အာဟာရေပဋိကူလသညာ

From Wikisource
Jump to navigation Jump to search
အာဟာရေပဋိကူလသညာ
by အမည်မသိ

စာသစ် စာကျက် အောက်ထက်ဝန်းရံ ပုပ်နံညီလှောင်း၊ ကျဉ်းမြောင်း မဲမိုက် မိဝမ်းတိုက်ဝယ် ဘင်၌ လောက်လို ကျောက်ကိုဝမ်းပြု ဒူးနှစ်ခုကြား ဦးခေါင်းထားလျက် မေးကြားလက်ဆုပ် သစ်ခွတိုမှာ မျောက်အိုကုပ်သို့ မလှုပ်မယှက် သေသောက်လက်ဝယ် ဆိတ်သူငယ်လို အလမ္ပယ်မိ မြွေငယ်ချည့်သို့ အမိစပ်,ခါး ပူအေးစားလည်း ကိုယ်သားဆတ်ဆတ် သက်ပြတ်တစေ ဆယ်လနေ၍ လေကမ္မဇ ဦးဇောက်ချသား မဂ်ဝသို့ရောက် သံကောက်ပေါက်မှ ဆွဲမြောက်ဆင်ပြောင် သံတောင်ကြိတ်ချေ ပုံနေရယိက ပြစ်သို့ကျလည်း အပ်ဆွသည့်ဟန် ကြီးပြန်ဒုက္ခ ပြစ်များလှသည် လက်စဇာတိမူရင်းတည်း။

မဟာနုဘော် ရဟန်းတော်သို့ ရွှင်ပျော်ညဉ့်သုံး ကျင့်သုံးဓမ္မ စောစောထ၍ စေတီယင်္ဂဏ စသည်ဝတ်ဝတ် မချွတ်ပြုကာ ချိန်ခါလင့်ထ အာသန၌ ဝီသ, တိံသာ ဝါရာပတ်လုံး ပိုက်ကျုံးစီးဖြန်း သင်္ကန်း သပိတ် ပရိက္ခရာ ယူဆောင်ကာလျှင် သာယာပျူးပျူး ဆန်းထူးစိမ့်စုံ ရဂုံမြိုင်ဝ ဝိဝေကကို အာဟာရတွက် မငဲ့ကွက်ဘဲ စာမက်ရှာရေး သုသာန်ပြေးသည့် တောခွေးအလား ရွာသို့သွားသော် စဉ်အားရောက်အောင် ကွင်းမရှောင်ရ အိမ်မြှောင်ကြွက်ချေး လင်းနို့ချေးနှင့် ခိုးချေးရှဉ့်ချေး လူချေး ရွံဗွက် ချောက်နက် သစ်ငုတ် အကောင်းပုပ်ပြွမ်း ဆွမ်းခံလမ်းသို့ ကြိုးပမ်းချီရ တံခါးဝက များလှ ဘေးဘျမ်း ခွေးကြမ်းနွားဆိုး ဆင်မြင်းဆိုးကြောင့် ငုံ့လျှိုးမျက်နှာ မနေသာခဲ့ မျှော်ကာကြည့်ရ ပြန်ကာလလည်း ဧသနယော အာဟာရောသည် အဟောစက်ဆုပ်ဖွယ်တကား။

အိုးတိုလက်စွဲ ဖုန်စားနည်းသို့ ရှင်မွဲရောင်ခြောက် အိမ်စဉ်လျှောက်၍ ညှိုးအောက်မျက်နှာ ခွါရာရွံဗွက်၊ တင်ရောက်တက်သား တစ်ဖက်ဖြင့်ကျ တစ်ဖက်မ,တည်း ကာလနွေမူ လေဆောင်ယူသည် ဖုံမြူမြက်မှိုက် ကိုယ်၌ရစ်ဝိုင်း အိမ်ဝတိုင်း၌ ပင်းရိုင်းသဲသဲ ငါးမဲပုပ်စပ် ချွဲနှပ်တံထွေး လူသေး ခွေဘင် နွားမစင်စသည်များစွာ ရွံဖွယ်ရာကို မှိတ်ကာချဉ်းကပ် မှိုင်ကာရပ်လည်း ပုပ်စပ်ကျန်ကြွင်း ထမင်းမုံ့ဟောင်း ကောင်း,မကောင်းကို မလောင်းတချို့ တချို့ကဆဲ ဦးပြည်ရဟန်း ဖိုချောင်ခန်းမှာ ကျီးကန်သဘော ရှာရမောသည် အဟော စက်ဆုပ်ဖွယ်တကား။

