အတ္ထဒဿီဘုရားရှင်

From Wikisource
Jump to navigation Jump to search
364919နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၇) အတ္ထဒဿီဘုရားရှင် -အတ္ထဒဿီဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၇။ အတ္ထဒဿီ ဗုဒ္ဓဝင်

[edit]

ဘုရားသုံးဆူပွင့်တော်မူသော ထိုဝရကမ္ဘာ၌ပင် ပိယဒဿီဘုရားရှင် ပွင့်တော်မူပြီးနောက် ဒုတိယ မြောက်ပွင့်တော်မူ သော ဘုရားရှင်သည် အတ္ထဒဿီဘုရားရှင် ဖြစ်တော်မူခဲ့၏။ ပိယဒဿီဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက် လူတို့၏ အသက်တမ်း အနှစ်ကိုးသောင်းမှ တဖြည်းဖြည်းဆုတ်ယုတ် ကာ ဆယ်နှစ်သက်တမ်းသို့ရောက်၍ တစ်ဖန်တိုး တက်ပြန်ရာ အသင်္ချေယျ တမ်းသို့ ရောက်ပြီးလျှင် နောက်တစ်ဖန် ဆုတ်ယုတ်ပြန်၍ လူတို့၏အသက်တမ်း အနှစ်တစ်သိန်းတမ်းသို့ ရောက်သော် အတ္ထဒဿီဘုရားရှင် ပွင့်တော်မူခဲ့သည်။

