မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ  (1923) 
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ

(၁၉၂၃ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၁၉။)
(၁၉၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်)

သက်ဆိုင်ခြင်း
၁။ ဤအက်ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် သက်ဆိုင်သည့်အပြင် မည်သည့် ဒေသမဆိုရှိသော ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးနှင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအားလုံး နှင့်လည်းကောင်း သက်ဆိုင်သည်။


အဓိပ္ပာယ်ဖွင့်ဆိုချက်များ
၂။ ဤအက်ဥပဒေတွင် အကြောင်းခြင်းရာ၌ဖြစ်စေ၊ ရှေ့နောက်စကားစပ်တို့၏ အဓိပ္ပာယ်နှင့်ဖြစ်စေ ဆန့်ကျင်ကွဲလွဲချက် တစ်စုံတစ်ရာမရှိခဲ့လျှင် -
(၁) နိုင်ငံတော်ပိုင်နေရာ ဆိုသည့် စကားရပ်တွင် နိုင်ငံတော်က အမှန်တကယ် အပ်နှံသည်ဖြစ်စေ၊ မအပ်နှံသည်ဖြစ်စေ အစိုးရဌာနတစ်ခုခုက ရယူထားသော နေရာလည်း ပါဝင်သည်။
(၂) ဆက်သွယ်ခြင်း သို့မဟုတ် လက်ခံရယူခြင်း ဆိုသည့် စကားရပ်တွင် အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ဒေသဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် လက်ခံရယူခြင်း ပါဝင်သည်။ ထို့ပြင် ဆက်သွယ်သော သို့မဟုတ် လက်ခံရယူသော ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်း အမှတ်အသား သို့မဟုတ် သတင်းဖြစ်စေ၊ ယင်းတို့၏ လိုရင်းအချက်၊ အကျိုးသက်ရောက်မှု သို့မဟုတ် သရုပ်ဖော်ပြချက်ဖြစ်စေ ပါဝင်သည်။ ထို့ပြင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ်အသားများ ရယူခြင်း သို့မဟုတ် ဆက်လက်ထားရှိခြင်းဆိုသည့် စကားရပ်တွင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ မိတ္တူကူးခြင်း သို့မဟုတ် မိတ္တူကူးစေခြင်းပါဝင်သည်။ ထို့ပြင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ်အသားနှင့် ဆက်သွယ်ခြင်း ဆိုသည့် စကားရပ်တွင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ် အသားတို့ကို လွှဲပြောင်းခြင်း သို့မဟုတ် တစ်ဆင့် ပေးပို့ခြင်းတို့ ပါဝင်သည်။
(၃) စာတမ်းအမှတ်အသား ဆိုသည့် စကားရပ်တွင် စာတမ်းအမှတ်အသား၏ တစ်စိတ်တစ်ဒေသလည်း ပါဝင်သည်။
(၄) နမူနာပုံစံ ဆိုသည့် စကားရပ်တွင် ဒီဇိုင်း၊ ပုံစံ နှင့် နမူနာတို့ ပါဝင်သည်။
(၅) စစ်ပစ္စည်း ဆိုသည့် စကားရပ်တွင် စစ်ပွဲ၌ အသုံးပြုရန် ရည်ရွယ်သည့် သို့မဟုတ် တပ်ဆင်ထား သည့် သင်္ဘော၊ ရေငုပ်သင်္ဘော၊ လေယာဉ်၊ တင့်ကား သို့မဟုတ် အလားတူ စက်ကိရိယာ၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ တော်ပီဒို သို့မဟုတ် မိုင်းတစ်ခုလုံး သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ သော်လည်းကောင်း၊ ထိုသို့အမှန်တကယ် အသုံးပြုရန် ရည်ရွယ်သည့် သို့မဟုတ် လျာထားသည့် အခြား ပစ္စည်း၊ ကိရိယာ သို့မဟုတ် တန်ဆာပလာတစ်ခုခုသော်လည်းကောင်း ပါဝင်သည်။
(၆) အစိုးရလက်အောက်ခံရုံး ဆိုသည့် စကားရပ်တွင် အစိုးရဌာန တစ်ခုခု၌ သို့မဟုတ် အစိုးရဌာန တစ်ခုခုလက်အောက်၌ရှိသော ရာထူး သို့မဟုတ် အလုပ်အကိုင်တစ်ခုခု ပါဝင်သည်။
(၇) ဓာတ်ပုံ ဆိုသည့် စကားရပ်တွင် ရိုက်ပြီး၍ မဆေးရသေးသည့် ဖလင် သို့မဟုတ် ပလိပ်ပြားလည်း ပါဝင်သည်။
(၈) တားမြစ်သည့်နေရာ ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည် -
(က) နိုင်ငံတော်ပိုင်ဆိုင်သည့် သို့မဟုတ် နိုင်ငံတော်ကဖြစ်စေ၊ နိုင်ငံတော်အတွက်ဖြစ်စေ လက်ရှိရယူ ထားသည့် ကာကွယ်ရေးအစီအမံ၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်အခြေစိုက် ထားရှိရာ သို့မဟုတ် စခန်းချရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်ဖြစ်စေ၊ ထိုသို့ ပိုင်ဆိုင်သည့် သို့မဟုတ် လက်ရှိရယူထားသည့် စစ်ဘက်ဆိုင်ရာ ကြေးနန်း သို့မဟုတ် စကားပြော ကြေးနန်းဖြစ်စေ ၊ ထိုသို့ ပိုင်ဆိုင်သည့် သို့မဟုတ် လက်ရှိရယူထားသည့် ဝိုင်ယာလက် သို့မဟုတ် အချက်ပြဆက်သွယ်ရေးစခန်း သို့မဟုတ် ရုံးဖြစ်စေ၊ ထို့ပြင် ထိုသို့ ပိုင်ဆိုင်သည့် သို့မဟုတ် လက်ရှိရယူ ထားသည့် စစ်ပစ္စည်းကို သို့မဟုတ် ယင်းတို့နှင့် သက်ဆိုင်သည့် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ သို့မဟုတ် စာတမ်းအမှတ်အသားများကိုဖြစ်စေ တည်ဆောက်ရန်၊ ပြင်ဆင်ရန်၊ ပြုလုပ်ရန်သို့မဟုတ် သိုလှောင်ရန် အလို့ငှာသော်လည်းကောင်း၊ စစ်ဖြစ်ပွားချိန်တွင် အသုံးပြုသည့်သတ္တု၊ ဆီ သို့မဟုတ် တွင်းထွက်သတ္တု ပစ္စည်းရယူရန် အလို့ငှာသော်လည်းကောင်း အသုံးပြုသည့် အလုပ်ရုံ၊ သင်္ဘောကျင်း သို့မဟုတ် အခြား နေရာ၊
(ခ) အစိုးရနှင့်ဖြစ်စေ၊ အစိုးရကိုယ်စားတစ်ဦးဦးနှင့်ဖြစ်စေ ပြုလုပ်သည့် ပဋိညာဉ်အရ စစ်ပစ္စည်းသော် လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ပုံကြမ်းများ၊ စနစ်များ၊ နမူနာပုံစံများ သို့မဟုတ် စာတမ်း အမှတ်အသားများကိုသော်လည်းကောင်း ပြုလုပ်၊ ပြင်ဆင်၊ ရယူ သို့မဟုတ် သိုလှောင်ရာဖြစ်သော နိုင်ငံတော်ပိုင်မဟုတ်သည့် နေရာ၊
(ဂ) နိုင်ငံတော်ပိုင်နေရာ သို့မဟုတ် နိုင်ငံတော်ကိစ္စအတွက် အသုံးပြုသည့် နေရာတစ်ခုခုနှင့်စပ်လျဉ်း၍ သတင်းပေါက်ကြားသွားပါက သို့မဟုတ် ထိုနေရာ ပျက်စီးယိုယွင်းသွားပါက ရန်သူအတွက် အသုံးဝင် မည်ဟူသောအကြောင်းကြောင့် ထိုနေရာကို ဤအက်ဥပဒေပါကိစ္စများအလို့ငှာ တားမြစ်သည့် နေရာ အဖြစ် နိုင်ငံတော်သမ္မတက ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာ ကြေညာ၍ ထိုသို့ ကြေညာသည့် အမိန့်ကြော်ငြာစာမိတ္တူကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ဒေသသုံးဘာသာရှိလျှင် ထို ဘာသာဖြင့်လည်းကောင်း စွဲကပ်ထားလျှင် အဆိုပါ နိုင်ငံတော်ပိုင်နေရာ သို့မဟုတ် နိုင်ငံတော်ကိစ္စ အတွက် အသုံးပြုသည့်နေရာ၊
(ဃ) မီးရထားလမ်း၊ လမ်း၊ လမ်းကြောင်း သို့မဟုတ် ရေလမ်းကြောင်းတစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်း ကောင်း၊ အခြားကုန်းကြောင်း သို့မဟုတ် ရေကြောင်း ဆက်သွယ်ရေးနည်းလမ်းများ (၎င်းတို့၏ တစ်စိတ် တစ်ဒေသဖြစ်သော သို့မဟုတ် ၎င်းတို့နှင့်စပ်ဆိုင်သော လုပ်ငန်းများ သို့မဟုတ် အဆောက်အအုံများ အပါအဝင်)နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဓာတ်ငွေ့၊ ရေ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများအတွက်ဖြစ်စေ၊ အခြားလုပ်ငန်းများအတွက်ဖြစ်စေ အများပြည်သူအကျိုးငှာ အသုံးပြုသည့် နေရာတစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ စစ်ပစ္စည်း သို့မဟုတ် ယင်းတို့နှင့် သက်ဆိုင်သည့် ပုံကြမ်းများ၊ နမူနာ ပုံစံ၊ စနစ်ပုံများ သို့မဟုတ် စာတမ်းအမှတ်အသားများကို နိုင်ငံတော်အတွက် မဟုတ်ဘဲ၊ အခြားကိစ္စအတွက် ပြုလုပ်၊ ပြင်ဆင် သို့မဟုတ် သိုလှောင်သည့် နေရာတစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ သတင်းပေါက်ကြားသွားပါက သို့မဟုတ် ၎င်းတို့ကို ဖျက်ဆီးခြင်း၊ တားဆီးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းပြုပါက ရန်သူအတွက် အသုံးဝင်မည်ဟူသော အကြောင်းကြောင့် ၎င်းတို့ကို ဤအက်​ဥပဒေပါ ကိစ္စများအလို့ငှာ တားမြစ်သည့်နေရာအဖြစ် နိုင်ငံတော် သမ္မတက ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာ ကြေညာ၍ ထိုသို့ကြေညာသည့် အမိန်ကြော်ငြာစာမိတ္တူကို (မြန်မာဘာသာဖြင့်လည်းကောင်း၊)(ဒေသသုံးဘာသာရှိလျှင် ထိုဘာသာဖြင့် လည်းကောင်း) စွဲကပ်ထားလျှင် အဆိုပါ မီးရထားလမ်း၊ လမ်း၊ လမ်းကြောင်း၊ ရေလမ်းကြောင်း သို့မဟုတ် ကုန်းကြောင်း၊ ရေကြောင်းဆက်သွယ်ရေးနည်းလမ်းများနှင့် နေရာများ။
(၉) ပုံကြမ်း ဆိုသည့် စကားရပ်တွင် နေရာတစ်ခုခု သို့မဟုတ် အရာဝတ္တုတစ်ခုခုကို ဖော်ပြထားသည့် ဓာတ်ပုံ သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြထားသည့် ရုပ်ပုံတို့ ပါဝင်သည်။
(၁၀) ရဲမှူး ဆိုသည့် စကားရပ်တွင် ရဲမှူးနှင့် အဆင့်တူဖြစ်သည့် သို့မဟုတ် ရဲမှူးရာထူးထက် ကြီးမြင့်သည့် ရဲအရာရှိတစ်ဦးဦးအပြင် ဤအက်ဥပဒေပါကိစ္စများအလို့ငှာ နိုင်ငံတော်သမ္မတက ရဲမှူး၏ အာဏာအပ်နှင်းထားသူ တစ်ဦးဦးလည်း ပါဝင်သည်။


