ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂၁။ ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု
325506ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၂၁။ ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၂၁။ ပဗ္ဘာရဝါသီ တိဿမထေရ်ဝတ္ထု

အသံသဋ္ဌံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဗ္ဘာရဝါသီ တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းကြောင့် နတ်တို့ဆင်းရဲပုံ

ထိုတိဿမထေရ်သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ကြည့်ရှုရှာဖွေလျက် လိုဏ်တစ်ခုရှိသော တောင်ဝှမ်းသို့ ရောက်သွားလေ၏။ ရောက်သောခဏ၌ပင်လျှင် ထိုတိဿမထေရ်၏စိတ်သည် တည်ကြည်ခြင်းကိုရ၏။ ထိုတိဿမထေရ်သည် “ငါကား ဤလိုဏ်၌ နေသည်ရှိသော် ရဟန်းကိစ္စကို ပြီးစေခြင်းငှာ တတ်နိုင်ပေလတ္တံ့”ဟု အကြံဖြစ်လေ၏။ လိုဏ်၌ အမြဲနေသော နတ်သည် “သီလရှိသောရဟန်းတော်သည် ကြွလာတော်မူ၏။ ဤရဟန်းနှင့်အတူတကွ တစ်ခုတည်းသောအရပ်၌ နေခြင်းငှာ ဆင်းရဲလှ၏။ ဤရဟန်းသည်ကား ဤလိုဏ်၌ တစ်ညဉ့်မျှသာနေ၍ ဖဲကြွသွားတော်မူလတ္တံ့”ဟု ကြံပြီးလျှင် သားငယ်သမီးငယ်တို့ကို ခေါ်ဆောင်ကာ ထွက်သွားလေ၏။ တိဿမထေရ်သည် တစ်ဖန် မိုးသောက်သောနေ့၌ နံနက်စောစောကသာလျှင် ဆွမ်းခံရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ ထိုအခါ ထိုတိဿမထေရ်ကို ဒါယိကာမကြီး တစ်ယောက်သည် မြင်လျှင်မြင်ချင်း သားဟူသော ချစ်ခင်ခြင်းကိုရ၍ အိမ်၌နေစေပြီးလျှင် ဆွမ်းလုပ်ကျွေးသဖြင့် မိမိကိုမှီလျက် ဝါတွင်းသုံးလပတ်လုံး နေထိုင်သီတင်းသုံးစိမ့်သောငှာ တောင်းပန်လေ၏။ ထိုတိဿမထေရ်သည်လည်း “ငါကား ဤဒါယိကာမကြီးကိုမှီလျက် ဘဝမှ ထွက်မြောက်ခြင်းကို ပြုခြင်းငှာ တတ်ကောင်း၏”ဟု သည်းခံပြီးလျှင် ထိုလိုဏ်သို့သာလျှင် ကြွသွားတော်မူလေ၏။ နတ်သည် ထိုတိဿမထေရ် ပြန်ကြွလာသည်ကို မြင်ရလျှင် “မချွတ် တစ်စုံတစ်ယောက်သောသူသည် ပင့်ဖိတ်အပ်သည် ဖြစ်ပေလတ္တံ့၊ နက်ဖြန်၌လည်းကောင်း၊ သန်ဘက်၌လည်းကောင်း ကြွသွားတော်မူပေလတ္တံ့”ဟု ကြံစည်ပြန်လေ၏။ ဤသို့လျှင် လခွဲမျှ လွန်လတ်သည်ရှိသော် “ဤရဟန်းကား ဤလိုဏ်၌သာလျှင် ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးနေထိုင်တော် မူယောင်တကား”ဟု ကြံစည်လေ၏။