အတ္ထဒဿီဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

အတ္ထဒဿီဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့၏။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်တော်မူရန် အချိန်တန် ပြီဖြစ်၍ လ့ူပြည်သို့ဆင်းသက်ကာ ပဋိသန္ဓေ နေတော် မူပါရန် တောင်းပန်ခဲ့ကြသည်။ အလောင်း တော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက် အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် သောဘဏနေပြည်တော် သာဂရမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုဒဿနာ မိဖုရားကြီး ၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၍ ပဋိသန္ဓေနေတော်မူခဲ့သည်။ ဆယ်လ စေ့ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်မင်းသားကို သုစိန္ဓနဥယျာဉ်တော်၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်း တော် မင်းသား ပဋိသန္ဓေနေသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်း တော်ဟူသမျှတို့၌ ဖြစ်မြဲသောဓမ္မတာအတိုင်း အထူးအံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။ အလောင်းတော် မင်းသား မွေးဖွား သည်နှင့် တစ်ပြိုင်နက် ဆွေမျိုးအဆက်ဆက်တို့ မြေ၌ ကြာမြင့်စွာက မြှုပ်ထားခဲ့ သော ပစ္စည်းဥစ္စာ တို့ကို ပစ္စည်းရှင်များက ယခင်မြှုပ်နှံခဲ့သော နေရာများ၌ပင် တွေ့မြင်သိရှိကြပြီး ပြန်လည်ရရှိခဲ့ကြ သောကြောင့် နာမည်မှည့်သောနေ့၌ “အတ္ထဒဿီမင်းသား”ဟု နာမည်မှည့်ခဲ့ ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် အတ္ထဒဿီမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်သို့ရောက်သောအခါ ဝိသာခါဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့် လိုက်အောင် ဆောက်လုပ်ထားသော အမရဂိရိ ရွှေနန်းဆော်၊ သုဂိရိ ရွှေနန်းဆောင်၊ ဝါဟနရွှေ နန်းဆောင်ဟူသော နန်းပြာသာဒ်သုံးဆောင်တို့၌ ဝိသာခါမိဖုရား အမှူး ရှိသော ရံရွေတော် သုံးသောင်းသုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် ဝိသာခါမိဖုရားကြီးနှင့်အတူ နှစ်ပေါင်းတစ်သောင်းတို့ ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ သေလမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်အတ္ထဒဿီမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစား နေတော်မူစဉ် ဝိသာခါ မိဖုရားကြီးမှ သေလ မင်းသားကို ဖွားမြင်တော်မူသော အခါ နတ်တို့ဖန်ဆင်းပြသခဲ့သည့် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး သတိ သံဝေဂကြီးစွာဖြစ်လျက် သုဒဿနအမည်ရှိသော မြင်းတော်ကို စီးကာ တောထွက်၍ ရဟန်းပြုတော်မူခဲ့၏။ အလောင်း တော်မင်းသား တောထွက် ရဟန်းပြုသည်ကို အတုလိုက်အားကျကာ ကိုးကုဋေသော ယောက်ျားတို့လည်း လိုက်ပါ တောထွက်၍ ရဟန်းပြုခဲ့ကြကုန်၏။ အတ္ထဒဿီ ဘုရားအလောင်း တော်သည် ထိုရဟန်းတို့နှင့်အတူတကွ ဒုက္ကရ စရိယာ ခေါ် လူသာမန်တို့ ပြုကျင့်နိုင်ခဲသော အကျင့်ကို ရှစ်လတိုင်တိုင် ကျင့်တော်မူခဲ့၏။ ဘုရား ဖြစ်တော် မူမည့် ကဆုန်လပြည့်နေ့၌ သုစိန္ဓရအမည်ရှိသော နဂါးမကို ပူဇော်ပသရန် ဃနာနို့ထမင်းကို လူအပေါင်းတို့က ယူဆောင် လာခဲ့ ကြသည်။ နဂါးမသည် ဃနာနို့ထမင်းကို လူအပေါင်းတို့ထံမှ ခံယူ၍ ၎င်းင်းကိုယ်တိုင် မသုံးဆောင်ဘဲ လူအများမြင်စေရန် ကိုယ်ကိုထင်ရှားပြ၍ ဃနာ နို့ထမင်းကို ရွှေခွက်နှင့်တကွ အလောင်းတော်အား လှူဒါန်းခဲ့လေသည်။ အလောင်းတော်သည် ထိုနဂါးမလှူဒါန်းသော ဃနာနို့ဆွမ်းကိုဘုဉ်းပေး သုံးဆောင်တော်မူလျက် ထိုအရပ်ရှိ အင်ကြင်းတော ဝယ် နေခိုတော် မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွါတော် မူခဲ့၍ မဟာဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါးတည်းကြွတော် မူခဲ့သည်။ လမ်းခရီးအကြား၌ မဟာရုစိအမည်ရှိသော နဂါးမင်းလှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူခဲ့၍ မဟာဗောဓိ(စကား)ပင်သို့ ရောက်သောအခါ ၎င်းင်းမြက် ရှစ်ဆုပ်ကို စကားပင်ရင်း၌ ဖြန့်ခင်း လိုက်သည်နှင့်တစ်ပြိုင်နက် ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက်ခဲ့လေသည်။ ထိုအပရာဇိတ ပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၍ အင်္ဂါ လေးပါး ရှိသော ဝီရိယတော်ကို ဆောက်တည်အားထုတ်တော်မူခဲ့သည်။ ထိုနေ့နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရားဖြစ်တော် မူခဲ့သည်။

ဓမ္မစကြာတရားဦးဟောတာ်မူခြင်း

[edit]