သူလျှိုပြုခြင်းအတွက် ပြစ်ဒဏ်များ
၃။ (၁) မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေသော ရည်ရွယ်ချက် တစ်ခုခုဖြင့် −
(က) တားမြစ်ထားသည့် နေရာတစ်ခုခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ဖြတ်ကျော်ခြင်း ပြုလုပ်လျှင်ဖြစ်စေ၊ ထိုနေရာ အနီး၀န်းကျင်တွင် ရှိနေလျှင်ဖြစ်စေ၊ ထိုနေရာသို့ ဝင်ရောက်လျှင်ဖြစ်စေ သို့မဟုတ်
(ခ) ရန်သူကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်သော မည်သည့် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ သို့မဟုတ် မှတ်စုကိုမဆို ပြုလုပ်လျှင် သို့မဟုတ်
(ဂ) ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသော တရားဝင် သင်္ကေတ၊ သို့မဟုတ် စကားဝှက်တစ်ခုခုကို သော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက် အလက်၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ် ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆက်သွယ်အကြောင်းကြားခြင်းပြုလျှင် −

အဆိုပါ ပြစ်မှုအား ကာကွယ်ရေးအစီအမံ၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ သို့မဟုတ် စခန်းချရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ နိုင်ငံတော်၏ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ တစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်းကောင်း ကျူးလွန်ခြင်းဖြစ်ပါက ထိုသူကို ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဖြစ်ပြီး အခြားအမှုများဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည်။

