သုံးပုံလှေခါးကျမ်း

From Wikisource
Jump to navigation Jump to search
သုံးပုံလှေခါးကျမ်း  (သက္ကရာဇ် ၁၉၆၃) 
by မုန်တိုင်ပင်ဆရာတော်

ဒီပဲရင်းမြို့ မြောက်လက် မုန်တိုင်ပင်ရွာကျောင်း “ဝံသာဘိလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရု” “ဝံသာဘိလင်္ကာရဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ် နှစ်ထပ်ရ မုန်တိုင်ပင်ဆရာတော်

ရှိခိုးခြင်း ပဏာမ

၁။ သုံးပါးရတနာ၊ မြတ်ဆရာကို သဒ္ဓါစုံမက်၊ နှစ်သက်ဝမ်းသာ၊ ရှိခိုးပါ၏၊ များစွာကျမ်းထွက်၊ စကားနက်ကို၊ ဆောင်ရွက်ဖွယ်ရာ၊ ညွန်းလိုက်မှာသည်၊ မကွာနှုတ်ထဲ၊ ဆောင်အမြဲ။

မြေလှုပ်ကြောင်း ၈-ပါး

၂။ ပဋိသန္ဓေ၊ နေသည်ကာလ၊ ဖွားထတဖန်၊ ရွှေဉာဏ်တော်ရ၊ ဓမ္မစကြာ၊ ဟောခါကာလ၊ လွှတ်ထအာယု၊ ပြုသည်နိဗ္ဗာန်၊ စျာန်ဂုဏ်တန်းခိုး၊ တစ်မျိုးချောက်ချား၊ ဤရှစ်ပါးကြောင့်၊ ကြီးမားသုန္ဓရေ၊ တုန်လှုပ်လေသည်၊ ပုံသွေမယွင်း နှလုံးသွင်း။
[ဤကား မြေလှုပ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း] တနည်း-မြေလှုပ်ကြောင်း ၈-ပါး။ ၃။ တောထွက်ကာလ၊ ကပ်ထဗောဓိ၊ ခံဘိပံ့သကူ၊ ဖွပ်ယူတဖြာ၊ ကာ, ဂေါ, ဝေ, ဗြ၊ ဤရှစ်ဝကြောင့်၊ ဌာနအောက်မြေ၊ တုန်လှုပ်လေသည်။ လေးထွေကြောင်းရင်း တုန်လှုပ်ခြင်း။
[ဤကား တနည်း-မြေလှုပ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း]

မြေလှုပ်ကြောင်း ၄-ပါး

၄။ ကောင်းခြီး, သက်သေ၊ တထွေဝီရိယ၊ အံ့ထတဖြာ၊ အခါမဲ့ငြား၊ ဤလေးပါးကြောင့်၊ ရှစ်ပါးဌာန၊ တုန်လှုပ်လေသည်၊ မှတ်လေတမျိုး မြေလှုပ်ရိုး။
[ဤကား မြေလှုပ်ကြောင်း လေးပါးစကားရပ် မှတ်ဖွယ်တည်း။ ကာ-မှာ ကာလကာရာမသုတ်၊ ဂေါ-မှာ ဂေါတမကသုတ်၊ ဝေ-မှာ ဝေဿန္တရာဇာတ်၊ ဗြ-မှာ ဗြဟ္မဇာလသုတ်ကို ယူလေ။ တောထွက်ရာ ဗောဓိမဏ္ဍိုင်သို့ ကပ်ရာ၌ ဝီရိယကြောင့်လှုပ်သည် ယူလေ။ ပံ့သကူခံယူရာ၌ အံ့ဖွယ်သရဲ အဟုန်ကြောင့်လှုပ်သည်။ ပံ့သကူဖွပ်ရာ, ဝေဿန္တရာဇာတ်ဟောရာ၌ အခါမဲ့လှုပ်သည်၊ ကာလကာရာမသုတ်, ဂေါတမကသုတ်ကို ဟောရာ၌ သက်သေခံသဖြင့် လှုပ်သည်။ ဗြဟ္မဇာလသုတ်ကို ဟောရာ၌ ကောင်းခြီးပေးလို၍ လှုပ်သည် မှတ်လေ။]

မြေလှုပ်ကြောင်း ၆-ပါး

၅။ သုံးတန်သင်္ဂါယနာ၊ တင်သည်ကာလ၊ နာမခေါ်ဆို၊ သီဟိုဠ်သာမော၊ စပယ်တော၌၊ ထေရောမဟိန္ဒ၊ မြတ်ဓမ္မကို၊ ဟောထသောခါ၊ ကလျာဏိက၊ ကျောင်းဒေသ၌၊ ပိဏ္ဍပါတိယထေရ်၊ ဟောသည်ကာလ၊ နာမပညတ်၊ ကြေးပြသာဒ်၏၊ တညလတ်ရှေ့သုန်း၊ သရက်ကုန်း၌၊ ရွှင်ပြုံးဝမ်းသာ၊ ဘာဏကထေရ်၊ ရွတ်သည်အားလုံး၊ သုတ်အဆုံး၌၊ ရေဆုံးတိုင်ထိ၊ လှုပ်လေဘိသည်၊ ဘူမိစာလ ခြောက်ဌာန။
[ဤကား ဘုရားမရှိသည့်နောက် တရားအာနုဘော်ကြောင့် လှုပ်ကြောင်းခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း။ ဗြဟ္မဇာလသုတ်ကို ဘုရားဟောတော်မူသောသုတ် အဆုံးမှသာ လှုပ်သည်မဟုတ၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့တွင် တစ်ပါးပါးအဆုံး၌ တစ်ကြိမ်စီ ခြောက်ဆယ့်နှစ်ကြိမ်တိုင်အောင် လှုပ်သည် ယူလေ၊ ၊ ဘာဏကထေရ်ဟူရာ၌ ဒီဃဘာဏကထေရ် ယူလေ။ ဓာတ်ချောက်ချားခြင်းကြောင့် လှုပ်ခြင်း, တန်းခိုးတေဇော် အာနုဘော်တော်ကြောင့် လှုပ်ခြင်း, ဘုရားလောင်း ပဋိသန္ဓေနေခြင်း, ဖွားခြင်း, သဗ္ဗညုတဉာဏ်ကိုရခြင်း, ဓမ္မစကြာတရား ဟောတော်မူခြင်း, အာယုသင်္ခါရလွှတ်ခြင်း, ပရိနိဗ္ဗာန်ပြုခြင်း ရှစ်ပါး။ တောထွက်ခြင်း, ဗောဓိမဏ္ဍိုင်သို့ ကပ်ခြင်း, ပံ့သကူကို ခံခြင်း, ဖွပ်ခြင်း, ကာလကာရာမသုတ်, ဂေါတမကသုတ်, ဝေဿန္တရာဇာတ်, ဗြဟ္မဇာလသုတ် ရှစ်ပါးတည်း။ တောထွက်ရာ, ဗောဓိမဏ္ဍိုင်သို့ ကပ်ရာ၌ဝီရိယကြောင့်, ပံ့သကူခံရာ၌ အံ့ဖွယ်သရဲအဟုန်ကြောင့်, ပံ့သကူဖွပ်ရာ, ဝေဿန္တရာဇာတ် ဟောရာ၌ အခါမဲ့လှုပ်၏၊ ကာလကာရာမသုတ်, ဂေါတမကသုတ် ဟောရာ၌ သက်သေခံအဖြစ်ဖြင့် လှုပ်၏၊ ဗြဟ္မဇာလသုတ်ကို ဟောရာ၌ ကောင်းခြီးပေးသော အားဖြင့် လှုပ်၏၊ သုတ်သီလက္ခန် အဋ္ဌကထာလာ။]

ကပ်လှာတတ်သော ရောဂါ ၁၁-ပါး

၆။ စက္ခု, သောတ၊ ဃာန, ဇိဝှါ၊ တဖြာကာယ၊ သီသ, ကဏ္ဏာ၊ ဒန္တာ, မုခ၊ ကာသ, သောသော၊ ရောဂါဆယ့်တစ်ရပ်၊ ကပ်လှါတတ်သည်၊ ကြပ်ကြပ်ကိုယ်တွင်း မြဲစေမင်း။
[ကာသ-မှာ ချောင်းဆိုးနာ၊ သောသော-မှာ ကုတ်ဟီးနာယူလေ]

နှိပ်စက်တတ်သောရောဂါ ၁၁-ပါး

၇။ ဆောင်းပေးခါးနား၊ ကိုယ်ပူနာနှင့်၊ ဝမ်းနာတခြား၊ အဖျားတထွေ၊ မူးဝေတချက်၊ ဝမ်းသွေးထွက်, ဝမ်းသွန်နာ၊ နူနာ, ထွတ်မြင်း၊ ဆင်းညှင်းကြီးနာ၊ ထိုးကျင်နာဟု၊ ရောဂါဆယ့်တစ်ရပ်၊ နှိပ်စက်တတ်သည်၊ မပြတ်ဝမ်းတွင်း နှလုံးသွင်း။
[ထိုးကျင်နာဟူသည်-တံကျင်ကဲ့သို့ ကိုက်ခဲသည် ဆိုလိုသည်။]

ခန္ဓာငါးရပ် စွဲလှာတတ်သောရောဂါများ

၈။ ခယရုဂ်နာ၊ ပိတ်ခဲနာနှင့် တူလာသရော၊ ဖောသောအနာ၊ ယားနာ ဝဲ, ပွေး၊ ဆင်ပွေးကြီးနာ၊ ယင်နာ, မြင်းသရိုက်၊ တလိုက်ရူးနာ၊ ဤရောဂါလည်း၊ ခန္ဓာငါးရပ်၊ စွဲလှာတတ်သည်၊ မလတ်မကင်း သတိသွင်း။
[ ပိတ်ခဲနာ-ဟူသည် အနီ, အရွှေကျသောအနာကို ယူလေ၊ ဖောသော အနာမှာ- ထွတ်အိုင်းနာ ဆိုလိုသည်။]

၉၆-ပါး ရောဂါ

၉။ (က) ပိတ္တ, သေမှ၊ ဝါတတသွယ်၊ မြှောက်ခါဝယ်၌၊ သုံးဆယ့်နှစ်ပါး၊ သုံးလီပြား၍၊ ခြောက်ပါးစွန်းကယ်၊ ကိုးဆယ်ရောဂါ၊ ကိုယ်ခန္ဓာ၌၊ များစွာထွေထွေ၊ ဖြစ်တတ်ချေသည်၊ ၊ ဉာဏ်နေမကင်း သိစေမင်း။

အနာဖြစ်ကြောင်း ၈-ပါး

၁၀။ (ခ) သလိပ်တထွေ၊ သည်းခြေတဖြာ၊ လေနာတရပ်၊ သန္နိပါတ်နှင့်၊ ဖြစ်လတ်ဥတု၊ စားမှုအစာ၊ တဖြာလုံ့လ၊ ကမ္မဝိပါက်၊ ရှစ်ချက်မူလ၊ ဖြစ်ကြောင်းပြသည်၊ သုံးဝမကင်း လေတို့လျှင်း။
[ ဤကား ကိုးဆယ့်ခြောက်ပါးသော ရောဂါအပြား စကားရပ်မှတ်ဖွယ်တည်း။ အနာဖြစ်ကြောင်း ရှစ်ပါးဟု ဟောတော်မူလျက် သုံးပါးနှင့် မြှောက်ရခြင်းသည် သုံးပါးနှင့် မကင်း ဆက်ဆံခြင်းကြောင့် မြှောက်ရလေသည် ဟူလိုသည်။ အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဂီရိမာနန္ဒသုတ်၊ မဟာနိဒ္ဒေသပါဠိတော် ကာမသုတ္တနိဒ္ဒေသ စသည့်တို့၌ လာသော နည်းတည်း၊ ဆေးကျမ်းတို့၌ လောကီကျမ်း အလျောက် အစေ့အစုံဆိုသည်။]

၃၂-ဖြာ ကံကြမ္မာ

၁၁။ (က) ကမ္မကရဏ၊ ဒွတ္တိံသ၏၊ အရသရုပ်၊ ဖော်ပြထုပ်ပိမ့်၊ ဆောပုတ်ကြိမ်လုံး၊ ဖြတ်သုံး လက်, ခြေ၊ သုံးထွေနား, နှာ၊ ဖြတ်ရာတတည်၊ ပအုံးရည်အိုး၊ ဆယ်မျိုးကမ္မ၊ ကရဏကို၊ မြင်ကမယွင်း လန့်စေမင်း။ (ခ) ရာဟုခံတွင်း၊ ခရုသင်း, လျှော်တေ၊ တိုက်လေ မီးလျှံ၊တဖန်မီးတောက်၊ ထို့နောက်တလီ၊ ဧဏီသားအလား၊ ဆားငံတချက်၊ ပိန်းရွက်အလား၊ ငါးမျှားချိတ်အသွင်၊ တံခါးကျင်သဖွယ်၊ တဆယ်ကမ္မ၊ ကရဏကို၊ မြင်ကချက်ခြင်း ကြောက်စေမင်း။ (ဂ) ဆီသွန်းတထွေ၊ ကောက်ရိုးခွေပမာ၊ တသပြာအသား၊ လှံ, ဓား, သန်လျင်၊ လျှိုနှက်တံကျင်၊ ထို့ပြင် လက်,ခြေ၊ ပေါင်းလေရင်ဝ၊ မယ်နတံသင်း၊ နှက်ခြင်း ငါထွေ၊ ခုတ်လေဓားမ၊ ရွေထပဲကွပ်၊ မလွတ်မကင်း၊ ခံရခြင်းကို၊ ဝမ်းတွင်းသံဝေ ထိတ်လန့်စေ။
[ဤကား ကြမ္မာသုံးဆယ့်နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုရ် ဒုကနိပါတ် ပဌမသုတ်, ဥပရိပဏ္ဏာသ မဟာနိဒ္ဒေသ, မိလိန္ဒပဥှာ-စသော ကျမ်းတို့၌ လာသည်။ ကြိမ်လုံးမှာ ဆူးရှိ, မရှိ နှစ်ခုယူ၊ ဖြတ်သုံးမှာ-လက်ဖြတ်, ခြေဖြတ်, လက်, ခြေနှစ်ပါးဖြတ်ယူ၊ နား,နှာ၌လည်း နည်းတူယူလေ၊ ပအုံးရည်အိုး၌ ဦးခေါင်းခွံကို ခွါ၍ လောလောပူသော သံတွေကို ညှပ်ဖြင့် ယူ၍ ထည့်သဖြင့် ကျက်ကျက်ဆူသော ပအုံးရည်သဖွယ်ဖြစ်လေသည်။ ရာဟုခံတွင်း၌ သံတံသင်းတို့ဖြင့် ခံတွင်းကို ဖွင့်၍ မီးညှိခြင်း, မျက်နှာကို ဆောက်ဖြင့် ရွေ၍ ခံတွင်းပြည့်အောင် သွေးဆင်းစေခြင်းတည်း၊ ခရုသင်းကဲ့သို့ ဦးခေါင်းခွံကို ကြမ်းသော ကျောက်ဖြင့် ပွတ်သည်။ ကိုယ်အလုံးကို ဆီသုတ်ပုဆိုးကြမ်းဖြင့် ရစ်၍ မီးတိုက်သည်၊ လက်၌ ဆီသုတ်ပုဆိုးကို ရစ်၍ မီးညှိသည်၊ ပိန်းမြက်ရွက်ကဲ့သို့ အရေလွှာကို ခွါသည်၊ လျှော်တေဝတ်သကဲ့သို့ လည်မှ စ၍ အရေကိုခွါ၍ ခါး၌ထားခြင်း၊ ခါးမှစ၍ အရေကို ခွါ၍ ဖမျက်၌ ထားခြင်းကို ပြုလေသည်၊ တတောင်နှစ်ဖက်, မြင်းခေါင်းနှစ်ဖက်တို့၌ သံခြေကျင်း သံကွင်းလျှို့၍ သံချောင်းနှက်၍ ထက်ဝန်းကျင်မီးထည့်၍ ဧဏီသားကဲ့သို့ လေးဘက်တွားလျက် ရှိစေသည်၊ အသွားနှစ်ဖက်ရှိသော မြှော့ချိတ်ဖြင့် အရေအကြောတို့ကို ကွာစေသဖြင့် အရိုးကျဲစဲရှိစေသည်၊ တဖက်စောင်းအိပ်စေ၍ နား၌ သံတကျင်မြေဝယ် စပ်အောင် နှက်ပြီးမှ ခြေကိုကိုင်၍ တံခါးကျည်ကို လည်သကဲ့သို့ ပြုလေသည် အရေအပေါ်သားတို့ မစုတ်စေဘဲ ကျောက်သားတို့ဖြင့် အရိုးတို့ကို ထုပြီးသော် ဆံကိုကိုင်၍ အသားစုသာ ကျန်အောင် ခွါပြီးမှ ဆံဖြင့် ရစ်၍ ကောက်ရိုးခွေကဲ့သို့ ပြုလေသည်၊ နှစ်ရက်, သုံးရက် အစာ မပေးသော ခွေးငတ်တို့ကို ကိုက်စေသည်။ အကြွင်းတို့ကို ကြံစည် ထိုးထွင်းလေ၊ ပညာရှိထံ နည်းခံလေ။]

