ဓမ္မဒဿီဘုရားရှင်

From Wikisource
Jump to navigation Jump to search
364920နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၈) ဓမ္မဒဿီဘုရားရှင် -ဓမ္မဒဿီဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၈။ ဓမ္မဒဿီဗုဒ္ဓဝင်

[edit]

အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် အန္တရကပ်တစ်ခု၏ ဆုတ်ကပ် လူတို့၏ သက်တမ်း အနှစ်တစ်သိန်းတမ်းသို့ ရောက်ပြန်သောအခါ ပိယဒဿီဘုရားရှင်မှအစ ဘုရားသုံးဆူ ပွင့်သော ဝရကမ္ဘာ၌ တတိယမြောက် ဓမ္မဒဿီဘုရားရှင် ပွင့်တော်မူခဲ့သည်။

ဓမ္မဒဿီဘုရားအလောင်းဖွားမြင်တော်မူခြင်း

[edit]

ဓမ္မဒဿီဘုရားအလောင်းသည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ ပြီးသည်၏အဆုံး၌ အလောင်း တော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန် အချိန်တန် ပြီဖြစ်၍ လူ့ပြည်သို့ဆင်းသက် ပဋိသန္ဓေနေတော်မူရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ ဆင်းသက်ကာ သရဏနေပြည်တော် သရဏမည်သော မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုနန္ဒာမည်သော မိဖုရား ခေါင်ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့သည်။ ဆယ်လလွန်မြောက်၊ အချိန်ကာလရောက်သော အခါ သရဏ မည်သော မင်းဥယျာဉ် တော်ကြီး အတွင်း၌ မယ်တော်မိဖုရားကြီးသည် အလောင်းတော် မင်းသားကို ဖွားမြင်တော်မူ ခဲ့သည်။ အလောင်းတော် မင်းသားကို ဖွားမြင်တော်မူသော နေ့မှစ၍ ငြင်းခုံမှု အရပ်ရပ်တို့ကို ဆုံးဖြတ်ရာ ဓမ္မသတ်ကျမ်းစာတို့၌ တရားနှင့် မလျော်ညီသော ပညတ်ချက်တို့ အလိုလို ပျောက်ကွယ်ကုန်၍ တရားနှင့်လျော်ညီသော ပညတ်ချက်တို့သာ တည်ရှိကျန်ရစ်ခဲ့ကြ ကုန်သောကြောင့် အလောင်းတော်မင်းသားကို “ဓမ္မဒဿီ မင်းသား”ဟူ၍ အမည်မှည့်ခဲ့ကြကုန်၏။

အလောင်းတော် မင်းသားကို ပဋိသန္ဓေနေတော် မူသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်တို့၌ ဖြစ်ပေါ်လေ့ရှိသော ဓမ္မတာအတိုင်း အထူး အံ့ဩ ဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် ဓမ္မဒဿီမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်တော်သို့ရောက်သော် ဝိစိကောဠိမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့် မျှအောင် ဆောင်ရွက် ထားသော အရဇ ရွှေနန်းဆောင်၊ ဝိရဇ ရွှေနန်းဆောင်၊ သုဒဿန ရွှေနန်းဆောင် တည်းဟူသော နန်းပြာသာဒ်သုံးဆောင်တို့၌ ဝိစိကောဠိအမှူးရှိသော ရံရွေတော် လေးသောင်းသုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူလျက် နှစ်ပေါင်း ရှစ်ထောင် တို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏သားတော်မှာ ပုညဝဍ္ဎုန မင်းသားဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် ဓမ္မဒဿီမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နတ်တို့ဖန်ဆင်းပြသခဲ့သည့် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့သည်။ ဝိစိကောဋိ မိဖုရားကြီးမှ သားတော် ပုညဝဍ္ဎုန မင်းသားကို ဖွားမြင်တော်မူသော နေ့၌ သန်းခေါင် ယံအချိန်ဝယ် အိပ်ရာမှထ၍ ကျက်သရေရှိသော အိပ်ရာထက်၌ ထိုင်နေတော်မူစဉ် အိပ်ပျော်ခြင်းသို့ရောက် ကုန်သော မောင်းမမိဿံ တို့၏ ဖောက်ပြန် သော အမူအရာအမျိုးမျိုးတို့ကို မြင်ခဲ့ရ၏။ သုသာန်တစ သင်းချိုင်းဝသို့ အလောင်းတော်၏ စိတ်တွင် ခံစားမိခဲ့၏။ သံဝေဂကြီးစွာ ရပြီးလျှင် တောထွက်တော်မူရန် စိတ်အကြံဖြစ် တော်မူခဲ့သည်။ ထိုသို့ အကြံဖြစ်တော်မူသည်နှင့်တစ်ပြိုင်နက် အလောင်းတော်၏စံရာ သုဒဿန ရွှေနန်းပြာသာဒ် သည် ကောင်းကင်အပြင်သို့ ပျံတက်ကာ စစ်အင်္ဂါ လေးပါးခြံရံလျက် နေမင်း ကဲ့သို့လည်းကောင်း၊ နတ်ဗိမာန် ကဲ့သို့လည်းကောင်း ဗောဓိပင်ရှိရာသို့သွားကာ ဗောဓိပင်အနီး မြေအပြင်၌ သက်ဆင်းရပ်တည် ခဲ့လေသည်။ ဓမ္မဒဿီဘုရားရှင်၏ မဟာဗောဓိပင်ကား သံသတ် ပင်ဖြစ်ခဲ့၏။ အလောင်းတော်သည် ဗြဟ္မာလှူဒါန်းသည့် ကြာသင်္ကန်းကိုဝတ်ရုံကာ ရဟန်း ပြုတော် မူခဲ့ပြီး ပြာသာဒ်ထက်မှ ဆင်းသက်တော်မူကာ မနီးမဝေး၌ ရပ်တည်ခဲ့၏။