အတ္ထဒဿီဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ (စကား)ပင် အနီးမှာပင် သတ္တသတ္တာဟ လေးဆယ့်ကိုးရက် စံနေတော်မူခဲ့သည်။ အဋ္ဌမသတ္တာဟသို့ရောက်သောအခါ ဗြဟ္မာမင်း ၏ တောင်းပန်မှုကို လက်ခံ တော်မူပြီး တရားဟောရန်သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုဆင်ခြင်တော် မူလေလျှင် ကိုယ်တော်မြတ်နှင့်အတူ တောထွက်ရဟန်းပြုခဲ့ ကြသည့် ကိုးကုဋေ သော ရဟန်းတို့ကို မြင်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုရဟန်းများ ရှိရာ အနောမာ မြို့၏အနီး အနောမာ ဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် တစ်ဏချင်း ကြွသွားတော်မူခဲ့၍ ထိုကိုးကုဋေ သော ရဟန်းတို့ကို အစအဦး ပြုကာ တရားနာလာရောက်ကြကုန်သော နတ်လူဗြဟ္မာ သတ္တဝါအပေါင်း တို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြား တော်မူခဲ့၏။ ဒေသနာတော်အဆုံး၌ ကုဋေ တစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရခဲ့ကြ ကုန်သည်။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ဂေါတမဘုရားအလောင်းတော်သည် စမ္ပကမြို့၌ သုသီမအမည်ရှိသော ပုဏ္ဏား သူကြွယ်ဖြစ်ခဲ့၏။ ထိုပုဏ္ဏားသည် ၎င်းင်း၌ရှိသော ပစ္စည်းဥစ္စာတို့ကို ကိုးကွယ်ရာမဲ့သူ၊ ဆင်းရဲနွမ်းပါးသူ စသည်တို့အား ပေးကမ်းစွန့်ကြဲပြီး ဟိမဝန္တာ သို့သွားကာ ရသေ့ဝတ်၍နေခဲ့၏။ သမာပတ်ရှစ်ပါး၊ အဘိညာဉ် ငါးပါးတို့ကိုရကာ တန်ခိုးကြီးသော ရသေ့တစ်ပါး ဖြစ်ခဲ့သည်။ လူအပေါင်း တို့အား ကုသိုလ်၊ အကုသိုလ် တရားတို့ကို ဟောကြားပြသကာ လောက၌ ဘုရားပွင့်မည့် အချိန်ကိုသာ စောင့်မျှော် ၍နေခဲ့သည်။ နောင်သောအခါ အတ္ထဒဿီဘုရားရှင်လောက၌ ပွင့်တော်မူခဲ့၍ သုဒဿန မြို့တော်ကြီးဝယ် နတ်လူတို့အား အမြိုက်တရားမိုး ရွာသွန်းဖြိုးသည်ရှိသော် သုသီမရှင်ရသေ့သည် ဘုရားရှင်၏ တရားတော်ကို ကြားနာခဲ့ရ၍ လွန်စွာကြည်ညိုခဲ့၏။ ရှင်ရသေ့သည် နတ်ပြည်သို့ တက်ရောက်ပြီး နတ်၌ဖြစ်သော မန္ဒာရဝပန်း၊ ပဒုမာကြာပန်း၊ ပင်လယ်ကသစ်ပန်းတို့ကို ယူဆောင်ခဲ့၍ ၎င်းင်း၏တန်ခိုး အာနုဘော်ကို ပြလိုသဖြင့် ကိုယ်ထင်ရှားပြကာ အရပ်လေးမျက်နှာတို့၌ ပန်းမိုးကို ရွာစေခဲ့သည်။ ထက်ဝန်းကျင် ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော ပန်းမဏ္ဍပ်ကြီးကို ဖန်ဆင်းဆောက်လုပ်လျက် မန္ဒာရဝနတ်ပန်းထီးကြီးဖြင့် ဘုရားရှင်ကို ပင့်ဖိတ်ပူဇော်ခဲ့သည်။ ထိုအခါ အတ္ထဒဿီဘုရားရှင်သည် သုသီမရှင်ရသေ့အား “ဤရှင်ရသေ့သည် နောင်ကမ္ဘာ တစ်ထောင့်ရှစ်ရာ အထက် ဘဒ္ဒကမ္ဘာ၌ ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကား >မက်ကြား တော်မူခဲ့သည်။ ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြား ရသောအခါ အလောင်းတော် သုသီမ ရှင်ရသေ့သည် ပါရမီတော်တို့ကို တိုးတက် ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့သည်။

အတ္ထဒဿီဘုရားရှင်၏ တပည့်သာဝကများ

[edit]