(၂) ဤပုဒ်မအရ ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုအတွက် တရားစွဲဆိုသည့်အခါ နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှား စေရန် ပြုလုပ်မှုတစ်စုံတစ်ရာကို တရားခံက ကျူးလွန်သည်ဟု ပြဆိုရန်မလို။ ထို့ပြင် အဆိုပါ ပြုလုပ်မှု နှင့်စပ်လျဉ်း၍ ၎င်းအပေါ် သက်သေထင်ရှားမပြစေကာမူ အမှုအကြောင်းခြင်းရာများအရဖြစ်စေ၊ ၎င်း၏ အပြုအမူ သို့မဟုတ် သိရှိရသည့် ၎င်း၏အကျင့်စာရိတ္တအရဖြစ်စေ ၎င်း၏ ရည်ရွယ်ချက်သည် နိုင်ငံ​တော် ၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေကြောင်း သက်သေထင်ရှားပေါ်ပေါက်လျှင် ၎င်းအား ပြစ်မှုထင်ရှားစီရင်နိုင်သည်။ ထိုနေရာတွင် အသုံးပြုသော သို့မဟုတ် အဆိုပါနေရာရှိ အရာဝတ္ထုတစ်ခုခု နှင့် သက်ဆိုင်သောပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ၊ သို့မဟုတ် စကားဝှက်တစ်ခုခုကိုသော်လည်းကောင်း တရားဥပဒေနှင့်အညီ အပ်နှင်းထားသည့် အခွင့် အာဏာအရ ဆောင်ရွက်သူမှတစ်ပါး အခြားသူတစ်ဦးဦးက ပြုလုပ်ခြင်း၊ ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်းပြုလျှင် သက်သေထင်ရှား မပြစေကာမူအမှု အကြောင်းခြင်းရာများအရဖြစ်စေ၊ ၎င်း၏ အပြုအမူ သို့မဟုတ် သိရှိရသည့် အကျင့်စာရိတ္တအရဖြစ်စေ ၎င်း၏ ရည်ရွယ်ချက်သည် နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေကြောင်း သက်သေထင်ရှားပြီးဖြစ်သည်ဟု ပေါ်ပေါက်လျှင် အဆိုပါ ပုံကြမ်း၊စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်သည် အကျိုးစီးပွားကို ထိခိုက်စေ လိုသည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်း၊ ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။


နိုင်ငံခြားသူလျှိုများနှင့် ဆက်သွယ်ခြင်းသည် အချို့သော ပြစ်မှုများကိုကျူးလွန်ကြောင်း သက်သေ ခံချက်ဖြစ်ခြင်း
၄။(၁) ပုဒ်မ၃ပါ ပြစ်မှုတစ်ရပ်ရပ်အတွက် တစ်ဦးဦးအပေါ် ဆောင်ရွက်သည့် မှုခင်းကိစ္စတစ်ရပ်တွင် ထိုသူမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ရှိသော နိုင်ငံခြားသူလျှို နှင့် ဆက်သွယ်လျက်ရှိသည့် သို့မဟုတ် ဆက်သွယ်ရန်အားထုတ်သည့် အကြောင်းခြင်းရာမှာ ထိုသူသည် နိုင်ငံတော်၏လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေရန်ရည်ရွယ်၍ ရန်သူအား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်သော သတင်းအချက်အလက်ကို ထိုသူရယူခဲ့ကြောင်း သို့မဟုတ် ရယူရန်အားထုတ်ခဲ့ကြောင်း သက်သေပြရန်အတွက် စပ်ဆိုင်သော အကြောင်းခြင်းရာ ဖြစ်စေရမည်။
(၂) အထက်ပါ ပြဋ္ဌာန်းချက်၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ ဤပုဒ်မပါ ကိစ္စအလို့ငှာ −
(က) တစ်ဦးတစ်ယောက်သောသူသည်−
(၁) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ နိုင်ငံခြားသူလျှို၏ နေရပ်သို့ သွားရောက်လျှင် သို့မဟုတ် နိုင်ငံခြား သူလျှိုနှင့် အဆက်အဆံပြုလျှင် သို့မဟုတ် အပေါင်းအဖော်ပြုလျှင် သို့မဟုတ်
(၂) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ နိုင်ငံခြားသူလျှို၏ အမည်ကိုသော် လည်းကောင်း၊ နေရပ်ကိုသော်လည်းကောင်း၊ ထိုသူနှင့် ပတ်သက်သည့် အခြားသတင်း အချက်အလက် ကိုသော်လည်းကောင်း ထိုသူ၏ လက်ဝယ်တွေ့ရှိလျှင် သို့မဟုတ် အခြားသူတစ်ဦးဦးထံမှ ထိုသူရရှိ ထားလျှင် -

ထိုသူကို နိုင်ငံခြားသူလျှိုနှင့် ဆက်သွယ်သူဟု မှတ်ယူနိုင်သည်။

(ခ) နိုင်ငံခြားသူလျှိုဆိုသည့် စကားရပ်တွင် နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက် စေသည့်ပြုလုပ်မှုတစ်ခုခုကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကျူးလွန်ရန် အလို့ငှာ နိုင်ငံခြားအင်အားတစ်ရပ်ရပ်က တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း စေခိုင်းခြင်းခံရသူ သို့မဟုတ် စေခိုင်းခြင်းခံခဲ့ရသူ သို့မဟုတ် ထိုကဲ့သို့ စေခိုင်းခြင်းခံနေရသည် ဟူ၍သော်လည်းကောင်း၊ ထိုသို့စေခိုင်းခြင်းခံခဲ့ရသည်ဟူ၍သော်လည်းကောင်း မသင်္ကာဖွယ်ရာ လုံလောက်သော​အကြောင်းရှိပုံပေါ်သူ သို့မဟုတ် နိုင်ငံခြားအင်အား၏အကျိုးငှာ အဆိုပါပြုလုပ်မှုကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကျူးလွန်သူ သို့မဟုတ် ကျူးလွန် ရန် အားထုတ်သူ သို့မဟုတ် ကျူးလွန်ခဲ့သည်ဟူ၍ သော်လည်းကောင်း၊ ကျူးလွန်ရန် အားထုတ်ခဲ့သည် ဟူ၍သော်လည်းကောင်း၊ မသင်္ကာဖွယ်ရာ လုံလောက်သော အကြောင်းရှိသူ ပါဝင်သည်။
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေရှိသော နေရပ်တစ်ခုခုနှင့် စပ်လျဉ်း၍ ၎င်းမှာ နိုင်ငံခြားသူလျှိုက ပေးပို့ရန်ရည်ရွယ်ထားသော ဆက်သွယ်ချက်များ လက်ခံရေးအတွက် အသုံးပြုသည့်နေရပ်ဖြစ်သည်ဟု မသင်္ကာဖွယ်ရာ လုံလောက်သောအကြောင်းပေါ်ပေါက်လျှင် ထိုနေရပ် ကိုသော်လည်းကောင်း၊ နိုင်ငံခြားသူလျှို နေထိုင်ရာနေရပ် သို့မဟုတ် ဆက်သွယ်ချက်များ ပေးရန်အတွက်ဖြစ်စေ၊ လက်ခံရန်အတွက်ဖြစ်စေ၊ ၎င်းသူလျှို သွားရောက်လေ့ရှိရာ နေရပ် သို့မဟုတ် ၎င်းသူလျှိုက လုပ်ငန်းတစ်ခုခု ဆောင်ရွက်ရာနေရပ်ကို သော်လည်းကောင်း နိုင်ငံခြားသူလျှို၏ နေရပ်ဟု မှတ်ယူနိုင်သည့်အပြင် အဆိုပါ နေရပ်သို့ လိပ်မူပေးပို့သော ဆက်သွယ်ချက်များကိုလည်း နိုင်ငံခြားသူလျှိုထံ ပေးပို့သော ဆက်သွယ်ချက်များဟု မှတ်ယူနိုင်သည်။