ဘေး ၂၅-ပါး

၁၂။ ရောဂ, ဘောဂ၊ သီလ ဒိဋ္ဌိ၊ ဉာတိ ပျက်စီး၊ မီး, ရေ, ခိုးသူ, ရန်သူနှင့်မင်း၊ ငတ်မွတ်ခြင်းနှင့်၊ ထခြင်းလှိုင်းဝဲ၊ သားရဲမိကျောင်း၊ တကြောင်းနောင်တ၊ သုံးဝသောဒဏ်၊ တတန်စွပ်စွဲ၊ ပွဲလယ်ရွံရှာ၊ ယုတ်မာအလား၊ ရှာငြားသက်မွေး၊ သေဘေးအနာ၊ ဇရာဇတိ၊ ကြောက်ဘိအပ်စွာ၊ ဘေးဖြစ်ရာသည်၊ သံသရာရှည်ဝေး မြှော်ရှုတွေး။
[ဤကား ဘေးနှစ်ဆယ့်ငါးပါးစကားရပ် မှတ်ဖွယ်တည်း။ မိလိန္ဒပဥှာကျမ်း (၁၉၄)၌လာ၊ ပရိတ်ကြီး၌ ရာဇတောဝါစသည် တနည်းလာသည်။ သုံးပါးသော ဒဏ်ဟူရာ၌ နှုတ်ဒဏ်, လက်ဒဏ်, ကြေးဒဏ်ဆိုလိုသည်။]

ဥပ္ပဒ္ဒဝေါ ၁၆-ပါး

၁၃။ ထိပ်ကြိုးခြေကျင်း၊ ရေရွတ်ခြင်းနှင့် သွင်းသည် နှောင်အိမ်​၊ ကြိမ်နွယ်မယုတ်၊ ဇနပုဒ်မြို့ရွာ၊ စဉ်လာရဋ္ဌ၊ နိဂမဖြင့်၊ ဆိုထစကား၊ မသွားရစွာ၊ ရန်ဆီးကာသား၊ ဥစ္စာဆောင်ခြင်း၊ ဆင်းရဲဒုက္ခ၊ ဆယ့်ခြောက်ဝကို၊ ရှောင်ကြလေမင်း ဝေးဝေးကွင်း။
[ဤကား ဥပ္ပဒ္ဒဝေါ တဆယ့်ခြောက်ပါး စကားရပ်မှတ်ဖွယ်တည်း၊ မဟာနိဒ္ဒေသ၌ လာသည်။ ဆိုထစကား မသွားရစွာ-ဟူရာ၌- သင်မသွားလင့်ဟု ဆိုခြင်းတည်း၊ ဥစ္စာဆောင်ခြင်း၌- ထိုဥစ္စာကို အရာ, အထောင်, အသိန်းတို့ကို ဆောင်စေသည်၊ ထိုအကြောင်းကြောင့် ဆင်းရဲခြင်းသည် ဒုက္ခမည်၏၊ ကြိမ်ဖြင့် နှောင်ဖွဲ့သည်၊ နွယ်ဖြင့် ဖွဲ့သည်၊ ဇနပုဒ်စသည်ဖြင့် ဖွဲ့သည် ဆိုလိုသည်။]

အပြစ်ဒဏ် ၁၀-ပါး

၁၄။ မပြစ်မှားအပ်၊ ပြစ်မှားတတ်စွာ၊ အပြစ်မှာကား၊ ကျင်နာပြင်းပြ၊ ဒုက္ခဝေဒနာ၊ အင်္ဂါသုံးပါး၊ ကြီးမာအနာ၊ လေးလံစွာနှင့်၊ စိတ်မှာ မတည်၊ ရူးသည်တချက်၊ စက်ဆုပ်ရွံရှာ၊ စွပ်စွဲလှာသား၊ ဆွေဉာပျက်စီး၊ ပြုန်းတီးဥစ္စာ၊ မင်းဘေးလာ၍ အိမ်ရာ မီးလောင်၊ ထို့နောင်ငရဲ၊ ဖောက်လဲကာလ၊ ကျလေရသည်၊ တွေ့ရမမှား ပြစ်ဆယ်ပါး။
[ဤကား မပြစ်မှားအပ်သော သူတို့အား ပြစ်မှားခြင်းကြောင့် အပြစ်ဆယ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ အပဒါန်လာ။]

အပြစ် ၈-ပါး

၁၅။ လုပ်ဆောင်ပျက်စီး၊ မင်း, မီး, ခိုးသူ၊ ရေမူတခြား၊ မြှုပ်ထားဥစ္စာ၊ တည်ရာလျှောရွေ့၊ ဆွေးမြေ့တုံငြား၊ သားမြေးမကောင်း၊ အကြောင်းတရား၊ ပြစ်ရှစ်ပါးသည်၊ လေးပါး အမျိုး ပျက်စီးရိုး။
[ဤကား အပြစ်ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ ဂါမဏိသံယုတ်လာ။ မင်းစသည်တို့ကြောင့် အမျိုးပျက်စီးသည် ဆိုလိုသည်၊ လုပ်ဆောင်ပျက်စီးဆိုရာ၌ မကောင်းသဖြင့် စီရင်မိ၍ လုပ်ဆောင်သည့် အမှုပျက်စီးသည်ကိုယူလေ၊ သား, မြေး မကောင်းဟူရာ၌ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သော သားမြေးတို့သည် ထိုအမျိုး၌ ဖြစ်လှာသည်ကို ယူ၊ ရှေးရှေးသော ဆရာမြတ်တို့ ပရိတ်ရွတ်၍ ပရိတ်မွန်းတရားဟောရာတို့၌ ကိုးဆယ့်ခြောက်ပါးသော အနာ, နှစ်ဆယ့်ငါးပါးသော ဘေး, တစ်ဆယ့်ခြောက်ပါးသော ဥပ္ပဒ္ဒဝေါ, ဆယ်ပါးသော ဒဏ်, ရှစ်တန်သော အပြစ်ဟူ၍ သာမညကို ကြားနာကြရသည်၊ သရုပ်, သင်္ချာ, သင်္ချေယျနှင့် တကွ ဝိသေသကြားနာရခဲ၏၊ ကျမ်းကြီး ကျမ်းမ မသင်ကြားဘူးသော ဉာဏ်ငယ်သောသူကို မဆိုထားဘိ၊ သင်ကြားရသော ဉာဏ်ကြီးသောသူပင် ဖြစ်သော်လည်း ဟောပြောနိုင်ခဲသည် ဖြစ်၍ အကျဉ်းဆောင်ပုဒ် ထုတ်လိုက်သည်၊ နှုတ်တက်အာဂုမ် ဆောင်လေကုန်။]

လေပျက်ကြောင်း ၁၀-ပါး

၁၆။ သီတ, ဥဏှ၊ ပိပါသနှင့် အတိဘုတ္တတဖြာ၊ ဇိဃစ္ဆာ, ပဓာန၊ ငှါနတထွေ၊ အာဓာဝနေ, နဝကမ္မ၊ ဥပက္ကမတဖြာ၊ ဖြစ်ကြောင်းလာသည်၊ ဝါတာ ဆယ်မျိုး ပျက်လေရိုး။
[ဤကား လေပျက်ကြောင်း ၁၀-ပါး စကားရပ် မှတ်ဖွယ်တည်း။]

သည်းခြေပျက်ကြောင်း ၃-ပါး

၁၇။ သီတ, ဥဏှ,၊ ဝိသမအစာ၊ သုံးဖြာပိတ္တ၊ ပျက်ကြောင်းပြသည်၊ မုချမယွင်း မှတ်လေမင်း။
[ဤကား သည်းခြေပျက်ကြောင်း သုံးပါး စကားရပ်မှတ်ဖွယ်တည်း။]

သလိပ်ပျက်ကြောင်း ၃-ပါး

၁၈။ အန္န, ပါန၊ ရှေ့သုံးဝတွင်၊ ချန်လေ နောက်ဆုံး၊ ထည့်သုံးသေမှ ပျက်ကြောင်း ပြသည်၊ နိစ္စမယွင်း ရှောင်လေမင်း။
[ဤကား သလိပ်ပျက်ကြောင်း သုံးပါးစကားရပ် မှတ်ဖွယ်တည်း၊ သည်းခြေပျက်ကြောင်း သုံးပါးတွင် နောက်ဆုံးတစ်ပါးကိုချန်၍ အန္နပါနကို ထည့်လေဆိုလိုသည်။]

ဝေဒနာဖြစ်ကြောင်း ၈-ပါး

၁၉။ ဝါတ, ပိတ္တ၊ သေမှတရပ်၊ သန္နိပါတ်တစ်ခု၊ ဥတုဖောက်ပြန်၊ ကံနှင့် လုံ့လ၊ ဝိသမအစာ၊ ဖြစ်ကြောင်းလာသည့်၊ ဝေဒနာရှစ်မျိုး ခံစားရိုး။
[ဤကား ဒုက္ခဝေဒနာဖြစ်ကြောင်း ရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း။ ဤရှစ်ပါးတွင် ကံကြောင့်ဖြစ်သည်ကား နည်း၏၊ ကြွင်းသော အကြောင်းကြောင့် ဖြစ်သည်သာများလေသည်၊ ကံကြောင့်သာ ဒုက္ခဝေဒနာဖြစ်၏ဟု ယူသောသူတို့ကား မှားလေ၏ မှတ်လေ၊ မိလိန္ဒပဥှာကျမ်းလာ။]

သေခြင်းအကြောင်း ၄-ပါး

၂၀။ အသက်, ကံကုန်၊ နှစ်ပါးစုံနှင့်၊ ဖြတ်တုံကမ္မ၊ ဤလေးဝကြောင့်၊ သုံးဝဘုံသား၊ သေရငြားသည်၊ တရားသံဝေ ထိတ်လန့်စေ။
[ဤကား သတ္တဝါတို့ သေခြင်း အကြောင်းတရားလေးပါးစကားရပ် မှတ်ဖွယ်တည်း။ ထိုလေးပါးတို့တွင် ဥပစ္ဆေဒက ကံကြောင့် သေခြင်းကို ဥတ္တရကုရု ကျွန်းသူ, ငရဲသူ, အချို့သော နတ်တို့အား မရအပ်ကုန်၊ သင်္ဂြိုလ်ဋီကာကျော် ကျမ်းတို့၌လာ။]

အခါမဲ့ သေကြောင်းတရား ၇-ပါး

၂၁။ ဓား, လှံ, မီး, ရေ၊ ဆိပ်မြွေ, ထမင်း၊ ရေငတ်ခြင်းဟု၊ သေခြင်းတရား၊ ခုနှစ်ပါးကို၊ စိတ်ထားဉာဏ်နေ စွဲမိစေ။
[ဤကားအခါမဲ့ သေကြောင်းတရား ခုနှစ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာကျမ်းလာ။]

သေခြင်းအကြောင်းတရား ၈-ပါး

၂၂။ ဝါတ,ပိတ္တ၊ သေမှတရပ်၊ သန္နိပါတ်တစ်ခု၊ ဥတုဖောက်ပြန်၊ ကံနှင့်လုံ့လ၊ ဝိသမအစာ၊ ကြောင်းရှစ်ဖြာကြောင့်၊ သတ္တဝါအများ၊ သေရငြားသည်၊ တရားသံဝေကြောက်ကြစေ။
[ဤကား သေခြင်း အကြောင်းတရား ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာကျမ်းလာ။]

ဒိဋ္ဌိဖြစ်ကြောင်း ၈-ပါး

၂၃။ သညာ,ဖဿ၊ ပါပမိတ္တာ၊ အဝိဇ္ဇာနှင့်၊ ခန္ဓာဝိတက်၊ မိန့်မြွက်အဟော၊ ပရတောဃောသ၊ ပျက်ထချွတ်ယွင်း၊ နှလုံးသွင်းဟု၊ ရှစ်ခုပါဠိ၊ ကျမ်းဝယ်ရှိသည်၊ ဒိဋ္ဌိအပေါင်း ဖြစ်ရကြောင်း။
[ဤကား ဒိဋ္ဌိဖြစ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ သုတ်သီလက္ခန်အဋ္ဌကထာကျမ်း (၉၉)လာ။]

အဖြေ ၄-ပါး

၂၄။ ဝိဘဇ္ဇဗျာကရဏိယ၊ ဧကံသနှင့် ဌပနိယတဖြာ၊ ပဋိပုစ္ဆာဗျာကရဏိယ၊ လေးဝဝိသဇ္ဇနာ၊ ကျမ်း၌လာသည်၊ ဆရာထံရင်း တက်အောင်ချဉ်း။
[ဤကား အဖြေ ၄-ပါး စကားရပ်မှတ်ဖွယ်တည်း]

ပုစ္ဆာ ၅-ပါး

၂၅။ ဝိမတိစ္ဆေဒနာ၊ ဒိဋ္ဌာ, ဒိဋ္ဌ၊ ဖြေထလေမှု၊ ကထေတုကမျတာ၊ လိုရာရှေးရှု၊ အနုမတိပုစ္ဆာ၊ ငါးထွေလာသည်၊ မေးခါဘယ်သင်း သိစေမင်း။
[ဤကား ပုစ္ဆာငါးပါးစကားရပ် မှတ်ဖွယ်တည်း၊ ဒိဋ္ဌာဒိဋ္ဌမှာ-ဒိဋ္ဌ အဒိဋ္ဌပုဒ်ဖြတ်၍ ဒိဋ္ဌသံသန္နနပုစ္ဆာ, အဒိဋ္ဌဇောတနပုစ္ဆာဟု နှစ်ခုယူလေ။] တနည်း-ပုစ္ဆာ ၄-ပါး။ ၂၆။ ပုရေပဥှာ၊ ပစ္ဆာ, မောဃ၊ ပုဏ္ဏတဖြာ၊ ကျမ်း၌လာသည်၊ ပုစ္ဆာလေးမျိုး သိအောင်ကြိုး။
[ဤကား တနည်း-ပုစ္ဆာလေးပါး စကားရပ်မှတ်ဖွယ်တည်း။ ပုဏ္ဏမှ ပရိပုဏ္ဏပဥှာ ယူလေ။] တနည်း-အဖြေ ၅-ပါး။ ၂၇။ ပါဠိဂတိ ပဋိသေဓ၊ ဝစနနှင့် သရူပတထွေ၊ ပဋိက္ခေပ၊ ငါးဝဝိသဇ္ဇနာ၊ ကျမ်း၌လာသည်၊ ညဝါဟောရင်း သိစေမင်း။
[ဤကား တနည်း-အဖြေငါးပါး စကားရပ် မှတ်ဖွယ်တည်း။ ဝစနမှာ ပဋိဝစနဝိသဇ္ဇနာယူ။]

ကျောင်းလှူခြင်းအကျိုး

၂၈။ သဒ္ဓါစုံမက်၊ လွန်နှစ်သက်၍ မြက်ကုဋိအလှူ၊ ကျူကုဋိတတန်၊ ကြံကုဋိတချက်၊ သစ်ရွက်ကုဋိတခြား၊ လှူသောအားဖြင့်၊ ကြီးမားမြင့်မြတ်၊ ဘုံပြာသာဒ်၌၊ ထက်နတ်လူ့ရွာ စံပြီးခါမှ၊ ပစ္ဆိမာဘဝိက၊ နိဗ္ဗာန်ရသည် ထုံးကို ရည်၍၊ ကြည်ဖြူလှစွာ၊ လှူအပ်ရာသည်၊ ကျမ်းလာစွဲသုံး ကျောင်းလှူထုံး။
[ဤကား ကျောင်းလှူကျိုးစကားရပ် မှတ်ဖွယ်တည်း။]

တမ်းခွန်လှူခြင်းအကျိုး

၂၉။တိဿမည်တွင်၊ မြတ်ရှင်ပင်ကို၊ ကြည်လင်ညွတ်နူး၊ ဖြောင့်စူးကြည်ဖြူ၊ တမ်းခွန်လှူ၍၊ နောင်မူဘဝ၊ သံသရ၌၊ လေးဝအပါယ်၊ ကိုးဆယ်နှစ်ကမ္ဘာ၊ လုံးလုံးကွာ၍၊ သုံးရာနတ်မင်း၊ လူမင်းစကြာ၊ ကြိမ်ငါးရာတည့်၊ ငါးဖြာ ပဒေသရာဇ်၊ ဆက်တိုင်းဖြစ်၍၊ နောက်ပစ္ဆိမ၊ ဆုံးဘဝ၌၊ ဓဇဒါယကမထေရ်၊ ဖြစ်လှာသည်ဟု၊ ဟောသည်ကျမ်းဂန်၊ အပဒါန်လာ၊ ရှိသည်တာကြောင့်၊ ကိုးဖြာဂုဏ၊ ဉာဏ်ဒသနှင့်၊ ဓမ္မသာမိ၊ မုနိဘဂဝါ၊ စိန္တေယျာ၌၊ သဒ္ဓါညွတ်နူး၊ ဖြောင့်စူးဝမ်းသာ၊ လှူအပ်စွာသည်၊ ကျမ်းလာဟောရိုး တမ်းခွန်ကျိုး။
[ဤကား တမ်းခွန်လှူခြင်း အကျိုးစကားရပ် မှတ်ဖွယ်တည်း။]

သဲလှူခြင်း အကျိုး

၃၀။ မုဆိုးဘာသာ၊ တောလည်ရာဝယ်၊ သဒ္ဓါစိုရွဲ၊ စင်္ကြံထဲ၌၊ သဲတံခါးပိုက်၊ နှစ်ချိုက်ဝမ်းသာ၊ ကြဲသည့်တာကြောင့်၊ လေးဖြာအပါယ်၊ သုံးဆယ့်တကမ္ဘာ၊ ကင်းလွတ်ကွာ၍၊ ဆုံးခါဘဝ၊ ပစ္ဆိမ၌၊ ပုလိနစင်္ကမနိယထေရ်၊ ဖြစ်လာသည်ဟု၊ ဟောသည်ကျမ်းလာ၊ သိစိမ့်မှာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား စင်္ကြံထဲ၌ သဲကြဲကျိုး စကားရပ် မှတ်ဖွယ်တည်း၊]

