အညတရဘိက္ခုဝတ္ထု -၄

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၂၂။ အညတရဘိက္ခုဝတ္ထု

Shortcut:

၂၂။ မထင်ရှားသောရဟန်း ဝတ္ထု

နိဓာယအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမခိုးသွားသည်ဟု အရိုက်ခံရသော ရဟန်း

ထိုရဟန်းသည် မြတ်စွာဘုရား၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တော၌ လုံ့လပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် “ရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားအံ့”ဟူ၍ ထိုတောမှသာလျှင် ထွက်လာခဲ့လေ၏။ ထိုအခါ မထေရ်ကို တစ်ခုသောရွာ၌ မိန်းမတစ်ယောက်သည် လင်ယောက်ျားနှင့် အတူတကွ ခိုက်ရန်ငြင်းခုံခြင်းကို ပြုပြီးလျှင် ထိုလင်ယောက်ျား အပသို့ထွက်သွားစဉ် မိဘအိမ်သို့ ပြန်သွားတော့အံ့ဟု လမ်းခရီးမသို့ သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ မထေရ်ကို မြင်ရသဖြင့် ဤမထေရ်ကိုအမှီပြု၍ သွားပေအံ့ဟု နောက်မှ နောက်မှ အစဉ်လိုက်သွားရှာလေ၏။ မထေရ်သည်ကား ထိုမိန်းမ လိုက်လာသည်ကို မြင်တော်မမူ၊ ထို့နောက် ထိုမိန်းမ၏ လင်ယောက်ျားသည် အိမ်သို့ပြန်လာသည်ဖြစ်၍ ထိုမိန်းမကို မမြင်သောကြောင့် မိဘရွာသို့သွားသည် ဖြစ်ပေလတ္တံ့ဟု အစဉ်လိုက်သည်ရှိသော် ထိုမိန်းမကိုမြင်ရ၍ “ဤမိန်းမကား တစ်ယောက်တည်း တောအုပ်သို့ သွားခြင်းငှာ မတတ်ကောင်းတန်ရာ၊ အဘယ်သူကို အမှီပြု၍ သွားဘိသနည်း”ဟု ကြည့်ရှုသည်ရှိသော် မထေရ်ကိုမြင်တဲ့လျှင် “ဤရဟန်းသည် ဤမိန်းမကိုခေါ်ယူ၍ ထွက်သွားသည် ဖြစ်လတ္တံ့”ဟု ကြံ၍ မထေရ်ကို ခြိမ်းခြောက် မောင်းမဲလေ၏။ ထိုအခါ၌ လင်ယောက်ျားကို မိန်းမသည် “ဤအရှင်ကောင်းကား ကျွန်မကို မြင်တော်မမူ၊ ခေါ်လည်းမခေါ်၊ ပြောလည်းမပြော၊ ထိုရဟန်းကို တစ်စုံတစ်ခုသောစကားကို မဆိုပါလင့်”ဟု ဆိုလေ၏။ ထိုလင်ယောက်ျားသည် “အသို့နည်း၊ သင်သည် မိမိကို ခေါ်ယူ၍သွားသည်ကို ငါ့အား ပြောကြားနိုင်အံ့နည်း၊ ထို့ကြောင့် သင့်အားသာလျှင် လျော်သော ပြုထိုက်သောအမှုကို ဤရဟန်းအား ပြုလုပ်ပေအံ့သတည်း”ဟု ဆို၍ ဖြစ်သော အမျက်ဒေါသရှိရကား မိန်းမ၌ဖြစ်သော ရန်ငြိုးဖြင့် မထေရ်ကို ထောင်းသတ်ပုတ်ခတ်ပြီးလျှင် မိန်းမကို ခေါ်ဆောင်လျက် ပြန်ခဲ့လေ၏။ မထေရ်မြတ်၏ ကိုယ်တော်တစ်ခုလုံးသည် ဖြစ်သော ဖူးဖူးရောင်ခြင်း ရှိလေ၏။

ထို့နောက် ကျောင်းသို့ ရောက်လာသောအခါ ရဟန်းတို့သည် ကိုယ်ကို ဆုပ်နယ်ကြကုန်သည်ရှိသော် ဖူးဖူးရောင်သော အဖုတို့ကို မြင်ကြရသဖြင့် “ဤအဖုတို့ကား အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ မထေရ်သည် ထိုရဟန်းတို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ ထိုမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်- ထိုယောက်ျားသည် ဤသို့ ပုတ်ခတ်သည်ရှိသော် အရှင်ဘုရားက အဘယ်သို့သောစကားကို ဆိုပါသနည်း၊ အသို့နည်း၊ အရှင်ဘုရားအား အမျက်ဒေါသ ဖြစ်ပါသလားဘုရား”ဟု မေးမြန်းကြကုန် ၏။ “ငါ့ရှင်တို့- ငါ့အား အမျက်ဒေါသ မဖြစ်ပါ”ဟု ဆိုလတ်သော် ထိုရဟန်းတို့သည် ဘုရားရှင်၏ အထံတော်သို့ သွားတဲ့၍ ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- ဤရဟန်းသည် “အရှင်ဘုရားအား အမျက်ဒေါသ ဖြစ်ပါသလော”ဟု မေးအပ်သည်ရှိသော် “ငါ့ရှင်တို့- ငါ့အား အမျက်ဒေါသ မဖြစ်”ဟု ဆိုပါသည်။ မဟုတ်မမှန်သောစကားကို ပြောဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတဲ့လျှင် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား ချအပ်သောဒဏ်ရှိကုန်၏။ ထိုရဟန္တာတို့သည် ပုတ်ခတ်ကြကုန်သော်လည်း အမျက်ဒေါသထွက်ခြင်းကို မပြုကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

ဒေသနာတော်

[၄၀၅] နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ။
ယော န ဟန္တိ န ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ တသေသု၊ တဏှာဟူသော ထိတ်လန့်ခြင်းဖြင့် ထိတ်လန့်ခြင်းရှိကုန်သော။ ဘူတေသု စ၊ ပုထုဇဉ် သေက္ခတို့၌လည်းကောင်း။ ထာဝရေသု၊ တဏှာကင်းသဖြင့် မြဲမြံခိုင်ခံ့ တည်တံ့ကြကုန်သော။ ဘူတေသု စ၊ ရဟန္တာတို့၌လည်းကောင်း။ ဒဏ္ဍံ၊ ဒဏ်ကို။ နိဓာယ၊ ပယ်ချ၍။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သောသူကိုမျှ။ န ဟန္တိ ၊ မိမိလည်း မသတ်, မညှဉ်းဆဲ, မနှိပ်စက်။ န ဃာတေတိ၊ သူတစ်ပါးကိုလည်း မသတ်, မညှဉ်းဆဲ, မနှိပ်စက်စေ။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မထင်ရှားသောရဟန်းဝတ္ထုပြီး၏။