ပြာသာဒ်တော်သည် ကောင်းကင်သို့ တစ်ဖန်ပျံတက်ကာ ဗောဓိပင်ကို အတွင်းပြုလျက် မြေ၌တည်ခဲ့၏။ မင်းမိန်းမ အပေါင်းတို့သည် အခြံအရံတို့နှင့်တကွ ပြာသာဒ်ထက်မှ ဆင်းကုန်၍ ဂါဝုတ်မျှဝေးကွာသော အရပ်သို့သွား၍ နေခဲ့ကြကုန်၏။ ပြာသာဒ်၌ ပါလာသော ယောက်ျား အပေါင်းတို့သည် အလောင်း တော်ကို အတုယူကာ ရဟန်းပြုခဲ့ကြကုန်၏။ အတုယူကာ ရဟန်း ပြုကြသူ အပေါင်းသည် ကုဋေတစ်သိန်းမျှ ဖြစ်ခဲ့သည်။ ဓမ္မဒဿီ ဘုရားအလောင်းတော်သည် ဒုက္ကရစရိယခေါ် အကျင့်မြတ်ကို ခုနစ်ရက်ကြာ ကျင့်ပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့၌ ဝိစိကောဠိ မိဖုရားကြီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူ ပြီးလျှင် ထိုအရပ်ရှိ ဆီးတောကြီးအတွင်း၌ နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

ဆီးတောကြီးတွင် နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံရဟန်းတို့ကို စွန့်ခွါ၍ မဟာဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ သိရိဝဍ္ဎုန အမည်ရှိသော မုယော ခင်းစောင့် လှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့ပြီး မဟာဗောဓိ(သံသတ်)ပင် အရင်း၌ ဖြန့်ခင်းလိုက် သည်နှင့်တစ်ပြိုင်နက် ငါးဆယ့် သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်တော်မူခဲ့၏။ ထိုအပရာဇိတပလ္လင် တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကိုဆောက်တည် အားထုတ်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရားဖြစ်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦးဟောတော်မူခြင်း

[edit]