ရန်အောင်ကြောင်းတရား ၅-ပါး

၃၁။ မန္တာန်, တံစိုး၊ အမျိုးအနွယ်၊ တိုင်ပင်ဘွယ်နှင့်၊ ချစ်ဖွယ်စကား၊ ဤငါးပါးသည်၊ မှတ်သားလေမင်း ရန်အောင်ခြင်း။
[ဤကား ရန်အောင်ကြောင်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ပဉ္စကနိပါတ် တစသာရဇာတ် (တတိယတွဲ ၁၉၁)လာ။ ဘုရားလောင်းသူငယ်ကို ပင်းတကားလည်တောက်ဖြင့် ယူ၍ မင်းကြီးအားပြလေလျှင် ဤတရားငါးပါးကို ဟော၍ ပင်းတကားလည်တောက်ပယ်၍ အမတ်အရာကို ပေးလေ၏၊

တစ်နေ့အတွက် ထွက်သက်, ဝင်သက်

၃၂။ တစ်နာရီမှာ၊ သုံးရာခြောက်ဆယ်၊ ထွက်သက်ဝယ်တည့်၊ တသွယ်ဝင်သက်၊ နည်းတူတွက်ရှင့်၊ နှစ်ချက်အရ၊ ပေါင်းလိုက်ကမူ၊ ခုနှစ်ရာ့နှစ်ဆယ်၊ တစ်နေ့ဝယ်သော်၊ ပေါ်သည်သုံးထောင်၊ ထို့နောင်နှစ်ရာ၊ လေးသောင်းလာသည်

ထွက်သက်, ဝင်သက် ကာယသင်္ခါရဖြစ်, မဖြစ်

၃၃။ ဝမ်းဝယ်ကိန်းနေ၊ သေသူဝတ၊ နိရောဓနှင့်၊ စတုတ္ထစျာန်၊ တဖန်ရူပ၊ အရူပနှင့်၊ ကိန်းထရေမှာ၊ မုစ္ဆာကာလ၊ ဤရှစ်ဝ၌၊ ချုပ်ထလေရာ၊ ဘုံမှာဆယ့်တစ်၊ စျာန်ဝယ်ဖြစ်မူ၊ သုံးခုယူလော့၊ စိတ်မူလေးဆယ်၊ လေးပါးကယ်လိမ့်၊ ဤဝယ်ဌာန၊ သင်္ခါရ၏၊ ဖြစ်ထလေရာ၊ ကျမ်းဝယ်လာသည်၊ ဆရာဆွေးနွေး သိအောင်မေး။
[ဤကား-အသာသ ပဿာသ ကာယသင်္ခါရဖြစ်, မဖြစ် စကားရပ် မှတ်ဖွယ်တည်း။]

သူတော်ကောင်းတရား ၇-ပါး

၃၄။ ဓမ္မ, အတ္တ, မတ္တတဖြာ၊ ကာလ, အတ္တ၊ ပရိသနှင့် ပုဂ္ဂလတစ်ခု၊ ခုနှစ်ညုတိ၊ သပ္ပုရိသ၊ မြတ်ဓမ္မကို၊ ဉာဏထိုးထွင်း သိစေမင်း။
[ဤကား-သပ္ပုရိသတရားခုနှစ်ပါး စကားရပ်ဖွယ်တည်း၊ ဓမ္မညူ, အတ္ထညူစသည်ဖြင့် ယူလေ။]

ခရီးခဲ ၅-ပါး

ဓမ္မညူမှာ-ပါဠိကိုသိသည်၊ အတ္ထညူမှာ-အနက်ကို သိသည်၊ မတ္တညူမှာ-ခံခြင်း, သုံဆောင်ခြင်း အတိုင်းအရှည်ကို သိသည်။ အတ္တညူမှာ-ဤမျှလောက်သော သီလ, သမာဓိ, ပညာ ငါ၌ရှိ၏-ဟု ကိုယ်ကို သိသည်၊ ကာလညူမှာ-ပါဠိသင်ချိန်, အဋ္ဌကထာသင်ချိန်, ကမ္မဋ္ဌာန်းရှုချိန်, မဂ်-ဖိုလ်ရောက်ချိန်ကာလကို သိသည်။ ငါးဝါ ပါဠိသင်ချိန်၊ ဆယ်ဝါ အဋ္ဌကထာသင်ချိန်။ တနည်း-ဆယ်ဝါ ပါဠိသင်ချိန်၊ ဝါနှစ်ဆယ် အဋ္ဌကထာသင်ချိန်၊ နောက်ကို ကမ္မဋ္ဌာန်းရှုချိန်ကာလဖြစ်၏၊ ပရိသညူမှာ-ပရိသတ်ရှစ်ပါးကို သိသည်၊ ပုဂ္ဂလညူမှာ မှီဝဲအပ်, မမှီဝအပ် ပုဂ္ဂိုလ်ကို သိသည် ယူလေ။]

စားသောက်ရာဝယ် ဆင်ခြင်ဖွယ်တရား ၁၀-ပါး

၃၅။ အသွား, အရှာ၊ တည်ရာ, အထား၊ သုံးညား, ကျိုးဆက်၊ ကျက်, မကျက်နှင့်၊ ပေလျက်ကျိုးရင်း၊ ဆင်ခြင်ခြင်းဝယ်၊ ရွံ့ဖွယ်ဆယ်ခု၊ စားတိုင်းရှုက၊ မောဟကင်းရာ၊ ဘာဝနာသည်၊ မကွာအမြဲ စားတိုင်းခဲ။
[ဤကား-စားသောက်ရာဝယ် ဆင်ခြင်ဖွယ်ဖြစ်သော စက်ဆုပ်ဖွယ်ဆယ်ပါး စကားရပ် မှတ်ဖွယ်တည်း။]

ခရီးခဲ ၅-ပါး

၃၆။ သားရဲ, ဘီလူး၊ တထူးခိုးသူ၊ ဤက ရေမူမရှိ၊ နည်းဘိအစာ၊ ဤငါးဖြာသည်၊ သွားလာနိုင်ခဲ ခရီးခဲ။
[ဤကား-ကန္တာရခရီးခဲ ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဧကနိပါတ်ဇာတ်အဋ္ဌကထာ (၁၁၅)လာ]

မိုးသံကြားရာ ခြားအကွာ

၃၇။ တိမ်တောင်, မိုးသက်၊ တက်သည်အမှု၊ သုံးယူဇနာ၊ ကြားလေရာခဲ့၊ တဖြာလျှပ်စစ်၊ လေး,ငါးဖြစ်လိမ့်၊ တစ်,နှစ် ယူဇန၊ မိုးသံမှာတည့်၊ ဒိသာရပ်ခွင်၊ ထက်ကောင်းကင်က၊ ကြားမြင်ရသည်၊ လောကမလွဲ ဖြစ်စမြဲ။
[ဤကား-တိမ်တောင်, မိုးသက်, လျှပ်စစ်, မိုးသံကြားရာ စကားရပ် မှတ်ဖွယ်တည်း၊ လေး,ငါးမှာ -လေးယူဇနာ, ငါးယူဇနာယူ၊ တစ်, နှစ်-မှာ တစ်ယူဇနာ၊ နှစ်ယူဇနာ ယူလေ။]

သားအပြား ၄-ပါး

၃၈။ အတြဇနှင့်၊ ခေတ္တ,အန္တေ၊ မွေးပေတုံထ၊ ဒိန္နကဟု၊ ပုတ္တလေးဖြာ၊ ကျမ်း၌လာသည်၊ ဉာဏ်မှာ အမြဲ သက်လုံးစွဲ။
[ဤကား သားအပြားလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ အတြဇသားမှာ ကိုယ်၌ဖြစ်သည်၊ ခေတ္တဇသားမှာ အိပ်ရာပလ္လင်ရင်း၌ ဖြစ်သည်၊ အန္တေဝါသိကသားမှာ အတတ်သင်လို၍ အနီးအပါး၌ နေလာသည်။ ဒိန္နကသားမှာ- မွေးစေခြင်းငှါပေးသည်၊ ဧကနိပါတ်ဇာတ်အဋ္ဌကထာ ကဋ္ဌဝါဟနဇာတ် (၁၅၂)လာ။]

ကပ္ပဋ္ဌီတိ ၄-ပါး

၃၉။ မျောက်မဖြစ်ရာ၊ ရေကန်သာ၌၊ ကျူမှာအဆစ်၊ မရှိဖြစ်ခဲ့၊ စင်စစ်မယွင်း၊ ငုံးမင်းဖြစ်ရာ၊ မီးမလာတည့်၊ တဖြာယုန်လ၊ တူကွမယိမ်၊ အိုးထိန်းဖြစ်ရာ၊ မိုးမရွာဘဲ၊ ကမ္ဘာအမျှ၊ တည်လေရသည်၊ အံ့ထလေးပါး ဤစကား။
[ဤကား တကမ္ဘာပတ်လုံးတည်-လေးပါး စကားရပ်မှတ်ဖွယ်တည်း၊ ၎င်းဇာတ် အဋ္ဌကထာ (၁၀၀-၁၀၅)လာ။]

ကောသအိမ်မက် ၁၆-ချက်

၄၀။ ဥသဘ, သစ်ပင်၊ ထို့ပြင်တခြား၊ နွားမ, နွားငယ်၊ တသွယ်မြင်းစား၊ တခြားရွှေခွက်၊ ထမင်းချက်နှင့်၊ တချက်ရေအိုး၊ တမျိုးရေကန်၊ တဖန်မြေခွေ၊ မဝေးတထူး၊ စန္ဒကူးနှင့်၊ ဗူးတောင်း, ကျောက်ပေါ်၊ တဖော်ဖားမ၊ မျိုထနဂါး၊ ကျီးကားဟင်္သာ၊ ဆိတ်မှာ သားရဲ၊ မလွဲအိမ်မက်၊ ဆယ့်ခြောက်ချက်ကို၊ နောက်ဆက်အခါ၊ ဖြစ်မည့်တာကြောင့်၊ ရာဇာမင်းမြတ်၊ မြင်လေတတ်သည်၊ မှတ်ကြလေဝေး လာလိမ့်ဘေး။
[ဤကား ကောသလမင်းကြီး အိပ်မက်ဆယ့်ခြောက်ချက် စကားရပ် မှတ်ဖွယ်တည်း၊ အဓိပ္ပါယ်ကား- ၁။ နွားဥသဘလေးခု ဝှေ့ယောင်ပြု၍ မဝှေ့ဘဲ နေသကဲ့သို့ လူတို့အဓမ္မကို ကျင့်သောအခါ, ကောင်းမှုပြုသူ နည်း၍ မကောင်းမှုပြုသူ များသောအခါ လေးမျက်နှာက မိုးရွားယောင်မြည်၍ မရွာဘဲ နေလတ္တံ့။ ၂။ သစ်ပင်ငယ် သီး, ပွင့်သကဲ့သို့ သတို့သမီးငယ်တို့ သား, သမီးဖွားလတ္တံ့။ ၃။အမိနွားမကြီးက ထိုနေ့ဖွားစနွားငယ် နို့ကို စို့သကဲ့သို့ မိ,ဘက သားသမီးကို မှီ၍ အသက်မွေးရလတ္တံ့။ ၄။ နွားကြီးကို မက နွားငယ်ကို က,၍ ဝန်ကို မဆောင်နိုင်သကဲ့သို့ ပညာရှိ လူကြီးကို မသုံး၊ ပညာမရှိ မသိမလိမ္မာသော လူငယ်ကို မြှောက်စား၍ အမှုမကုန်လတ္တံ့။ ၄။ ခံတွင်းနှစ်ခုရှိသော မြင်းသည် ခံတွင်းနှစ်ခုဖြင့် ခြေက ကိုယ်, ခေါင်းတိုင်အောင် စားသကဲ့သို့ တရားရှုံးသူ, နိုင်သူ နှစ်ဦးပင် တရားသူကြီးတို့ စားလတ္တံ့။ ၆။ အဖိုးတသိန်းထိုက်သော ရွှေခွက်၌ မြေခွေးအို ကျင်ငယ်စွန့်သကဲ့သို့ အမျိုးယုတ်နှင့် အမျိုးမြတ်ပေါင်းကြလတ္တံ့။ ၇။ အထက်က လွန်ကျစ်၍ ထားသည်ကို အင်းပျဉ်အောက် အိပ်သော မြေခွေးမငယ်က စားသကဲ့သို့ သား လင်ခင်ပွန်းရှာ၍ ရသော ဥစ္စာကို မယားက လင်ငယ်သယောက်ထား၍ စားလတ္တံ့။ ၈။ လေးမျက်နှာ, ရှစ်မျက်နှာက ရေအိုးတို့ဖြင့် ရေကို ယူဆောင်၍ ရေပြည့်သော အိုးကြီးတစ်လုံးကို လောင်းဘိသကဲ့သို့ ဆင်းရဲသားတို့ဥစ္စာ မင်းကြီးကျီမှာ သွင်းရလတ္တံ့။ နက်လှစွာသော ရေကန်အလယ်နောက်၍ အနားကြည်သကဲ့သို့ မင်းတို့သည် လူတို့ကို ယန္တရားဝယ် ကြံသဖွယ်ကဲ့သို့ အခွန်အတုတ် နှိပ်စက်၍ အစွန်းအနားမှာ နေ၍ အလယ်ဆိတ်လတ္တံ့။ ၁၀။ ထမင်းအိုးတစ်လုံးထဲ၌ ထမင်းသုံးထွေ ဖြစ်သကဲ့သို့ တပြည်ထဲ တမျိုးထဲ၌ မိုးသုံးထွေ ရွာလတ္တံ့၊ ထမင်း သုံးထွေမှာ- အချို့က ညစ်ညူးသည် အချို့က အထပ်ထပ်ရှိသည်။ အချို့က ကောင်းစွာကျက်သည်။ မိုးသုံးထွေမှာ-အချို့ အရပ်ရွာသည်။ အချို့အရပ်မရွာ၊ အချိန်လွန်မှ ရွာသည်၊ လွန်၍ ရွာသည်။ ၁၁။ အဖိုးတသိန်းထိုက်သော စန္ဒကူးနံ့သာကို ပအုံးရည်အိုး၌ ထည့်သကဲ့သို့ နိဗ္ဗာန်အကျိုးငှါ ဟောတော်မူသော တရားကို အလဇ္ဇီတို့သည် ပစ္စည်းလေးပါး အလို့ငှါ ဟောလတ္တံ့။ အချို့သောသူတို့လည်း ခရီးအကြားလမ်းဆုံ တံခါးစသည်တို့၌ တသပြာ, တသပြာခွဲ, တမတ်-တပဲ, တစ်ကျပ်-တစ်ကျပ်ခွဲ စသည်အကျိုးငှါ ဟောလတ္တံ့။ ၁၂။ ရေမရှိသော ဗူးတောင်းနစ်သကဲ့သို့ မင်းတို့သည် အမျိုးမြတ်ကို မချီးမြှောက်၊ အမျိုးယုတ်ကို ချီးမြှောက်လတ္တံ့၊ အလဇ္ဇီတို့ စကားသာ ထွက်မြောက်လတ္တံ့။ ၁၃။ တောင်ထွတ်မျှလောက်သော ကြီးစွာသော ကျောက်ဖျာ ရေမှ ပေါ်လာသကဲ့သို့ သူယုတ်မာတို့သည် ထင်ပေါ်လတ္တံ့၊ ချီးမြှောက်ခံရလတ္တံ့။ ၁၄။ ဖားငယ် မြွေကို မျိုသကဲ့သို့ မယားငယ်တို့သည် မယားကြီးက နိုင်လတ္တံ့။ ၁၅။ ကျီးယုတ်ကို ရွှေဟင်္သာရံသကဲ့သို့ အမျိုးယုတ်ကို အမျိုးမြတ်က လုပ်ကျွေးခစားလတ္တံ့။ ၁၆။ ဆိတ်သည် သစ်, ကျား, သားရဲတို့ကို လိုက်၍ သစ်, ကျား, သားရဲတို့သည် တောအုပ် ချုံ့ပိတ်ပေါင်းသို့ဝင်၍ ပုန်းရသကဲ့သို့ အမျိုးယုတ်တို့သည်လည်းကောင်း, ယုတ်မာသော ရဟန်းတို့သည်လည်းကောင်း နှိပ်စက်သောကြောင့် အမျိုးမြတ်သောသူ, သီလချစ်သောရဟန်းတို့သည် ချုံ့ပိတ်ပေါင်း တောအုပ်သို့ ဝင်လျှိုးပုန်းရလတ္တံ့။ ဤကား အိပ်မက်တဆယ့်ခြောက်ချက် အဓိပ္ပါယ်တည်း၊ ဧကနိပါတ်ဇာတ်အဋ္ဌကထာ (၃၅၅)လာ။]