သတင်းအချက်အလက်ကို တရားမဝင် ဆက်သွယ်အကြောင်းကြားခြင်း စသည်များ
၅။ (၁) မည်သူမဆို တားမြစ်ထားသည့် နေရာနှင့် သက်ဆိုင်သော သို့မဟုတ် ထိုနေရာတွင် အသုံးပြု သော သို့မဟုတ် ထိုနေရာရှိပစ္စည်းတစ်ခုခုနှင့် သက်ဆိုင်သော သို့မဟုတ် ဤအက်ဥပဒေကို ဆန့်ကျင်၍ ပြုလုပ်ထားသော သို့မဟုတ် ရရှိထားသော သို့မဟုတ် အစိုးရဝန်ထမ်း ရာထူးတာဝန်ထမ်းဆောင်နေသူ တစ်ဦးဦးက မိမိအား ယုံကြည်အပ်နှင်းထားသော သို့မဟုတ် အစိုးရဝန်ထမ်းရာထူး တာဝန်ထမ်းဆောင် နေသူ သို့မဟုတ် ထမ်းဆောင်ခဲ့ဖူးသူ အနေဖြင့်သော်လည်းကောင်း၊ အစိုးရကိုယ်စားချုပ်ဆိုသည့် ပဋိညာဉ်လက်ရှိဖြစ်သူ သို့မဟုတ် လက်ရှိဖြစ်ခဲ့ဖူးသူအနေဖြင့်သော်လည်းကောင်း၊ အဆိုပါ ရာထူးကို ဖြစ်စေ၊ ပဋိညာဉ်ကိုဖြစ်စေ လက်ရှိဖြစ်သူ သို့မဟုတ် လက်ရှိဖြစ်ခဲ့ဖူးသူ လက်အောက်တွင် အလုပ်လုပ် ကိုင်သူ သို့မဟုတ် လုပ်ကိုင်ခဲ့ဖူးသူ အနေဖြင့်သော်လည်းကောင်း၊ မိမိရရှိထားသော သို့မဟုတ် ရာထူး အလျောက်အသုံးပြုခဲ့သော လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက်ကိုဖြစ်စေ၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက် အလက် တစ်ခုခုကိုဖြစ်စေ မိမိ၏လက်ဝယ်တွင်သော်လည်းကောင်း၊ မိမိ၏ကြီးကြပ်မှုအောက်တွင် သော်လည်းကောင်း ထားရှိသူဖြစ်သည့် အားလျော်စွာ −
(က) ထိုတရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက်၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်ကို နိုင်ငံတော်၏အကျိုးစီးပွားအလို့ငှာ မိမိ ဆက်သွယ်ပြောကြားခွင့်ရှိသူ သို့မဟုတ် တရားရုံး သို့မဟုတ် မိမိပြောကြားရန် တာဝန်ရှိသောသူမှတစ်ပါး အခြားသူတစ်ဦးဦးအား တမင်ဆက်သွယ်ပြောကြားလျှင် သို့မဟုတ်
(ခ) မိမိလက်ဝယ်ရှိသည့် သတင်းအချက်အလက်ကို နိုင်ငံခြားအင်အားအကျိုးအတွက် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေရန်အတွက် အသုံးပြုလျှင် သို့မဟုတ်
(ဂ) ထိုပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ်အသားကို မိမိလက်ဝယ်တွင်ဖြစ်စေ၊ မိမိကြီးကြပ်မှုအောက်တွင်ဖြစ်စေ ဆက်လက်ထားပိုင်ခွင့်မရှိဘဲ သို့မဟုတ် မိမိ တာဝန်ကိုဆန့်ကျင်လျက်ဆက်လက်ထားရှိလျှင် သို့မဟုတ် ၎င်းတို့ကို ပြန်ပေးခြင်း သို့မဟုတ် စီမံခန့်ခွဲ ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ခန့်အပ်ထားသော အာဏာပိုင်ကထုတ်ဆင့်သည့် ညွှန်ကြားချက် အားလုံးကို လိုက်နာရန် တမင်ပျက်ကွက်လျှင် သို့မဟုတ်
(ဃ) ထိုပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ၊ စကားဝှက် သို့မဟုတ် သတင်းအချက်အလက်ကို ထိုက်သင့်သည့်အတိုင်း ထိန်းသိမ်းရန် ပျက်ကွက်လျှင် သို့မဟုတ် ယင်းတို့၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေလောက်အောင် ပြုမူ ဆောင်ရွက်လျှင်−
ဤပုဒ်မအရ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်။
(၂) မည်သူမဆို လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက်တစ်ခုခုကိုသော်လည်း ကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်း အချက်အလက် တစ်ခုခုကိုသော်လည်းကောင်း လက်ခံစဉ်က ယင်းတရားဝင် သင်္ကေတ၊ စကားဝှက်၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်သည် ဤအက်ဥပဒေနှင့် ဆန့်ကျင်၍ ဆက်သွယ်အကြောင်းကြားခြင်း ဖြစ်သည်ကို သိလျက်နှင့်ဖြစ်စေ၊ သိမည်ဟု ယုံကြည်ရန် လုံလောက်သောအကြောင်း ရှိလျက်နှင့်ဖြစ်စေ လက်ခံလျှင်
ဤပုဒ်မအရ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်။
(၃) မည်သူမဆို မိမိ၏ လက်ဝယ်တွင် သို့မဟုတ် မိမိ၏ကြီးကြပ်မှုအောက်တွင်ရှိသော စစ်ပစ္စည်းနှင့် သက်ဆိုင်သည့် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို နိုင်ငံတော်၏လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ နိုင်ငံခြားအင်အားတစ်ခုခုနှင့် ဆက်သွယ် ဆောင်ရွက်လျှင်


ဤပုဒ်မအရ ပြစ်မှု ကျူးလွန်သူ သည်။
(၄) ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်၊