ဓမ္မဒဿီဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း ၏တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင် ကြည့်ရှုတော် မူလေလျှင် ကိုယ်တော်မြတ် တောထွက်စဉ်က လိုက်ပါရဟန်းပြုခဲ့ကြသော ကုဋေ တစ်သိန်းသော ရဟန်း တို့ကို မြင်တော်မူခဲ့၏။ ထိုရဟန်းတော်များရှိရာ မဟာဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ ကွာဝေးသည့် ဣသိပတနအမည်ရှိသော မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွသွားတော်မူ ခဲ့သည်။ မိဂဒါဝုန်တောသို့ ရောက်လေသော် ထိုကုဋေတစ်သိန်းသော ရဟန်း တို့ကို အမှူးထား၍ တရားနာရန် လာရောက် ခဲ့ကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အား ရှေးရှေး ဘုရားရှင်တို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တန သုတ်တော်ကို ဟောတော် မူခဲ့သည်။ ထိုအခါ ကုဋေ တစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ဓမ္မဒဿီဘုရားရှင်လက်ထက်တော်တွင် ဂေါတမဘုရားအလောင်းတော် သည် နတ်တို့ကို အစိုးရသော သိကြားမင်း ဖြစ်ခဲ့သည်။ ထိုသိကြားမင်းသည် နတ်အပေါင်းခြံရံလျက် ဘုရားရှင်ထံမှောက် လာ ရောက်ခဲ့ပြီး နတ်၌ဖြစ်သော ပန်းနံ့သာတို့ကိုလည်းကောင်း၊ တူရိယာအမျိုးမျိုးတို့ဖြင်လည်းကောင်း ပူဇော် ခဲ့၏။ ထိုအခါ ဘုရားရှင်က “ဤသိကြားမင်းသည် နောင်သောအခါ ဘဒ္ဒ ကမ္ဘာဝယ် ဂေါတမမည်သော ဘုရားစင်စစ်ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။ ဗျာဒိတ် စကားကို ကြားရလေလျှင် အလောင်းတော် သိကြားမင်းသည် အလွန်ကြည်ညို သောစိတ် ရှိသည်ဖြစ်၍ ဘုရားဖြစ်ရေး အတွက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့် ကျင့်နိုင်ရန် မြဲမြံစွာ ဆောက်တည် ခဲ့သည်။

ဓမ္မဒဿီဘုရားရှင်၏ တပည့်သာဝကများ

[edit]

အရှင်ပဒုမထေရ်သည်လည်းကောင်း၊ အရှင်ဖုဿဒေဝထေရ်သည် လည်းကောင်း ဓမ္မဒဿီ ဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်များ ဖြစ်ခဲ့ ကုန်၍ အလုပ်အကျွေးရဟန်းတော်မှာ အရှင်သုနေတ္တမထေရ် ဖြစ်ခဲ့သည်။ အရှင်မခေမာသည် လည်းကောင်း၊ အရှင်မသဗ္ဗနာမာသည် လည်းကောင်း ဘုရားရှင်၏ (အဂ္ဂသာဝိကာ)မြတ်သောတပည့်မများ ဖြစ်ခဲ့ကုန်၍ ဘုရားရှင်၏ ပွင့်တော်မူရာ မဟာဗောဓိပင်သည် သံသတ်ပင်ဖြစ်ခဲ့သည်။ ဘုရားရှင်၏ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သုဘဒ္ဒသူဌေးနှင့် ကဋိဿဟသူဌေးတို့ဖြစ်ခဲ့ကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ သာဠိယာဥပါသိကာမနှင့် ကဠိယာ ဥပါသိကာမတို့ ဖြစ်ခဲ့ ကြကုန်၏။ ဘုရားရှင်၏ အရပ်တော်သည် အတောင် ရှစ်ဆယ်မြင့်တော်မူ၍ တစ်သောင်း သောလောကဓါတ်၌ တန်ခိုး တော်ဖြင့် အလွန်ပင်တင့်တယ်တော် မူခဲ့သည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ဓမ္မဒဿီ ဘုရားရှင်၏ ဣသိပတနအမည်ရှိသော မိဂဒါဝုန်တော၌ ကုဋေတစ်သိန်းသော ရဟန်းတို့ကို အမှူးထား၍ လူနတ်ဗြဟ္မာသတ္တဝါတို့ အား ဓမ္မစကြာတရားဦး ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်း သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင် ခဲ့ကြကုန်၏။ ထိုမှတစ်ဖန် တဂရအမည်ရှိသောမြို့ဝယ် သဉ္ဇယအမည်ရှိသော မင်းသည် ကာမဂုဏ် ငါးပါးတို့ကို ပယ်စွန့်ကာ ရသေ့ပြုခဲ့၏။ ထိုသဉ္ဇယမင်းကြီးကို အားကျ၍ ကုဋေကိုးဆယ်သော လူတို့လည်း ရသေ့ပြုခဲ့ကြ ကုန်သည်။ ထိုရသေ့တို့သည် အဘိဉာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးတို့နှင့် ပြည့်စုံခဲ့ ကြကုန်၏။ ဓမ္မဒဿီဘုရားရှင်သည် ထိုရသေ့များထံ ကောင်းကင်ခရီးဖြင့် ကြွသွားတော် မူခဲ့ပြီး သဉ္ဇယရသေ့၏ ကျောင်းသင်္ခမ်းသို့ ရောက်တော်မူလေလျှင် ကောင်းကင်၌ ရပ်တော်မူလျက် ထိုရသေ့တို့နှင့် သင့်လျော်သောတရားကို ဟောတော်မူသော တရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် နတ်တို့ကို အစိုးရသော သိကြားမင်း သည် အခြွေအရံ ပရိသတ်နှင့်တကွ ဓမ္မဒဿီဘုရားရှင်ထံ ချဉ်းကပ်တော်မူခဲ့၍ ဘုရားရှင်က တရားဟော တော်မူခဲ့သည်။ ထိုတရားပွဲသည် သုံးကြိမ်မြောက် (ဓမ္မာ ဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေရှစ်ဆယ်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ဓမ္မဒဿီဘုရားရှင်လက်ထက်တော်၌ သာဝက (သန္နိပါတ) အစည်း အဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ ဓမ္မဒဿီ ဘုရားရှင်သည် သရဏမြို့တော်၌ ကိုယ်တော်မြတ်နှင့် (မိကွဲဖတူ) ဖြစ်ခဲ့ကြသည့် အဂ္ဂသာဝက အလောင်းအလျာ ပဒုမမင်းသားနှင့် ဖုဿဒေဝမင်းသားတို့ကို အခြံအရံပရိသတ်နှင့်တကွ ရဟန်းပြုစေပြီးလျှင် ထိုမြို့၌ပင် ဝါကပ်တော် မူခဲ့၏။ ဝါကျွတ်သောအခါ ဝါဦး၌ ရဟန်းပြုခဲ့ကြ၍ ဝါတွင်း၌ ရဟန္တာဖြစ်ခဲ့ကြကုန်သော ကုဋေ တစ်သိန်းသော ရဟန်းတို့၏အလယ်၌ သီတင်းသုံး တော်မူကာ ရဟန္တာချည်း သန့်သန့်ဖြစ်သော ဝိသုဒ္ဓိပဝါရဏာ ပြုတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေး ဖြစ်ခဲ့သည်။ တစ်ဖန် ဓမ္မဒဿီ ဘုရားရှင် သည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့ပြီးနောက် သီတင်းကျွတ်သောအခါ နတ်ပြည်မှ လူ့ပြည်သို့ ပြန်ကြွတော်မူခဲ့ သည်။ ထိုအခါ ကုဋေတစ်ရာ သော ရဟန်းတို့ စုဝေးမိခဲ့ကြကုန်၏။ ထိုအစည်းအဝေးသည် ဒုတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ ထို့နောက် တစ်ဖန် ဓမ္မဒဿီ ဘုရားရှင်သည် သုဒဿနာရာမ ကျောင်းတိုက်ကြီး၌ ဓူတင်တစ်ဆယ့် သုံးပါးတို့၏ ဂုဏ် ကျေးဇူးကို ဟောပြတော်မူ၍ အရှင်ဟာရိတအမည်ရှိသော မဟာသာဝက ရဟန္တာ အရှင်မြတ်အား ဓူတင်ဆောင် အရာ၌ ဧတဒဂ်ထားတော်မူခဲ့၏။ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန်းတို့ စုဝေးမိ ခဲ့ကြကုန်၏။ ထိုအစည်းအဝေးသည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်း