ရဟန်းကို ဆေးသမားဖြစ်အောင် နတ်က ပြုလုပ်ခြင်း

“သီလရှိသော ရဟန်းနှင့်အတူတကွ တစ်ခုတည်းသောနေရာ၌ သားငယ်,သမီးငယ်တို့နှင့် အတူနေခြင်းငှာလည်း ဆင်းရဲလှ၏။ ဤရဟန်းကို ထွက်သွားပါလော့ဟု ပြောဆိုခြင်းငှာလည်း မတတ်ကောင်း၊ ဤရဟန်း၏ သီလ၌ ချွတ်ချော်ခြင်းသည် ရှိလေသလော”ဟု နတ်မျက်စိဖြင့် ကြည့်ရှုလတ်သည်ရှိသော် ပဉ္စင်းခံရာ သိမ်အပြင်မှစ၍ ထိုရဟန်း၏သီလ၌ ချွတ်ချော်ခြင်းကို မမြင်ရသောကြောင့် “ထိုရဟန်း၏သီလသည် ဖြူစင်လှ၏။ ထိုရဟန်းအား တစ်စုံတစ်ခွန်းသော စကားကိုဆို၍ အကျော်အစောမဲ့ကို ဖြစ်စေအံ့”ဟု အကြံပြုပြီးလျှင် ထိုတိဿမထေရ်၏ အလုပ်အကျွေးအိမ်၌ ဒါယိကာမကြီး၏ သားကြီးကိုယ်တွင် ပူးဝင်သဖြင့် လည်ပင်းကို လည်စေလေ၏။ (လှည့်၍ ထားလေ၏။) ထိုသားကြီး၏ မျက်စိတို့သည် ထွက်လေကုန်၏။ ခံတွင်းမှ တံတွေးသည် ယိုစီးကျလာ၏။ ဒါယိကာမကြီးသည် ထိုသားကြီးဖြစ်ပုံကို မြင်ရလျှင် “ဤသို့ဖြစ်ရခြင်းကား အဘယ်နည်း”ဟု မြည်တမ်းလေ၏။ ထိုအခါ ဒါယိကာမကြီးကို ထိုနတ်သည် မထင်ရှားသော အဆင်းရှိလျက် ကိုယ်ထင်စွာမပြဘဲ ဤသို့ဆိုလေ၏။

“ငါသည် သင့်သားကို ဖမ်းစားထား၏။ ဗလိနတ်စာပေးခြင်း အမှုပြုခြင်းဖြင့်လည်း ငါ့အား အလိုမရှိ၊ သင်တို့၏ ဆရာဖြစ်သော မထေရ်ကို နွယ်ချိုကို တောင်းပြီးလျှင် နွယ်ချိုဖြင့် ဆီကိုချက်၍ ဤသူအား နှာနှပ်သောအမှုကို ပေးကြကုန်လော့၊ (နှာနှပ်ကြကုန်လော့၊) ဤသို့ ပြုသည်ရှိသော် ငါသည် ဤသူကိုလွှတ်အံ့”ဟု ဤသို့သောစကားကို ဆိုလတ်သော် “ဤငါ့သားသည် ပျက်စီးသည်မူလည်းဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ၊ ငါသည် အရှင်မြတ်ကို နွယ်ချိုတောင်းခြင်းငှာ မတတ်နိုင်ပါ”ဟု ဆိုလေ၏။ “နွယ်ချိုကို တောင်းခြင်းငှာ အကယ်၍ မတတ်နိုင်ကြကုန်သည် ဖြစ်အံ့၊ သင့်သား နှာခေါင်း၌ ထိုမထေရ်၏ ရှိန်းခိုမှုန့်ကိုထည့်ခြင်းငှာ ပြောဆိုကြကုန်လော့”ဟု ဆိုပြန်လတ်သော် “ဤစကားကိုလည်း လျှောက်ဆိုခြင်းငှာ မတတ်နိုင်ကြပါ”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ မထေရ်မြတ်၏ ခြေဆေးရေကိုယူ၍ ဦးခေါင်းထက်၌ သွန်းလောင်းကြကုန်လော့”ဟု ဆိုလတ်သော် ဒါယိကာမကြီးသည် “ဤအမှုကို ပြုခြင်းငှာ တတ်နိုင်ပါ၏”ဟု ဆိုလေ၏။ ဆွမ်းအချိန်၌ ကြွရောက်လာသောမထေရ်ကို နေထိုင်စေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်း၍ ဆွမ်းမဘုဉ်းပေးသေးမီ အကြား၌ ထိုင်နေသောမထေရ်မြတ်၏ ခြေတို့ကို ဆေးကြောသဖြင့် ရေကိုယူပြီးလျှင် “အရှင်ဘုရား- ဤခြေဆေးရေကို သူငယ်၏ ဦးခေါင်း၌ သွန်းလောင်းလိုကြပါသည်ဘုရား”ဟု လျှောက်ထားပန်ကြားလေ၏။ “ထိုသို့ဖြစ်မူ သွန်းလောင်းကြကုန်လော့”ဟု ဆိုလျှင် မထေရ်ဆိုတိုင်း ပြုကြလေကုန်၏။ ထိုနတ်သည် ထိုခဏချင်းသာလျှင် သူငယ်ကို လွှတ်၍သွားပြီးလျှင် လိုဏ်တံခါးဝ၌ ရပ်တည်နေလေ၏။