အကျိုးစီးပွါး ဖြစ်ကြောင်း တရား ၆-ပါး

၄၁။ သုတ, သီလာ၊ ဆရာမြတ်လှ၊ ဩဝါဒနှင့်၊ ကင်းထအနာ၊ သုံးဖြာသုစရိုက်၊ စိတ်၌ ဖြောင့်သား၊ ဤခြောက်ပါးကြောင့်၊ နှစ်ပါး အတ္ထ၊ ဖြစ်လေရသည်၊ ဒွါရတံခါးကဲ့အလား။
[ဤကား အကျိုးစီးပွားဖြစ်ကြောင်း တံခါး ခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း၊ ၊ ဧကနိပါတ် အတ္ထဿဒွါရ ဇာတ်လာ။ သုတမှာ-ဗဟုဿုတကိုယူ၊ သီလမှာ- အာစာရသီလကိုယူ၊ ဩဝါဒမှာ- ပညာရှိတို့ အဆုံးအမကိုယူ၊ ကင်းထအနာမှာ- ကိုယ်အနာ, ကိလေသာစိတ်အနာကိုယူ၊ ကိုယ်အနာကင်းမှ လာဘ်ရနိုင်ရာသည်၊ ကိလေသာစိတ်အနာကင်းမှ စျာန်, မဂ်စသည်ကို ရနိုင်ရာသည်၊ ဒုစရိုက်ကို စွန့်၍ သုစရိုက်ကိုကျင့်ရာသည်၊ စိတ်မတွန့်ဖြူစင်ဖြောင့်မတ်မှ သားမြတ်ထွက်ပေါ်ရာသည်။ ဤခြောက်ပါးသည် အကျိုးစီးပွါးတံခါးခြောက်ပေါက်မည်၏၊ ခုနှစ်နှစ်သားက အဖကို မေး၍ မဖြေနိုင်၍ ဘုရားကို လျှောက်၍ ဟောသည်မှတ်လေ။]

တောင့်တအပ်သောတရား ၄-ပါး

၄၂။ တိုင်ပင်သူအား၊ စကားတည်ကြည်၊ စစ်သည်နှစ်ဝ၊ ဆိုင်ကာလမှာ၊ သူရဲသာတည့်၊ အစာအာဟာရ၊ အကောင်းရမူ၊ ချစ်သူတောင့်တ၊ ကိစ္စခဲခက်၊ စကားနက်ရာ၊ ပညာရှိမြတ်၊ တောင့်တအပ်သည်၊ ၊ မှတ်လေအမြဲ နှလုံးထဲ။
[ဤကား တောင့်တရာသော တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း။ ဧကနိပါတ် ဇာတ်လာ။ ဥစ္စာ ပျောက်သည်ကို ဘုရားလောင်း အမတ်ရအောင်ပြု၍ အမတ်အား မင်းကြီးသည် ရတနာခုနှစ်ပါးတို့ဖြင့် ပူဇော်လေသည်။]

အဆွေခင်ပွန်းဖွဲ့ရာ ၃-ပါး

၄၃။ အယုတ်, အလတ်၊ အမြတ်တထွေ၊ ဤသုံးထွေကို၊ အဆွေဖွဲ့ရာ၊ ဇာတ်တော်လာသည်၊ မေတ္တာမကင်းစေနှင့်မင်း။
[ဤကား အဆွေခင်ပွန်းဖွဲ့ရာသုံးပါး စကားရပ်မှတ်ဖွယ်တည်း၊ ၊ ဧကနိပါတ်ကုသနာဠိဇာတ်လာ။ သဖန်းပင်စောင့်နတ်နှင့် မင်္ဂလာဥယျာဉ်သစ်ပင်စောင့်နတ် အဆွေခင်ပွန်းဖွဲ့၍ မင်္ဂလာဥယျာဉ်ကို ခုတ်မင်ပြုသောအခါ သဖန်းပင်စောင့်နတ် ပုတ်သင်ယောင် ဆောင်၍ စောင်မကယ်ဆယ်ဘူးလေသည်။]

နတ်တို့ စုတေ့ကြောင်းတရား ၄-ပါး

၄၄။ အမျက်ကောပ၊ အာဟာရနှင့် ကုန်ထကောင်းမှု၊ အာယုအသက်၊ ဤလေးချက်ကြောင့်၊ အထက်နတ်ရွာ၊ စုတေ့ရာသည်၊ သင်္ခါရတရား နှလုံးထား။
[ဤကား နတ်တို့စုတေ့ကြောင်းတရားလေးပါး စကားရပ် မှတ်ဖွယ်တည်း။]

အရပ်ပြစ် ၈-ပါး

၄၅။ ငရဲတဖြာ၊ ပိတ္တာတတန်၊ တိရစ္ဆာန်နှင့်၊ ပစ္စန္တရစ်၊ ကျင့်ညစ်မိစ္ဆာ၊ အင်္ဂါချို့ထ၊ အရူပနှင့်၊ ကင်းထနာမ်လျှင်၊ အသညသတ်၊ ဤရှစ်ရပ်၌ ဖြစ်လတ်တုံငြား၊ မြတ်တရားကို၊ မကြားရရာ၊ ရှစ်ဖြာအရပ်၊ ကင်းတုံလတ်မှ၊ သုံးရပ်ရတနာ၊ တွေ့မြင်ရာသည်၊ လွတ်ရာလွတ်ကြောင်း ခုကတောင်း။
[ဤကား တရားတော်ကို မကြားထိုက်ရာ အရပ်ပြစ်ရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း။]

အသံကြီး ၄-ပါး

၄၆။ ကုသရာဇာ၊ လောင်းပွင့်လျာနှင့်၊ အာဠာဝက၊ ပုဏ္ဏကတည့်၊ ကြီးထခွေးနက်၊ လေးချက်အသံ၊ ကြီးလေဟန်ကို ၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား ဇမ္ဗူဒီပါတကျွန်းလုံး ကြားသော အသံကြီးလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဧကနိပါတ်ဇာတ်လာ။ ဒွါဒသနိပါတ် မဟာကဏှဇာတ်၌ အာဠာဝကမပါ၊ ၎င်းအရာ၌ ဘူရိဒတ်ဇာတ်ထွက် သုဒဿန နဂါးမင်းပါ၍ လေးပါးလာသည်။]

သည်းမခံခြင်း အပြစ် ၅-ပါး

၄၇။သည်းမခံရာ၊ အပြစ်မှာကား၊ များစွာမချစ်၊ အပြစ်ရန်များ၊ သေကားတွေဝေ၊ လားလေအပါယ်၊ ဤငါးသွယ်ကို ကိုယ်ဝယ်မလွဲ တွေ့လိမ့်မြဲ။
[ဤကား သည်းမခံခြင်း အပြစ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ သည်းခံခြင်းအကျိုး ငါးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ။]

စကားများခြင်း အပြစ် ၅-ပါး

၄၈။ စကားများရာ၊ အပြစ်မှာကား၊ မုသာဝါဒ၊ ပိသုဏနှင့်၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ သေကပါယ်ရွာ၊ လားလေရာသည်၊ မှန်စွာမမှား သတိထား။
[ဤကား စကားများသောသူ အပြစ်ငါးပါး ရောက်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ စကားနည်းသောသူ၌ အကျိုးငါးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ။]

စည်းစိမ်ဥစ္စာပြည့်စုံကျိုး ၅-ပါး

၄၉။ ကိုယ်လည်းချမ်းသာ၊ နှစ်ဖြာမိ,ဖ၊ မွေးထတခြား၊ သား,မယား,မိတ်ဆွေ၊ လှူပေရဟန်း၊ ငါးခန်းငှါန၊ အကျိုးရသည်၊ နိစ္စအမြဲ သတိစွဲ။
[ဤကား စည်းစိမ်ဥစ္စာ ပြည့်စုံကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း။]

ကြည်ညိုခြင်း အကျိုး ၅-ပါး

၅၀။ ကြည်ညိုဖွယ်ရာ၊ ပြုကျင့်ရာ၌၊ ပညာရှိနှင့်၊ မိမိချီးမွမ်း၊ ကျော်ဝှန်းသတင်း၊ ကင်းသည် တွေဝေ၊ သေခါနတ်ဘုံ၊ ရောက်လေတုံသည်၊ ပုံသေမလွဲ သတိစွဲ။
[ဤကား ကြည်ညိုဖွယ်ရာ ကာယကံ၌ ငါးပါး, ဝစီကံ၌ ငါးပါး, မနောကံသုစရိုက်တို့၌လည်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ မကြည်ညိုဖွယ်ရာ ကာယကံဒုစရိုက်, ဝစီဒုစရိုက်, မနောကံဒုစရိုက်တို့၌လည်း ငါးပါးစီ ဗျတိရေကနည်းဖြင့် သိလေ။ တနည်းလည်း- ငါးပါးအနက်တွင် နောက်နှစ်ပါးကိုချ, ရှေ့သုံးပါးကို ယူ၊ မသူတော်တရားမှ ထခြင်း, သူတော်ကောင်းတရား၌ တည်စေခြင်း၊ ဤနှစ်ပါးကို ထည့်၍ ငါးပါး ရှစ်လီအားဖြင့် တရားပေါင်းလေးဆယ် မှတ်ဖွယ်ဖြစ်၏၊]

ကြည်ညိုဖွယ်ရာ ပြုလုပ်ခြင်းအကျိုး ၅-ပါး

၅၁။ မကြည်ညိုသူ၊ လွန်ကြည်ဖြူလိမ့်၊ ကြည်ညိုသူအား၊ ပွားတတ်လေရာ၊ သာသနာလည်း၊ ပြုရာမှန်လှ၊ ပစ္ဆိမဇနတာ၊ ဒိဋ္ဌာနုဂတိ၊ လိုက်လေဘိ၍၊ မိမိစိတ်က၊ ကြည်ညိုရလိမ့်၊ ဖလငါးတန်၊ ရကြောင်းမှန်သည်၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား ကြည်ညိုဖွယ်ရာ အရုပ်ရေးခြင်း, တံမြက်လှည်းခြင်း စသော အမှုတို့ကို ပြုရာ၌ အကျိုးငါးပါးစကားရပ် မှတ်ဖွယ်တည်း။ တံမြက်မလှည်းခြင်းစသော မကြည်ညိုဖွယ်ရာကို ပြုရာ၌ အပြစ်ငါးပါးကိုလည်း ဤမှပြန်၍ ဗျတိရေကနည်းဖြင့် သိလေ။]

သီလအကျိုး ၅-ပါး

၅၂။ သီလရှိရာ၊ အကျိုးမှာကား၊ များစွာစည်းစိမ်၊ ကောင်းရှိန်သတင်း၊ ကင်းသည်ရွံ့ရှာ၊ လေးဖြာပရိသတ်၊ ကပ်သည်ကာလ၊ ကင်းထတွေဝေ၊ သေခါနတ်ရွာ၊ ရောက်လေရာသည်၊ ငါးဖြာကောင်းကျိုး ရအောင်ကြိုး။
[ဤကား သီလအကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း။ သီလမရှိခြင်း အပြစ်ငါးပါးကိုလည်း ဤမှပြန်၍ ဗျတိရေကနည်းဖြင့် သိလေ။]

ကျောင်းထိုင်ပုဂ္ဂိုလ် ငရဲလားကြောင်းတရား ၅-ပါး

၅၃။ ကျောင်းနေဆရာ၊ အပြစ်မှာကား၊ အာဝါသနှင့်၊ ကုလ, လာဘာ၊ ဝဏ္ဏာ, ဓမ္မ၊ ဤငါးဝကြောင့်၊ ကျလိမ့်နောင်လာ၊ ပြိတ္တာငရဲ၊ ပြေးမလွဲသည်၊ မြဲပါစေကား ကျောင်းနေအား။
[ဤကား ကျောင်းနေပုဂ္ဂိုလ် အပါယ်လားကြောင်း ငါးပါးစကားရပ် မှတ်ဖွယ်တည်း။]

ပဉ္စာနန္တရိယကံ ၅-ပါး

၅၄။ အမိ, အဖ၊ သတ်ထရဟန္တာ၊ သံဃာသင်းခွဲ၊ သွေးစိမ်ထဲက၊ ငါးဝဂရုကံ၊ လားလိမ့်မှန်သည်၊ ဧကန်မယွင်း ဝီစိဆင်း။
[ဤကား အဝီစိငရဲကြီးသို့ ရောက်ကြောင်း ပဉ္စာနန္တရိယကံငါးပါး စကားရပ် မှတ်ဖွယ်တည်း။]

အသံနေ အသံထားဖြင့် တရားဟောခြင်း အပြစ် ၅-ပါး

၅၅။ အသံရှည်စွာ ဟောရာအပြစ်၊ ငါးပါးဖြစ်လိမ့်၊ တပ်ရစ်အသံ၊ နှစ်တန်ယူထ၊ ကဲ့ရဲ့ကြလိမ့်၊ ပျက်ထသမာဓိ၊ ဂတိဒိဋ္ဌာ၊ နောင်လာသူအား၊ နည်းကားယူထွေ၊ လိုက်ကြလေသည်၊ ရှောင်လေရှင်းရှင်း လွတ်အောင်ကွင်း။
[ ဤကား အသံကို ရှည်စွာထား၍ တရားဟောရာ အပြစ်ငါးပါးစကားရပ် မှတ်ဖွယ်တည်း။]

စိတ်၏ ဆူးငြောင့် တံသင်းတရား ငါးပါး

၅၆။ ဗုဒ္ဓ, ဓမ္မ၊ သံဃ, သိက​္ခာ၊ ငါးဖြာသတင်း၊ သုံးဘော်ခြင်းနှင့်၊ မကင်းယုံမှား၊ ရှိတုံငြားက၊ ငါးပါး ငြောင့်ဆူး၊ စိတ်ဝယ်စူးသည်၊ စူးကြမည်ကား သတိထား။
[ဤကား စေတောခိလ-စိတ်၏ စိတ်၏ တံသင်းငါးပါး စကားရပ် မှတ်ဖွယ်တည်း။]

စိတ်ကို နှောင်ဖွဲ့ခြင်း တရား ၅-ပါး

၅၇။ ကာမ, ကာယ၊ ရူပ၌ဝယ်၊ သုံးသွယ်တပ်ခြင်း၊ မကင်းလေပါ၊ သုံးဖြာသုခ၊ ခံစားကြခဲ့၊ တောင့်တနတ်ရွာ၊ ဤငါးဖြာသည်၊ ဖွဲ့ရာမမှား ကြိုးအလား။
[ဤကား စေတောဝိနိဗန္ဓ- စိတ်ကို နှောင်ဖွဲ့ခြင်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စားပြီလျှင် ညောင်စောင်းအင်းပျဉ်၌ အိပ်ခြင်း သေယျသုခ၊ လက်ဝဲလကျာ်နံတောင်းလျောင်းခြင်း, အိပ်ခြင်း ချမ်းသာကို ခံစားခြင်း ဖဿသုခ၊ ငိုက်မျဉ်းခြင်း ချမ်းသာကို ခံစားခြင်း မိဒ္ဓသုခ၊ ဤသုံးပါးကို တပါးတည်း ယူလေ၊ ဤငါးပါး နှောင်ဖွဲ့သောသူအား မဂ်,ဖိုလ်,နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို အားထုတ်ခြင်းငှါ မတတ်နိုင် ဟူလိုသည်။]

လက်နက်ကြီး ၄-ပါး

လက်နက်ကြီး ၄-ပါး။ သိကြား, ဝေဿဝဏ္ဏ၊ ယမမင်းနှင့်၊ အာဠဝကဘီလူး မည်ထူးထင်ရှား၊ လေးယောက်သားတို့၊ စွဲငြား လက်နက်၊ စက်ဝရဇိန်၊ အရှိန်ပြင်းထန်၊ နှင်တန်တမျိုး၊ မျက်စောင်းထိုးနှင့်၊ ပုဆိုးဘွဲ့ဖြူ၊ စဉ်သင့်ယူ၍၊ လေးဆူလက်နက်၊ ကျမ်းအထွက်ကို၊ ကျက်မှတ်ဖွယ်ရာ၊ ညွှန်ပြမှာသည်၊ မကွာအမြဲ သိအောင်ခဲ။
[ ဤကား လက်နက်ကြီး လေးပါးစကားရပ် မှတ်ဖွယ်တည်း။ သိကြားမင်းအမျက်ထွက်၍ လက်နက်ကို မြင်မိုရ်တောင်ထိပ်သို့ လွှတ်သည်ရှိသော် ယူဇနာတစ်သိန်း ခြောက်သောင်း ရှစ်ထောင်ရှိသောအရပ်ကို ထုတ်ချင်းထွင်း၍ အောက်သို့ သွားလေ၏၊ ဝေဿဝဏ္ဏနတ်မင်း အမျက်ထွက်၍ နှင်တန်ကို လွှတ်သည်ရှိသော် ဘီလူးတစ်ထောင်တို့၏ ဦးခေါင်းကျ၍ ဟတ္ထပါသ်သို့လာ၍ တည်လာပြန်၏၊ ယမမင်းအမျက်ထွက်၍ မျက်စောင်းထိုးကြည့်သည်ရှိသော် တထောင်သော ကုမ္ဘဏ်တို့သည် အိုးကင်းပူ၌ နှမ်းကဲ့သို့ ဖရိုဖရဲ ပျက်စီးကုန်၏၊ အာဠာဝက ဘီလူး အမျက်ထွက်၍ ဘွဲ့ဖြူလက်နက်ကို ကောင်းကင်သို့ လွှတ်သည်ရှိသော် တဆယ့်နှစ်နှစ်ပတ်လုံး မိုးမရွာဘဲ နေလေ၏၊ မြေသို့ပစ်သော် တစ်ဆယ့်နှစ်နှစ်အတွင်း မျက်သစ်ပင်တို့သည် မပေါက်နိုင်ဘဲဖြစ်၏၊ သမုဒ္ဒရာသို့ ပစ်က အိုးကင်၌ ရေပေါက်ကဲ့သို့ အလုံးစုံသော ရေခန်းခြောက်လေရာ၏၊ မြင်းမိုရ်တောင်ကို ပစ်သော် အပိုင်းပိုင်ပြတ်၍ ဖရိုဖရဲ ကြဲလေရာ၏၊ ဤကား မဟာနုဘာဝလက်နက်လေးပါး အာနုဘော်တည်း၊ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ (၂၉၆)လာ။]