[edit]

အတုမဲ့ တန်ခိုးရှိတော်မူသော ဓမ္မဒဿီဘုရားရှင်၏ အသက်တော်သည် လူတို့၏ အသက်နှင့် အညီအမျှပင်ဖြစ်ခဲ့၏။ ဘုရားရှင်သည် အနှစ်တစ်သိန်းတို့ ကာလပတ်လုံး လောက၌ တည်တော် မူလျက် သတ္တဝါတို့အား သံသရာရေ အလျဉ်မှ ကယ်တင်တော်မူခဲ့သည်။ သာသနာတော် ကို အညစ်အကြေး ကင်းအောင် ပြုလျက် ကောင်းကင်၌ ရွေ့လျားသွားသော လမင်းကဲ့သို့ တပည့် သာဝကနှင့် တကွ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။

စေတီတည်ထားကိုးကွယ်ကြခြင်း

[edit]

ဓမ္မဒဿီဘုရားရှင်သည် သာလာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့၏။ ထိုကျောင်းတိုက် ကြီးအတွင်း၌ပင် စေတီကို တည်ထားကိုးကွယ် တော်မူခဲ့ကြရာ စေတီတော်သည် သုံးယူဇနာတိုင်တိုင် မြင့်တော်မူခဲ့သည်။ သက်တော် ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံး တစ်ခဲတည်းသော အသမ္ဘိန္နဓါတ် တော်ကို ထိုစေတီတော်အတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ ကျွန်းနေ လူအပေါင်းတို့သည် ရတနာ ခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံး စေခဲ့ကြကုန်သတည်း။