အခွင့်အမိန့်မရှိဘဲ တူညီဝတ်စုံများကို အသုံးပြုခြင်း၊ အစီရင်ခံစာကိုလိမ်လည်ပြုလုပ်ခြင်း၊ လိမ်လည် အတုပြုလုပ်ခြင်း၊ အယောင်ဆောင်ခြင်းနှင့် အစစ်အမှန်မဟုတ်သော စာရွက်စာတမ်းများအား အသုံးပြုခြင်း
၆။ (၁) မည်သူမဆို တားမြစ်သည့်နေရာနှင့် ကိုယ်တိုင်ဝင်ခွင့်ရရှိရန် သို့မဟုတ် သူတစ်ပါးအား ဝင်ခွင့် ရရှိရန် ကူညီလိုသော ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေ လိုသော အခြားရည်ရွယ်ချက် တစ်ခုခုဖြင့် သော်လည်းကောင်း −
(က) ဥပဒေနှင့်အညီအခွင့်အမိန့်မရဘဲရေတပ်၊ ကြည်းတပ်၊ လေတပ်၊ ရဲ သို့မဟုတ် အခြားတရား၀င် ဝတ်စုံများကိုဖြစ်စေ၊ လိမ်လည်လှည့်ဖြားနိုင်လောက်အောင် အဆိုပါ ဝတ်စုံနှင့် ပုံသဏ္ဌာန်တူသော ဝတ်စုံ တစ်ခုခုကိုဖြစ်စေ အသုံးပြုလျှင် သို့မဟုတ် ဝတ်ဆင်လျှင် သို့မဟုတ် မိမိသည် အဆိုပါ ဝတ်စုံတစ်ခုခုကို အသုံးပြုပိုင်ခွင့် သို့မဟုတ် ဝတ်ဆင်ပိုင်ခွင့်ရှိသူဖြစ်သည်ဟု မဟုတ်မမှန် ပြောဆိုလျှင်၊ သို့မဟုတ်
(ခ) မမှန်ကန်သော အကြောင်းအရာ တစ်ခုခုကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ထုတ်ဖော်ပြဆိုချက် သို့မဟုတ် လျှောက်လွှာ သို့မဟုတ် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိကိုယ်စားသော်လည်းကောင်း၊ လက်မှတ်ရေးထိုးထားသည့် စာတမ်းအမှတ်အသား တစ်ခုခုအဖြစ် မဟုတ်မမှန်ကြောင်း သိလျက်နှင့် ပြုလုပ်လျှင် သို့မဟုတ် ယင်းသို့ ပြုလုပ်ခြင်းကို အလိုတူအလိုပါဖြစ်လျှင် သို့မဟုတ် ယင်းသို့ ပျက်ကွက် ခြင်းကို အလိုတူအလိုပါဖြစ်လျှင် သို့မဟုတ်
(ဂ) နိုင်ငံကူးလက်မှတ်တစ်ခုခု သို့မဟုတ်၊ ရေတပ်၊ ကြည်းတပ်၊ လေတပ်၊ ရဲ သို့မဟုတ် ဌာနဆိုင်ရာ လက်မှတ်၊ ခွင့်ပြုမိန့်၊ သက်သေခံလက်မှတ်၊ လိုင်စင် သို့မဟုတ် အခြားအလားတူ စာတမ်းအမှတ်အသား တစ်ခုခုကို (ဤပုဒ်မတွင် နောင်၌ အစိုးရစာတမ်းအမှတ်အသားဟူ၍ ရည်ညွှန်းသည့်) လိမ်လည် အတုပြုလျှင်၊ ပြောင်းလဲလျှင် သို့မဟုတ်၊ ပြင်ဆင်လျှင် သို့မဟုတ်၊ ထိုသို့ လိမ်လည်အတုပြုထားသည့် သို့မဟုတ် ပြောင်းလဲထားသည့် သို့မဟုတ် စည်းကမ်းနှင့်မညီသည့်အစိုးရ စာတမ်းအမှတ်အသား ကို သိလျက်နှင့် အသုံးပြုလျှင် သို့မဟုတ် လက်ရှိထားလျှင် သို့မဟုတ်
(ဃ) အစိုးရရာထူးတခု၌ လက်ရှိဆောင်ရွက်နေသူ သို့မဟုတ် အစိုးရရာထူး၌ လက်ရှိဆောင်ရွက်နေသူ ထံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု အယောင်ဆောင်ခြင်း သို့မဟုတ် မဟုတ်မမှန်ဖော်ပြခြင်း ပြုလျှင် သို့မဟုတ် အစိုးရစာတမ်းအမှတ်အသား သို့မဟုတ် လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက်ကို နည်းလမ်းတကျထုတ်ပေးခြင်း သို့မဟုတ် ဆက်သွယ်ပြောကြားခြင်းခံရသူ အဖြစ်ဖြစ်စေ၊ မခံရသူအဖြစ် ဖြစ်စေ အယောင်ဆောင်ခြင်း သို့မဟုတ် မဟုတ်မမှန်ဖော်ပြခြင်းပြုလျှင် သို့မဟုတ် အစိုးရစာတမ်းအမှတ်အသား၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက် ကို မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ ရယူလိုသောအကြံဖြင့် မဟုတ်မမှန်သော အကြောင်း အရာကိုသိလျက်နှင့် ပြုလုပ်လျှင် သို့မဟုတ်
(င) အစိုးရဌာန တစ်ခုခုကသော်လည်းကောင်း၊ အစိုးရ၏ အခွင့်အမိန့်ဖြင့် ခန့်ထားသည့် သို့မဟုတ် အစိုးရ၏ အခွင့်အမိန့်အရ ဆောင်ရွက်သည့် သံတမန်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်အာဏာ ပိုင်တစ်ဦးဦးကသော်လည်းကောင်း ပိုင်ဆိုင်သည့် သို့မဟုတ် အသုံးပြုသည့်၊ ပြုလုပ်သည့် သို့မဟုတ် စီမံထားရှိသည့် ဖောင်းကြွတံဆိပ်တုံး၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုကိုဖြစ်စေ၊ လိမ်လည် လှည့်ဖြားနိုင်သည်ဟု တွက်ချင့်နိုင်လောက်အောင် အဆိုပါ ဖောင်းကြွတံဆိပ်တုံး၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်နှင့် ပုံသဏ္ဌာန်တူသော ဖောင်းကြွတံဆိပ်တုံး၊ တံဆိပ်တုံး၊ သို့မဟုတ် တံဆိပ်တစ်ခုခုကိုဖြစ်စေ သက်ဆိုင်ရာ အစိုးရဌာန၏ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်၏ အခွင့်အမိန့်မရဘဲ အသုံးပြုလျှင် သို့မဟုတ် မိမိ၏ လက်ဝယ်တွင်သော်လည်းကောင်း၊ မိမိ၏ ကြီးကြပ်မှုအောက်တွင်သော်လည်းကောင်း ထားရှိလျှင် သို့မဟုတ် အဆိုပါ ဖောင်းကြွတံဆိပ်တုံး၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုကို အတုပြုလုပ်လျှင် သို့မဟုတ် ထိုသို့ အတုပြုလုပ်ထားသော ဖောင်းကြွတံဆိပ်တုံး၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ် တစ်ခုခုကိုသိလျက်နှင့် အသုံးပြုလျှင် သို့မဟုတ် မိမိလက်ဝယ်တွင်သော်လည်းကောင်း၊ မိမိ၏ကြီးကြပ်မှုအောက်တွင်သော်လည်းကောင်း ထားရှိလျှင်
ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူ ဖြစ်သည်။
(၂) မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်တခုခုဖြင့် -
(က) အစိုးရစာတမ်း အမှတ်အသားတစ်ခုခုသည် ပြီးပြည့်စုံသောစာတမ်း အမှတ်အသား သို့မဟုတ် အသုံးပြုရန် ထုတ်ပေးထားသော စာတမ်းအမှတ်အသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုစာတမ်းအမှတ်အသားကို မိမိ၏ လက်ဝယ်ဆက်လက်ထားရှိပိုင်ခွင့်မရှိသည့်အခါ သို့မဟုတ် မိမိလက်ဝယ်ဆက်လက်ထားရှိရန် တာဝန်ဝတ္တရားနှင့် ဆန့်ကျင်သည့်အခါ မိမိ၏ လက်ဝယ် ဆက်လက် ထားရှိလျှင် သို့မဟုတ် အဆိုပါ စာတမ်းအမှတ်အသားကို ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း နှင့်စပ်လျဉ်း၍ အစိုးရဌာနတစ်ခုခုကသော်လည်းကောင်း၊ အဆိုပါဌာနက အာဏာအပ်နှင်းထားသူ တစ်ဦးဦးကသော်လည်းကောင်း ထုတ်ဆင့်သည့် ညွှန်ကြားချက်များကိုလိုက်နာရန် တမင်ပျက်ကွက် လျှင် သို့မဟုတ်
(ခ) မိမိတစ်ဦးတည်း အသုံးပြုရန် ထုတ်ပေးသည့် အစိုးရစာတမ်းအမှတ်အသားတစ်ခုခုကို သူတစ်ပါး အား လက်ရှိထားခွင့်ပြုလျှင် သို့မဟုတ် ထိုသို့ထုတ်ပေးသော လျှို့ဝှက်သည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက်တစ်ခုခုကို ဆက်သွယ်အကြောင်းကြားလျှင် သို့မဟုတ် မိမိမှတစ်ပါး၊ အခြားသူ တစ်ဦးဦး အသုံးပြုရန် ထုတ်ပေးသည့် အစိုးရ စာတမ်းအမှတ်အသား၊ လျှို့ဝှက်သည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက်တစ်ခုခုကိုဥပဒေနှင့်အညီ အခွင့်အမိန့် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ လက်ရှိ ထားလျှင် သို့မဟုတ် အစိုးရစာတမ်း အမှတ်အသားတစ်ခုခုကို တွေ့ရှိ၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ လက်ရှိဖြစ်လာသည့်အခါတွင် အဆိုပါ စာတမ်းအမှတ်အသားကို ထုတ်ပေးခဲ့သူ သို့မဟုတ် အာဏာပိုင်ကို သော်လည်းကောင်း၊ အဆိုပါစာတမ်းအမှတ်အသားကိုအသုံးပြုရန် ထုတ်ပေးသူ သို့မဟုတ် အာဏာပိုင် ကိုသော်လည်းကောင်း၊ ရဲအရာရှိကိုသော်လည်းကောင်း ပြန်လည်ပေးအပ်ရန် တမင်ပျက်ကွက်လျှင် သို့မဟုတ်
(ဂ) အထက်တွင်ဆိုခဲ့သည့် ဖောင်းကြွတံဆိပ်တုံး၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုကို ဥပဒေနှင့် အညီ အခွင့်အမိန့် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ ပြုလုပ်လျှင် သို့မဟုတ် ရောင်းချလျှင် သို့မဟုတ် ရောင်းချရန် မိမိလက်ဝယ် ထားရှိလျှင်၊
ဤပုဒ်မအရ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်။
(၃) ဤပုဒ်မအရ ပြစ်မှုတစ်ခုခု ကျူးလွန်သူကို နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(၄) ပုဒ်မ ၃ ၊ ပုဒ်မခွဲ (၂)ပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေသည့် ရည်ရွယ်ချက်အား သက်သေပြရန် အလို့ငှာ ထိုပုဒ်မအရ ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ထိုက်သည့် ပြစ်မှုများအတွက် တရားစွဲဆိုမှုများနှင့် သက်ဆိုင်သည့်နည်းတူ နိုင်ငံတော်၏ လုံခြုံရေးထိခိုက်စေမည့် ရည်ရွယ်ချက်ကို သက်သေပြရန် အလို့ငှာ အစိုးရ၏ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာကိစ္စများနှင့်သော်လည်းကောင်း၊ လျှို့ဝှက်သည့် တရားဝင်သင်္ကေတ သို့မဟုတ် စကားဝှက် တစ်ခုခုနှင့်သော်လည်းကောင်း စပ်လျဉ်း၍ ဤပုဒ်မအရ ပြစ်မှုတစ်ခုခုအတွက် တရားစွဲဆိုမှု တစ်ခုခုနှင့် သက်ဆိုင်စေရမည်။