အတ္ထဒဿီဘုရားရှင်၏(အဂ္ဂသာဝက) တပည့်မြတ်အစုံတို့သည် အရှင်သန္တမထေရ်နှင့် အရှင်ဥပသန္တ မထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ် အကျွေး ရဟန်းတော်မှာ အရှင်အဘယ မထေရ်ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့မှာ အရှင်မ ဓမ္မာထေရီနှင့် အရှင်မ သုဓမ္မာ ထေရီတို့ ဖြစ်ခဲ့ကုန်၍ ပွင့်တော်မူရာ ဗောဓိပင်မှာ စကားဗောဓိပင် ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာများသည် နကုလသူဌေးနှင့် နိသဘ သူဌေးတို့ဖြစ်ခဲ့ကြပြီး (အဂ္ဂဥပဋ္ဌိကာ) မြတ်သောအလုပ်အကျွေး ဒါယိကာမတို့မှာ မကိလာဥပါသိကာမနှင့် သုနန္ဒာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြသည်။ အတ္ထဒဿီဘုရားရှင်၏ အရပ်တော်သည် အတောင် ရှစ်ဆယ်မြင့် တော်မူခဲ့၍ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ နက္ခတ်ကြယ်တာရာ အပေါင်းတို့၏ မင်းဖြစ်သော လပြည့်ဝန်းကြီးကဲ့သို့လည်းကောင်း၊ တင့်တယ် လှပတော်မူခဲ့ပေ၏။ ဘုရားရှင်၏ ကိုယ်တော်မှ တန်ခိုးတော်ဖြင့် ဖန်ဆင်းခြင်း မရှိဘဲ ပင်ကိုယ်ပကတိ ထွက်တော်မူနေ သော ရောင်ခြည်တော်တို့သည် အထက်အောက် အရပ်ဆယ်မျက်နှာ တစ်ယူဇနာ တိုင်တိုင် ပျံ့နှံ့ကွန့်မြူး နေတော်မူခဲ့သည်။

(ဓမ္မာဘိသမယ)တရားပွဲကြီးများ

[edit]

အတ္ထဒဿီဘုရားရှင်၏ အနောမာမြို့အနီး အနောမာဥယျာဉ်ကြီး၌ ကိုးကုဋေသော ရဟန်းတို့ကို အစအဦးပြုကာ လူနတ်ဗြဟ္မာသတ္တဝါ တို့အား ဓမ္မစက္ကပဝတ္တန သုတ်တော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြ ကုန်၏။ ထိုမှတစ်ဖန် အတ္ထဒဿီဘုရားရှင်၏ တာဝတိံသာ နတ်ပြည်သို့ ကြွချီ တော်မူ၍ နတ်ဗြဟ္မာ တို့အား အဘိဓမ္မာတရားဟောကြားတော်မူသော တရားပွဲသည် ဒုတိယ အကြိမ်မြောက် (ဓမ္မာဘိ သမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ နတ်ဗြဟ္မာအပေါင်း ကုဋေ တစ်သိန်းတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထိုမှတစ်ဖန် အတ္ထဒဿီဘုရားရှင်၏ ခမည်းတော် သာဂရမင်းကြီး စံရာ သောဘဏမြို့တော်သို့ ကြွသွားတော်မူပြီးလျှင် သာဂရမင်းကြီး အမှူးရှိသော ဆွေတော်မျိုးတော် အပေါင်းတို့အား တရားဒေသနာဟောကြားတော် မူသော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော လူတို့သည် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြသည်။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