သစ္စာတရား ၆-*ပါး

၅၉။ ဝါစာ, ဝိရတိ၊ ဒိဋ္ဌိ, ဗြဟ္မ၊ ပရမတ္ထတဖြာ၊ သစ္စာခြောက်ပါး၊ မြတ်တရားကို၊ တပါးရသာ၊ မတူပါရှင့်၊ သစ္စာလေးမြတ် သောက်ရတတ်က၊ ဥပဒ်ကင်းကွာ၊ လိုရာတောင့်တ၊ ပြည့်စုံရသည်၊ မုချမယွင်း မှန်၏မင်း။ *ဤသစ္စာ ၆-ပါး၌ အရိယသစ္စာတစ်ပါးထည့်သွင်းယူလိုဟန်ရှိသည်။
[ဤကား သစ္စာခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာလာ။ "သစ္စံ ဟဝေ ရသာနံ သာဓုတရံ" အဖွင့်မှာ ကြည့်လေ၊ သစ္စာကြောင့် မိုးရွာခြင်း, မီးမလောင်ခြင်း, မြွေဆိပ်, မြှားဆိပ်ကင်းခြင်း, မြစ်ရေတန့်ခြင်း, အနာကင်းခြင်းစသော များစွာသော အကျိုးရှိ၏ဟူလိုသည်။ မူလ-ဖလ-ပဏ္ဏစသာ အရသာတို့မှာ သရီရဗျူဟန-အရေအသားပွါးခြင်းအကျိုး၊ သံကိလေသိကသုခ-ညစ်ညူးသောချမ်းသာကိုသာ ဆောင်တတ်သည်။ သစ္စာအရသာမှာ- သမထ, ဝိပဿနာ စသည်ဖြင့် စိတ္တဗျူဟန-စိတ်ပွါးခြင်းအကျိုး၊ အသံကိလေသိကသုခ- မညစ်ညူးသော ချမ်းသာကို ဆောင်တတ်သည်၊ ထို့ကြောင့် အရသာတို့တွင် သစ္စာအရသာမြတ်၏ဟု ဟောတော်မူသည်။

ဘုရားကြိမ်းဝါးတော်မူရာ တရား ၄-ပါး

၆၀။ ဝိနယနှင့်၊ ဘုမ္မတဖြာ၊ ပစ္စယာကာရ၊ ယူထတဖန်၊ သမယန္တ၊ ဂမ္ဘီရကို၊ ငါမှတစ်ပါး၊ ဟောကြားခြင်းငှါ၊ မစွမ်းရာဟု၊ လေးဖြာငှါန၊ ကြိမ်းဝါးပသည်၊ နိစ္စ အမြဲ ဉာဏ်၌စွဲ။
[ဤကား ဘုရားကြိမ်းဝါးတော်မူရာ ဉာဏပဝေသန တရားလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ ဘုမ္မ၌- ဘုမ္မန္တရဆိုလိုသည်၊ အဘိဓမ္မာတရားကိုယူ၊ ပစ္စယာကာရ၌ ပဋိစ္စသမုပ္ပါဒ်ကိုယူ၊ သမယန္တ၌ ခြောက်ဆယ့်နှစ်ပါး ဒိဋ္ဌိကိုယူလေ၊ သဂါထာဝဂ္ဂ သံယုတ်အဋ္ဌကထာလာ။]

သိနိင်ခဲသောတရား ၅-ပါး

၆၁။ မီး, မင်း, ဆင်, မြွေ, တထွေမိန်းမ၊ ဤငါးဝကို၊ နိစ္စအမြဲ၊ သတိစွဲ၍၊ မှီဝဲပါလေ၊ ညွှန်ခဲ့ပေသည်။ ရိပ်ခြေအထဲသိနိုင်ခဲ။
[ဤကား သိနိုင်ခဲသော တရားငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ ကြာမြင့်စွာ အတူနေသည်ဟူ၍ အကျွမ်းမဝင်အပ်၊ ဖျက်ဆီးတတ်သည် ဟူလိုသည်။]

အပိုင်းအခြားအနားမရှိသော တရား ၅-ပါး

၆၂။ သေသောက်တဲနှင့်၊ မလွဲသဘင်၊ သောက်ရေစင်နှင့်၊ ထိုပြင်တသီး၊ မြစ်ခရီးနှင့်၊ အပြီးတူစွာ၊ မိန်းမမှာတည့်၊ ဝေလာကာလ၊ မရှိကြသည်၊ နိစ္စအမြဲ မှန်မလွဲ။
[ဤကားအပိုင်းအခြား အနားမရှိသော တရားငါးပါး စကားရပ် မှတ်ဖွယ်တည်း။]

မိန်းမတို့ အားမရနိုင်သည့်တရား ၃-ပါး

၆၃။ မေထုန်တခြား၊ သားဖွား, တန်းဆာ၊ အလင်္ကာဟု၊ သုံးဖြာဓမ္မ၊ အားမရခဲ့၊ မိန်းမတို့အား၊ လင်ငါးယောက်ရှင်၊ ဖြစ်လေကျင်လည်း၊ လူတွင်ညစ်စုတ်၊ သူဆွံ့ယုတ်နှင့်၊ စက်ဆုပ်၊ ဖွယ်ရာ၊ အဝိဇ္ဇာကြောင့်၊ မိစ္ဆာစာရ၊ ကျင့်လေကြသည်၊ မြှော်ထနောင်ရေး မိန်းမဘေး။
[ဤကား မိန်းမတို့အားမရနိုင်သည့် တရားသုံးပါး စကားရပ်မှတ်ဖွယ်တည်း၊ အသီတိနိပါတ်ဇာတ် အဋ္ဌကထာလာ။ ဗာရဏသီပြည် ကိန္နရီမိဖုရားနှင့် မစွမ်းမသန်သော သူဆွံတို့မှား ယွင်း၍ နှင်ထုတ်လေသည်။ ဗာရဏသီပြည် ဗကမင်းနှင့် ဗာဝရိကမင်းနှစ်ပါး မိဖုရားဖြစ်သော ပဉ္စပါပီသည် အို၍ ခါးကုန်သော လူအိုလူကုန်းနှင့် မှားယွင်းဘူးလေသည်။ ဗြဟ္မဒတ်မင်း မိဖုရားလည်း မြင်းထိန်းနှင့် မှားယွင်းလေ၍ မိဖုရားအရာမှ ကျလေသည်။ မိန်းမတို့မာယာ လေးဆယ်ရှိကြောင်းကို နိပါတ်တော်ဇာတ်၌ လာသည်၊ မိန်းမတို့သဘောသည် မြွေ, မြစ်ဆိပ်, ဘီလူးရက္ခိုသ်, နွား, ဆူးခက်, နွယ်စသည်တို့နှင့် တူကြောင်း ဘုရားဟောသည်။ သန်လျက်စွဲသူ ဘီလူးနှင့် စကားပြောရာ၏၊ မြွေကိုကိုင်ရာ၏၊ ဆိတ်ကွယ်ရာ၌ မိန်းမနှင့် စကား မပြောရာ-လာသည်၊ အသီတိနိပါတ် ကုဏာလဇာတ် အဋ္ဌကထာ (၄၆၅)မှာ ကြည့်လေ။]

မပြည့်နိုင်ရာသောတရား ၄-ပါး

၆၄။ သမုဒ္ဒရာ, ပုဏ္ဏား၊ မင်းအား, မိန်းမ၊ လေးဌာနဝယ်၊ ဆန္ဒတဏှာ၊ မပြည့်ရာသည်၊ ပညာတောင်ကြီး ကန့်လန့်ဆီး။
[ဤကား မပြည့်နိုင်ရာသော တရားလေးပါးစကားရပ် မှတ်ဖွယ်တည်း။ သမုဒ္ဒရာမှာ ကျယ်သောကြောင့် မပြည့်နိုင်သည်။ မင်းမှာ သမုဒ္ဒရာအဆုံးတိုင်အောင် လေးကျွန်းလုံးကို ရသော်လည်း တဏှာများ၍ မပြည့်နိုင်သည်၊ မိန်းမမှာလည်း လင်ရှစ်ယောက်ပင်ရသော်လည်း ကိုးယောက်ကို တောင့်တပြန်လေသည်၊ ကိုးယောက်ရပြန်လျှင်လည်း ထို့ထက်အလွန်အများကို တောင့်တပြန်သည်၊ ကာမရာဂများ၍ မပြည့်နိုင်ဘဲရှိသည်၊ "ဦနတ္တာဟိ နပူရတိ"ဟု လာသည်၊ အသီတိနိပါတ် ကုဏာလဇာတ် (၄၈၇) ကြည့်လေ။]

ဘုန်းတန်ခိုးကြီးကြောင်း ကောင်းမှု ၆-ပါး

၆၅။ ပုဆိန်တရပ်၊ ထင်းဖြတ်ပဲကွပ်၊ မလွတ် မကင်း၊ ထင်း, မီး, တင်းကုတ်၊ မယုတ်တဖန်၊ စာရေးတန်ဟု၊ ခြောက်တန်ဒါန၊ စိုက်ပျိုးချ၍၊ ထာမစွမ်းအား၊ ကြီးမားတေဇော၊ တန်ဒါန၊ စိုက်ပျိုးချ၍၊ ထာမစွမ်းအား၊ ကြီးမားတေဇာ၊ ပေါရိသာဒ၊ ဖြစ်ရလေသည်၊ စိုက်ကြလေမင်း ဒါနခင်း။
[ဤကား ဘုန်းတန်ခိုးကြီးခြင်း အကြောင်း ကောင်းမှုခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း။ အသီတိနိပါတ် သုတသောမဇာတ်လာ။ "အဟံ ပေါရိသာဒေါ၊ ပေါရိသာဒ-ဆိုသူသည် ငါမဟုတ်လော"ဟူ၍ ကြိမ်းဝါး၍ ပြေးလာလျှင် တစုံတစ်ယောက်သောသူ မရပ်တန့်နိုင်၊ သုံးယူဇနာကို တဟုန်တည်းပြေးသွားနိုင်ခြင်း၊ ခွန်အားစွမ်းပကား တန်ခိုးတေဇော်ကြီးခြင်းသည် ကဿပဘုရား လက်ထက်တော်က ခီရဘတ္တသလာက နို့ဃနာစာရေတံ, ရဟန်းသင်္ဃာတို့၏ အချမ်းပျောက်စေခြင်းငှါ မီး, တင်းကုပ်, ထင်း, ပဲကွပ်, ပုဆိန်ကို လှူခဲ့ဘူးလေသည်။]

သာသနာ ၃-ပါး

၆၆။ သုံးဖြာပိဋကတ်၊ ပရိယတ်တည့်၊ ဆယ့်သုံးရပ် ဓုတင်၊ ဆယ့်လေးအင်ခန္ဓက၊ ရှစ်ဆယ့်နှစ်ဝဝတ်ကြီး၊ တသီးသီလ၊ တကွသမာဓိ၊ ထူးဘိဝိပဿနာ၊ သညာတရပ်၊ ပဋိပတ်တည့်၊ လေးရပ်မဂ္ဂ၊ ဖလလေးတန်၊ နိဗ္ဗာန်တရား၊ ဤကိုးပါးမှာ၊ ထူးခြားစွာဘိ၊ ကျေးဇူးရှိသည်၊ ပဋိဝေဓ၊ မည်တွင်ထ၏၊ သုံးဝသာသနာ၊ တွင်အခါဝယ်၊ နှစ်ဖြာစိုက်ခင်း ကောင်းစေမင်း။
[ဤကား သာသနာသုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ နှစ်ပါးသော အနုဂ္ဂဟဖြင့် ချီးမြှောက်နိုင်စေရာဆိုလိုသည်။]

သာသနာ ၃-ပါး ပုံဥပမာစကား

၆၇၊ သုံးဖြာသော-ပ၊ အရင်းစနှင့်၊ သုံးဝသာသနာဖြစ်သည်တာတွင်၊ ပဌမာပ၊ နွားမပမာ၊ တဖြာနောက်ပ၊ ဒုတိယကား၊ နွားထီးလားတည့်၊ တခြားထို့ပြင်၊ နှိုင်းရန်ဆင်မူ၊ နွားရှင်ဒုတိယ၊ ပဌမနွားကျောင်း၊ တူတုံရှောင်းလိမ့်၊ တကြောင်းရွှေအိုး၊ လိပ်ထိုးကမ္ပည်း၊ ရှေးနည်းအတူ၊ စဉ်သင့်ယူရှင့်၊ နည်းတူထို့ပြင်၊ တပုံဆင်မူ၊ သုံးအင်ပ,မျိုး၊ ကန်ရိုးရေကြာ၊ ကဲ့ပမာတည့်၊ လက္ခဏာအရ၊ တူစွာလှ၏၊ လောကစီးပွား၊ ထားခဲ့သည်မှာ၊ ငါးထောင်သာတည့်၊ ငါးဖြာဒုလ္လဘ၊ ရမည့်အရာ၊ ခဲလှစွာသည်၊ သုံးဖြာခေတ်တွင်း ခဲလမင်း။
[ဤကား-သာသနာသုံးပါး ပုံဥပမာစကားရပ် မှတ်ဖွယ်တည်း။ သာသနာပ၌ လှည်းအစည်းခြောက်သောင်းတိုက် လှူသောထက် သာသနာတွင်း တဟင်းချို တယောက်မက သာသည်ဖြစ်၍ တွေကြိမ်ဆဲတွင် ခဲလေဆိုလိုသည်။]

သုံးပါးသာသနာ တွေ့ခဲကြောင်းစကားရပ်

၆၈။ သုံးပါးသာသနာ၊ ညခါလျှပ်စစ်၊ ကဲ့သို့ဖြစ်လိမ့်၊ မဖြစ်သည်မှာ၊ ညဉ့်ပမာတည့်၊ တည်ရာကားရှား၊ မတည်များခဲ့၊ စကားအရာ၊ ဥပမာမူ၊ သမုဒ္ဒရာဝယ်၊ လိပ်သဖွယ်တည့်၊ သုံးသွယ်ဓမ္မ၊ ထွန်းလင်းပရာ၊ တွေ့ခဲစွာသည်၊ လသာခိုက်တွင်း ခဲလေမင်း။
[ဤကား-သာသနာတွေ့ခဲကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ တွေ့ခဲချေ၏၊ ခဲလေဆိုလိုသည်။]

အာနာပါနကမ္မဋ္ဌာန်းစီးဖြန်းပုံ

၆၉။ ဒီဃ, ရဿ၊ ဤနှစ်ဝကို၊ ယူထထွက်, သက်၊ ဝင်သက်၌မူ၊ ဤနည်းတူတည့်၊ ယူလေလေးပါး၊ နှာသီးဖျားဝယ်၊ နွားဖမ်းပမာ၊ ရှုအပ်စွာသည်၊ ကြီးစွာနောင်ရေး အကျိုးပေး။
[ဤကား- အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းရာသော အခြင်းအရာ စကားရပ် မှတ်ဖွယ်တည်း။ ထွက်သက်အစကား ချက်၊ အဆုံးကား နှာသီးဖျားတည်း၊ ဝင်သက်အစကား နှာသီးဖျား၊ အဆုံးကား ချက်တည်း၊ နွားဖမ်းယောကျ်ားသည် ခြံအပြင်မှာလည်းမဖမ်း၊ ခြံတွင်းမှာလည်း မဖမ်း၊ ခြံဝင်ပေါက်မှာ ဖမ်းသကဲ့သို့ ထွက်သက်, ဝင်သက်ကိုလည်း နှားသီးဖျားတွင် ရှုလ- ဆိုလိုသည်။ "အာနာပါနဿတိံ ရဟုလာ ဘာဝနံ ဘာဝေဟိ၊ အာနာပါနဿတိ ဘာဝနာ ရာဟုလ ဘာဝိတာ ဗဟုလီကတာ၊ မဟမ္ဖလာ ဟောတိ မဟာနိသံသာတိ"။ ဟူ၍ အကျိုးကြီးကြောင်းကို ဟောတော်မူသည် သုတ္တသင်္ဂဟအဋ္ဌကထာ အကျယ်ရှိ၏၊ ကြည့်လေ။ ပင်္ဂုလောပမာ- ပခက်လွှဲ၊ ဒေါဝါရိကောပမာ- တံခါးစောင့်၊ ကကစူပမာ- လွှတိုက်ပမာကိုလည်း မှတ်လေ၊ နည်းခံလေ။ ငါးခုမှအောက်, ဆယ်ခုကအထက်, မလွန်မယုတ်စေမူ၍ ထွက်သက်ဝင်သက်ကို ရေတွက်လေ၊ စပါးချင့်သော သူတို့သည် တတင်း, နှစ်တင်း ရေသကဲ့သို့ ရေလေ။ ဘဝစရိမ, စျာနစရိမ, စုတိစရိမ- စရိမသုံးပါး။]