ရဲအရာရှိများကိုဖြစ်စေ၊ မြန်မာနိုင်ငံတပ်ဖွဲ့ဝင်များကိုဖြစ်စေ နှောင့်ယှက်ခြင်း
၇။ (၁) တားမြစ်ထားသည့် နေရာတစ်ခုခု၏ အနီး၀န်းကျင်တွင် ရှိသောမည်သူမဆို အဆိုပါ တားမြစ် ထားသည့်နေရာနှင့်စပ်လျဉ်း၍ အစောင့်အကြပ် တာဝန်၊ ကင်းတာ၀န်၊ ကင်းလှည့်တာဝန် သို့မဟုတ် အခြားအလားတူတာဝန်ဝတ္တရား ဆောင်ရွက်လျက်ရှိသည့် ရဲအရာရှိတစ်ဦးဦးကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံတပ်ဖွဲ့ဝင် တစ်ဦးဦးကိုသော်လည်းကောင်း ဟန့်တားခြင်းမပြုရ သို့မဟုတ် သိလျက်နှင့် အလွဲလမ်းညွှန်ခြင်းမပြုရ သို့မဟုတ် အခြားနည်းဖြင့် နှောင့်ယှက်ခြင်း သို့မဟုတ် တားဆီးခြင်း မပြုရ။
(၂) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်သည့် ပြုလုပ်မှုတစ်ခုခုကိုပြုလုပ်လျှင် ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ပြစ်မှုကျူးလွန်ခြင်းနှင့်စပ်လျဉ်းသည့် သတင်းပေးပို့ရန် တာဝန်
၈။ (၁) မည်သူမဆို ပုဒ်မ ၃ အရ သို့မဟုတ် ပုဒ်မ ၉ နှင့်တွဲ၍ဖတ်ရှုရမည့် ပုဒ်မ ၃ အရ ဖြစ်သော ပြစ်မှု သို့မဟုတ် မသင်္ကာဖွယ်ဖြစ်သည့် ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ မိမိသိရှိရသမျှ သတင်းပေးရန် ရဲမှူးက သော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ရဲချုပ် သို့မဟုတ် ရဲမင်းကြီးက အာဏာအပ်နှင်းထားသည့် ရဲအုပ် ရာထူးအောက်မနိမ့်သော အခြားရဲအရာရှိကသော်လည်းကောင်း၊ အစောင့်အကြပ်တာဝန်၊ ကင်းတာဝန်၊ ကင်းလှည့်တာဝန် သို့မဟုတ် အခြားအလားတူ တာဝန်ဝတ္တရားဆောင်ရွက်လျှက်ရှိသော မြန်မာနိုင်ငံ တပ်ဖွဲ့ဝင်တစ်ဦးဦးကသော်လည်းကောင်း တောင်းဆိုလျှင် ပေးရန်တာဝန်ရှိစေရမည့်အပြင် ထိုသို့ သတင်းပေးရန်အလို့ငှာ သတ်မှတ်ထားသည့် သင့်လျော်သော အချိန်နှင့် နေရာသို့ လာရောက်စေလို၍ သင့်လျော်သော စရိတ်များပေးသည့်အခါ လာရောက်ရန် တာဝန်ရှိရမည်။
(၂) မည်သူမဆို အထက်တွင် ဖော်ပြသကဲ့သို့ သတင်းပေးရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ခေါ်ယူသည့်အခါ၌ လာရောက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူကို ထောင်ဒဏ်နှစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