အတ္ထဒဿီဘုရားရှင်၏ လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်းအဝေးကြီး သုံးကြိမ် ဖြစ်ခဲ့သည်။ အတ္ထဒဿီဘုရားရှင်သည် နောက်ပါ တပည့်သံဃာအပေါင်းနှင့်တကွ သုစန္ဒက မြို့သို့ ဒေသစာရီကြွချီတော်မူလာခဲ့၏။ သန္တမင်းသားနှင့် ပုရောဟိတ်၏သား ဥပသန္တ တို့သည် အတ္ထဒဿီ ဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်များ ဖြစ်ကြမည့် ပုဂ္ဂိုဟ်များ ဖြစ်ခဲ့သည်။ ထိုမင်းသားနှင့် ပုရောဟိတ်သား သူငယ်ချင်းနှစ်ယောက် တို့သည် ဘုရားရှင် ဒေသစာရီကြွချီလာကြောင်း ကြားသိရ လေလျှင် အခြံ အရံတစ်ထောင်တို့နှင့်တကွ မြို့ပြင်သို့ထွက်၍ ဘုရားရှင်နှင့် သံဃာတော်များအား ခရီးဦးကြိုဆိုခဲ့ကြကုန်၍ ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာ တော်တို့အား ပင့်ဖိတ် တော် မူကာ အသဒိသမဟာဒါနကြီးကို ပေးလှူပူဇော်ခဲ့ကြသည်။ ခုနစ် ရက်မြောက်သောနေ့၌ ဘုရားရှင်သည် ဆွမ်းအနုမောဒနာ ပြုကာ တရားဟောတော်မူခဲ့၏။ ထိုနေ့၌ ကိုးသောင်းရှစ်ထောင် သော လူအပေါင်းတို့သည် ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုခဲ့ကြကုန်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ထိုရဟန်းပရိသတ်တို့၏ အလယ်၌ ဘုရားရှင်သည် သီတင်းသုံးတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေး သည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ထို့နောက် အတ္ထဒဿီဘုရားရှင်သည် ကိုယ်တော်မြတ်၏ သားတော် အရှင်သေလ ရဟန်းအား တရားဟောတော်မူ သည်ရှိသော် ရှစ်သောင်းရှစ် ထောင်သော လူတို့သည် သဒ္ဓါတရားကြီးစွာဖြစ်ကာ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြ ကုန်၏။ ထိုအခါ ဘုရားရှင်သည် ထိုပုဂ္ဂိုလ်တို့အား ဧဟိဘိက္ခု ခေါ်တော်မူကာ ရဟန်းပြုပေးခဲ့လေလျှင် ထိုရဟန်း တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ခဲ့ကြကုန်၏။ ထိုရဟန်းတို့၏အလယ်၌ ဘုရားရှင်သည် ဩဝါဒပါတိမောက်ကို ပြတော် မူခဲ့ပြန် သည်။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ် မြောက် သာဝက(သန္နိပါတ) အစည်း အဝေးကြီး ဖြစ်ခဲ့၏။ တစ်ဖန် မဟာမင်္ဂလာတရားတော်ကို နာကြားရန် ရောက်ရှိ လာကြကုန်သော နတ်လူ အပေါင်းတို့အား တရားတော်ကို ဟောတော်မူခဲ့လေလျှင် ခုနစ် သောင်းရှစ်ထောင်သော လူတို့ ရဟန်းပြုကြကုန်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ထိုရဟန်းတို့၏အလယ်၌ ဘုရားရှင် သည် သီတင်းသုံး တော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေး သည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် အနှစ်တစ်သိန်းတို့ ကာလပတ်လုံး လောက၌ တည်နေတော်မူခဲ့၏။ ထိုဘုရားရှင်သည် အတုမရှိ သော အရောင်အဝါတို့ကို ပြတော်မူ၍ နတ်နှင့်တကွသော လောကကို ထွန်းလင်းစေပြီး လျှင် မီးစာကုန်ခြင်းကြောင့် ငြိမ်းရသော မီးကဲ့သို့ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့လေပြီ။

ဓာတ်တော်များ ပျံ့နှံ့တည်ရှိခြင်း

[edit]

အတ္ထဒဿီဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် “ငါဘုရားမရှိသည့် နောက် အလုံးစုံသော သတ္တဝါတို့ နတ်ရွာနိဗ္ဗာန် ရောက်ကြစေရန် ငါဘုရား၏ ဓာတ်တော်တို့သည် သက်တော်ရှည်ဘုရား ရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓါတ်တော် မဖြစ်စေဘဲ အစိတ်စိတ် အ>မာ>မာ ကွဲပြားပျံ့နှံ့၍ တည်ကြပါ စေသ တည်း”ဟု ဓိဋ္ဌာန်တော်မူခဲ့ပြီး အနောမာရာမ ကျောင်းတိုက်ကြီး၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ဘုရားရှင်၏ ဓာတ်တော် တို့သည် ဘုရားရှင်၏ အဓိဋ္ဌာန်အတိုင်း ဇမ္ဗူဒိပ်ကျွန်းတစ်ခွင်၌ ပျံ့နှံ့တည်ရှိကုန်၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူခဲ့လေသတည်း။