အာဒါသမုခမင်းသား ဆုံးဖြတ်သော တရား ၁၄-ပါး

၇၀။ နွား, သားတရား၊ မပြားနည်းတူ၊ မြင်း, ကျူထရံ၊ တဖန်ရွာစား၊ တခြားပြည့်တန်းဆာ၊ တဖြာမေးဖွယ်၊ မိန်းမငယ်နှင့်၊ မြွေဝယ်, သမင်၊ သစ်ပင်စောင့်နတ်၊ မေးလတ်ပုစ္ဆာ၊ ခါနှင့် နဂါး၊ ပုဏ္ဏားလုလင်၊ ထို့ပြင်ရသေ့၊ ဆယ့်လေးစေ့သား၊ ဤတရားကို ဘုရားအလျာ၊ အာဒါသမင်း၊ ဖြေပြရှင်းသည်၊ ထိုးထွင်းဉာဏ်နေ နက်လှစေ။
[ဤကား အာဒါသမုခမင်းသား ဘုရားအလောင်း ဆုံးဖြတ်စီရင် ဖြေသုတ်သင်သော တဆယ့်လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ တိကနိပါတ် ဂါမဏိစန္ဒဇာတ်၊ (၂၇၀)မှာ ကြည့်လေ။ ၁။ နွားငှါး၍ နွားရှင်ကို အပ်ထားရာ သူတစ်ပါး ခိုး၍ နွားပျောက်တရား၌ အပ်လာသောအခါ နွားကို မမြင်ပါဟု နွားရှင်မုသားဆိုသာကြောင့် နွားဖိုး နှစ်ဆယ့်လေးကျပ် အသပြာပေးစေ၊ နွားရှင်မျက်လုံးကို ထုတ်စေ- စီရင်သောကြောင့် နွားငှါးသူအား ပေး၍ နွားရှင်ပြေးလေသည်။ ၂။ သားသေရာ၌ သားရှင်က သားစားရလိုကြောင်းကို ဆိုလျှင် ထိုသူ့မယားကို သင့်အိမ်သို့ ခေါ်၍ မယားပြု၍ သားစားပေးစေ စီရင်သောကြောင့် သားရှင်က အစွဲခံသူကို အသပြာပေး၍ ပြေးလေသည်။ ၃။ မြင်းကျိုးရာ၌ မြင်ရှင်မုသားဆို၍ လျှာကိုထုတ်စေ၊ မြင်းဖိုးတထောင်ကို ပေးစေ စီရင်၍ အသပြာပေး၍ ပြေးလေသည်။ ၄။ ကျူထရံသည် အဖသေရာ၌ အဖစားရလိုကြောင်းကို ဆိုလျှင် ဤသူ့မယားကို သင့်အိမ်သို့ ခေါ်၍ အဖပြုလေ စီရင်သောကြောင့် အသပြာပေး၍ ပြေးလေသည်။ ၅။ ဂါမဏိစန္ဒအမတ်ကြီး တစ်ယောက်ထဲ၌ပင် အမှုလေးခု ရောက်၍ လေးမှုကိုပင် အောင်လေသည်၊ ရွာစား လာဘ်နည်းကြောင်းကို မေးသည်၊ တရားစီရင်ရာ အဓမ္မကြောင့် နည်းသည်ဟု ဖြေသည်။ ၆။ ပြည့်တန်းဆာမ ရှေးကဲ့သို့ တရားမစောင့်။ ၇။ မိန်းမငယ် မမွေ့လျှော်ခြင်းသည် လင်ငယ် သယောက်ထားသည်။ ၈။ မြွေတောင်ပို့က ထွက်သောအခါ လေးသည်၊ ဝင်သောအခါ ပေါ့ခြင်းသည် ရွှေအိုး တောင်ပို့၌ ရှိသည်။ ၉။ ခါမတွန်နိုင်ခြင်းသည် တောင်ပို့ရင်း၌ ရွှေအိုးရှိသည်။ ၁၀။ သမင် အရပ်တစ်ပါးသို့ သွား၍ မြက်မစားနိုင်ခြင်းသည် ထိုသစ်ပင်ထက်၌ ပျားအုံကြီး ရှိသည်။ ၁၁။ နဂါးရေကန်၌ ရေနောက်ခြင်းသည် အချင်းချင်း ငြင်းခုံ၍ ဖြစ်သည်။ ၁၂။ ရသေ့သစ်သီး မချိုခြင်းသည် မိစ္ဆာဇီဝဖြင့် အသက်မွေး၍ ဖြစ်သည်။ ၁၃။ ပုဏ္ဏားလုလင်တို့ အတတ်ပညာသင်၍ မတွင်နိုင်ခြင်းသည် အခါမဲ့တွန်သော ကြက်ကြောင့် ဖြစ်လေသည်။ ၁၄။ သစ်ပင်စောင့်နတ် တောအုပ်ခရီးသို့ လာသောခရီးသမား လူတို့ကို မစောင့်သောကြောင့် လာဘ်ပူဇော်မရသည်။ ဇမ္ဗူဒီပါတကျွန်းလုံး ပညာကြီးကြောင်းကို ကျော်သည်၊ ဘုရားဖြစ်မှသာ ငါပညာကြီးသည် မဟုတ်ဟု ဟောတော်မူသည်။]

ကုရုဓမ္မတရား ၅-ပါး စောင့်သူ ၁၁-ယောက်

၇၁။ (က) ရာဇ, မာတာ၊ တဖြာဒေဝီ၊ တလီသားကြီး၊ တသီးပုဏ္ဏား၊ တခြားကြိုးဆွဲ၊ မလွှဲမတိမ်း၊ ရထားထိန်း, သူဌေး၊ မဝေးတမည်၊ တင်းသည် အမတ်၊ စောင့်လတ်တံခါး၊ မပြားပြည့်တန်းဆာ၊ ငါးဖြာသီလ၊ စောင့်တုံကြ၍ ယူထ ရွှေပေ၊ ပေးလိုက်လေသည်၊ စောင့်လေချက်ခြင်း ကာသိမင်း။
[ဤကား ကုရုတိုင်း ဣန္ဒပတ္ထပြည်၌ ကုရုဓမ္မတရား ငါးပါးစောင့်သူ တကျိပ်တစ်ယောက် စကားရပ် မှတ်ဖွယ်တည်း။]

တကျိပ်တယောက် ကုက္ကုစ္စ ဖြစ်ဟန်

၇၂။ (ခ) မြှားနှင့် ရွှေပန်း၊ တခန်းလောဘ၊ စွတ်ထ မိုးရွာ၊ တဖြာ တပ်မက်၊ တချက်လှံတံ၊ နှင်တံအမှတ်၊ ပန်လတ်စပါး၊ ရောငြား၊ တထွေ၊ ဆိုင်လေမယာ၊ ယူငြားအခ၊ ကုက္ကုစ္စသည် စောင့်ကြမလွဲ ကိုယ်၌မြဲ။
[ဤကား တကျိပ်တစ်ယောက် ကုက္ကုစ္စဖြစ်ဟန် စကားရပ် မှတ်ဖွယ်တည်း၊ ရှေ့ပုဒ်နှင့်ဟပ်လေ၊ ဆရာ့ထံမှလည်း နည်းခံလေ၊ အကျဉ်းဆောင်ပုဒ်ဖြစ်သည်။]

ပဉ္စသီလကျင့်ခြင်းအကျိုး

၇၃။ ဆယ်ပါးဓမ္မ၊ ငါးသီဝသီလာ၊ စောင့်သည်တာကြောင့် သုံးဖြာသော ဘေး၊ ကင်းလွတ်ဝေးသည်၊ ရှေးတူမမှား၊ ကျင့်လေကား။
[ဤကား ပဉ္စသီလငါးပါးကို ကျင့်၍ ဘေးသုံးပါးကင်းကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ ကလိင်္ဂတိုင်း ဒန္တပူရပြည်၌ မိုးခေါင်း၍ ကုရုတိုင်း ဣန္ဒပတ္ထပြည် တကျိပ်တယောက်သော သူတို့ထံ ကုရုဓမ္မတရားငါးပါးကို ရွှေပေ၌ ယူ၍ ကျင့်သောခဏ၌ မိုးရွာ၍ ဘေးသုံးပါး ကင်းကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ဆာတဘယ, ရောဂဘယ, ဒုဗ္ဘိက္ခယကို ဘေးသုံးပါးယူလေ၊ တိကနိပါတ် ကုရုဓမ္မဇာတ် (၃၃၀)မှာ အကျယ်ကြည့်လေ။]

ဒုဿီလမယား ၃-မျိုး

၇၄။ မထီမဲ့ငြား၊ စိတ်ပြစ်မှား၍၊ စီးပွါးမဲ့သူ၊ သူသတ်တူလိမ့်၊ ခိုးသူမှာကား၊ သိမ်းထားဥစ္စာ၊ ဆုတ်ယုတ်စွာခဲ့၊ ကြမ်းစွာစကား၊ အကောင်းစား၍၊ ပျင်းငြားတုံမူ၊ သခင်တူလိမ့်၊ ပုံတူမခြား၊ ဤသုံးပါးမှာ၊ လားလိမ့် အပါယ်၊ ဘုံလေးသွယ်၌၊ ကြီးကျယ်ဒုက္ခ၊ တွေ့ကြုံရသည်၊ ရှောင်ကြလေကား လင်းမယား၊ [ဤကား အပါယ်လားကြောင်း ဒုဿီလမယားသုံးပါး စကားရပ် မှတ်ဖွယ်တည်း။]

သုသီလမယား ၄-မျိုး

၇၅။ မိ,ဘပမာ၊ လွန်ကြင်နာလျက်၊ ဥစ္စာမပျောက်၊ စောင့်ရှောက်သည်မှာ၊ မာတာတွင်ထ၊ နှမအလား၊ ရှက်ငြားရိုသေ၊ လုပ်ကျွေးပေမူ၊ နှမတူလိမ့်၊ ကြည်ဖြူစိတ်နေ၊ မိတ်ဆွေနှစ်ဦး၊ ရှည်ကြူးဝေးစွာ၊ မတွေ့ကြာက၊ တွေ့ခါခဏ၊ ဝမ်းမြောက်ကြသို့၊ အားရဝမ်းသာ၊ ရှိသည်မှာမူ၊ အဆွေတူလိမ့်၊ ငြူစူအမျက်၊ မထွက်ဒေါသ၊ မာနမရှိ၊ ခြိမ်းခြောက်ဘိလည်း၊ ကျွန်၏အလား၊ သည်းခံငြားမူ၊ ကျွန်နှင့်တူလိမ့်၊ ဤသူလေးယောက်၊ ခြောက်ထပ်နတ်ပြည်၊ ရောက်ကြောင်းမည်သည်၊ တည်စေတရား ဝတ်ငါးပါး။
[ ဤကား နတ်ရွာရောက်ကြောင်း သုသီလမယား လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ တိကနိပါတ်, သုဇာတဇာတ် (၃၁၄)မှာ ကြည့်လေ၊ ပေါင်း ၇-ပါး။]

မီး ၃-ပါး

၇၆။ သီလဝန္တ၊ ရဟန်းစသား၊ မိ,ဘအိမ်ရှင်၊ မိမိလင်ဟု၊ လူတွင်ညီးညီး၊ မိန်းမမီးတည့်၊ တသီးသီလဝန်၊ မိမွန်, ဖခင်၊ လောင်ချင်တတ်ပြီ၊ ယောက်ျားမီးတည့်၊ ဖျက်ဆီးတတ်စွာ၊ မီးသုံးဖြာသည်၊ လောင်ရာမဆုံး တဟုန်းဟုန်း။
[ဤကား မီးသုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်ပါထေယျပါဠိတော် (၁၀၂)လာ။]

ကြက်သရေပြောင်းဟန် ၄-ပါး

၇၇။ ကြက်, ပတ္တမြား၊ တောင်းဝှေအားနှင့်၊ မယား တထွေ၊ ကြက်သရေသီရိ၊ ပြောင်းလေဘိသည်၊ သိလေမမှား သဌေးအား။
[ဤကား အနာထပိဏ်သဌေးကြက်သရေပြောင်းဟန် လေးပါးစကားရပ် မှတ်ဖွယ်တည်း။ အနာထပိဏ်သူဌေး ကြက်သရေကို ခိုးအံ့-ဟု ပုဏ္ဏားလာ၍ ကြည့်ရှုလေသော် ကြက်မောက်၌ တည်သည်ကို မြင်၍ ကြက်ကို တောင်း၍ ပေးလျှင် ပတ္တမြား၌ တည်၏၊ ဤနည်းတူ တောင်းတိုင်းပေး၏၊ ပေးတိုင်း ပြောင်း၏၊ ကုသိုလ်မရှိက မရနိုင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

ုကြက်သား ၃-မျိုး စားရကျိုး

၇၈။ အောက်ကြက်အသား၊ စားကအသပြာ၊ တစ်ထောင်သာတည့်၊ တဖြာတိုးတက်၊ အထက်ကြက်မူ၊ ထူလမံသ၊ စားလေရက၊ ရာဇဧကန်၊ တဖန်အပ၊ စားကတသီး၊ စစ်သူကြီး, မိဖုရား၊ ဖြစ်တုံငြားလိမ့်၊ အသား, အရိုး၊ ဘဏ္ဍာစိုးနှင့်၊ တစ်မျိုးမင်းဆရာ၊ ဖြစ်လေရာသည်၊ သုံးဖြာအသား စားသူအား။
[ဤကား ကြက်သားသုံးပါးကို စား၍ မင်းစသည်ဖြစ်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ထူလမံသ, ဗဟိမံသ, အဋ္ဌိမံသ, သုံးပါးတည်း၊ ထူလမံသမှာ ဆူသည်၊ ဗဟိမံသမှာ အပ၊ အဋ္ဌိမံသမှာ အရိုး၌ ကပ်သည့်အသားကို ယူ။ သစ်ပင်၌ အထက်, အောက်အိပ်ကြသည့် ကြက် ခိုက်ရန်ဖြစ်ကြ၍ သင့်အစွမ်းကား အဘယ်သို့ ရှိသနည်း မေးကြ၍ အသီးသီးပြောဆိုသော စကားကို ထင်းခွေယောက်ျားကြား၍ သတ်ပြီးလျှင် စားအံ့-ဟု မြစ်နား၌ ပြုစဉ် လေခပ်သော ရေဟုန်ကြောင့် အောက်ဆိပ်သို့ မျော၍ ဆင်ရေတိုက်သော အမတ်ရ၍ စားကြလေသဖြင့် အမတ်လည်း မင်း, မယားလည်း မိဖုရား၊ ဆရာရသေ့လည်း မင်းဆရာဖြစ်လေ၏၊ အသရေဟူသည် တင့်တယ်ခြင်း, စည်းစိမ်နှင့် ပြည့်စုံခြင်း, ဘုန်းတန်ခိုးပညာကို ဆိုလိုသည်၊ ဤသူတို့အားသာ စည်းစိမ်ဥစ္စာတည်သည်၊ မရှိသူမတည်ကြောင်း ဥဒါဟရုဏ် ပုံ, သက်သေထူး စကားထူး မှတ်ဖွယ်တည်း၊ တိကနိပါတ် သိရီစောရဇာတ် (၃၆၉)မှာ ကြည့်လေ။ သိရိယတိ ဥပနိဿိယတီတိ သိရီ၊ ယာသမ္ပတ္တိ၊ အကြင်ပြည့်စုံခြင်းကို၊ ကတပုညေဟိ၊ ပြုအပ်ပြီသော ကောင်းမှုရှိသော သူတို့သည်၊ သိရယတိ ဥပနိဿိယတိ၊ မှီဝဲအပ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်၊ ဝါ-မှီဝဲအပ်သော သတ္တိကြောင့်။ သာသမ္ပတ္တိ၊ ထိုပြည့်စုံခြင်းသည်။ သိရီ- သိရီမည်၏၊ သိဓာတ်, ဤပစ္စည်း၊ ဝီသတိဝဏ္ဏနာလာ။]

နတ်သမီး ၄-ယောက်

၇၉။ သိရီအန္ဓာ၊ သဒ္ဓါ အနိစ္စ၊ တောင့်တ, အာသာ၊ ချွတ်ယွင်းစွာခဲ့၊ မြတ်ရာဟိရိ၊ ဖြစ်လေဘိသည်၊ သိကြစေကား လေးယောက်သား။
[ဤကား-ရှင်ရသေ့ထံမှာ ပန်းတောင်းလာသော နတ်သမီးလေးယောက် စကားရပ်မှတ်ဖွယ်တည်း။ အသီတိနိပါတ်,သုဓာဘောဇနဇာတ် (၄၀၇)မှာကြည့်လေ။ သိကြားမင်းသမီးလေးယောက်တို့သည် များစွာသော နတ်ပန်းတို့ကို ယူ၍ ရေကစားအံ့သောငှါ အနဝတတ်အိုင်သို့ လာကြ၏၊ ထိုခဏ၌ နာရဒရသေ့လည်း တာဝတိံသာ နန္ဒဝန်ဥယျာဉ်, စိတ္တလတာဥယျာဉ်တို့၌ နေ၍ ပင်လယ်ကသစ်ပန်းကို ထီးကဲ့သို့ အရိပ်အလို့ငှါ ဆောင်းလျက် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ နေ၏၊ ထိုအခါ နတ်သမီးတို့က ပန်းကို တောင်းကြ၏၊ နာရဒရသေ့ကလည်း "မြတ်သောသူ ယူလော့"ဟု ဆို၍ အဘယ်သူမြတ်တော့နည်းဆိုလျှင် “"ဤသူ မြတ်သည်, ဤသူယုတ်သည်ဆိုလျှင် ငြင်းခံခြင်း ဖြစ်တော့မည် မသင့်၊ သင့်တို့အဖ သိကြားမင်းထံသွား၍ အဆုံးအဖြတ်ကို ခံချေ"ဆို၍ အကြွင်းအမျက်ထွက်လတ္တံ့ဖြစ်သည်၊ ငါ မဆုံးဖြတ်နိုင်၊ ဟိမဝန္တာ၌ ကောသိယရသေ့သည် သူတပါးကို မပေးဘဲကို မစား၊ ပေးသောလည်း ဂုဏ်ရှိသော သူတို့အား ပေး၏"ဆို၍ လာပြီးလျှင် သိရီ, အရှေ့၊ သဒ္ဓါ,တောင်၊ အာသာ, အနောက်၊ ဟိရိ, မြောက်၊ လေးယောက်မျက်နှာတူရူနေ၍ တောင်းလေသော် အဘယ်မည်ရှိသနည်း အသီးသီးမေးလျှင် သိရီမည်၏ဟု ဆိုလျှင် အတတ်စသည်နှင့် ပြည့်စုံသူကို ဆည်းကပ်တတ်သောကြောင့် အကန်း ဆို၏၊ ထိုသို့ဝတ္ထုကို စွန့်၍ တပါးသောဝတ္ထု၌ ဖြစ်တတ်သောကြောင့် သဒ္ဓါ-အနိစ္စဖြစ်၏၊ ဥစ္စာကိုလို၍ သင်္ဘောသွား၍ ပျက်စီး ချွတ်ယွင်းတတ်သောကြောင့် အာသာ-ချွတ်ယွင်းတတ်သည်။ ဟီရိသည် မြတ်သော ဂုဏ်၌ တည်သောကြောင့် မြတ်၏ဟု ဆုံးဖြတ်လေသည်။]