ဆေးသမားကြီးဟု စွပ်စွဲသဖြင့် ရဟန္တာဖြစ်ခြင်း

မထေရ်သည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ အပြီးအဆုံး၌ နေရာမှထ၍ မစွန့်မလွှတ်သော ကမ္မဋ္ဌာန်းရှိသည့်အဖြစ်ကြောင့် ဆံပင်,မွေးညင်း အစရှိသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို သရဇ္ဈာယ်တော်မူလျက်သာလျှင် ဖဲကြွသွားတော်မူလေ၏။ ထိုအခါ ထိုမထေရ်မြတ်ကို လိုဏ်တံခါးသို့ ရောက်သောအခါ ထိုနတ်သည် “ဆေးသမားကြီး- ဤလိုဏ်သို့ ဝင်ကြွသွားတော်မမူပါလင့်”ဟု ဆိုလေ၏။ မထေရ်သည် ထိုအရပ်၌သာလျှင် ရပ်တော်မူလျက် “သင်-အဘယ်သူနည်း”ဟု မိန့်ဆိုလေ၏။ “တပည့်တော်ကား ဤလိုဏ်၌ အမြဲနေသော နတ်ဖြစ်ပါသည်”ဟု ဆိုလျှင် မထေရ်မြတ်သည် “ဆေးသမားကြီး၏ အမှုကိုပြုသော အရာဌာနသည် ငါ့အား ရှိလေသလော”ဟု ပဉ္စင်းဖြစ်ရာ သိမ်အပြင်မှစ၍ ကြည့်ရှုလတ်သည်ရှိသော် မိမိ၏သီလ၌ နှမ်းစေ့ခန့်မျှလည်းဖြစ်သော မည်းနက်ခြင်းကို မမြင်ရလေသောကြောင့် “ငါသည် ဆေးသမားကြီးအမှု ပြုသောအရာဌာနကို မမြင်၊ အဘယ့်ကြောင့် ဤသို့ သင်ဆိုဘိသနည်း”ဟု မိန့်တော်မူလေ၏။

“အရှင်သည် မမြင်လေသလော”ဟု မေးမြန်းသဖြင့် “ငါမမြင်သည် မှန်၏”ဟု မိန့်ဆိုလတ်သော် “သင်ရဟန်းအား ပြောကြားပေအံ့”ဟု ဆိုလေ၏။ “ကောင်းပြီ၊ ငါ့အား ပြောကြားစမ်းလော့”ဟု မိန့်ဆိုတော်မူလတ်သော် “ဝေးသောအခါ၌ ပြုလုပ်ဖူးသည်ကား တည်ရှိပါစေဦး၊ ယနေ့ပင်လျှင် သင်ရဟန်းသည် ဘီလူးဖမ်းသော အလုပ်အကျွေး ဒါယိကာမကြီး၏သား ဦးခေါင်း၌ ခြေဆေးရေကို သွန်းလောင်းသလော၊ မသွန်းလောင်းသလော”ဟု ဆိုလေ၏။ “သွန်းလောင်းသည် မှန်၏”ဟု ဆိုတော်မူလတ်သော် “အသို့နည်း၊ ဤအမှုကို သင်ရဟန်း မမြင်လေသလော”ဟု ပြောဆိုလေ၏။ “ဤခြေဆေးရေ သွန်းလောင်းခြင်းကို ရည်မှန်းလျက် သင်ဆိုသလော”ဟု မေးတော်မူလတ်သော် “ဤအမှုကို ရည်မှန်းလျက် ဆိုသည်မှန်ပေ၏”ဟု ပြောဆိုလေ၏။ မထေရ်မြတ်သည် “ငါ၏ ကောင်းစွာဆောက်တည် ကျင့်သုံးလာခဲ့ခြင်းသည် အလွန်တရာ ကောင်းမြတ်လေစွတကား၊ ငါ၏အကျင့်သည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်အား လျောက်ပတ်လေစွတကား၊ နတ်သော်မှလည်း ငါ၏ လေးပါးသောပါရိသုဒ္ဓိသီလ၌ အမည်းအနက်ကို နှမ်းစေ့ခန့်မျှပင် မမြင်သောကြောင့် သူငယ်၏ဦးခေါင်း၌ သွန်းလောင်းအပ်သော ခြေဆေးရေမျှကိုသာလျှင် မြင်ရရှာ၏”ဟု ထိုတိဿမထေရ်အား သီလကို အကြောင်းပြု၍ အားကြီးစွာသော နှစ်သက်ခြင်း ဖြစ်ပေါ်လာလေ၏။ ထိုသိဿမထေရ်သည် ထိုနှစ်သက်ခြင်း ပီတိကိုခွာ၍ ခြေကြွခြင်းကိုမျှလည်း ပြုတော်မမူဘဲ ထိုနေရာ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်တော်မူသဖြင့် “ငါကဲ့သို့ ဖြူစင်သောသီလရှိသော ရဟန်းကို ဖျက်ဆီးလျက် ဤတောအုပ်၌ မနေလင့်၊ သင်နတ်သည်သာလျှင် ထွက်သွားချေလော့”ဟု မိန့်တော်မူ၍ နတ်ကို ဆုံးမတော်မူလိုရကား ထေရအပဒါန်ပါဠိတော်, သုဘူတိထေရအပဒါန်၌ ဤဥဒါန်းကို ကျူးရင့်တော်မူလေ၏။