အားထုတ်မှု၊ လှုံ့ဆော်မှုစသည်များ
၉။ မည်သူမဆို ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန် စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကိုယ်တိုင်ကျူးလွန်ဘိသကဲ့သို့ အလားတူ အရေးယူခြင်း ခံရမည့်အပြင် အလားတူ ပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်။


သူလျှိုများအား လက်သင့်ခံခြင်းအတွက် ပြစ်ဒဏ်
၁၀။ (၁) မည်သူမဆို ပုဒ်မ ၃ အရ ဖြစ်စေ သို့မဟုတ် ပုဒ်မ ၉ နှင့်အတူ တွဲ၍ဖတ်ရှုရမည့် ပုဒ်မ ၃ အရ ဖြစ်သော ပြစ်မှုတစ်ခုခုကျူးလွန်မည့်ဆဲဆဲဖြစ်သူ ဟူ၍သော်လည်းကောင်း၊ ကျူးလွန်ပြီးဖြစ်သူဟူ၍ သော်လည်းကောင်း မိမိသိရှိရသော သို့မဟုတ် ယူဆရန် လုံလောက်သော အကြောင်းရှိသော သူတစ်ဦးဦး ကိုသိလျက်နှင့် လက်သင့်ခံလျှင် သို့မဟုတ် ထိုသူတို့အား မိမိလက်ရှိဖြစ်သည့် သို့မဟုတ် မိမိ၏ကြီးကြပ် မှုအောက်တွင်ရှိသည့် ဥပစာတစ်ခုခု၌စည်းဝေးရန် သို့မဟုတ် စုရုံးရန်သိလျက်နှင့်ခွင့်ပြုလျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူ ဖြစ်သည်။
(၂) မည်သူမဆို အထက်တွင် ဖော်ပြခဲ့သူ တစ်ဦးဦးကို လက်သင့်ခံပြီးနောက် သို့မဟုတ် အထက်တွင် ဖော်ပြခဲ့သူတို့အား မိမိလက်ရှိနေထိုင်သည့်သို့မဟုတ် မိမိ၏ကြီးကြပ်မှုအောက်တွင်ရှိသည့် ဥပစာ တစ်ခုခု၌ စည်းဝေးရန် သို့မဟုတ် စုရုံးရန် ခွင့်ပြုခဲ့ပြီးနောက် ထိုသူ သို့မဟုတ် ထိုသူတို့နှင့်ပတ်သက်၍ မိမိသိရှိရသမျှသတင်းပေးရန် ရဲမှူးကသော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ရဲချုပ် သို့မဟုတ် ရဲမင်းကြီး က အာဏာအပ်နှင်းထားသည့် ရဲအုပ်ရာထူးအောက် မနိမ့်သော အခြားရဲအရာရှိကသော်လည်းကောင်း တောင်းဆိုလျှင် ထိုသို့တောင်းဆိုသည့်အတိုင်း ပေးရန်တာဝန်ရှိစေရမည်။ ထို့ပြင် မည်သူမဆို အဆိုပါ သတင်းအချက်အလက်ပေးရန် ပျက်ကွက်လျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူ ဖြစ်သည်။
(၃) ဤပုဒ်မအရ ပြစ်မှုကိုကျူးလွန်သူသည် တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။


ရှာဖွေဝရမ်းများ
၁၁။ (၁) ပထမတန်းအာဏာရ ရာဇ၀တ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး တစ်ဦးဦးသည် ဤအက်ဥပဒေအရ ပြစ်မှုတစ်ရပ်ကိုကျူးလွန်ခဲ့ကြောင်း သို့မဟုတ် ကျူးလွန်မည့်ဆဲဆဲ ဖြစ်ကြောင်း၊ မသင်္ကာဖွယ်ရာယုံကြည်ရန်အကြောင်းရှိသည်ဟု ကျမ်းကျိန်ဆို၍ ပေးသည့်သတင်းရသဖြင့် ယုံကြည် ကျေနပ်လျှင် ရှာဖွေဝရမ်းထုတ်၍ ထိုရှာဖွေဝရမ်းတွင် အမည်ဖော်ပြထားသည့် ရဲစခန်းမှူး ရာထူးအောက်မနိမ့်သည့် ရဲအရာရှိတစ်ဦးဦးအား ထိုဝရမ်းတွင် အမည်ဖော်ပြထားသည့် ဥပစာ သို့မဟုတ် နေရာတစ်ခုခုသို့ အချိန်မရွေး အတင်းအကျပ် ဝင်ရောက်ရန်လိုအပ်လျှင် ထိုသို့ လိုအပ်သည့် အတိုင်း ဝင်ရောက်၍ ထိုဥပစာ သို့မဟုတ် နေရာနှင့် ယင်းနေရာတို့တွင် တွေ့ရှိရသူတိုင်းကို ရှာဖွေရန် အာဏာအပ်နှင်းနိုင်သည့်အပြင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်း အမှတ်အသား သို့မဟုတ် အလားတူသဘောရှိသော အရာတစ်ခုခုကိုသော်လည်းကောင်း၊ ဤအက်ဥပဒေ အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သို့မဟုတ် ကျူးလွန်မည့်ဆဲဆဲဖြစ်ကြောင်း သက်သေခံဖြစ်သည့်ပစ္စည်း တစ်ခုခုကိုသော်လည်းကောင်း ထိုဥပစာ သို့မဟုတ်နေရာတွင်ဖြစ်စေ၊ ထိုသူတစ်ဦးဦး ထံတွင်ဖြစ်စေ တွေ့ရှိလျှင် ထိုသို့ ယင်းတို့နှင့်ပတ်သက်၍ ဤအက်ဥပဒေအရ ပြစ်မှုကိုကျူးလွန်ခဲ့သည် သို့မဟုတ် ကျူးလွန်မည့်ဆဲဆဲဖြစ်သည်ဟု မိမိမသင်္ကာဖွယ်ရာ ယုံကြည်ရန်အကြောင်းရှိလျှင် သိမ်းဆည်းရန် အာဏာအပ်နှင်းနိုင်သည်။
(၂) အမှုကိစ္စသည် ကြီးမားသောအရေးပေါ် ကိစ္စတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ချက်ချင်းအရေးယူရန် လိုအပ်သည့်အမှုဖြစ်သည်ဟု ရဲမှူးရာထူးအောက်မနိမ့်သည့် ရဲအရာရှိတစ်ဦးဦးက ထင်မြင်လျှင် ထိုရဲအရာရှိသည် ဤပုဒ်မအရ ရာဇဝတ်တရားသူကြီးက ဝရမ်းဖြင့်ပေးအပ်သည့် အာဏာမျိုးကို မိမိ၏လက်မှတ်ရေးထိုးထားသည့် အမိန့်စာဖြင့် ရဲအရာရှိတစ်ဦးဦးအား ပေးအပ် နိုင်သည်။
(၃) ရဲအရာရှိတစ်ဦးဦးသည် ပုဒ်မခွဲ (၂)အရ အရေးယူဆောင်ရွက်ခဲ့လျှင် ထိုသို့အရေးယူ ဆောင်ရွက်ပြီး ကြောင်း ခရိုင်ရာဇဝတ်တရားသူကြီးထံသို့ဖြစ်စေ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီးထံသို့ဖြစ်စေ ဆောလျင် နိုင်သမျှ ဆောလျင်စွာ အစီရင်ခံရမည်။