စားမည်စိတ်ရှိ လက်နှိုက်မိမူ မြတ်ဘိသူတို့ ဖိတ်လှူမတင် ပူရှိန်သင့်၍ ချွေးနှင့်စိုရွဲ လက်ဆုပ်ထဲမှ ချေခွဲတစ်တန် အာသို့နှံ့သော် ညှီနံတံထွေး ကြေးညစ်မြှေးကို လုံးထွေးပေါင်းစု ထောင်းထုဝါးလျှင်း၊ ခွေးစားကျင်းမှာ ထည့်ခွေးစာသို့ ရှုရာမလှ မမြင်ရလို မြိန်ကြနိုင်ပါ မျိုသောခါလည်း ဝင်ကာသင်းလျှောက် စာအိမ်ပေါက်သို့ မရောက်ခင်သေး ပြည်,သွေး သည်းခြေ သလိပ်တွေဟု လေးထွေအာသယ ရောထဆင်ကွဲ မွေးကတည်းက အနည်းငယ်မျှ မဆေးရဘူး လဲလူးရွံဖွယ် အိမ်ဝယ်တည်မော အာဟာရောသည် အဟောစက်ဆုပ်ဖွယ်တကား။

ရွာဒွန်းစဏ္ဍား တံခါးအထွက် တစိပွက်သို့ စက်ဆုပ်ဖွယ်ရာ မိုက်မဲစွာသွား အစာအိမ်ထဲ ဟိုလဲဤနေ စားသရွေ့ကို ခေါင်းပွေ့စုလျက် ဓာတ်မီးချက်၍ ပရပွက်အူ ကျိုက်ကျိုက်ဆူပွ အမြုပ်ထလျက် အူခေါင်းသက်၍ ချက်မြစ်ကျောက်ကုန်း အူအဆုံးဟု မတုန်းပိတ်ဝယ် ကျင်ငယ်ကျင်ကြီး ဖြစ်ထပြီးလေ ကောင်းစွာကြေက ကေသာလောမ စသည်ရောရှု အပုပ်စုကို ပြီးမှုစေပါ မကြေခါမူ နူနာစိုရွဲ ပွေးဝဲအစ ရာမကသည် ဖလရောဂါ ဖြစ်စေသောကြောင့် အဟောစက်ဆုပ်ဖွယ်တကား။

ဝမ်းမြောက်ရွှင်ပြယ် လူပုံလယ်မှာ တင့်တယ်ဘိခြင်း တစ်ခံတွင်းက သွင်းသည့်အစာ တစ်ညဉ့်ကြာလျှင် မျက်နှာညှိုးမှိတ် နှားခေါင်းပိတ်၍ လူဆိတ်ကွယ်ရာ စွန့်ရရှာသည် ကြည့်ကာ တောင်မြောက် ကိုးပေါက်ဒွါရ အမာဝက ယိုကျဖျင်းဖျင်း ဆံမွှေးတင်းက သက်ဆင်းကျလျှော အာဟာရောသည် အဟော စက်ဆုပ်ဖွယ်တကား။

စားသောအခါ ခံတွင်းမှာလည်း ရွံရှာမသိ ထွက်ပြန်ဘိလည်း တစိပွက်တွင်း ချက်ထမင်းမှ အမြုပ်ထ၍ ဝါဋနှုတ်ခမ်း အိုးနှုတ်ခမ်းမှာ လူးလဲပါသို့ ကိုးဒွါရပေါက် ဆံမွေးပေါက်မှ စီးလျှောက်ယိုကျ ခေဠမျက်ချေး နှပ်စေးနဖား သွားမှာ သွားမြှေး ညစ်ကြေးမစင် ကျင်ငယ်ဘင်တို့ ဝန်းကျင်လိမ်းကပ် ရေသုံးသပ်လည်း ကြပ်ကြပ်မပြယ် ထွီဖွယ်သဘော အာဟာရောသည် အဟောစက်ဆုပ်ဖွယ်တကား။