ်နှင်းသည့် စစ်ဆင်မှုထမြောက်အောင်မြင်စွာ ဆောင်ရွက်ရန် ကိစ္စနှင့် လျော်ညီစွာ နည်းနိုင်သမျှ နည်းသည့် အနှောင့် အယှက်သာ ဖြစ်စေရမည်။


၁၀။ အက်ဥပဒေအရ အရေးယူမှုကို ကာကွယ်ခြင်း
(၁) ဤအက်ဥပဒေဖြင့် ဖြစ်စေ၊ ဤ အက်ဥပဒေအရဖြစ်စေ အပ်နှင်းထားသည့်အာဏာကို သုံးစွဲလျက် ချမှတ်သော အမိန့် သည် မခိုင်လုံဟုမည်သည့် တရားရုံးတွင်မျှ ငြင်းဆိုပိုင်ခွင့်မရှိစေရ။
(၂) ဤအက်ဥပဒေဖြင့် ဖြစ်စေ၊ ဤအက်ဥပဒေအရဖြစ်စေ အပ်နှင်းသည့်အာဏာကို သုံးစွဲသည့်အနေဖြင့် အရာရှိ သို့တည်း မဟုတ် အာဏာပိုင်တစ်ဦးဦးက အမိန့်ကို လက်မှတ်ထိုး၍ ထုတ်ဆင့်လျှင် ထိုအမိန့်ကို ထိုအရာရှိက သို့တည်းမဟုတ် ထို အာဏာပိုင်က ထုတ်ဆင့်သည်ဟု တရားရုံးကသက်သေခံအက်ဥပဒေ အဓိပ္ပါယ်သဘောအရ ယူဆရမည်။


၁၁။ သာမန်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို အနှောင့်အယှက် နည်းနိုင်သမျှ နည်းစေခြင်း
(၁) ဤအက်ဥပဒေနှင့်အညီ သဘောရိုးဖြင့် ပြုလုပ်သည့် သို့တည်းမဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် အပြုအမူ တစ်ခုခု အတွက် မည်သူ့ကိုမျှ တရားမမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားမှုခင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။
(၂) ဤအက်ဥပဒေနှင့်အညီပြုလုပ်သည့် သို့တည်းမဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် အပြုအမူတစ်ခုခု ကြောင့် ပျက်စီးနစ်နာသည့်အတွက် သို့တည်းမဟုတ် ပျက်စီးနစ်နာရန် အကြောင်းရှိသည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တရားမမှုဖြစ်စေ၊ အခြားမှုခြင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။