အကျွတ်ဘယ်မှာဝေးတော့မည်

From Wikisource
Jump to navigation Jump to search
အကျွတ်ဘယ်မှာဝေးတော့မည်
by ရှင်မဟာရဋ္ဌသာရ

သုစိပုဘာ၊ ဝိလိသိဓာ၊
အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို၊
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့။

စာသင်ပျိုနု၊ အခြေပြုတို့၊
ဥဇုဘူတ၊ လုံ့လပြင်းစွာ၊
သူ့ထက်ငါဟု၊ နှုတ်မှာရွရွ၊
ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊
အထူးသိမြင်၊ ပညာရှင်ဟု၊
မထင်မပေါ်၊ မကျော်စောဘဲ၊
တီမှာလွဲအံ့။

အရဲကြိုးကုတ်၊ ကြက်ရဲသုတ်သို့၊
အားထုတ်ခုံမင်၊ မသင်မအံ၊
မကြံမမေး ဆွေးနွေးရောနှော၊
ပြောဟောမဲ့ထွေ၊ ပေချပ်ရေဖြင့်၊
ကုန်စေဆန်းသာ၊ သင်ချေပါလည်း၊
ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်။

စာသင်ဟူက၊ ကျမ်းထိုမျှကို၊
တွေ့ကမရှောင်၊ ကြောင်ပုစွန်စား၊
ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊
ကျောက်ထက်စာသို့၊ လိုရာရအောင်၊
ကြံဆောင်လေ့ကျက်၊ အနက်အဓိပ္ပါယ်၊
နှုတ်ဝယ်ရွရွ၊ ထားချေမှတည့်၊
တစပေါ်လျှင်၊ ချည်စငင်သို့၊
သဘင်ပွဲမှောက်၊ ဆိုရေးရောက်က၊
လန့်ကြောက်မရှိ၊ သတိမြဲခိုင်၊
ကျောက်တိုင်ပမာ၊ ကေသရာသို့၊
ရွံရှာမဲ့လျှင်း၊ ဆိုခင်းနည်းနာ၊
အဖြာဖြာကို၊ မကြာနှုတ်လျောက်၊
ခန့်ချင့်ထောက်လော့။

အံ့လောက်ဘွယ်သာ၊ ဂါထာပါဌ်သား၊
စကားဝိုက်လည်၊ စဉ်ရှည်ရှေးတီး၊
စကားကြီးက၊ စသည်ထိုထို၊
ဝိဂြိုလ်ဝစနတ်၊ ဓါဘ်ရပစ္စည်း၊
ထုံးနည်းပမာ၊ ဂါထာဆန်းဂိုဏ်း၊
ကရိုဏ်းဌာန်စစ်၊ ဖွင့်လှစ်ဋီကာ၊
အဋ္ဌကထာပါဠိ၊ အောက်ထက်ညှိ၍၊
ကဝိလက္ခဏာ၊ အဖြာဖြာကို၊
သေချာဆည်းဆ၊ ဆိုဝံ့ကလျှင်၊
ဘဝဤတွင်၊ ခုမျက်မြင်လည်း၊
မထင်ဘယ်မှာ၊ ရှိဘိရာအံ့။

သံသရာလည်း၊ ပမာကဲလွန်၊
အဆုံးစွန်မူ၊ ညီမွန်တုလွတ်၊
သုံးလူ့နတ်ဝယ်၊ အကျွတ်ဘယ်မှာဝေးတော့မည်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.