နတ်ယုတ်မာကို ပြန်၍ နှင်ထုတ်ခြင်း

ဝိသုဒ္ဓေါ ဝတ မေ ဝါသော၊ နိမ္မလံ မံ တပဿီနံ။
မာ တွံ ဝိသုဒ္ဓံ ဒူသေသိ၊ နိက္ခမ ပဝနာ တုဝံ။

ဒေဝတေ၊ အိုနတ်။ မေ၊ ငါ၏။ ဝါသော၊ နေခြင်းသည်။ ဝိသုဒ္ဓေါ ဝတ၊ စင်ကြယ်သန့်ရှင်းလေစွတကား။ နိမ္မလံ၊ အညစ်အကြေးမရှိသော။ တပဿီနံ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော။ ဝိသုဒ္ဓေါ၊ သီလဖြူစင်သော။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ မာ ဒူသေသိ၊ မဖျက်ဆီးလင့်။ တုဝံ၊ သင်သည်။ ပဝနာ၊ မွေ့လျော်ဖွယ်ရှိသော တောအုပ်မှ။ နိက္ခမ၊ ထွက်သွားချေလော့။

ထိုတိဿမထေရ်သည် ထိုအရပ်၌သာလျှင် ဝါတွင်းသုံးလပတ်လုံးနေပြီးလျှင် ဝါကျွတ်လတ်သည်ရှိသော် မြတ်စွာဘုရား၏ အထံတော်သို့ ကြွသွားတော်မူ၍ ရဟန်းတို့သည် “ငါ့ရှင်- အဘယ်သို့နည်း၊ သင့်အား ရဟန်းကိစ္စကို အပြီးဆုံးသို့ ရောက်စေအပ်ပြီလော”ဟု မေးအပ်သည်ဖြစ်၍ ထိုလိုဏ်၌ ဝါကပ်ဆိုသည့်နေ့မှစ၍ အလုံးစုံသော ထိုအကြောင်းကို ရဟန်းတို့အား ပြောကြားလေသောကြောင့် “ငါ့ရှင်- ဤသို့ နတ်၏အပြောအဆိုခံရသော သင်သည် အမျက်မထွက်လေသလော”ဟု ဆိုလတ်သော် “အမျက်မထွက်ပါ”ဟု ဆိုလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် အရဟတ္တဖိုလ်ကို ပြောကြားပါသည်။ နတ်သည် ဤမည်သောစကားကို ဆိုအပ်ပါလျက်လည်း အမျက်မထွက်ဟု ဆိုပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူလျှင် “ချစ်သားရဟန်းတို့- ငါဘုရား၏ သားတော်သည် အမျက်မထွက်သည်သာတည်း။ ထိုတိဿရဟန်းအား လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း ရောနှောခြင်းမည်သည်မရှိ၊ မနှီးနှော၊ ဤရဟန်းသည် နည်းသောအလိုရှိ၏။ ရောင့်ရဲလွယ်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၄၀၄] အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဂဟဋ္ဌေဟိ စ၊ လူတို့နှင့်လည်းကောင်း။ အနာဂါရေဟိ စ၊ ရဟန်းတို့နှင့်လည်းကောင်း။ ဥဘယံ-ဥဘယေဟိ၊ နှစ်ပါးစုံသော သူတို့နှင့်။ အသံသဋ္ဌံ၊ ဒဿနသံသဂ္ဂ, သဝနသံသဂ္ဂ, သမုလ္လပနသံသဂ္ဂ, ပရိဘောဂသံသဂ္ဂ, ကာယသံသဂ္ဂဟူသော ငါးပါးသော သံသဂ္ဂတို့ဖြင့် နှီးနှောဆက်ဆံခြင်း မရှိထသော။ ဝါ၊ တွယ်တာသော အကျင့်မရှိထသော။ အနောကသာရိံ၊ ကာမဂုဏ်တည်ရာသို့ သက်ဆင်းခြင်း မရှိထသော။ အပိစ္ဆံ၊ အလိုနည်းပါးသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဗ္ဘာရဝါသီတိဿမထေရ်ဝတ္ထုပြီး၏။