လာဘုပ္ပတ္တိအကျင့် ၄-ပါး

၈၀။ ရူးသည်တလိုက်၊ ကုန်းတိုက်တစ်ခု၊ ကုတုလဟ၊ နဋတွင်မည်၊ ကခြေသည်ဟု၊ လေးမည်လာဘ၊ ဖြစ်ကြောင်းပြသည်၊ ရှောင်ကြလေမင်း၊ လွတ်လွတ်ကင်း။
[ဤကား-လာဘ်ဖြစ်ကြောင်းအကျင့်လေးပါး စကားရပ်မှတ်ဖွယ်တည်း၊ တိကနိပါတ်, လာဘဂရဟဇာတ် (၃၇၉)လာ။ ရှင်သာရိပုတ္တရာ သဒ္ဓိဝိဟာရိကတပည့်မေး၍ လာဘုပ္ပတ္တိအကျင့်လေးပါးကို ဟောလျှင် ကဲ့ရဲ့၍ သွား၏၊ ဒိသာပါမောက္ခဆရာတပည့်လုလင်မေး၍ ဆရာဖြေရာ၌လည်း တပည့်လုလင် ကဲ့ရဲ့လေ၏၊ ငရဲစသော ဘေးကို မကြောက်မရှာက် အဓမ္မပြုဝံ့သောသူ မရူးသော်လည်း ရူးသည်ပင် မည်၏၊ လာဘ်ရတတ်၏၊ ကုန်းတိုက်သောသူ လာဘ်ရတတ်၏၊ ကခြေသည်ကဲ့သို့ အရှက်မရှိ အဓမ္မကို ပြုဝံ့သောသူ လာဘ်ရတတ်၏၊ ကုတုဟလ အုတ်အုတ်ကျက်ကျက်စည်းဝေးရာ မင်းကြီးက မေးလျှင် သူတပါးမဆိုမီ ရှေးဦးစွာထ၍ ဆိုဝံ့သောသူကိုယူ။ ဤလေးပါးကြောင့်ရသော လာဘ်ကို စားသောထက် ခွက်လက်စွဲ၍ တောင်းစားရခြင်းက မြတ်၏ဟု ဟောတော်မူသည်၊ သတိရှိကြစေ၊ လူ, ရဟန်းအားလျှော်စွာ ယူလေ။]

ဩဝါဒတည်သော ဇာတ်တော် ၄-ဇာတ်

၈၁။ တေသကုဏ၊ ဝါဒလေးသောင်း၊ တကြောင်းထို့နောင်၊ သောင်းနှစ်ထောင်မူ၊ ခွေးဝယ်ယူရှင့်၊ ကျီးမူခုနှစ်ရာ၊ တဖြာထို့နောင်၊ ခုနှစ်ထောင်မူ၊ အိုးထိန်းယူလော့၊ နောက်လူသိဖွယ်၊ မှတ်ကြောင်းသွယ်သည်၊ ဉာဏ်ဝယ်ကြည်းနူး ဇာတ်တော်ထူး။
[ဤကား-ဘုရားအဆုံးအမ ဩဝါဒ တည်ကြောင်းလေးဇာတ် မှတ်ဖွယ်တည်း။]

ဆတ္တပါဏိပုဏ္ဏား၏အင်္ဂါ ၄-ပါး

၈၂။ ချစ်ခြင်းတထွေ၊ သေရည်, အမျက်၊ မထွက်ငြူစူ၊ နောက်မူဘဝ၊ ဖြစ်သမျှ၌၊ ကင်းပါရစေ၊ တောင်းယူလေသည်၊ လေးထွေတရား ပုဏ္ဏားအား။
[ဤကား-ဆတ္တပါဏိပုဏ္ဏားအင်္ဂါလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ ဒုကနိပါတ်, ဓမ္မဓဇဇာတ် (၁၇၀)မှာကြည့်လေ။ ဗာရဏသီပြည် ယသပါဏိ အမည်ရှိသော မင်းကြီးသည် ဘုရားလောင်း ဓမ္မဓဇပုရောဟိတ်ပုဏ္ဏားအား သတ်လို၍ ဥယျာဉ်ဖန်ဆင်း, ရေကန်ဖန်ဆင်း, နန်းပြသာဒ် ဖန်ဆင်း, ပတ္တမြား ဖန်ဆင်း, အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို ဖန်ဆင်း၍ ပေးရမည်၊ မပေးနိုင်လျှင် သေရမည်ဆို၍ မကြံနိုင်၍ သူတပါးလက်၌ သေသောထက် တောထဲ၌ အလိုလို ကိုးကွယ်ရာမဲ့ သေရခြင်းသည် မြတ်၏-ဟု သစ်ပင်ရင်း၌ သူတော်ကောင်းတရား ဆင်ခြင်၍ နေရာ သိကြားလာ၍ ပုဏ္ဏားကို မေးလေဟု ဆုံးမလာ၍ ၎င်းပုဏ္ဏားကို မေးလျှင် အင်္ဂါလေးပါးအကြောင်းကို မသိ၍ မင်းကြီးက မေးလျှင် ပုဏ္ဏားက အကျယ်ဂါထာပြ၍ ဖြေလေသည်၊ မှတ်ဖွယ်စကားကောင်းစွ၊ မှတ်လေ၊ ဇာတ်တော်မှာလည်း ကြည့်လေ။

ပရိတ်နာရာ အကျိုးမရကြောင်း ၃-ပါး

၈၃။ ကံ, ကိလေသာ၊ နစ်ဖြာအပြစ်၊ တားဆီးမြစ်ခဲ့၊ စင်စစ်တမည်၊ မယုံကြည်က၊ ရွတ်သည်ပရိတ်၊ အကျိုးဆိတ်သည်၊ စိတ်နေဖြောင့်စင်း နှလုံးသွင်း။
[ဤကား ပရိတ်နာရာ အကျိုးမရကြောင်း တရားသုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာ (၁၅၅)မှာကြည့်လေ။]

ပရိတ်ရွတ်ရာ အာနုဘော် မရှိကြောင်း ၃-ပါး

၈၄။ အနက်မမှန်၊ တဖန်ပါဠိ၊ ချွတ်ယွင်းဘိမူ၊ မရှိအကျိုး၊ တမျိုးလာဘ၊ ငဲ့ချေကလည်း၊ မရချမ်းသာ၊ ကျမ်း၌လာသည်၊ သုံးဖြာအမြဲ လွတ်အောင်ခဲ။
[ဤကား ပရိတ်အာနုဘော် မရှိကြောင်း သုံးပါး စကားရပ် မှတ်ဖွယ်တည်း။ သုတ်ပါထေယျ အဋ္ဌကထာ အာဋာနာဋိယသုတ် အဖွင့် (၁၃၀)မှာ ကြည့်လေ၊ အကျိုးရကြောင်း သုံးပါး အာနုဘော်ရှိကြောင်း သုံးပါးကိုလည်း ဗျတိရေကနည်း အားဖြင့် သိလေ။]

စစ်ထိုးနည်း ၃-မျိုး

၈၅။ သကဋနှင့် စက္က, ပဒုမာ၊ သုံးဖြာဗျူဟ၊ ထိုနည်းပြသည်။ မုချမလွဲ စစ်တိုက်ပွဲ။
[ဤကား စစ်ထိုးနည်း သုံးပါးစကားရပ် မှတ်ဖွယ်တည်း၊ ပကိဏ္ဏကနိပါတ် တစ္ဆကသူကရဇာတ် (၃၄၃)မှာ ကြည့်လေ။ လှည်းသဏ္ဌာန်, စက်ဝန်းသဏ္ဌာန်, ကြာချပ်သဏ္ဌာန် ဆင်သည်ဆိုသည်၊ ဤစာကို စီရင်၍ အပြစ်လွတ်မည် မလွတ်မည် မေးဖွယ်ရှိသည်၊ ဘုရားပင် ဟောတော်မူခဲ့သည်၊ ကျမ်းအစောင်စောင်ကပင် ပြတော်မူချေသည်ကို ထောက်လေ။]

ဘဝတဏှာ အပြစ်များပုံ

၈၆။ လူ, ကြက်တသီး၊ မင်းသမီး, ဗြဟ္မာ၊ ဖြစ်လှာသူဌေး၊ မဝေးဝက်မ၊ ရာဇဝိတာ၊ တဖြာဝန၊ အဿကုလာ၊ ဝါဏိဇ္ဇာ၌၊ ဖြစ်လှာတုံထ၊ နာဝိကမည်၊ ကူးတို့သည်အိမ်၊ စည်းစိမ်စိုးရ၊ ဂါမသခင်၊ နောက်လျှင် တသွယ်၊ သူကြွယ်တသီး၊ အမတ်ကြီးမယား၊ ဖြစ်ငြားတုံလှာ၊ ဉာဏ်ဝါဇာတိ၊ မြင်လေဘိ၍၊ မချိမဆံ့၊ ကြောက်လန့်တုံငြား၊ သုံးပါးဘဝေ၊ ငြီးငွေ့လာ၍၊ ငါးထွေကာမာ၊ စွန့်ပစ်ခွါ၍၊ ရဟန္တာမ၊ မုချအစစ်၊ ဧကန်ဖြစ်၍၊ ဆယ့်တစ်ငြိမ်းရာ၊ ရောက်လေပါသည်၊ ခေမာသောင်းကျွန်း ကူးဆိပ်ညွန်း။
[ဤကား ဘဝတဏှာ အပြစ်များကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ ဤမထေရ်ကဲ့သို့ သံဝေဂရ၍ တောထွက်ကြလေဆိုလိုသည်။ သုမနအမည်ရှိသော ရဟန်းမိန်းမသည် ကြက်မဖြစ်ချီ, မင်းသမီးဖြစ်ချီးစသည်ဖြင့် ကျင်လည်ခဲ့ရသည်ကို ဇာတိဿရဉာဏ်ဖြင့် မြင်၍ ထိတ်လန့်သဖြင့် လင်ကိုခွင့်တောင်း၍ ရဟန်းပြု၍ ရဟန္တာမဖြစ်လေ၏၊ ပရိနိဗ္ဗာန်ပြုခါနီး၌ မမေ့မလျော့ကြစေလင့်ဟု ပရိသတ်အား ဆုံးမတော်မူခဲ့လေသည်။ သုတ္တသင်္ဂဟဓမ္မပဒကျမ်းတို့၌လာသည်၊ တဖြာဝန၌ ဝနဝါသီမြို့၌ ဖြစ်သည် ယူလေ။]

စကြာမင်းကျင့်ဝတ် ၁၂-ပါး

၈၇။ ဗိုလ်ပါတကြောင်း၊ ထီးဆောင်းမြို့စား၊ သူကြွယ်အားနှင့် ပုဏ္ဏား, ရဟန်း၊ တခန်း နိဂုံး၊ ဆုံးမမြစ်ထာ၊ နှစ်ဖြာ ဘေးကင်း၊ ပေးခြင်းဥစ္စာ၊ ပညာရှိထံ၊ ခံယူနည်းနာ၊ ဆယ့်နှစ်ဖြာသည်၊ စကြာမင်းအား ကျင့်တရား။
[ဤကား စကြာမင်းတို့ ကျင့်ရာသော တရားဆယ်နှစ့်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်ပါထေယျ စက္ကဝတ္တိသုတ် (၅၀)၌ လာသည်။

တကာအင်္ဂါ ၉-ပါး

၈၈။ ခရီးဦးကြို၊ ဆိုသည်တမျိုး၊ ရှိခိုးတထွေ၊ နေရာခင်းငြား၊ ရိုညွတ်တွားလျက်၊ လှူငြားမကွယ်၊ နှစ်သက်ဖွယ်နှင့်၊ တသွယ်ဆည်းကပ်၊ လျှောက်ပတ်စာနာ၊ အင်္ဂါကိုးပါး၊ ပြည့်စုံငြားက သွားလာမပြတ်၊ ဆည်းကပ်အပ်သည်၊ မှတ်လေ မယွင်းသတိသွင်း။
[ဤကား ရဟန်းသင်္ဃာတို့ ဆည်းကပ်ရာသော တကာတို့အင်္ဂါ ကိုးပါးစကားရပ် မှတ်ဖွယ်တည်း၊ မဆည်းကပ်အပ်သော တကာအင်္ဂါကိုးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ၊ အင်္ဂုတ္တိုရ်ကျမ်း နဝကနိပါတ် (၁၉၂)မှာ ကြည့်လေ။

ပဏ္ဍုကမ္ဗလာကျောက်ဖျာ ပူခြင်းအကြောင်း ၆-ပါး

၈၉။ အသက်, ဘုန်းကံ၊ ကုန်ချိန်တန်က၊ ပူပန်စမြဲ၊ စွဲလမ်းတောင့်တ၊ သီလေတေဇာ၊ များစွာဒါန၊ စိတ်သောကကြောင့်၊ ပူထလေရာ၊ ကြောင်းခြောက်ဖြာသည်၊ ဒေဝါ သိကြား နေရာအား။
[ဤကား သိကြားနေရာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပူကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ဒသနိပါတ် ကဏှဇတ်မှာ ကြည့်လေ၊ ၎င်းဇာတ်၌ ငါးပါး သာလာသည်၊ ပကိဏ္ဏကနိပါတ် စန္ဒကိန္နရီဇာတ် (၂၈၇)၌ သောကကြောင့် ပူကြောင်း လာသည်ဖြစ်၍ ခြောက်ပါးဟု မှတ်လေ။]

သူ့မယား ပြစ်မှားခြင်း အပြစ် ၄-ပါး

၉၀။အကုသလာ၊ ရလေပါ၍၊ လိုရာဆန္ဒ၊ မအိပ်ရခဲ့၊ ရှုပ်ချဖွယ်ရာ၊ နောင်လာဘဝ၊ ငရဲကျသည်၊ ရှောင်ကြလေကား သူ့မယား။
[ဤကား သူ့မယားကို ပြစ်မှားရာ အပြစ်လေးပါးရောက်ကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ ဓမ္မပဒ (၃၀၀)လာ။]

မိန်းမတို့အပါယ်လားကြောင်း တရား ၅-ပါး

၉၁။ သဒ္ဓါမရှိ၊ ဟိရီ, ဩတ္တပ္ပ၊ ကင်းထလေရာ၊ ပညာမဲ့ငြား၊ လင်စောင်ထားက၊ လားလိမ့်ပါယ်ရွွာ၊ ဘုံလေးဖြာဝယ်၊ ချာချာမစဲ နစ်လေမြဲ။
[ဤကား မာတုဂါမတို့ အပါယ်လားကြောင်း ငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ သဠာယတန သံယုတ်ပါဠိတော် အတိစာရီသုတ် (၄၃၉)မှာ ကြည့်လေ၊ နတ်ရွာလားကြောင်း ငါးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ။]

နတ်တို့စုတေခါနီး နိမိတ် ၅-ပါးထင်ပုံ

၉၂။ ပန်သည့်ပန်းညှိုး၊ ပုဆိုးတဖြာ၊ ကိုယ်မှာမလှ၊ ထွက်ထယိုစီး၊ လက်ကတီးချွေး၊ ပူဆွေးနေရာ မပျော်ပါခဲ့၊ မရဏသန္န၊ နိမိတ်ပြက၊ သုံးဝစကား၊ မှာလိုက်ထားသည်၊ တရားသံဝေ ရကြစေ။
[ဤကား နတ်တို့စုတေခါနီးနိမိတ် ငါးပါးထင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ နတ်ပြည်၌ နတ်တို့ စုတေခါနီး နိမိတ်ငါးပါး ထင်လျှင် တပါးနတ်တို့က စကားသုံးခွန်း မှာလိုက်၏ ဟူလိုသည်၊ နတ်ပြည်မှာ သာမဟုတ်၊ လူ့ပြည်မှာလည်း ဘုန်းကံရှိသော သူတို့အား ဤငါးပါးပင် ထင်၏ဟု အဋ္ဌကထာ၌ လာသည်။ သာသနာတော်ကရဟန်းတို့ ရွေ့လျောလိုလျှင်လည်း ဤငါးပါးပင် ထင်လေသည်၊ ရဟန်းတို့မှာမူကား သဒ္ဓါကို ပန်း, သီလကိုပုဆိုး, အကျော်အစော်မဲ့သည်ကို အဆင်းမလှ, လောဘစသော ကိလေသာကို ချွေး, တောသစ်ပင် ဆိတ်ငြိမ်ရာကို ဘုံဗိမာန်ယူလေ။ စကားသုံးခွန်းမှာ- သုဂတိဘုံသို့ သွားပါလေ, လာဘ်ရအောင် ရှာပါလေ, လာဘ်၌ မြဲပါလေ ဤသုံးပါးတည်း၊ သုတ္တသင်္ဂဟ ဒေဝါဝစနသုတ်မှာ အကျယ်ကြည့်လေ။]