ဖမ်းဆီးရန်အခွင့်အာဏာ
၁၂။ ရာဇ၀တ်ကျင့်ထုံးဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ -
(က) ပုဒ်မ ၃ အရ ဖြစ်စေ၊ ပုဒ်မ ၉ နှင့်အတူ တွဲ၍ ဖတ်ရှုရမည့် ပုဒ်မ ၃ အရဖြစ်စေ ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ခုသည်ရဲအရေးပိုင်၍ အာမခံပေးခွင့်မရှိသော ပြစ်မှုဖြစ်ရမည်။
(ခ) ပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ်(က)ပါ ဖြစ်သော ပြစ်မှုသည် ရဲအရေးပိုင်၍ အာမခံပေးခွင့်ရှိသော ပြစ်မှုဖြစ်ရမည်။
(ဂ) ဤအက်ဥပဒေပါအခြားပြစ်မှုတိုင်းသည် ရဲအရေးမပိုင်သော၊ အာမခံပေးခွင့်ရှိသော ပြစ်မှုများဖြစ်ရ မည်။ ထိုပြစ်မှုများနှင့်စပ်လျဉ်း၍ လူဖမ်းဝရမ်းကို သာမန်အားဖြင့် ရှေးဦးစွာ ထုတ်ဆင့်ရမည်။


ပြစ်မှုများစစ်ဆေးစီရင်ခြင်းနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်
၁၃။ (၁) ခရိုင်ရာဇ၀တ်တရားသူကြီးရုံး အောက်နိမ့်သော မည်သည့်တရားရုံးကမျှ (နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အာဏာအထူးအပ်နှင်းထားသည့် ပထမတန်းအာဏာရ ရာဇ၀တ်တရားသူကြီး မှတစ်ပါး) ဤအက်ဥပဒေပါပြစ်မှုတစ်ခုခုကို စစ်ဆေးစီရင်ခြင်းမပြုရ။
(၂) ဤအက်ဥပဒေပါ ပြစ်မှုတစ်ခုခုအတွက် ရာဇ၀တ်တရားသူကြီးတစ်ဦး၏ရှေ့၌ စစ်ဆေးစီရင်ခြင်း ခံရသူတစ်ဦးဦးက စက်ရှင်တရားရုံး၏ စစ်ဆေးစီရင်ခြင်းကိုခံလိုသည်ဟု စွဲချက်မတင်မီ မည်သည့် အချိန်တွင်မဆို တောင်းဆိုလျှင် ထိုအမှုသည် စက်ရှင် တရားရုံးကသာ စစ်ဆေးစီရင်နိုင်သော အမှုမဟုတ် စေကာမူ ယင်းတရားသူကြီးက တရားခံကို တရားရှင်လွှတ်မပေးခဲ့လျှင် ထိုအမှုကို စက်ရှင်တရားရုံး၌ စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ရမည်။
(၃) မည်သည့်တရားရုံးကမျှ ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုခုကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် သို့မဟုတ် နိုင်ငံတော်သမ္မတထံမှ အခွင့်အာဏာရ သို့မဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အာဏာအပ်နှင်းထားသည့် အရာရှိတစ်ဦးဦးက တိုင်လျှောက်ခြင်းမပြုဘဲ အရေးယူခြင်းမရှိရ။

သို့ရာတွင် ထိုသို့တိုင်လျှောက်ခြင်းမပြုစေကာမူ အဆိုပါ ပြစ်မှုဖြင့် စွပ်စွဲခံရသူကို ဖမ်းဆီးနိုင်သည် သို့မဟုတ် ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်၍ ထိုဝရမ်းကို အတည်ပြုနိုင်သည့်အပြင် ထိုသူအား ချုပ်မိန့်ဖြင့် လည်း ချုပ်ထားနိုင်သည် သို့မဟုတ် အာမခံပေးနိုင်သည်။ ထိုသို့တိုင်တန်းခြင်းမပြုရသေးမီ နောက်ထပ် သို့မဟုတ် အခြားမှုခင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ခြင်းမရှိရ။

(၄) ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုခုအတွက် တစ်ဦးဦးကို စစ်ဆေးစီရင်နိုင်ရန်အလို့ငှာ ထိုပြစ်မှုကို အမှန်တကယ်ကျူးလွန်သည့်နေရာ၌ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြစ်မှုကျူးလွန်သူကို တွေ့ရှိသည့်နေရာတစ်ခုခု၌ဖြစ်စေ ကျူးလွန်သည်ဟု မှတ်ယူရမည်။


မှုခင်းဆောင်ရွက်နေစဉ် အများပြည်သူကို ဖယ်ရှားခြင်း
၁၄။ မှုခင်းဆောင်ရွက်နေစဉ်အတွင်း အများပြည်သူတို့ကို အမှုကြားနာသည့်နေရာမှ ဖယ်ရှားစေရန် အမိန့်ထုတ်ဆင့်နိုင်သောတရားရုံး၌ရှိသည့် အာဏာများအပြင် ထိုအာဏာများကို မထိခိုက်စေဘဲ ဤအက်ဥပဒေအရ ပြစ်မှုမြောက်သော ပြစ်မှုတစ်ခုခုအတွက် တစ်ဦးဦးနှင့် ပတ်သက်၍ တရားရုံးတွင် မှုခင်းကိစ္စဆောင်ရွက်နေစဉ်ဖြစ်စေ၊ အယူခံမှုဆောင်ရွက်နေစဉ်ဖြစ်စေ၊ ဤအက်ဥပဒေအရ တစ်ဦးဦးကို စစ်ဆေးစီရင်နေစဉ်ဖြစ်စေ ထိုမှုခင်း ဆောင်ရွက်နေသည့် အတောအတွင်းထွက်ဆိုသည့် သက်သေခံချက် သို့မဟုတ် ဖော်ပြသည့် အကြောင်းအရာတစ်ခုခုကို အများကြားသိပါက နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေမည်ဖြစ်သည်ဟု အကြောင်းပြ၍ အများပြည်သူအားလုံး သို့မဟုတ် အချို့ကိုအမှုကြားနာသည့် မည်သည်အဆင့်တွင်မဆို ဖယ်ရှားပေးရန် တရားလိုဘက်က လျှောက်ထားလျှင် ထိုသို့ လျှောက်ထား သည့်အတိုင်း တရားရုံးက အမိန့်ချမှတ်နိုင်သည်။ သို့ရာတွင် မည်သည့်ကိစ္စ၌မဆို ပြစ်ဒဏ်စီရင်ချက်ကို အများပြည်သူ၏ရှေ့မှောက်၌ ချမှတ်ရမည်။


ကုမ္ပဏီစသည်တို့ကျူးလွန်သည့် ပြစ်မှုများ
၁၅။ ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူသည်ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်းဖြစ်လျှင် ထိုပြစ်မှုကျူးလွန်ခဲ့သည်ကို မိမိကိုယ်တိုင်သိရှိ၍ သဘောတူသော ထိုကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း ၏ ဒါရိုက်တာနှင့် အရာရှိတိုင်းသည် ထိုပြစ်မှုကို ကျူးလွန်သူဖြစ်သည်။