ခင်ပွန်းယုတ် လက္ခဏာ ၁၆-ပါး

၉၃။ မရွှင်တပါး၊ မသနားတချက်၊ မနှစ်သက်၊ နှစ်ပါးရှာလေ၊ မြစ်ထာမကြား၊ သုံးပါးချီးမွမ်း၊ ခင်ပွန်းရန်သူ၊ နှစ်ပါးယူရှင့်၊ ရှေးရှုးကြည့်ခါ၊ စိတ်မပါခဲ့၊ စောင့်ရာတရား၊ မစောင့်ငြားတည့်၊ စီပွါးမဲ့ရာ ရသောခါလည်း၊ နေရာကမှ၊ မတောင့်, တခဲ့၊ မိတ္တမမှန်၊ ဆယ့်ခြောက်တန်ကြောင့် ဧကန် မုချ၊ အမိတ္တစစ် ခင်ပွန်းညစ်ဟု၊ စင်စစ်ဉာဏ်နေ၊ သိစိမ့်ဖွေသည်၊ လေးထွေမျိုးသား ကျင့်တရား။
[ဤကား ခင်ပွန်းယုတ်လက္ခဏာ တဆယ့်ခြောက်ပါးစကားရပ် မှတ်ဖွယ်တည်း၊ ခင်ပွန်းကောင်း တစ်ဆယ့်ခြောက်ပါးကိုလည်း ဗျတိရေကနည်းဖြင့် ယူလေ၊ ဒွါသနိပါတ် မိတ္တာမိတ္တဇာတ် (၁၉၈)မှာ ကြည့်လေ။ မနှစ်သက်နှစ်ပါးမှာ- မြင်၍ မနှစ်သက်, စီးပွါး၌ မနှစ်သက်ယူလေ၊ မြစ်ထာမှာလည်း သူတပါးကဲ့ရဲ့ သင်္ဂြိုလ်ဆိုသည်ကို မမြစ်ထာယူ၊ မကြားမှာလည်း မိမိလျှို့ဝှက်အပ်သောအမှုကို မကြားဆိုလိုသည်၊ သုံးပါးချီးမွမ်းမှာလည်း ရန်သူတို့ အကျိုးမဲ့ဆိုသည်ကို ချီးမွမ်းသည်၊ အဆွေခင်ပွန်းအမှုကို မချီးမွမ်း, ပညာရှိဂုဏ်ကျေးဇူးကို မချီးမွမ်း ဆိုလိုသည်။ ခင်ပွန်းရန်သူ ဟူရာ၌ အဆွေခင်ပွန်းကို မမှီဝဲ၊ ရန်သူကို မှီဝဲသည် ဆိုလိုသည်၊ အဆွေခင်ပွန်း မလျို့ဝှက်အပ်သော အမှုကို မစောင့်သည် ဆိုလိုသည်။]

မြို့ရွာ အစာ ၄-ပါး

၉၄။ မနုဿနှင့်၊ ဓည, ဒါရု၊ ဥဒကအစာ၊ ဤလေးဖြာသည်၊ မှန်စွာမမှား၊ မြို့ရွာအား။
[ဤကား မြို့ရွာအစာလေးပါး၊ စကားရပ် မှတ်ဖွယ်တည်း၊ ပကိဏ္ဏကနိပါတ်, ဘိသဇာတ် (၃၁၀)၌လာ။

အတတ်ပညာ ၁၂-ပါး

၉၅။ ဆင်, မြင်း, ရထား၊ လက်နက်အားနှင့်၊ လေးမြှား တစ်မျိုး၊ လက်ဆစ်ချိုးတခန်း၊ ဂဏန်းအတွက် လက်ရေးကဗျာ၊ လောကာယတ၊ သုံးဝပညာ၊ အမှုပါနှင့်၊ ဆယ့်နှစ်ဖြာအတတ်၊ သင်လေအပ်သည်၊ မှတ်ကြအမြဲ နယစွဲ။
[ဤကား အတတ်ပညာ တဆယ့်နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ ဥဒါန်းပါဠိတော် (၁၁၃)နှင့် ၎င်းအဋ္ဌကထာ (၁၈၄)လာ။ တဆယ့်ရှစ်ပါးအတတ်-ပိဋကတ်သုံးပုံနှင့်သော် တဆယ့်ကိုးပါးအတတ်, အရာမကသော အတတ်ဟူ၌ ရှိသည်၊ ဤနည်းကိုယူ၍ ဗေဒင်, ဓမ္မသတ်, လောကနီတိ စသော အတတ်တို့ကို နည်းယူလေ၊ ပညာရှိအမှုကို သုံးဝပညာ ဆိုသည် တခုယူလေ၊ အတွက်မှာ အပေါင်းအတွက် ဆိုလိုသည်။]

စကြာဝဠာကမ္ဘာတသိန်းအာဏာနှံသော ပရိတ် ၇-သုတ်

၉၆။ ရတနနှင့်၊ ခန္ဓတဖြာ၊ အာဋာနဋိယ၊ မောရ, ဓဇဂ်၊ ဤငါးချက်မှာ၊ ပါရာဇိကဏ်၊ တဖန်လာထ၊ ဗောဇ္ဈင်္ဂနှင့်၊ မေတ္တသုတ်မှာ၊ တကျမ်းလာသည်၊ စကြာဝဠာ သိန်းတွင်း နှံ့လိမ့်မင်း။
[ဤကား စကြာဝဠာကုဋေတသိန်း အာဏာနှံ့သော ပရိတ် ၇-သုတ် စကားရပ် မှတ်ဖွယ်တည်း။]

စတုမဓူ ၄-ပါး

၉၇။ နှမ်းဆီ၊ ထောပတ်၊ ရောစပ်မခြား၊ သကာ, ပျားဟု၊ ဤလေးခုကို၊ စတုမဓူ၊ ကျမ်းဝယ်ယူသည်၊ လှူလေ ကြည်နူး ဒါနထူး။
[ဤကား စတုမဓူ လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်သီလက္ခန်အဋ္ဌကထာနိသျမှာ ကြည့်လေ။]

ကဏှရသေ့၏ ဆု ၄-ပါး

၉၈။ သုနိက္ကောဓ၊ နိဒ္ဒေါသနှင့်၊ နိလ္လောဘတထွေ၊ နိသနေဟ၊ ဆုလေးဝကို၊ ယူထလေးငြား ရသေ့အား။
[ဤကား ဘုရားလောင်း ကဏှရသေ့ယူသည် ဆုလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဒသနိပါတ် ကဏှဇာတ်မှာ အကျယ်ကြည့်လေ။ ဘုရားလောင်း နည်းကိုယူ၍ ဤဆုလေးပါးကို ယူလေ ဆိုလိုသည်၊ ၎င်းနိပါတ်မှာ အကျယ်ကြည့်လေ။]

ဘုရားလောင်းအိမ်မက် ၅-ပါး

၉၉။ မြေကြီးဟိမဝန္တာ၊ သမုဒ္ဒရာခြေလက်၊ နေဇာမြက်နှင့်၊ လောက်တက်, ငှက်ဖြူ၊ နည်းတူထို့ပြင်၊ မစင်တောင်ဖျား၊ စင်္ကြံသွားက၊ ငါးပါးအိပ်မက်၊ မြင်လေမက်သည်၊ ဆက်ဆက်ဘုရား ဖြစ်မည်လား၊ [ဤကား ဘုရားလောင်း အိမ်မက် ငါးပါးစကားရပ်မှတ်ဖွယ်တည်း။ မြေကြီးအိပ်ရာ, ဟိမဝန္တာခေါင်းအုံး, အရှေ့သမုဒ္ဒရာကိုလက်ဝဲ, အနောက်သမုဒ္ဒရာကို လက်ျာ, တောင်သမုဒ္ဒရာကို ခြေနှစ်ဖက်ထား၍ အိမ်မက်ခြင်းသည်၊ သစ္စာလေးပါးကို သိခြင်း နိမိတ်တည်း။ ၂။ နေဇာမြက် ချက်မှ တက်၍ ကောင်းကင်သို့ ထိခြင်းသည် အရိယာမဂ်ကို ရခြင်းနိမိတ်တည်း။ ၃။ ဖြူသော ကိုယ်ရှိသော မဲသော ခေါင်းရှိသော ပိုးလောက် ခြေမှ တက်၍ ဒူးဆစ်ကို ဖုံးလွွှမ်းခြင်းသည် ပုဆိုးဖြူဝတ်သောသူ အသက်ထက်ဆုံး ကိုးကွယ်ခြင်း နိမိတ်တည်း။ ၄။ အထူးထူးသော အဆင်းရှိသော ငှက်လေးကောင် လေးမျက်နှာကလာ၍ ခြေရင်း၌ ဝပ်၍ အလုံးစုံဖြူခြင်းသည် အမျိုးလေးပါး ရဟန်းပြု၍ အရတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း နိမိတ်တည်း။ ၅။ မစင်တောင်ထက် မစင်မလိမ်းမကျံဘဲ စင်္ကြံကြွတော်မူ၏ဟု မက်ခြင်းသည် ပစ္စည်းလေးပါးကို ရ၍ အမုစ္ဆိတ, အာဒီနဝဒဿာဝီ, နိဿရဏပညာဖြင့် သုံးဆောင်ခြင်း နိမိတ်တည်း၊ အင်္ဂုတ္တိုရ် (၂၁၁)လာ။]

တကာတို့ ကုသိုလ်ပွားကြောင်းအင်္ဂါ ၅-ပါး

၁၀၀။ စိတ်ကြည်ညိုက၊ လားထနတ်ရွာ၊ နေရာခင်းထား၊ ရှိခိုးငြားမူ၊ ကြီးမားမျိုးမြတ်၊ ပေးလတ် ဒါန၊ ဘောဂမဟာ၊ ပုစ္ဆာမေးငြား၊ တရားနာသူ၊ ပညာဟူလိမ့်၊ ထိုတူမယွင်း၊ ဝန်တိုကင်းက၊ ကြီးခြင်းတန်ခိုး၊ ငါးမျိုးပုည၊ စိုက်ပျိုးရသည်၊ မုချမမှား တကာအား။
[ဤကား သီလဝန္တရဟန်း အိမ်သို့ ကပ်ရာ တကာတို့အား ကုသိုလ်ပွားကြောင်း ငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုရ်ပဉ္စကနိပါတ် (၂၁၃)မှာ ကြည့်လေ။]

အင်္ကုရ၏ အလှူကြီးပေးရာ အမှုဆောင်အဖွဲ့

၁၀၁။ စားဖိုသည်သုံးသောင်း၊ ခြောက်သောင်း ထင်းခွဲ၊ ကိုင်စွဲယောက်မ၊ ထောင်းထစပါး၊ စွန်းငြားခြောက်ထောင်၊ တသောင်းနောင်ဝယ် ဆောင်လေအမြဲ နှုတ်ဝယ်စွဲ။
[ဤကား အင်္ကုရအိမ်၌ ဆန်လှည်းအစီး ခြောက်သောင်းတိုက် အလှူကြီးပေးရာ အမှုဆောင် စကားရပ် မှတ်ဖွယ်တည်း။ ဤအလှူသည် သာသနာပဖြစ်၍ သာသနာတွင်း တစ်ဟင်းချို တစ်ယောက်မ အလှူကို မတူ, မမှီဟု ဟောတော်မူသည်၊ ဤတရားကို နှလုံးထား၍ ကြိုးစားအားထုတ်မိစေ ဆိုလိုသည်။]

သုဘာသိတဝါစာ အင်္ဂါ ၅-ပါး

၁၀၂။ သစ္စ, သဏှ၊ အတ္ထ, ကာလာ၊ မေတ္တာရှေ့ရှု၊ ဤငါးခုကြောင့်၊ သုဘာသိတ၊ မည်လေရသည်၊ ဆိုကြစကား အကျိုးများ။
[ဤကား သုဘာသိတဝါစာ အင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုပါဠိတော် (၂၁၃)လာ။]

ကျမ်းပြုဆရာ၏ ဇာတိ, ပဝတ္တိနှင့် ကျမ်းစာစီရင်သော ခုနှစ်

၁၀၃။ (က) စစွာပကတူး၊ မြို့တည်ဦးက၊ ကဒူး ဘာသာ၊ သဒ္ဒါသုံးချက်၊ ဒွန်တွဲဖက်၍၊ ခုထက်မကင်း၊ ဒီပဲရင်း၏၊ နယ်တွင်းအဝင်၊ မြောက်လက်ခွင်ဝယ်၊ မုန်တိုင်ပင်ရွာ၊ ရပ်ဂါမာ၌၊ ဝံသာဘိလင်္ကာရ၊ ဓဇနောက်လာ၊ မဟာဓမ္မရာဇဂုရု၊ ခြောက်ခုအက္ခရာ၊ တံဆိပ်စာနှင့်၊ သင်္ဃာများဖ၊ မြတ်လှဆရာ၊ ကျမ်းတိုင်းရှာ၍၊ ကောဇာသက္ကရာဇ်၊ ရေတွက်စစ်သော်၊ "အနှင့်နှစ်နောက်၊ လှောက်လေသုည၊ ချလေတသွယ်၊ သုံးခုကွယ်လိမ့်"၊ ခြောက်ဆယ်အသက်၊ တက်သည်သုံးနှစ်၊ ဝါဝယ်ဖြစ်မူ၊ လေးဆယ်ဟူလိမ့်၊ လ, မူတန်ခူး၊ ကျော်ထူးအထွက်၊ ဆယ့်နှစ်ရက်ဝယ်၊ သုံးသွယ်ဂမ္ဘ၊ ဓမ္မသာလာ၊ ဓမ္မာသန၊ ဝိဟာရ၌၊ နေထလျက်လျှင်၊ ထုတ်စီရင်သည်၊ လူရှင်အများ နှုတ်ဝယ်ထား။
[ဤကား သုံးပုံလှေခါးပမာ ဤစာကို စီရင်သော ကောဇာသက္ကရာဇ်နှစ်တည်း။]

ကျမ်းစာ၏ အခြင်းအရာ, ဥပမာ, ဥယောဇဉ်

၁၀၄။ (ခ) စကားအရာ၊ သိသာလွယ်အောင်၊ ပမာဆောင်ပိမ့်၊ ကြီးခေါင်စွင့်စွင့် သစ်ပင်မြင့်ထက်၊ သီလင့်တုံငြား၊ သစ်သီးအားကို၊ စားလိုတုံထ၊ ရလိုတုံလျက်၊ မတက်နိုင်ပါ၊ အစာမဝ၊ ဗလနွဲ့ပါး၊ ပိန်သောအားကြောင့်၊ အနားကပင်ရင်း၊ ရောက်တုံလျှင်လည်း၊ လည်ပင်းမျှော်ကာ၊ လူပိန်တာများ၊ ကြည့်သောလားသို့၊ သုံးပါးသာသနာ၊ တွေ့ကြိမ်ပါလျက်၊ သုံးဖြာပရိယတ်၊ ပိဋကတ်နား၊ ရောက်ပါငြားလည်း၊ သင်ကြားခြင်းငှါ၊ မစွမ်းပါ၍၊ သုံးဖြာဓမ္မ၊ မသိကြဘဲ၊ ယောင်တတသာ၊ ဉာဏ်ပိန်တာများ၊ နေသောအားကြောင့်၊ ထက်ဖျားသစ်ပင်၊ တက်စိမ့်ဆင်သို့၊ သိခွင်ဓမ္မ၊ သိကြစိမ့်ငှါ၊ သုံးဖြာလှေခါး၊ ခင်းခဲ့ထားသည်၊ ထက်ဖျားဉာဏ်နေ ဆွဲတက်လေ။။
[ဤကား စာ၏ အခြင်းအရာ, စာ၏ ဥပမာ, တိုက်တွန်းသော ဥယျောဇဉ်တည်း။]

ကျမ်းပြုဆရာ၏ ဆုတောင်း

၁၀၅။ (ဂ) သုံးပုံလှေခါး၊ တက်သွားစိမ့်ငှါ၊ ခင်းပါရသား၊ ကုသိုလ်အားကြောင့်၊ လှေခါးပမာ၊ ဉာဏ်ပညာနှင့် နောင်လာဘဝ၊ ဖြစ်ပါရစေ-- ငါးထွေးကာယ၊ ဘုံဘဝမှ၊ ကင်းထလွတ်ရာ၊ နိဗ္ဗူတာသို့၊ များစွာဝေနေ၊ ပေါင်းတထွေကို၊ ရောက်စေခြင်းငှါ၊ ရှစ်ဖြာတရား၊ မဂ်လှေခါးဖြင့်၊ ထက်ဖျားရောက်အောင်၊ ပို့ဆောင်ကယ်ရပါလို၏၊ ဗုဒ္ဓသာသနာ၊ မြတ်သုံးဖြာကို၊ ဓမ္မာနုဂ္ဂဟ၊ ချီးမြှောက်ရကျိုး၊ ထက်မိုးကောင်းကင်၊ ကဲ့အသွင်သို့၊ ဂုဏ်အင်ကြီးလှ၊ မိ,ဖ, ဘိုးဘွား၊ ထွက်ထားဆရာ၊ ပြည်ရွာသခင်၊ ရေမြေရှင်နှင့်၊ ကိုယ်တွင် မပြတ်၊ စောင့်သည်နတ်မှ၊ သုံးရပ်ဘုံသူ၊ နတ်နှင့်လူကို၊ အတူရစေ၊ ပေးငှဝေသည်၊ ရိုသေဦးခိုက်၊ ပဲ့တင်ရိုက်မျှ၊ နှစ်ခြိုက်သာဓုခေါ်စေသော်

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse