သုံးပုံတံတားကျမ်း

From Wikisource
Jump to navigation Jump to search
သုံးပုံတံတားကျမ်း  (သက္ကရာဇ် ၁၉၆၃) 
by မုန်တိုင်ပင်ဆရာတော်

ဒီပဲရင်းမြို့ မြောက်လက် မုန်တိုင်ပင်ရွာကျောင်း “ဝံသာဘိလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရု” “ဝံသာဘိလင်္ကာရဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ် နှစ်ထပ်ရ မုန်တိုင်ပင်ဆရာတော်

ရှိခိုးခြင်းပမာဏ

၁။ သုံးပါးရတနာ၊ မြတ်ဆရာကို၊ သဒ္ဓါစုံမက်၊ နှစ်သက်ဝမ်းသာ၊ ရှိခိုးပါ၏၊ များစွာကျမ်းထွက်၊ စကားနက်ကို၊ ဆောင်ရွက်ဖွယ်ရာ၊ ညွန်းလိုက်မှာသည်၊ မကွာ နှုတ်ထဲ ဆောင်အမြဲ။

နည်းပေါင်း ၂၄၀

နည်းပေါင်းမှတ်ဖွယ်၊ အကျဉ်းသွယ်ပိမ့်၊ အကျယ်ကိုလို၊ သူ့စာကိုယ်၌၊ ထိုထိုပြယုဂ်၊ ကျမ်းတိုင်းထုတ်၍၊ မယုတ်စုံစီ၊ ရှိလေပြီတည့်၊ ပစ္စာသန္န၊ ပဋ္ဌာနနှင့်၊ နိဒဿနတစ်ခု၊ ဥပလက္ခဏတဖြာ၊ ပစ္စာသတ္တိ၊ အဝိနာဘာဝ၊ ယေဘုယျနှင့်၊ တဗ္ဗဟုလတဖြာ၊ နာနန္တရိက၊ ဘိန္နသတ္တိ၊ မိဂါပဒ၊ သိလေသနှင့်၊ တန္တတခန်း ခေါ်မှန်းသညာ၊ အသာဓာရဏ ပေါင်းထဆယ့်ငါး၊ နည်းအပြားကို နှုတ်ဖျား မကွေ စွဲမိစေ။ (ခ) ဧကသေသ၊ သာမညနှင့်၊ အမ္ဗသေစနတတန်၊ စန္ဒရကန္တ၊ သူရိယနှင့် မဟိရူဟမည်ရှိ၊ အာဝတ္တိတည့်၊ အဓိကာရ၊ လိုက်ထလေတုံ၊ ပုညဉာဏ၊ သမ္ဘာရနှင့်၊ တူကွမပြား၊ ချန်ထား၍ဟော၊ ဂေါဗလိဗဒ္ဓ၊ အာဝတ္တနှင့် သုံးဝယထာ၊ နာဝါ,သကဋ၊ ပေါင်းထဆယ့်ငါး၊ နည်းအပြားကို၊ စကားထွေထွေ မေးတတ်စေ။ (ဂ) အာဒိ, မဇ္ဈေ၊ တထွေအန္တ၊ ဂုဏ, ဒဗ္ဗာ၊ ကြိယာနှင့်၊ ကိုးဖြာဒီပက၊ ရုက္ခ၌ဝယ်၊ ငှက်သဖွယ်တည့်၊ ဆင်စွယ်ဖြတ်နည်း၊ တနည်း ပွတ်ဟန်၊ ဆွမ်းခံသောထွေ၊ မြွေအရေလဲ၊ ယူမြဲလွန်ထ၊ တိဿယနှင့်၊ အဝုတ္တသိဒ္ဓိ၊ ဗျတိရေက၊ ပြန်ထအနက်၊ သစ်ပင်တက်ပမာ၊ ရုက္ခာရုဠှ၊ မဂ္ဂက္ကမကား၊ ခရီးသွားပမာ၊ ကာကောလောကန၊ နယမည်ရှိ၊ မျက်စိ တဖက်၊ ကျီးကန်းငှက်လျှင် နှစ်ချက်ကိုပင်၊ ကြည့်သောသွင်သို့၊ ထိုပြင်တခြား၊ နွားရိုင်းဖမ်းတချက်၊ အနက်ရောက်ရာ၊ အတ္ထာပန္န၊ ကြွင်းကယူရ၊ ပါရိသေသ၊ ဆယ့်ငါးဝတွင်၊ ကိုးချက်ဝင်၍၊ သုံးလျှင်စွန်းကယ်၊ နှစ်ဆယ်သောနည်း၊ သိပ်သည်းဖြာဖြာ၊ ကျမ်းအလာကို၊ ဆရာဆွေးနွေး တွေ့တိုင်းမေး။ (ဃ) ရုဠှီ, အနွတ္ထ၊ နေယျတ္ထနှင့် ဘူတပုဗ္ဗဂတိ၊ နိတတ္ထတဖြာ၊ ဝဏ္ဏာဂမ၊ ဝိကာရနှင့်၊ လောပဝိပရိယာ၊ အတ္ထာတိဿယ၊ ငါးဝနိရုတ္တိ၊ ဝိဘတ္တိဝစန၊ လိင်္ဂအက္ခရာ၊ ပြန်ရာကာလ၊ ပူရိသနှင့် ပေါင်းထခြောက်ဖြာ၊ ဝိပလ္လာသ၊ အဘေဒနှင့်၊ ဥက္ကဋ္ဌတထွေ၊ ဧကဒေသ၊ တွက်ကြဆယ့်ကိုး၊ နည်းအမျိုးကို၊ ထိုးထွင်းလေကား စာသင်သား။ (င) ခုနှစ်ဆယ့်နှစ်ပါး၊ နည်းအပြားမှ၊ တခြားထို့ပြင်၊ ကြံလျှင်စုတ်နည်း၊ ရေချိုးနည်းနှင့်၊ မီးယူတသွယ်၊ နွားငယ်အမိ၊ တိုက်သဘိသို့၊ မည်ရှိတွင်ထ၊ ဂေါဝစ္ဆနည်း၊ ကြိုးချည်နည်းမှ၊ မဏ္ဍုကဖား၊ ခုန်သွားသောနည်း၊ စီးသည်မြစ်ရေ၊ ကြည့်လေခြင်္သေ့၊ မရွေ့တမျိုး၊ တောင်ကျိုးသောနည်း၊ တနည်းသားဖွား၊ တပါးကမောက္ကမ၊ ရေးထပန်းချီ၊ တညီအနုလောမ၊ ပဋိလောမတဖြာ၊ ဝတ္တိစ္ဆာနု ပုဗ္ဗိက၊ မည်ရတခန်း၊ ရဟန်းသွားနည်း၊ တသီးသညာ၊ သုခုစ္စာရဏ၊ သိလိဋ္ဌနှင့်၊ ဆင်ထတန်းဆာ၊ ဝစနာလင်္ကာရ၊ ပစ္စုန္နာဂတိ၊ တူဘိပမာ၊ မိုးရွာသောဟန်၊ ဂမျမာန်နှင့်၊ တဖန်လုတ္တ၊ နိဒ္ဒိဋ္ဌ၊ ဧကတ္တမှ၊ နာနတ္တဓမ္မတာ၊ အဗျာပါရ၊ တွင်ထမည်ရှိ၊ တိပုက္ခလ၊ အင်္ကုသနှင့်၊ ဝိက္ကိဠိတ တဖြာ၊ ဒိသာလောစန၊ လေးဝရုံးစည်း၊ နေတ္တိနည်းတည့်၊ တသီးခြောက်ဖြာ၊ ဆနည်းမှာမူ၊ ပတ္ထာရဥဒ္ဒိဋ္ဌ၊ နဋ္ဌတရပ်၊ အဒ္ဓကြိယာ၊ စဉ်လာပေါင်းချုပ်၊ ဝုတ္တသင်္ချာ၊ အဒ္ဓါ, နယ၊ ညွန်ပြခြောက်ချက်၊ ဆန်းကထွက်ရှင့်၊ နည်းခက်, နည်းဆန်း၊ ကျမ်းပဋ္ဌာန်းထွက်၊ ခြောက်ချက် လေးသွယ်၊ နှစ်ဆယ့်လေးပစ္စည်း၊ ပဋ္ဌာန်းနည်းနှင့်၊ ယှဉ်မှီးသမုပ္ပါဒ်၊ ဆယ့်နှစ်ရပ်တည့်၊ နှစ်ဆယ့်သုံးရပ်လင်္ကာ၊ သုံးဆယ့်ငါးဖြာတဝ၊ ကိုးဗျင်္ဂျနှင့်၊ သုံးဝသံဝဏ္ဏနာ၊ များစွာအနန္တ၊ ညွန်ပြမဆုံး အကျဉ်းရုံးသည်၊ နှလုံးဉာဏ်နေ နက်လှစေ။
[နည်းပေါင်း နှစ်ရာလေးဆယ်ပြီး၏]

ပဋိစ္စသမုပ္ပါဒ်စက်ဝဲ

၃။ အဝိဇ္ဇာ, သင်္ခါရ၊ ဖြစ်ကတဖန်၊ ဝိညာဏ်, နာမ်, ရုပ်၊ ဖြစ်, ချုပ်တုံစွာ၊ သဠာယတန၊ ဖဿ, ဝေဒနာ၊ တဏှာ, ဥပါဒါန်၊ နှစ်တန်ဘဝ၊ ဖြစ်ချတုံဘိ၊ ဇာတိတဖြာ၊ ဇရာ, မရဏ၊ ဆယ့်နှစ်ဝဝဲ၊ ပင်လယ်ထဲ၌၊ မစဲမဆုံး၊ ရေမျောတုံးသို့၊ ရှည်ကျုံးကမ္ဘာ၊ မျောလေရာခဲ့၊ သံသရာစက်၊ ဝဲမှထွက်အောင်၊ ကိုးချက်လုံ့လ၊ ဝီရိယကို၊ နေ့ညမကင်း မြဲစေမင်း။
[ဤကား ပဋိစ္စသမုပ္ပါဒ် ဆယ့်နှစ်ရပ် စက်ဝဲစကားရပ်မှတ်ဖွယ်တည်း။ ဝီရိယစေတသိက် ကိုးဌာနတပ်သည်ကို ယူလေ။]

ပဋိစ္စသမုပ္ပါဒ်တွင် သောကစသော တရားငါးပါး မပါဝင်ပုံ

၄။ သောကမည်ရှိ၊ ပရိဒေဝ၊ ဒုက္ခသဘော၊ ဒေါမနဿတဖြာ၊ ဥပါယာသ၊ ဤငါးဝကား၊ မုချမဟုတ်၊ သရုပ်အရ၊ ကျိုးစက်မျှဟု၊ ညွန်ပြအဋ္ဌကထာ၊ ကျမ်းဝယ်လာသည်၊ အင်္ဂါမသွင်း လွတ်ရခြင်း။ [ဤကား ဇာတိမုချအကျိုးမဟုတ်၊ အကျိုးဆက်မျှသာဖြစ်၍ ဆယ့်နှစ်ပါးအင်္ဂါတွင် မဝင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

အဓွန့်သုံးပါး

၅။ တဆယ့်နှစ်ခု၊ တရားစုတွင်၊ နှစ်ခုရှေ့ဖျား၊ အတိတ်ထားလော့၊ နောက်ဖျားနှစ်ဝ၊ နာဂတ်ကြလိမ့်၊ ရှစ်ဝအလယ်၊ ခေါ်ဖွယ်မယုတ်၊ ပစ္စုပန္န၊ သုံးကာလသည်၊ မုချမယွင်း သိစေမင်း။
[ဤကား အဓွန့်သုံးပါး စကားရပ် မှတ်ဖွယ်တည်း။]

အကြောင်းတရားငါးပါး

၆။ အ-သင်-တ-ဥ၊ ရှုလေ ဘဝ၊ ဤငါးဝကို၊ မုချမယွင်း၊ အကြောင်းသွင်း။
[ဤကား အကြောင်းတရား ငါးပါး စကားရပ်မှတ်ဖွယ်တည်း။ အ-မှာ အဝိဇ္ဇာ၊ သင်-မှာ သင်္ခါရ၊ တ-မှာ တဏှာ၊ ဥ-မှာ ဥပါဒါန်၊ ဘဝ-မှာ ကမ္မဘဝကိုယူလေ။ အစပ်သုံးခု၊ အလွှာလေးခု၊ အခြင်းအရာနှစ်ဆယ်ဟူသည်လည်း ဤစကားရပ်ကိုပင် ယူလေ။ အတိတ်က အကြောင်းငါးပါးတစပ်, ပစ္စုပ္ပန်က အကျိုးငါးပါးတစပ်, ပစ္စုပ္ပန်က အကြောင်းငါးပါးတစပ်, အနာဂါတ်အကျိုးငါးပါးတစပ် ယူလေ၊ အတိတ်စပ်, ပစ္စုပ္ပန်စပ်, အနာဂါတ်စပ် ဆိုလိုသည်။]

အကျိုးတရား ၅-ပါး

၇။ ဝိညာဏနှင့်၊ နာမ, ရူပါ၊ သဠာယတန၊ ဖဿ, ဝေဒနာ၊ ဤငါးဖြာကို၊ မှန်စွာ မယွင်း အကျိုးသွင်း။
[ဤကား အကျိုးတရား ငါးပါး စကားရပ် မှတ်ဖွယ်တည်း။]

ဝဋ်သုံးပါး

၈။ သုံးပါးဓမ္မ၊ ကိလေသတည့်၊ ကမ္မမှာမူ၊ နှစ်ပါးယူလော့၊ ထိုတူတဝ၊ ဝိပါကမှာ၊ ရှစ်ပါးလာသည်၊ ချာချာမစဲ သုံးဖြာဝဲ။
[ဤကား ဝဋ်သုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုံးပါးမှာ- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကိုယူလေ၊ နှစ်ပါးမှာ- သင်္ခါရနှင့် ကမ္မဘဝတစ်စိတ်ကို ယူလေ၊ ရှစ်ပါးမှာ- အကြွင်းကိုယူလေ။]

အညာနိဗ္ဗာန်ဆန်သင့်ကြောင်း စကားရပ်

၉။ ကာလသုံးစဉ်၊ ဝဲယဉ်သုံးထပ်၊ အစပ်သုံးခု၊ စတုသင်္ခေ၊ တွက်ရေဝီသ၊ အာကာရတည့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဟောမှတ်လေတွဲ့၊ ဟိတ်, ဖိုလ်ချဲ့သား၊ တဆယ့်နှစ်အင်၊ ဒွါဒသင်နှင့်၊ ညွန့်ရှင်ကျိုးဆက်၊ အဆက်ဆက်ကို၊ လွန်ထွက်နိုင်ကြောင်း၊ ကောင်းသည်လုံ့လ၊ အားထုတ်ကြလော့၊ မြစ်မနှစ်မြွာ၊ နှုတ်ဖြတ်ခွါ၍၊ အညာနိဗ္ဗာန်၊ သူတော်ထံကို၊ ဆန်လေမနှေး၊ လွတ်လိမ့်ဘေး။
[ဤကား ပဋိစ္စသမုပ္ပါဒ်စက်ဝဲကထွက်၍ အညာနိဗ္ဗာန်သူတော်ထံသို့ ဆန်သင့်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

အသက်ရှည်ကြောင်းတရား ၅-ပါး

၁၀။သပ္ပါယနှင့်၊ မတ္တတဖြာ၊ သွားခါကာလ၊ ကျင့်ထအမြတ်၊ စားလတ်အစာ၊ ကျေစေရာသည်၊ မှန်စွာမလွဲ သက်ရှည်မြဲ။
[ဤကား အသက်ရှည်ကြောင်းငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုရ်ပဉ္စက ဒုကနိပါတ် (၁၂၈)လာ။]

သမဏသုခ ၅-ပါး

၁၁။ လေးပါးပစ္စည်း၊ နည်းစေတပ်ခြင်း၊ ကျင့်ခြင်းမွေ့လျော်၊ ဤငါးဖော်သည်၊ ခေါ်လေမုချ ငါးသုခ။
[ဤကား သမဏသုခငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ သမဏသုခ ငါးပါးကိုလည်း ပြန်၍ သိလေ၊ ၎င်း (၁၂၉)လာ။]

ဒုက္ကထာ ၅-ပါး

၁၂။ သဒ္ဓါ, သီလ၊ သုတမရှိ၊ မစ္ဆရိယ၊ ဒုပ္ပညဟု၊ ငါးဝပုဂ္ဂိုလ်၊ ဆိုနိုင်ခဲခက်၊ အမျက်ထွက်သည်၊ နှစ်သက်ဖွယ်ကင်း မရှိလျှင်း။
[ဤကား ပုဂ္ဂိုလ်ကိုထောက်၍ ဒုက္ကထာငါးပါး စကားရပ်မှတ်ဖွယ်တည်း။ သုကထာ စကားရပ်ကိုလည်း ပြန်၍ သိလေ၊ ၎င်းပဉ္စကနိပါတ် (၁၅၉)လာ။]

အလှူအကျိုးတရား ၅-ပါး

၁၃။ အလှူပေးရာ၊ အကျိုးမှာကား၊ များစွာချစ်ခြင်း၊ ဆည်းကပ်ခြင်းနှင့်၊ ကောင်းခြင်း ကျော်စော၊ ကင်းသောရွံ့ရှာ၊ သေခါနတ်ပြည်၊ ရောက်ကြောင်းမည်သည်၊ တည်စေမမှား ကျင့်တရား။
[ဤကား အလှူအကျိုးတရား ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းပဉ္စကနိပါတ် (၃၄)လာ။]

တောင်, တ မရသောတရား ၅-ပါး

၁၄။ အိုသည်တဖြာ၊ နာသည် တထွေ၊ သေသည်တချက်၊ ပျက်သည်တဝ၊ ကုန်ထလေရာ၊ ဤငါးဖြာကို၊ ဘယ်ရွာသူမှ၊ တောင်းမရသည်၊ သောကလွတ်ကင်း သတိသွင်း။
[ဤကား တောင်း, တ၍ မရသော တရားငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းပဉ္စကနိပါတ် (၄၇)လာ။]

ခိုးသူ ၅-ယောက်

၁၅။ ကာယ, ဝစီ, မနော မညီညွတ်ခြင်းသည် ဝိသမ၊ မိစ္ဆာအယူသည် ဂဟဏ၊ မင်း, အမတ်သည် ဗလ၊ ဆွမ်း,သင်္ကန်းစသည်သည် ဘောဂ၊ အစွန်ဇနပုဒ်၌ တစ်ယောက်တည်း နေခြင်းသည် ဧကစာရီ ခိုးသူမည်၏၊ မှတ်လေ။
[၎င်းနိပါတ် (၁၁၃)လာ။]

လုပ်ကျွေးနိုင်ခဲသော သူနာအင်္ဂါ ၅-ပါး

၁၆။ မလျောက်မပတ်၊ ပြုတတ်စွာလှ၊ မတ္တမရှိ၊ ရှောင်ဘိဆေးဝါး၊ မစားလိုပါ၊ အနာမကြား၊ သည်းကားမခံ၊ ငါးတန်အင်္ဂါ၊ ပြည့်စုံပါက၊ သူနာဆင်းရဲ၊ မွေးနိုင်ခဲသည်၊ ခဲလေကြကား သူအား။
[ဤကား လုပ်ကျွေးနိုင်ခဲသော ဂိလာန ဒု-ပဋ္ဌက သူနာအင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း။ လုပ်ကျွေးလွယ်သော ဂိလာနသုပဋ္ဌက သူနာအင်္ဂါငါးပါးကိုလည်း ဤမှပြန်၍ ဗျတိရေကနည်းဖြင့် သိလေ။ ၎င်းနိပါတ် (၁၂၆)လာ။]

သူနာ လုပ်ကျွေးထိုက်သူ၏ အင်္ဂါ ၅-ပါး

၁၇။ ဆေးကိုစီစဉ်၊ သိမြင်လျောက်ပတ်၊ ငဲ့လာဘ်မရှိ၊ ချစ်ဘိမေတ္တာ၊ လျော်စွာတရား၊ ဟောကြားပေရာ၊ ဤငါးပါးကြောင့်၊ သူနာတို့၌၊ လုပ်ကျွေးထိုက်ဟု၊ သုံးလူ့ဆရာ၊ မိန့်တော်လာသည်၊ ငါးဖြာကိုယ်တွင်း မြဲစေမင်း။
[ဤကား သူနာလုပ်ကျွေးထိုက်သော ဂိလာနုပဋ္ဌကအင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း။ မလုပ်ကျွေးထိုက်သော အင်္ဂါငါးပါးကိုလည်း ဤမှ ပြန်၍ ဗျတိရေက နည်းဖြင့် သိလေ၊ ၎င်းနိပါတ် (၁၂၇)လာ။]

အမျက်ငြိမ်းကြောင်းတရား ၅-ပါး

၁၈။ (က) မေတ္တာတခြား၊ သနားကရုဏာ၊ ဥပေက္ခာနှင့်၊ ကံသာမူလ၊ ကင်းထနှလုံး၊ ဤကျင့်ထုံးကို၊ စွဲသုံးလေးမင်း၊ မျက်ကြုတ်ကင်း။
[ဤကား အမျက်ငြိမ်းကြောင်းတရား ၅-ပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းနိပါတ် (၁၆၃) လာ။]

အမျက်ငြိမ်းကြောင်းတရား ၅-ပါး တနည်း

(ခ) တပါးမစင်၊ နှစ်ပါးစင်နှင့် ထို့ပြင်သုံးတန်၊ တဖန်သုံးဝ၊ သုံးဒွါရကို၊ ငှါနငါးထွေ၊ ရအောင်ဖွေလော့၊ ပမေဖြင့်မူ၊ ပံ့သကူနှင့်၊ မှော်ထူသောကန်၊ တဖန်နွားခြေ, သောက်သည်ရေနှင့်၊ တထွေတောထဲ၊ ဆင်းရဲသူနာ၊ ကြည်စွာရေကန်၊ သောက်ချိုးဟန်ကို ဉာဏ်ဝယ်အမြဲ အရခဲ။
[ဤကား အမျက်ငြိမ်းကြောင်းတရား ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ ထို့ကြောင့် "အမျက်ငြိမ်းရန်၊ ငါးနှစ်တန်၊ ကျမ်းဂန်မုချလာ"ဟု စပ်လေသည်။ အဓိပ္ပါယ်ကား- ကာယမစင် ဝစီ, မနောစင်၏၊ ကာယ, ဝစီမစင်၊ မနောစင်၏ သုံးပါးလုံးမစင်၊ သုံးပါးလုံးစင်၏ဟူလိုသည်။ ကာယမစင်သည်မှာ- ပံ့သကူကောက်သည်နှင့်တူ၏၊ ဝစီမစင်သည်မှာ- မှော်ရှိသော ရေကန်၌ ရေသောက်သည်နှင့်တူ၏၊ နှစ်ပါးမစင် တပါးစင်သည်မှာ- နွားခြေရာ၌ ရေသောက်သည်နှင့်တူ၏၊ သုံးပါးလုံးမစင်သည်မှာ- တောကြီးထဲ၌ လူနာကို သနားသည်နှင့် တူ၏၊ သုံးပါးစင်ကြယ်သည်မှာ-ချမ်းဧသောရေရှိသော ရေကန်ကြီးဝယ် ရေသောက်သောသူနှင့် တူ၏-ဆိုလိုသည်။ ကြံလေ၊ နည်းခံလေ၊ ၎င်းနိပါတ် (၁၆၄) လာ။]

အားထုတ်နိုင်ခြင်း အကြောင်းတရား ၅-ပါး

၁၉။ အားထုတ်နိုင်ရာ၊ ကြောင်းငါးဖြာမူ၊ ပျိုစွာကာလ၊ ကင်းထအနာ၊ ဝပြောစွာလျက်၊ ညီညာလူများ၊ နေနှစ်ပါးသို့၊ မပြားနေမြဲ၊ မကွဲသံဃာ၊ ညီညွတ်ပါမှ အားထုတ်ရသည်၊ ထုတ်ကြလေမင်း ခေတ်အတွင်း။
[ဤကား အားထုတ်နိုင်ခြင်း အကြောင်းငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ မထုတ်နိုင်ခြင်း အကြောင်းငါးပါးကိုလည်း ဤမှ ပြန်၍ ဗျတိရေကနည်းဖြင့် သိလေ၊ ၎င်းနိပါတ် (၅၈) လာ။]

အမြဲဆင်ခြင်အပ်သော အကြောင်းတရား ၅-ပါး

၂၀။ အိုခြင်း, နာခြင်း၊ သေခြင်းတထွေ၊ ကွဲထွေချစ်ခြင်း၊ ဖြစ်ခြင်းကံသာ၊ ဤငါးဖြားကို၊ မကွာမယွင်း နှလုံးသွင်း။
[ဤကား အမြဲမပြတ် ဆင်ခြင်အပ်သော အကြောင်းတရားငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ ၎င်းနိပါတ် (၆၃) လာ။]

ဆင်ခြင်ခြင်း အကျိုးတရား ၅-ပါး

၂၁။ ယောဗ္ဗတဖြာ၊ အာရောဂျမာန်၊ တဖန်ဇီဝိ၊ ကင်းဘိဆန္ဒ၊ ရာဂတခြား၊ ဆယ်ပါးဒုစရိုက်၊ ကင်းကွာထိုက်သည်၊ တိုက်လေမမှား ဆေးငါးပါး။
[ ဤကား ဆင်ခြင်ခြင်း အကျိုးတရား ငါးပါးစကားရပ်မှတ်ဖွယ်တည်း။ ၎င်းနိပါတ် (၆၃)လာ။]

မီးလှုံခြင်းအပြစ် ၅-ပါး

၂၂။ မျက်စိမွဲထ၊ မလှအဆင်း၊ နာခြင်း ခွန်အား၊ စကားဖီလာ၊ များစွာအဖော်၊ မွေ့လျှော်တုံရာ၊ မီးဝယ်လာသည်၊ လှုံခါမကင်း သတိသွင်း။
[ဤကား မီးလှုံရာ အပြစ်ငါးပါး စကားရပ်မှတ်ဖွယ်တည်း။]

အနာဂါမိ ဥစ္စာ ၅-ပါး

၂၃။ သဒ္ဒါ, သီလ၊ သုတ, စာဂါ၊ ပညာ, ဓန၊ ငါးဝဥစ္စာ၊ ပြည့်စုံပါက၊ နောင်လာဘဝ၊ ဓနများရှင်၊ လိုအင်ကိစ္စ၊ လိုတိုင်းရသည်၊ ရှာကြလေကား ဥစ္စာငါး။
[ဤကား အနုဂါမိဥစ္စာငါးပါးစကားရပ် မှတ်ဖွယ်တည်း၊ `ဤဥစ္စာငါးပါးစကားရပ် မှတ်ဖွယ်တည်း။ ဤဥစ္စာနှင့် ပြည့်စုံသောသူကို သူဆင်းရဲမဆိုထိုက်ချေ၊ ကြွယ်ဝသောသူဆိုအပ်၏- မှတ်လေ။]

ကုသိုလ် ၅-ပါး

၂၄။ ဆွမ်းနှင့် သင်္ကန်း၊ တခန်း ဆေး, ကျောင်း၊ ညောင်စောင်း အင်းပျဉ်။ ဤငါးအင်ကို၊ လှူကျင်ရက၊ ပုညမြစ်ရေ၊ တတွေတွေသည်၊ လှူလေကြမင်း ကုန်မယွင်း။
[ဤကား သမုဒ္ဒရာမြစ်ကြီးကဲ့သို့ အကျိုးများသော ကုသိုလ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ ၎င်းနိပါတ် (၄၅)လာ။]

စင်္ကြံသွားခြင်းအကျိုး ၅-ပါး

၂၅။ စင်္ကြံသွားရာ၊ အကျိုးမှာကား၊ အစာကြေခြင်း၊ ကင်းသည်အနာ၊ ရှည်စွာသမာဓိ၊ တည်ဘိတခန်း၊ ကမ္မဋ္ဌာန်းလည်း စီးဖြန်းနိုင်ပေ၊ ဝေးလေတပါး၊ ခရီးအားလည်း သွားစွမ်းနိုင်စွာ၊ ဖြစ်လေရာသည်၊ ချမ်းသာရဆေး ဖော်၍ပေး။
[ဤကား စင်္ကြသွားကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းနိပါတ် (၂၄)လာ။]

စစ်သည်နှင့် တူသော ရဟန်း ၅-ပါး

၂၆။ မြူတမ်းခွန်က၊ ကြားထအသံ၊ တဖန်ပုတ်ခတ်၊ အောင်လတ်စစ်ပွဲ၊ သူရဲငါးထွေ၊ ဖြစ်လေသောလား၊ ရဟန်းသားဝယ်၊ ဆယ်ပါးကိလေ၊ တိုက်ရပေသည်၊ အောင်မြေတပ်ထဲ သုံးပုံပွဲ။
[ ဤကား စစ်သည်ငါးယောက်နှင့် တူသော ရဟန်းငါးပါး စကားရပ်မှတ်ဖွယ်တည်း။ မြူအခိုးကိုမြင်လျှင် တပ်လန်တပ်ဆုတ်သော သူရဲတစ်ယောက်၊ ရထားတမ်းခွန်ကို မြင်လျှင် တပ်လန်သည့် သူရဲတစ်ယောက်၊ ဆင်, မြင်းသံကို ကြားလျှင် တပ်လန်သည့် သူရဲတယောက်၊ အနည်းငယ်ပုတ်မိမှ လန်သည့် သူရဲတစ်ယောက်၊ ပုတ်ခတ်မိသော်လည်း မလန်စေပဲ အောင်တပ်ထဲမှာ အောင်ပွဲခံရသော သူရဲတစ်ယောက်၊ ဤသူရဲငါးယောက်ကဲ့သို့ သာသနာတော်၌ မာတုဂါမတို့ အဆင်း, အသံစသည်တို့ကို မြင်ခြင်း ကြားခြင်း စသည်တို့ကြောင့် လူထွက်သော ရဟန်း, လူမထွက်သော ရဟန်းတို့ကို ယခင်စစ်သည်နှင့် အလားတူ ယူလေ၊ အင်္ဂုတ္တရပဉ္စကနိပါတ် (၈၁)လာ။]

ဗြဟ္မဝိဟာရတရား ၄-ပါး

၂၇။ အကျိုးရှိရာ၊ တောင့်တခါ၌၊ မေတ္တာမှန်လှ၊ ဒုက္ခခပ်သိမ်း၊ ကင်းငြိမ်းသမှု၊ ရှေ့ရှုသည်မှာ၊ ကရုဏာတည့်၊ ချမ်းသာသုခ၊ ပြည့်စုံကြရာ၊ ဝမ်းမြောက်ပါက၊ မုဒိတာဖြစ်၊ လျစ်လျူရှုကာ၊ ဥပေက္ခာတည့်၊ လေးဖြာဗြဟ္မ၊ ဝိဟာရကို၊ နေ့ညမကင်း စေနှင့်မင်း။
[ ဤကား ဗြဟ္မဝိဟာရ တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ အပ္ပမညာ တရားလေးပါးလည်း ဟူ၏၊]

ဗြဟ္မဝိဟာရ ပွားပုံ

၂၈။ သားငယ်တခြား၊ နာသည်သားနှင့် ပျိုငြားတသွယ်၊ အရွယ်ကြီးမား၊ လေးယောက်သားကို၊ တရားလေးထွေ၊ ပွားဖြစ်လေသည်၊ ပုံသေမမှား မိဘအား။
[ဤကား မိဘအား ဗြဟ္မဝိဟာရတရားလေးပါး ပွားကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

သံဝဏ္ဏနာ ၅-နည်း

၂၉။ ဝုတ္တိ, ဥလ္လိင်္ဂ၊ သုံးဝသမ္ဗန်၊ ဖွင့်လေဟန်ကို၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား သံဝဏ္ဏနာ ငါးနည်း မှတ်ဖွယ်တည်း။ သုံးဝသမ္ဗန်မှာ- သမ္ဗန်မှာ-သမ္ဗန္ဓသံဝဏ္ဏနာ, ဥလ္လိင်္ဂသမ္ဗန္ဓသံဝဏ္ဏနာ, ဝုတ္တိသမ္ဗန္ဓသံဝဏ္ဏနာ ဟူ၍ ယူလေ။]

ပဒသံဝဏ္ဏနာ ၈-ပါး

၃၀။ ပဒ, အတ္ထ၊ ပဒတ္ထဟု၊ မူလသံဝဏ္ဏနာ၊ ဖွင့်ရာမှန်ဘိ၊ သုံးနည်းရှိလိမ့်၊ ဝိဘတ္တိ, လိင်္ဂ၊ ပစ္စယဓာတု၊ လေးခုဒုတိယ၊ ရှစ်ပဒကို၊ အရဉာဏ်ထဲ သိအောင်စွဲ၊
[ဤကား ပဒသံဝဏ္ဏနာရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း။ လေးခု ဒုတိယ၌-ဒုတိယလိင်္ဂပဒ, ဒုတိယဝိဘတ္တိပဒ, ဒုတိယဓာတုပဒ, ဒုတိယပစ္စယပဒကို ယူလေ။]

လိင်္ဂပဒသံဝဏ္ဏနာ ၆-ပါး

၃၁။ သန္ဓိ, နာမ၊ ကာရက, သမာသ်၊ နိပါတ်တဖြာ၊ ဥပသာရ၊ လိင်္ဂခြောက်ဖြာ၊ ပြားသည့်တာကို၊ သဒ္ဓါ ဉာဏ်ရဲ သိလေမြဲ။
[ဤကား လိင်္ဂပဒခြောက်ဖြာ ပြားကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

အတ္ထသံဝဏ္ဏနာ ၉-ပါး

၃၂။ လိင်နှင့် ဝိဘတ်၊ ဓာတ်နှင့် ပစ္စည်းလေးနည်း ဒုတိယ၊ အဘိဓေယျတ္ထတဖြာ၊ ဖွင့်ရာနယ၊ ကိုးအတ္ထကို၊ သုံးဝဘုံတွင်း ရှာစိမ့်ခင်း။
[ဤကား သံဝဏ္ဏနာ ကိုးပါး စကားရပ်မှတ်ဖွယ်တည်း။]

လိင်္ဂတ္ထသံဝဏ္ဏနာ ၅-ပါး

၃၃။ နာမ်, ကာရက၊ သမာသ်စသား၊ ဥပသဂ္ဂတရပ်၊ နိပါတ်နှင့်ပါ၊ ငါးဖြာနယ၊ လိင်္ဂတ္ထကို၊ ဖွင့်ကြလေမင်း ကျမ်းအတွင်း။
[ဤကား လိင်္ဂတ္ထသံဝဏ္ဏနာ ငါးပါးစကားရပ် မှတ်ဖွယ်တည်း]

သံဝဏ္ဏနာ ၅-ပါး

၃၄။ သကတ်, ဒြပ်၊ လိင်္ဂတ်တဖြာ၊ သင်္ချာကာရက၊ ငါးနယကို၊ သိကြစေမင်း ခေတ်အတွင်း။
[ဤကား သံဝဏ္ဏနာငါးပါး စကားရပ် မှတ်ဖွယ် တနည်းတည်း။]

၂-ပါး၊ ၂-ပါးအားဖြင့် သံဝဏ္ဏနာ ၆-ပါးပြားပုံ

၃၅။ နီတတ်, နေယျတ်၊ ပကတျတ်နှင့်၊ ပစ္စယတ်သဒ္ဒါ၊ ဘာဝတခြား၊ ခြောက်ပါးဒုက၊ နည်းနယကို၊ ဆောင်ကြလေမင်း နှုတ်အတွင်း။
[ဤကား နှစ်ပါး နှစ်ပါး၊ ဒုကအားဖြင့် ခြောက်ပါးပြား၏ ဟူလိုသည်။]

သံဝဏ္ဏနာဆစ်-၆၁

၃၆။ အဘိဓေယျ၊ သဘာဝနှင့်၊ နာမထပ်တူ၊ ယူလေတုံထ၊ ဂ-လ-ပြ-စစ်၊ လောင်းလစ်အတု၊ ခုနှစ်ခုနှင့် ပေါင်းစု တုံငြား၊ တပါးစွန်းကယ်၊ ခြောက်ဆယ်သံဝဏ္ဏနာ၊ ဖွင့်ဖွယ်ရာကို၊ နှုတ်မှာ အမြဲ အရခဲ။
[ဤကား သံဝဏ္ဏနာဆစ်ခြောက်ဆယ်တစ် ဆောင်ပုဒ် စကားရပ် မှတ်ဖွယ်တည်း။ နာမထပ်တူ ဟူရာ၌-အဘိဓာနတ္တ, အဘိဓေယျတ္ထဟု ယူလေ၊ ဂ-မှာ ဂရုနည်း၊ လ-မှာ လဟုကနည်း၊ ပြ-မှာ ဝိဂြိုလ်ပြ၊ စစ်-မှာ ဝိဂြိုလ်စစ်၊ တု-မှာ ဝိဂြိုလ်တု ယူလေ။]

ဆောင်ပုဒ်

၃၇။ ပါဠိ, အဋ္ဌကထာ၊ ဋီကာဖွင့်ရိုး၊ အမျိုးမျိုးကို။ နည်းခိုးစိမ့်ငှါ၊ စုံစွာပြယုဂ်၊ မပြထုတ်ပဲ၊ ဆောင်ပုဒ်အလွယ်၊ ဆောင်စိမ့်ရွယ်သည်၊ ဉာဏ်ငယ်သူများ နှုတ်ဝယ်ထား။

တရားနာခြင်းအကျိုး ၅-ပါး

၃၈။ မကြားဘူးက၊ ကြားဘူးရခြင်း၊ ပြီခြင်းစင်ကြယ်၊ ပျောက်ပယ်ယုံမှား၊ ဖြောင့်ငြားအယူ၊ ကြည်ဖြူစိတ်ထား၊ ဤငါးပါးကို၊ တရားနာက ရလေရ။
[ဤကား တရားနာခြင်းအကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရပဉ္စကနိပါတ် (၂၁၆) လာ။]

သီလညစ်ညူးကြောင်း, ဖြူစင်ကြောင်း စကားရပ်

၃၉။ ဥပနာဟ၊ ပလာသနှင့်၊ ကောဓ, မာယာ၊ ဣဿာ, မစ္ဆရိယ၊ ကောဓ, ထမ္ဘာ 'သာရမ္ဘာနှင့်၊ မဒါ, မာန၊ ပမာဒမည်ရှိ၊ အတိမာန၊ ဖြစ်ချေကမူ၊ သီလညစ်ရာ၊ နည်းစွာအလို၊ ထိုထိုခေါင်းပါး၊ ရောင့်ရဲများမှာ၊ သီလဖြူရာ၊ ကျမ်း၌လာသည် ဆပ်ပျာလက်တွင်း ရှိစေမင်း။
[ဤကား သီလညစ်ညူးကြောင်းဖြူစင်ကြောင်းစကားရပ် မှတ်ဖွယ်တည်း။ ကောဓ-အမျက်၊ ဥပနာဟ- ရန်ငြိုး၊ မက္ခ-ကျေးဇူးကိုချေခြင်း။ ပလာပ-အဖျင်းဖျင်းဆိုခြင်း၊ ဣဿာ-ငြူစူခြင်း၊ မစ္ဆရိ-ဝန်တိုခြင်း၊ မာယာ-လှည့်ပတ်ခြင်း၊ သာဌေယျ-စဉ်းလဲခြင်း၊ ထမ္ဘာ-ခိုင်မာခြင်း၊ သာရမ္ဘာ-ချုပ်ချယ်ခြင်း၊ မာန-မာန်တက်ခြင်း၊ အတိမာန-အလွန်မာန်မူခြင်း၊ မဒ-ယစ်ခြင်း၊ ပမာဒ-မေ့လျော့ခြင်းကိုယူလေ။]

မေထုနနသံယောဇဉ် ၇-ပါး

၄၀။ ဆုတ်နယ်တခြား၊ ကစားရယ်ခြင်း၊ ကြည့်ခြင်း မျက်စိ၊ ကြားဘိအသံ၊ ရယ်ဟန်အောက်မေ့၊ ပျော်မွေ့ကာမာ၊ မြင်လေပါရှင့်၊ နတ်ရွာတောင့်တ၊ ကျင့်ချေကမူ၊ ကျိုးထသီလာ၊ ဖြစ်လေရာသည်၊ သံသရာဝဲ ဝင်လိမ့်မြဲ။
[ဤကား မေထုနသံယောဇဉ်ခုနှစ်ပါးစကားရပ်မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရသတ္တကနိပါတ် (၄၃၈) လာ။]

နိကန္တတဏှာနှင့် မေထုနသံယောဇဉ်အပြစ်

၄၁။ နိကန္တဗလဝ၊ မေထုနကြောင့်၊ တောင့်တတဏှာ၊ မကင်းပါ၍၊ ယုတ်ရာဌာန၊ ဖြစ်လေရသည်၊ စျာန်ရသူအား ဖြစ်ရငြား။
[ဤကား နိကန္တ တဏှာအပြစ် မေထုန သံယောဇဉ် အပြစ်တရား စကားရပ်မှတ်ဖွယ်တည်း။ "နိကန္တဗလဝတ္တာ၊ သတ္တဝိဓ မေထုနသံယောဂတ္တာ စ" ဟိတ်နှစ်ချက်ကြောင့် သူကြွယ် နှစ်ဦး နဂါး ဂဠုံ, တိရစ္ဆာန်ဘုံ၌ဖြစ်လေသည်၊ သီမဝိသောဓနာမှာ ကြည့်လေ၊ ဂေါပကနတ်ဆရာ စျာန်ရပါလျက် အထက်မှာ မဖြစ်၊ အောက်မှာဖြစ်ရလေသည်၊ စျာန်မရသူဝယ် ဆိုဖွယ်မရှိ မှတ်လေ၊ သုတ်ပါထေယျအဋ္ဌကထာ စသည်မှာ ကြည့်လေ။]

အက္ခောဘိဏီတပ်

၄၂။ ခြောက်သောင်းနာဂ၊ တည်ထအရင်း၊ မြင်းနှင့် ရထား၊ စီးငြားကညာ၊ နောက်ပါမိန်းမ၊ လေးဝစဉ်ဆက်၊ ရာချည်းတက်လော့၊ အက္ခောဘိဏီ၊ ဇာလိနီလာ၊ သိစိမ့်မှာသည်၊ မကွာနှုတ်တွင်း စွဲလေမင်း။
[ဤကား အက္ခောဘိဏီ အရေအတွက် စကားရပ် မှတ်ဖွယ်တည်း။ တနည်းလည်း ဝါးအစည်းခြောက်ဆယ်တိုက်ကို မှုန့်မှုန့်ညက်ညက်ကျေအောင် နင်း၍ သွားနိုင်သော စစ်သည်အပေါင်းသည် အက္ခောဘိဏီမည်၏၊ မဟောသဓာဘုရားအလောင်းသည် တစ်ဆယ့်ရှစ်ခေါ်ဘိဏီရှိသော ဗြဟ္မဒတ်မင်းစစ်သည် အပေါင်းတို့ကို ယင်ငယ်တကောင်သောက်မျှ သွေးမထွက်စေမူ၍ မသေရအောင် ကယ်ဆယ်တော်မူလေသည်။ ဆင်ပေါင်းခြောက်သောင်း၊ ၎င်းဆင်တစ်ကောင် တစ်ကောင်၌ မြင်တစ်ရာ တစ်ရာ၊ ၎င်းမြင်းတစ်ကောင်တစ်ကောင်၌ ရထား တစ်ရာတစ်ရာ၊ ၎င်းရထား တစ်ဆူတစ်ဆူ၌ သတို့သမီးကညာ တစ်ရာတစ်ရာ၊ ၎င်းမိဖုရား တစ်ယောက်တစ်ယောက်၌ အလုပ်အကျွေးနောက်လိုက် မိန်းမတစ်ရာတစ်ရာ၊ ဤငါးရပ်ကို ပေါင်းလျှင် အက္ခောဘိဏီမည်၏ ဟူလိုသည်။

အဓိဋ္ဌာန် ၅-ပါး

၄၃။ ဗောဓိတိမ်တိုက်၊ တလို်ကရောင်ခြည်၊ တမည် ညှပ်ရိုး၊ တစ်မျိုးဓာတ်တော်၊ ဤငါးဖော်သည်၊ ရှင်တော်ဘုရားဓိဋ္ဌာန်ငြား။
[ဤကား ဘုရားအဓိဋ္ဌာန်တော်မူခဲ့သော ငါးပါးစကားရပ်မှတ်ဖွယ်တည်း၊ ဥဒါနဒီပနီစသည်မှာ ကြည့်လေ၊ ပါရာဇိကဏ်အဋ္ဌကထာ (၆၈)လာ။]

ဓမ္မတာအပြား ၃၀

၄၄။ (က) သတိတသွယ်၊ ထက်ဝယ်တခြား၊ ဖွားကာမတ်တတ်၊ အရပ်တော်မှာ မျက်နှာခြောက်ပါး၊ ခုနှစ်ဖဝါးနှင့်၊ စကားသုံးထွေ၊ ဆိုလေတုံငြား၊ တစ်ယောက်သားနှင့်၊ ကျင့်ငြား ဒုက္ကရစရိယာ၊ ဂဏာရသ၊ ဘုဉ်းပေးရသည်၊ နိစ္စမလွဲ ဖြစ်လေမြဲ။ (ခ) မြက်ခင်းပလ္လင်၊ ရှုချင်ထွက်သက်၊ စစ်ဖက်မာနတ်၊ သိအပ်ဝိဇ္ဇာ၊ ပလ္လင်မှာတည့်၊ နေရာဌာန၊ ခုနှစ်ဝ၌၊ မြှောက်ထလေးပါး၊ ခုနှစ်ခါတည့်၊ ဗြဟ္မာတောင်းပန်၊ ဟောရန်ဌာန၊ ဓမ္မစကြာ၊ မိဂဒါတည့်၊ အင်္ဂါလေးဝ၊ ပြည့်စုံကြ၍၊ ပြသည်ပါတိမောက်၊ ထို့နောက်တတန်၊ ဇေတဝန်၌ မြဲမြန်ဝါကပ်၊ ပြုအပ်ပေရာ၊ ယမိုက်ဟာကား၊ ပြည်သာဝတ္ထိ၊ ပြလေဘိသည်။ သတိအမြဲဉာဏ်ဝယ်စွဲ။ (ဂ) ဘိဓမ္မာ၊ ဝတိန်သာတည့်၊ သက်လှာတုံထ၊ သံကဿမှာ၊ မြဲစွာသမာပတ်၊ ဝင်လတ်တုံငြား၊ နှစ်ပါးကာလ၊ ကြဉ်ထသတ္တဝါ၊ သိက္ခာတရား၊ ကြောင်းရှိငြားမှ၊ ဟောကြားပညတ်၊ အတ္ထုပ္ပတ္တိ၊ ရှိမှဇာတ်တော်၊ ဟောမြွက်ဖော်၏၊ ဆွေတော်မျိုးတွင်၊ ဗုဒ္ဓဝင်တည့်၊ ထို့ပြင်တဖြာ၊ အာဂန္တုက၊ ပြောထစကား၊ ပန်ကြားတကာ၊ ဝါကျွတ်မှာတည့်၊ ငါးခါကိစ္စ၊ ပြုပေရသည်၊ ဗုဒ္ဓဘုရား ရှင်တော်အား။
[ဤကား ဓမ္မတာအပြားသုံးဆယ် မှတ်ဖွယ်စကားရပ်တည်း၊ သုတ်မဟာဝါ ပါဠိတော် (၁၁)လာ။]

အန္တရာယ်မပြုနိုင်သည့်တရား ၄-ပါး

၄၅။ ရည်ရော်ပစ္စည်း၊ တနည်းအသက်၊ ခြောက်ချက်ရောင်ခြည်၊ သုံးဆယ့်နှစ်မည်လက္ခဏာ၊ သုံးဖြာလူ၌၊ မဖျက်ထိုက်သည်၊ အမှိုက်အလား လွင့်ရငြား။
[ဤကား ဘုရားတို့ဝယ် အန္တရာယ်မပြုနိုင်သည့် တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာ (၁၅၈) နှင့် ဗုဒ္ဓဝံသအဋ္ဌကထာ (၃၅၂)လာ။]

ဘုရားတို့မစွန့်အပ်သောအရပ် ၄-ပါး

၄၆။ ဗောဓိပလ္လင်၊ ထို့ပြင်တချက်၊ ဓမ္မစကြာ၊ ဟောရာဌာန၊ ညောင်းစောင်းချရာ၊ လက်ယာခြေတော်၊ ချတော်မူရာ၊ နေရာဌာန၊ သင်္ကဿတည့်၊ ဌာနလေးပါး မစွန့်ငြားသည်၊ ၊ ဘုရားဗုဒ္ဓ ဟူသမျှ။
[ဤကား ဘုရားတကာ မစွန့်ရာသော အရပ်လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်မဟာဝါ အဋ္ဌကထာ (၁၇)လာနှင့် ဗုဒ္ဓဝံသ အဋ္ဌကထာ (၃၅၁)လာ။]

ပရိနိဗ္ဗာန်ကြွစံတော်မူကြောင်း ၃-ပါး

၄၇။ သုဒဿန၊ သုဘဒ္ဒနှင့်၊ ဒေါဏဓာတု၊ ဝေဖန်မှုကြောင့် သုံးလူ့ဆရာ၊ ကုသိန္နာသို့၊ ပါဝါမြို့မှ၊ နားထနှစ်ဆယ်၊ ငါးထောက်ကယ်လိမ့်၊ တသွယ်မယုတ်၊ လွန်အားထုတ်၍၊ သုံးဂါဝုတ်ကွာ၊ လာရရှာသည်၊ ကြင်နာသနားဖွယ်တကား။
[ဤကား ကုသိန္နာရုံပြည်၌ ပရိနိဗ္ဗာန် ကြွစံတော်မူကြောင်းသုံးပါး စကားရပ် မှတ်ဖွယ်တည်း။ သုတ်မဟာဝါ အဋ္ဌကထာ (၁၆၄)လာ။]

တမန်အင်္ဂါ ၈-ပါး

၄၈။ စကားကြားလွယ်၊ အဓိပ္ပါယ်သိ၊ မှတ်သိမြဲစွာ၊ ပြန်နိုင်ရာနှင့်၊ လိမ္မာကျိုး,ဖြစ်၊ မဖြစ်ခိုက်ရန်၊ ဟုတ်မှန်သိစေ၊ ရှစ်ထွေအင်္ဂါ၊ ပြည့်စုံပါက၊ စေရာတမန်၊ ခိုင်းဖွယ်မှန်သည်၊ ဧကန်မမှား သူတို့အား။
[ဤကား တမန်အင်္ဂါရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ စူဠဝါပါဠိတော် (၃၆၄)မှာကြည့်လေ။]

မလိမ္မာ၍ ဘေးတွေ့ပုံနှင့် လိမ္မာ၍ ချမ်းသာရပုံ

၄၉။ လေးယောက်အပြား၊ နွားကျောင်းသားနှင့်၊ ပုဏ္ဏားတသွယ်၊ ဆိတ်ဝယ်တချက်၊ ငှက်လင်းမြီးဆွဲ၊ မကွဲမပြား၊ သဌေးသားတို့၊ စကားအရာ၊ မလိမ္မာ၍၊ ဒုဘာသိတ၊ ဒုကမ္မကြောင့်၊ ဒုက္ခကြီးစွာ၊ တွေ့လေပါခဲ့၊ ကိန္နရာဖို,မ၊ မဟစကား၊ မကြားမပြန်၊ ဆိုချိန်တန်မှ၊ ဆိုလေကြ၍၊ သုခကြီးစွာ၊ ရလေပါခဲ့၊ ဒုဘာသိတ၊ တသိန်းမျှထက်၊ ကျိုးရစကား၊ တခွန်းအားကို၊ စိတ်ငြားတဆယ်၊ စွန်းကယ်ခြောက်ပါး၊ တစုအားမျှ မတူကြသည်၊ ရစေထုံးနည်း ကျမ်းလာတည်း။
[ဤကား မလိမ္မာ၍ ဘေးတွေ့ကြောင်း, လိမ္မာ၍ ချမ်းသာရကြောင်း စကားရပ်မှတ်ဖွယ်တည်း၊ ၊ တေရသနိပါတ် တက္ကာရိယဇာတ် (၂၄၆)မှာ ကြည့်လေ၊ အဓိပ္ပါယ်ကျယ်လတ္တံ့ဖြစ်၍ မမှာလိုက်သည်။]

ကြဉ်ရှောင်အပ်သောတရား ၄-ပါး

၅၀။ အဆိပ်သူရာ၊ ညွှန်မှာလာဘ၊ ရာဇမြွေဟောက်၊ ကျောက်မက်ဖွယ်ရာ၊ မာတုဂါမ၊ ပပါတဟု၊ လေးဝတရား၊ ရှောင်ရှားလေပါ၊ အဖမှာလည်း၊ ကျင့်ရာတရား လူတို့အား။
[ဤကား ကြဉ်ရှောင်အပ်သော တရားလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ တေရသနိပါတ် စူဠနာရဒဇာတ် (၂၂၂)မှာ ကြည့်လေ။ သားရသေ့က လူတို့နေရာ ရောက်သည်ကာလ ကျင့်ရာသည်ကို ဆုံးမပါဆို၍ ဘုရားလောင်း အဖရသေ့ ဆုံးမသော တရားလေးပါးတည်း၊ ပပါတ-ကို ကမ်းပါး-မှတ်လေ။]

သီလရှိစဉ် အလှူဒါနပြု၍ အကျိုးကြီးပုံ

၅၁။ မြေခွေး, ယုန်, ဖျံ၊ တဖန် တောမျောက်၊ လေးယောက်ဥပုသ်၊ မယုတ်ဒါန၊ လှူဒါန်းကြလျက်၊ ပုညလယ်မြေ၊ စိုက်ကြဲလေသည်၊ ယူထွေကမ္ဗည်း လေးယောက်နည်း။
[ဤကား ဥပုသ်စောင့်သောသူ အလှူပေးသင့်ကြောင်း စကားရပ်မှတ်ဖွယ်တည်း။ သာရိပုတ္တ အလောင်းမျောက်မှာ အစာရှာသွားရာက သရက်သီးခိုင်ကို ရခဲ့၍ လှူလေ၏၊ မောဂ္ဂလ္လာန်အလောင်း မြေခွေးမှာ လယ်စောင့်ယောကျ်ား လယ်ထဲ၌ ထားသော အမဲနှစ်ကင်၊ ဖွတ်တစ်ကောင် နို့ဓမ်းတအိုးကို ရခဲ့၍ လှူလေသည်။ အာနန္ဒာအလောင်း ဖျံမှာ တံငါတို့ သဲထဲမြှုပ်၍ ထားခဲ့သော ငါးကြင်ခုနှစ်မကို ရခဲ့၍ လှူလေသည်။ ဘုရားလောင်း ယုန်မင်းမှာ နှမ်း, ဆန်, ပဲနောက်မရှိ မြက်ပင်သာ ရှိသောကြောင့် မလှူဘူးသော ကိုယ်အသားကို မီးပုံသို့ ဆင်း၍ လှူလေသည်၊ စတုက္ကနိပါတ် သသပဏ္ဍိတဇာတ် (၄၈)မှာ ကြည့်လေ။ ကိုယ်၌ သီလရှိခိုက် အလှူပေး၍ အကျိုးကြီးသောကြောင့် စားရဘို့ကပင် ယူ၍ လှူကြဟု ဘုရားလောင်း သသပဏ္ဍိတက ဆုံးမတော်မူသည်၊ နှလုံးထားမိကြစေ။]

သူဌေးသား ၄-ယောက် အမဲသားတောင်းပုံ

၅၂။ ဟယ်တောင်းရာမူ၊ အူမြေးဟူ၏၊ ထို့တူပေါင်သား အစ်ကိုအားဟု၊ တောင်းငြားလေပါ၊ ဖခင်မှာကား၊ နှလုံးသားကို၊ ပေးငြားတုံလေ၊ အဆွေတောင်းရာ၊ များစွာ မံသ၊ အကုန်ရလိမ့်၊ ပိယဝါစာ၊ သုဘာသိတ၊ ဖရုသဖြင့်၊ ဆိုကြစကား၊ ကျိုး, ပြစ်များကို၊ မှတ်သားစေချင်၊ သိစိမ့်ဆင်သည်၊ ရှောင်ကြဉ်အမြဲ ကျင့်သုံးစွဲ။
[ဤကား အမဲရောင်းလာသော မုဆိုးအား သူဌေးသားလေးယောက် အမဲသားတောင်းသော စကားရပ်မှတ်ဖွယ်တည်း။ စတုက္ကနိပါတ် သဗ္ဗမံသ လာဘဇာတ်၊ (၄၆)မှာကြည့်လေ၊ ဟရေလုဒ္ဒက-ဟယ်မုဆိုး၊ အမဲသားတစ်တုံး ငါ့အားပေးလော့၊ ဇေဋ္ဌဘာတိက-အစ်ကိုကြီး၊ တာတ-ဖခင်၊ သဟာယ-အဆွေ၊ အမဲသား ငါ့အား ပေးလော့-ဟု သူဌေးသားလေးယောက်တို့ မုဆိုးအား အမဲသားတောင်း၍ စကားနှင့် လျော်စွာ သာရိပုတ္တရာ အလောင်းမုဆိုးက အမဲသားပေးလေသည်၊ ဘုရားအလောင်း သူဌေးသားမှာ အဆွေဆို၍ တောင်းသောကြောင့် အဆွေခင်ပွန်းမည်သည် စီးပွားဖက်ဖြစ်တော့သည်။ အဆွေခင်ပွန်း မရှိသော် ရွာတောနှင့်တူ၏ အလုံးစုံနှင့် ဆက်ဆံ၏ဟု နှလုံးပြု၍ လှည်းနှင့်တကွ ပါသမျှအမဲကို ပေးလေသည်၊ ဤသို့သော ထုံးကို နှလုံးပြု၍ စကားပြောအရာလိမ်မာကြစေ၊ ဘုရားလောင်း သူဌေးသား ပြောဆိုသောထုံးကို နှလုံးပြုလေ။]

နသာဓုတရား ၄-ပါး

၅၃။ ရာဇာစူးစမ်း၊ ရဟန်းကိုယ်-နှုတ်၊ စောင့်ချုပ်မပျက်၊ အမျက်ကောဓ၊ ပယ်ချလေရာ၊ ပညာရှိအား၊ ပျင်းငြားတုံထ၊ ကာမဘောဂီ၊ သညီတွင်ဘိ၊ ဂီဟိထိုအား၊ ရှောင်ရှားလေရာ၊ လေးဖြာဓမ္မ၊ လေးပါး န-ကို၊ မှတ်ကြလေကား အမျိုးသား။
[ဤကား န-သာဓုတရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ စတုက္ကနိပါတ် ရထလဋ္ဌိဇာတ် (၉၆)မှာ ကြည့်လေ။ ဘုရားလောင်း အမတ်ပညာရှိ မင်းကြီးအား ဆုံးမလေသည်၊ မင်းတို့ မစူးစမ်း မဆင်ခြင်ဘဲ အဂတိလေးပါးသို့ လိုက်၍ စီရင်လျှင် လဆုတ်ပက္ခ လအရောင်ကဲ့သို့ စည်းစိမ်ဆုတ်ယုတ်ပျက်စီးကြောင်းဖြစ်၏၊ ကာသိကရာဇ် မင်းစသည်တို့ကဲ့သို့ မှတ်လေ။ ရဟန်းတို့ ကိုယ်, နှုတ်မစောင့်မှု ကဿပ ဘုရားလက်ထက် ရဟန်းပြိတ္တာကဲ့သို့ အပါယ်လားကြောင်းဖြစ်၏၊ အမျက်ထွက်ခြင်း ခန္တီဝါဒရသေ့အား ကလာဗုမင်း အမျက်ထွက်၍ ပြစ်မှားသောကြောင့် မြေမျို၍ အဝီစိငရဲ၌ ခံရလေသည်။ ပျင်းခြင်းကြောင့် အပြစ်ခြောက်ပါး ရောက်ကြောင်းကို သုတ်ပါထေယျ သိင်္ဂါလောဝါဒသုတ်၌ ဟောတော်မူသည်၊ ပျင်းခြင်းကြောင့် သူဌေးသားဖြစ်လျက် ခွက်လက်စွဲ၍ တောင်းစားရကြောင်း၊ မဂ်, ဖိုလ် ရထိုက်လျက် မရပဲ ခွက်လက်စွဲ၍ ဆင်းရဲရကြောင်း လာသည်၊ မှတ်လေ။]

သူဌေးသမီး ၄-ယောက်ကျိန်ဆိုပုံ

၅၄။ အချိန်လွန်မှ၊ လင်ကိုရငြား၊ သွားကျိုးဆံဖြူ၊ လင်အိုသူနှင့် အတူတကွ၊ နေရလေပါ၊ ဝေးစွာ သွားလာ၊ လင်အားတောင့်တ၊ ချိန်ကာလတွင်၊ မမြင်ရပါ၊ နံ့သာလိမ်းကျံ၊ ဝေအောင်ပန်လျက်၊ စံပျော်အိပ်ရာ၊ ဘုံခန်းသာ၌၊ သာယာနှစ်သက်၊ ချစ်ဖက်မရ၊ ဧကကသာ၊ ဖြစ်လေရာဟု၊ သစ္စာလေးထွေ၊ ကျိန်ကြလေသည်၊ သက်သေစကား ရသေ့အား။
[ဤကား သူဌေးသမီးလေးယောက်ကို ရှင်ရသေ့က သရက်သီးခိုးရိုး၍ မခိုးကြောင်းကို အသီးသီး ကျိန်ဆိုသော စကားရပ်မှတ်ဖွယ်တည်း၊ စတုက္ကနိပါတ်အမ္ဗဇာတ် (၁၂၅)မှာ ကြည့်လေ။ မိန်းမတို့မည်သည် တစ်ဆယ့်ငါးနှစ်, တဆယ့်ခြောက်နှစ်အရွယ်၌ ယောက်ျားတို့ ချစ်သည်၊ အရွယ်လွန်လျှင် မချစ်၊ ရှင်ရသေ့ သရက်သီး မခိုးလျက်နှင့် အခိုးဆိုချေသော် အရွယ်ရှိခိုက်က လင်ကို မရ၊ အရွယ်လွန်မှ ရသည်ဖြစ်စေ-ဟု သူဌေးသမီး ကျိန်လေသည်၊ ရသေ့ကလည်း အလွန်ဝန်လေးသော စကားကို ကျိန်လေသည်၊ သင်တို့ မခိုး၊ သူတပါးခိုးသည် ဖြစ်ရာ၏၊ သွားကြလေဟု လွတ်လိုက်လေသည်။]

တေမိမင်းသား တောထွက်ကြောင်း စကား

၅၅။ သတ်လေကုန်ကြ၊ နှောင်ဖွဲ့ထဟု၊ ဒုက္ခတစ်မျိုး၊ လှံထိုးဆားမံ၊ တဖန်တံကျင်၊ လျိုလေကျင်ဟု၊ စီရင်လေရာ၊ ကြားလေပါက၊ ရှေးဘဝဝယ်၊ နှစ်ဆယ်အနှစ်၊ မင်းလျှင်ဖြစ်၍၊ ရှစ်သောင်းကာလ၊ နိရယ၌၊ ခံရခဲအင်၊ အလောင်းမြင်သည်၊ လေးခွင်ပယ်တွင်း လွတ်စိမ့်ကွင်း။
[ဤကား တေမိမင်းသား ဘုရားလောင်း ငရဲဘေးကို ကြောက်၍ တောထွက်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

တေမိမင်းသားကို အလိုစမ်းခန်း

၅၆။ နို့ရေမုံ့ကြီး၊ သစ်သီးကြီးငယ်၊ ကစားဖွယ်နှင့်၊ တသွယ်ထမင်း၊ မယွင်းတသီး၊ မီးနှင့် ဆင်, မြွေ၊ ကခြေ, သန်လျှက်၊ မပျက် မကင်း၊ ခရုသင်း, စည်ကြီး၊ ဆီမီး, တင်လဲ၊ မကျွဲထို့ပြင်၊ မစင်မီးကျီး၊ တသီးမောင်းမ၊ ဤမျှရွေ့လောက်၊ တဆယ့်ခြောက်ခန်း၊ အလိုစမ်း၍ ကောင်းမှန်းကိုမျှ မသိရသည်၊ ဗုဒ္ဓအလောင်း တောထွက်ကြောင်း။
[ဤကား တေမိမင်းသား ဘုရားလောင်းအား တဆယ့်ခြောက်ခန်း အလိုစမ်း စကားရပ် မှတ်ဖွယ်တည်း။ တေမိဇာတ် စာမျက်နှာ (၅)မှာ ကြည့်လေ။]

တရားဟောပုဂ္ဂိုလ်နှလုံးသွင်းအပ်သော တရား ၅-ပါး၊ ၆-ပါး

၅၇။ အနုပုဗ္ဗ၊ ကင်းထအာမိသ်၊ စိတ်ကရုဏာ၊ ဖြစ်စေပါလျက်၊ ရှုရာပရိသတ်၊ နှစ်ရပ်မထိ၊ မငြိမခိုက်၊ မတိုက်စေရာ၊ ငါးဖြာတရား၊ အတွင်းထား၍၊ ဟောကြားလေပါ၊ ရှည်စွာတုံထ၊ ဂီတသရံ၊ သီချင်းသံဖြင့်၊ ခြောက်တန်ပစ္ဆာ၊ ကင်းစေရာသည်၊ သုံးဖြာတရား ဟောသူအား။
[ဤကား တရားဟောပုဂ္ဂိုလ်တို့အား အတွင်းထားရာသော တရား ၅-ပါး၊ ၆-ပါးစကားရပ် မှတ်ဖွယ်တည်း။]

တရားဟောပုဂ္ဂိုလ် ပြုကျင့်ရာသောတရား ၅-ပါး

၅၈။ တနည်းကျင့်ရာ၊ မှတ်ဖွယ်မှာကား၊ ပုဗ္ဗာပရ၊ အတ္တဓမ္မာ၊ လိမ္မာစေထ၊ ကာလပရိသတ်၊ သိတတ်စေရာ၊ သဒ္ဒါဆယ်ပါး၊ မမှားစေရ၊ သာရုပ္ပနှင့်၊ ဆောင်ထဒေသနာ၊ သိသာ သန့်ရှင်း၊ နားတွင်းချမ်းသာ၊ ခေါ်ရာရှေးမှီး၊ ပြည်ကြီးသူထုံး၊ စွဲသုံးလေဘိ၊ ပရိမဏ္ဍလ၊ ပီသမချွတ်၊ ဌာန်မလွတ်အောင်၊ ဖတ်ရွတ်ဖွယ်ရေး၊ မနှေးမလျင်၊ မျှလေကျင်ဟု၊ သံလျှင် ပရိသာတ်၊ ချောက်ချားလတ်၍၊ ထက်ရပ်ဂင်္ဂါ၊ ကဲ့ပမာသို့၊ များစွာထုံးပုံ၊ ဆောင်တုံဖွဲ့နွဲ့၊ ဟိတ်လောင်းချဲ့၍၊ မဖဲ့မစောင်း၊ ဦးခေါင်း မလှုပ်၊ လက်ခြေယုတ်၍၊ ဗုဒ္ဓသဖွယ်၊ စံပယ်သောလား၊ ဟောကြားလေပါ၊ သံသရာမှ၊ ထွက်ပါလေစေ၊ ဤစိတ်နေဖြင့်၊ ငါးထွေတရား၊ အတွင်းထား၍၊ တရားဟောရာ၊ ကျင့်နည်းလာသည်၊ မကွာ နှုတ်ဖျား စွဲလေကား။
[ဤကား တရားဟောပုဂ္ဂိုလ်တို့ဝယ် ကျင့်ဖွယ်စကားရပ် မှတ်ဖွယ်တည်း၊ သုတ္တသင်္ဂဟကျမ်းလာ။]

ပြုနိုင်ခဲသောတရား ၄-ပါး

၅၉။ သန်လျှက်ကိုမျို၊ ပေးမည်ဆိုခြင်း၊ မယွင်းဆိုတိုင်း၊ မဆိုင်းနောင်တ၊ လေးဝတရား၊ ခံလေငြားသည်၊ စကားအလွယ်ကျဉ်းမှတ်ဖွယ်။
[ဤကား ပြုနိုင်ခဲသော တရားလေးပါးစကားရပ် မှတ်ဖွယ်တည်း၊ သတ္တနိပါတ် ပဏ္ဏကဇာတ် (၃၁၇)လာ။ ဗာရဏသီပြည် မဒ္ဒဝမင်းကြီး မိဖုရားကို ပုရောဟိတ်ပုဏ္ဏားအားပေးပြီး၍ နောက်ကာလ မရ၍ စိုးရိမ်ခြင်းကြောင့် နှလုံးပူပန်၍ သွေးအန်၏၊ ဝမ်းမှ သွေးထွက်၏၊ ကြီးစွာသော အနာရောက်၍ ဆေးသမားများစွာ ကုပါသော်လည်း မပျောက်နိုင်ပဲ ရှိ၍ ဘုရားလောင်း သေနကအမတ် ဤတရားကို ပြ၍ ဆုံးမရာတွင်မှ ချမ်းသာရာ ရလေသည်၊ ပေးပြီး၍ နောင်တမရှိပဲ ခဲရာ၌ ဝေဿန္တရာမင်းကို သက်သေပြလေ၊ ဒါနအရာ၌ အပရစေတနာ ခက်ခဲသည်မှတ်လေ၊ "ဒါနဥှိ ဒတွာ အပရစေနာဝ ဒုဿန္ဓာရိယာ" ဟုလာသည်။]

မရောင့်ရဲနိုင်သောတရား ၁၆-ပါး

၆၀။ နတပ္ပတိ၊ ပါဠိအရ၊ ဖွင့်ထုတ်ပြမူ၊ မြစ်မသမုဒ္ဒရာ၊ သဒ္ဓါဒါယက၊ စျာန်ရသေက္ခာ၊ ပညာဓမ္မ၊ ဝီရိယနှင့် ဗာလအဂ္ဂိ၊ ဣတ္ထိအပိစ္ဆာ၊ ရာဇာဝိသာရဒ၊ ဗြဟ္မဏနှင့်၊ လေးဝပရိသာတ်၊ ဆယ့်ခြောက်ရပ်ကား၊ အားမရရာ၊ ကျမ်းဝယ်လာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား အားမရ မရောင့်ရဲ နိုင်သော တရားတဆယ့်ခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သတ္တနိပါတ် သတ္တုဘသ္တဇာတ် (၃၂၂)လာ။ မြစ်ကြီး မြစ်ငယ်တို့က လာသမျှ ရေကို သမုဒ္ဒရာ အားမရ။ ထို့အတူ- သဒ္ဓါရှိသူ-သံဃာတော်ကို လုပ်ကျွေး၍ မရောင့်ရဲ။ ပေးကမ်းခြင်းနှင့် ပြည့်စုံသောသူ-စွန့်ကြဲ၍ အားမရ။ စျာန်မရသောသူ-သမာပတ်ဝင်စား၍ အားမရ။ သေက္ခပုဂ္ဂိုလ်-ဖလသမာပတ်ဝင်စား၍ အားမရ။ ပညာရှိ-တရားနာ၍ အားမရ။ ဓမ္မကထိကပုဂ္ဂိုလ်-ဆွေးနွေး၍ အားမရ။ ဝီရိယရှိသောသူ-အားထုတ်၍ အားမရ။ သူမိုက်-မကောင်းမှု ပြု၍ အားမရ။ မီး-လောင်၍ အားမရ။ သားဖွားခြင်း, တန်ဆာဆင်ခြင်း, မေထုန်မှီဝဲခြင်း မိန်းမ-အားမရ။ အလိုနည်းသောသူ-ဓုတင်ဆောင်၍ အားမရ။ မင်း-တိုင်းနိုင်ငံ ခံစား၍ အားမရ။ ရဲရင့်သောသူ- ပရိသတ်၌ အားမရ။ ပုဏ္ဏား-ဗေဒင်သင်၍ အားမရ။ ပရိသတ်လေးပါး-ဘုရားဖူးမြင်၍ အားမရနိုင်၊ မရောင့်ရဲနိုင်မှတ်လေ။]

မင်းလေးပါး လက္ခဏာရေး ၄-ခုကို အာရုံပြု၍ လက္ခဏာရေးသုံးပါး ရှုပုံ

၆၁။ (က) သရက်ပင်နှင့် ထို့ပြင်တယောက်၊ လက်လောက်တလီ၊ စွန်ချီသားတစ်၊ ဝှေ့လစ်နွားလား၊ ခိုက်ရန်ပွား၍၊ အူကားထွက်ရာ၊ မြင်သည့်တာကြောင့်၊ သုံးဖြာဓမ္မ၊ ပွားတုံထ၍ ပစ္စေကဗုဒ္ဓါ၊ ဖြစ်လေရာသည်၊ သုံးဖြာတရား ပွားလေကား။ (ခ) ကရဏ္ဍကနဂ္ဂဇိ၊ နိမိတွင်ထ၊ ဒုမ္မုခဟု၊ လေးဝရာဇာ၊ လူ့ပြည်ရွာကို၊ စွန့်ခွါရက်ရက်၊ မငဲ့ကွက်ပဲ၊ တောထွက်သည်တာ၊ ကျမ်းဝယ်လာသည်၊ နောင်လာအများ နည်းယူကား။
[ဤကား မင်းလေးပါး လေးခုကို အာရုံပြု၍ လက္ခဏာရေးသုံးပါးကို ရှု၍ ပစ္စေကဗုဒ္ဓါဖြစ်ကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ သတ္တနိပါတ် ကုမ္ဘကာရဇာတ် (၃၅၅)လာ။]

အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်ပုံ ဥဒါဟရုဏ်

၆၂။ ရေခိုးမယား၊ လှည့်စားတုံထ၊ လနတ်တင်ရာ၊ သူရာသဘင်၊ ခံမြဲပင်ကို၊ ခံချင်လိုက၊ ခံလေကြဟု၊ စိုရပိုင်နင်း၊ စီရင်ခြင်းကြောင့်၊ မကင်းပါပ၊ အဓမ္မသည်၊ ငါ့အားဤခါ၊ မှားခဲ့ရာဟု၊ နှလုံးပြု၍၊ သုံးခုလက္ခဏာ၊ ပွားသည်တာကြောင့် ဗုဒ္ဓါပစ္စေကာ ဖြစ်လေရသည်၊ ဓမ္မသုံးကား ပွားစေကား။
[ဤကား အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်ကြောင်း ဥဒါဟရုဏ်ပုံသက်သေငါးပါးစကားရပ် မှတ်ဖွယ်တည်း။ ဧကာဒသနိပါတ် ယုဓဉ္ဇယဇာတ်မှာ ကြည့်လေ။ ထို့ကြောင့် ပဋ္ဌာန်းကျမ်း၌လည်း "အကုသလော ဓမ္မော ကုသလဿဓမ္မဿ အာရမ္မဏ ပစ္စယေန ပစ္စယော" စသည်ဖြင့် ဟောတော်မူသည် မှတ်လေ။ အဆွေခင်ပွန်းနှစ်ဦး လယ်ထွန်ရာ တစ်ဦးရေဘူးက ရေကို ခိုး၍ သောက်မိသောကြောင့် သံဝေဂရ၍ ခိုး၍ သောက်မိသောရေကို အာရုံပြု၍ ဝိပဿနာပွား၍ ပစ္စေကဗုဒ္ဓါဖြစ်လေသည်၊ ဤနည်းတူ မိမိမယားကို သူတပါးခိုးသည်ကို အာရုံပြု၍ ဝိပဿနာကို ပွားစေသည်၊ သားအဖဖြစ်လျက် အဖမဟုတ်ဟု လှည့်စားမိသည်၊ ရွာတွင်အကြီးဖြစ်၍ လနတ်ပူဇော်မြဲ ပူဇော်ကြတော့ဟု ခွင့်ပေးမိသည်၊ ရွာစားအကြီးဖြစ်၍ သူရာသဘင် ခံချင်တိုင်း ခံကြတော့ဟု-ဟု ခွင့်ပေးမိလေသည်။]

မင်းကျင့်တရား ၁၀-ပါး

၆၃။ အလှူဒါန၊ စောင့်သီလနှင့်၊ စာဂမယုတ်၊ ဥပုသ်တလီ၊ ခန္တီ, ကောဓ၊ ဝိဟိံသနှင့် ဝိရောဓနတဖြာ၊ ရာဇာဓမ္မ၊ သုံးပါးအနှင့်၊ ညွှန်ပြမိန့်မှာ၊ ကျမ်းဝ်လာသည်၊ ရာဇာတို့အား ကျင့်ဆယ်ပါး။
[ဤကား ပြည့်ရှင်မင်းတို့ ကျင့်ရာသော တရားဆယ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သုံးပါးမှာ-အကောဓ, အဝိဟိံသ, အဝိရောဓနကို ယူလေ၊ သတ္တနိပါတ် ကုက္ကုဇာတ် (၃၀၀) ကုမ္မာသဇာတ် (၃၉၁)တို့၌ လာသည်။] မှတ်ချက်၊၊၊၊ ဤ၌ ရှစ်ပါးသာရှိသည် မစုံ, အဇ္ဇဝ, မဒ္ဒဝအကျင့်နှစ်ပါး ကျန်ခဲ့၏၊

ကံအကျိုးပေးပုံ

၆၄။ (က) အသက်တိုခြင်း၊ အဆင်းယုတ်စွာ၊ အနာလည်းများ၊ ရှားပါးဥစ္စာ၊ နည်းစွာတန်ခိုး၊ အမျိုးယုတ်မာ၊ ပညာမဲ့ငြား၊ ဤတရားမှ၊ ပြန်ထတုံလေ၊ ဗျတိရေက၊ ဆယ်လေးရသည်၊ ရှာကြလေကား ကံတရား။
[ဤကား ကံအကျိုးပေးရာဝယ် မှတ်ဖွယ် စကားရပ်တည်း၊ အသက်တိုခြင်း, အသက်ရှည်ခြင်း, အဆင်းလှ, အဆင်းမလှ ဤသို့ စသည်ဖြင့် အနွယ-ဗျတိရေကနည်း အစုံအစုံယူလေ ဆိုလိုသည်။]

ကံ ၁၄-ပါး ဝေဖန်ဟန်

(ခ) ပါဏာတိပါတ၊ ဝိဟေဋ္ဌနှင့်၊ ကောဓ, ဣဿာ၊ ပုစ္ဆာ, ဒါန၊ ဝန္ဒနဝယ်၊ အ,အက္ခရာ၊ အရင်းပါက၊ လေးဖြာစွန်းကယ်၊ တဆယ်သောကံ၊ ဝေဖန်ဟန်ကို၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား တဆယ်သောကံ ဝေဖန်၍ အကျိုးပေးဟန် မှတ်ရန် စကားရပ်တည်း၊ ပါဏာတိပါတ, အပါဏာတိပါတ, ဝိဟေဌ, အဝိဟေဌစသည်ဖြင့် အ, အက္ခရာနှင့် ယှဉ်လေဆိုလိုသည်၊ ဥပရိပဏ္ဏာသစူဠကမ္မဝိဘင်္ဂသုတ် (၂၄၃)လာ။]

သမုဒ္ဒရာမြစ်၏ မှတ်ဖွယ်များ

၆၅။ (က) ခုရ, အဂ္ဂိ၊ ဒဓိ, ကုသ၊ နဠ, သမုဒ္ဒရာ၊ ဗလဝါမုခ၊ ဝဲဩဃထက်၊ ဆထက်ထောင်,ရာ၊ ကြောက်အပ်စွာသည်၊ သံသရာဝဲ သည့်ထက်ခဲ။
[ဤကား သမုဒ္ဒရာမြစ်ဝယ် မှတ်ဖွယ်စကားရပ်တည်း။]

သမုဒ္ဒရာ ၅-စင်းမှ ရတနာ ၅-ပါး

(ခ) ဝရဇိန်, ရွှေ, ငွေ၊ တထွေပတ္တမြား၊ ကျောက်မျက်အားဖြင့်၊ ငါးပါးရတနာ၊ တည်သည်တာကြောင့်၊ သမုဒ္ဒရာက၊ ယူခဲ့ကြသည်၊ ဓနစီးပွါး သင်္ဘောသား။
[ဤကား သမုဒ္ဒရာငါးစင်း၌ ရတနာငါးပါးရှိကြောင်း စကားရပ်မှတ်ဖွယ်တည်း၊ ဧကာဒသနိပါတ် သုပ္ပါရကဇာတ် (၁၄၁)လာ၊ အာချာတ်ကျမ်းအစ ပဏာမ၌လည်း ဤကုန်သည်တို့ကို ဥပမာပြုလေသည်။ ဘုရားလောင်း မျက်စိနှစ်ဖက်မမြင် ကန်းလျက်နှင့်ပင် သင်္ဘောသူကြီး အရာတင်၍ သင်္ဘောသား ခုနှစ်ရာနှင့် သမုဒ္ဒရာသို့ သွားလေသော် လေနှောင်ယှက်၍ ပတကိသမုဒ္ဒရာကို လွန်၍ ခုရမာလိသမုဒ္ဒရာသို့ ရောက်လေလျှင် သင်္ဘောသားတို့က အဘယ်မည်သော သမုဒ္ဒရာနည်းမေးလျှင် ခုရမာလိအမည်ရှိ၏ ပြောလေ၏၊ ဤနည်းတူ အဂ္ဂမာလိ, ဒဓိမာလိ, ကုသမာလိ, နဠမာလိ သမုဒ္ဒရာတို့ကို မြင်လျှင် မေး၍ သင်္ဘောသူကြီးကျမ်းနှင့် ထောက်၍ ကြားလေ၏၊ ထို့နောက် ဗလဝါမုခဝဲကို တွေ့၍ မေး၏၊ ဤဗလဝါ မုခဝဲသို့ ရောက်သော သင်္ဘောသည် ထွက်နိုင်ရိုးမရှိ၊ နစ်တတ်ပျက်တတ်သည်ဆိုလျှင် သင်္ဘောသားတို့ အဝီစိငရဲသို့ ရောက်သကဲ့သို့ ကြောက်လန့်၍ ငိုကြွေးကြလေကုန်သည်၊ ထိုအခါ ဘုရားလောင်းသည်_ "ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တော သ္မိ ဝိညုတံ၊ နာဘိ ဇာနာမိ သဉ္စိစ္စ၊ ဧကပါဏမ္ပိ ဟိံသိတံ၊ ဧတေန သစ္စဝစ္စေန သောတ္ထိံ နာဝါ နိဝတ္တတု"။ ဤသို့ စသည်ဖြင့် သစ္စာပြုလေ၏၊ လေးလတိုင်တိုင် ခရီးမဟုတ် လမ်းလွဲ၍ သွားသော သင်္ဘောသည် သစ္စာအာနုဘော်ဖြင့် သင်္ဘောဆိပ်သို့ နေခြင်း ရောက်လေ၏၊ ရှစ်ဥသဘမျှ ရှိသော အရပ်သို့ ပြေး၍ သင်္ဘောသူကြီးအိမ်သို့ ရောက်လေ၏၊]

ဒေဝဒတ် သတ်နိုင်သော ဇာတ် ၅-ဇာတ်

၆၆။ စူဠနန္ဒိယ၊ ဒဒ္ဒရနှင့်၊ ဓမ္မပါလာ၊ မဟာကပိ၊ တွင်ဘိသညီ၊ ခန္တီဝါဒ၊ နာမပညတ်၊ ဤငါးဇာတ်၌ မုန်းလတ်တုံကျင်၊ ရှင်ဒေဝဒတ်၊ အသေသတ်၍ လူ, နတ်ဆရာ၊ သေရရှာသည်၊ ကြင်နာသနား ဖွယ်တကား။
[ဤကား ငါးရာငါးဆယ်သော ဇာတ်တို့တွင် တပါးသောဇာတ်၌ ဒေဝဒတ် မသတ်နိုင်၊ ဤငါးဇာတ်၌သာ သတ်နိုင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

ဥပါသကာမြတ်၏ အင်္ဂါ ၅-ပါး

၆၇။ သဒ္ဓါ, သီလ၊ ကမ္မယုံစွာ၊ မရှာဗဟိဒ္ဓ၊ ပုဗ္ဗဒါနာ၊ အင်္ဂါငါးခု၊ စုံသည်မှုကြောင့်၊ ဥပါသကာ၊ ရတနာနှင့်၊ တဖြာနက်စုံ၊ ပုဏ္ဍရီက၊ ပဒုမဟု၊ နာမသညာ၊ သုံးထွေလာသည်၊ သုံးဖြာအောင်ပွဲ ရအောင်ခဲ။
[ဤကား ရတနာသုံးပါးကို ကိုးကွယ်သော ဥပါသကာကောင်း ဥပါသကာမြတ် အင်္ဂါငါးပါး စကားရပ် မှတ်ဖွယ်တည်း အင်္ဂုတ္တရ ပဉ္စကနိပါတ်(၁၈၁)။]

ဥပါသကာယုတ်၏ အင်္ဂါ ၅-ပါး

၆၈။ ဥပါကာ၊ စဏ္ဍာလနှင့်၊ မလမည်ရှိ၊ ပတိကုဋ္ဌ၊ သုံးဝသညာ၊ မည်သည်မှာကား၊ အင်္ဂါငါးဝ၊ ရှေ့ပုဒ်ရကို၊ ပြန်ထလိုက်ပါ၊ မည်ထိုက်စွာသည်၊ သုံးဖြာအလွဲ လွတ်အောင်ခဲ။
[ဤကား ဥပါသကာယုတ် ဥပါသကာမိုက် အင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ သဒ္ဓါကို အသဒ္ဓါ၊ သီလကို ဒုဿီလ၊ ဤသို့ စသည်ဖြင့် အနွယ ဗျတိရေကနည်းယူလေ ဆိုလိုသည်၊ ၎င်းနိပါတ် (၁၈၁)။]

မရောင်းဝယ်အပ်သော ကုန် ၅-ပါး

၆၉။ သတ္တ၊ သတ္ထ၊ မံသ, သုရာ၊ တဖြာဝိသ၊ ဝါဏိဇ္ဇကို၊ စွန့်ထ ပယ်ခွါ၊ ရောင်းလေပါက၊ မိစ္ဆာစာရ၊ ကျင့်ရာကြသည်၊ ရှောင်ကြလေကား ကုန်ငါးပါး။
[ဤကား ဥပါသကာတို့ မရောင်းရာသော ကုန်ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရ ပဉ္စကနိပါတ် (၁၈၃)မှာ ကြည့်လေ၊ သတ္တ-မှာ- လူသတ္တဝါကို ယူ၊ သတ္ထမှာ- ဓားစသော လက်နက်ကို ယူလေ။]

သုံးပါးရတနာ ကိုးကွယ်ပါ

၇၀။ (က) သုံးပါးရတနာ၊ ကိုးကွယ်ပါက၊ ဥပါသကာ မုချ၊ မည်ထိုက်လှ၏၊ ဓမ္မလေးပါး၊ ပြည့်စုံငြားက၊ လေးပါးသစ္စာ၊ လေးဖြာမဂ္ဂ၊ လေးဖလကို၊ ကူးရလွယ်အောင်၊ ငြမ်းကြီးထောင်သည်၊ ရောက်အောင်အမြဲ သက်လုံးစွဲ။

ဥပါသကာတို့ ကျင့်ရာသော တရား ၄-ပါး

၇၁။ (ခ) သဒ္ဓါ, သီလ၊ စာဂ, ပညာ၊ ဥစ္စာလေးပါး၊ ပြည့်စုံငြားမှ၊ သုံးပါးရတနာ၊ ကိုးကွယ်ရာ၌၊ ဥပါသကာစစ်၊ အမြတ်ဖြစ်သည်၊ ရှင်ချစ်ဘုရားမိန့်စကား။
[ဤကား ဥပါသကာ ဥပါသကီတို့ ကျင့်ရာသော တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ မဟာဝဂ္ဂ သံယုတ်ပါဠိတော် (၃၄၄)လာ။]

သူခိုးကြီး ၅-ယောက်

၇၂။ ပထမမှာ၊ လာဘ်ကို ရှာ၏၊ တဖြာဒုတိယ၊ ကျော်စောထ၏၊ တတိယမှာ၊ စွပ်စွဲသာတည့်၊ ဒါယကာအား၊ ဖြားယောင်းတုံကြ၊ စတုတ္ထတည့်၊ ပဉ္စမမှာ၊ စျာန်မဂ်လာသည်၊ မဟာစောရမှတ်လေကြ။
[ဤကား သာသနာတော်၌ မဟာစောရ ခိုးသူကြီး ငါးယောက် စကားရပ် မှတ်ဖွယ်တည်း၊ ပါရာဇိကဏ် ပါဠိတော် (၁၄၄)၌ လာသည်။]

မင်းတို့မကျင့်အပ်သောတရား ၃-ပါး

၇၃။ မုသာဝါဒ ပထမတည့်၊ ဒုတိယမှာ၊ ကောဓလာ၏၊ တဖြာဟာသ၊ ဤသုံးဝကို၊ ရှောင်ကြအပ်စွာ၊ မင်းဝယ်လာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား မင်းတို့ မကျင့်အပ်သော စကားရပ် မှတ်ဖွယ်တည်း။]

အလှူဝတ္ထု တစ်ခုခု လှူရာ၌ပင် ပါရမီ ၃၀-ပြည့်နိုင်ပုံ

၇၄။ ဒါတဗ္ဗကို၊ စွန့်ရသည်မှာ၊ ဒါနသာတည့်၊ တဖြာနှစ်လီ၊ ဝစီ, ကာယ၊ စောင့်ရသည်မှာ၊ သီလသာတည့်၊ ယုတ်မာအဓမ္မ၊ ထွက်ရသည်စိတ်၊ နိက္ခမလာ၊ ဟိတာဟိတ၊ ဆင်ခြင်ရရာ၊ ပညာမည်ထ၊ ဒါနဝတ္ထု၊ ရမှုကြိုးကုတ်၊ အားထုတ်တုံက၊ ဝီရိယယူ၊ ထို့တူတဖြာ၊ သည်းခံရာမူ၊ ခန္တီဟူ၏၊ ယူလေမမှား၊ စကားမှန်ရာ၊ သစ္စာမည်ရ၊ ဆောက်တည်ကမူ၊ ဓိဋ္ဌာန်ဟူလိမ့်၊ လူနတ်ဗြဟ္မာ၊ သတ္တဝါအား၊ စီပွားလိုရာ၊ မေတ္တာဖြစ်ထ၊ သမစိတ္တာ၊ ဥပေက္ခာတည့်၊ ဒါနဝတ္ထု၊ တစ်ခုခု၌၊ ဆယ်ခုဖြည့်ရာ၊ ကျမ်းဝယ်လာသည်၊ ၊ ပါရမီဖြည့်နည်း တတ်ဖွယ်တည်း။
[ဤကား အလှူဝတ္ထု တစ်ခုခုကို လှူရာ၌ပင် ပါရမီ ဆယ်ပါးပြည့်ကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ စရိယာပိဋကတ် စသည်၌ လာသည်ကြည့်လေ။ "ဧကက္ခဏေ သဗ္ဗာပိ သမတိံသ ပါရမီယော သိဒ္ဓါတိ"ဟု ဇိနာလင်္ကာရ၌ လာသည်၊ တစ်ခုသော ခဏ၌ပင် ပါရမီသုံးဆယ်ပြည့်ကြောင်းတည်း၊ ကောရပ္ပမင်းကျွန် ငါဟုတ်၏ဟု ဝိဓူရဘုရားလောင်းဆိုသော စကားတခွန်း၌ပင် ပါရမီ သုံးဆယ်ပြည့်လေသည်။]

ပဝါရဏာ ၄-ပါး

၇၅။ ယာဝတတ္ထ၊ ပစ္စယနှင့်၊ ပဋိက္ခေပတတန်၊ ဝဿန်ဥဋ္ဌ၊ လေးဝပဝါရဏာ၊ ကျမ်းဝယ်လာသည်၊ ပဝါရဏာအပြား သိလေကား။
[ဤကား ပဝါရဏာအနက်အပြား စကားရပ် မှတ်ဖွယ်တည်း၊ ဝိနယဂုဠှတ္ထဒီပနီ ခ-ချပ်လာ။]

သိက္ခာကျကြောင်း စကားရပ်

၇၆။ အရဟန္တ၊ ဝင်ထတိတ္ထိ၊ ပါရာဇိက၊ ချသည်သိက္ခာ၊ သေက္ခာသီလ၊ ကျလေရသည်၊ မုချမမှား ကျမ်းစကား။
[ဤကား သိက္ခာကျကြောင်း စကားရပဉ် မှတ်ဖွယ်တည်း၊ သုတ္တန်ဂဏ္ဍိလာ၊ "ပဉ္စသိက္ခာပဒါ ကုသလာယေဝ"ကို ထောက်လေ။]

သာဝကဗောဓိ ၃-ပါး

၇၇။ မခေါ်ပဲလာ၊ ခြောက်ဖြာဘိည၊ ရလေတုံဘိ၊ ဧဟိဘိက္ခူ၊ နေမူပန္နရသီ၊ လေးပါးညီက၊ သာဝကဗောဓိ၊ သုံးပါးရှိသည်၊ မုနိထွတ်ထား တဆူအား။
[ဤကား သာဝကဗောဓိမည်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာတို့မှာ ကြည့်လေ။]

နို့ဂဏာဆွမ်းအကျိုး ၁၂-ပါး

၇၈။ သီတ, ဥဏှ၊ ပိပါသနှင့်၊ ခုဒ္ဒအရတီ၊ တန္တီဒရထ၊ ကိလန္တနှင့် ကောဓတစ်ခု၊ ဥပနာဟ၊ ဝိဝါဒနှင့်၊ ပိသုဏစဉ်လာ၊ သင်္ချာမယုတ်၊ သုဒ္ဓါဘုတ်နတ်ဩဇာ၊ စားရပါက၊ ဆယ့်နှစ်ဖြာဘေး၊ ကင်းလွတ်ဝေးသည်၊ လေးဆယ်ကျော်ငြား၊ ဆွမ်းလုပ်အား။
[ဤကား သူဌေးသမီး သုဇာတာ ကပ်လှူအပ်သော ရေမရောသော နွားနို့ဂဏာ နတ်ဩဇာဆွမ်းတော် အကျိုး တစ်ဆယ့်နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။ ဘုရားလောင်းတော် လေးဆယ့်ကိုးလုပ် ဘုဉ်းပေးတော်မူ၍ လေးဆယ့်ကိုးရက် ဆာလောင်ခြင်းမရှိ သတ္တသတ္တာဟကာလပတ်လုံး သီတင်းသုံး၍ နေတော်မူနိုင်လေသည်၊ အသီတိနိပါတ် သုဓာဘောဇနဇတ်မှာ ကြည့်လေ။]

သူမိုက်တို့ ပျင်းခြင်းအကြောင်း ကုသိတတရား ၈-ပါး

၇၉။ ခရီးသွားနှင့်၊ ဆွမ်းစားအနာ၊ ပြုရာကိစ္စ၊ လေးနှစ်ဝကြောင့်၊ ဗာလဇနာ၊ ပျင်းကြောင်းလာသည်၊ ရှစ်ဖြာတရား သတိထား။
[ဤကား သူမိုက်တို့အား ပျင်းခြင်းအကြောင်း ကုသိတတရား ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ တပါးတပါးက နှစ်ပါးနှစ်ပါးစီပြားသောကြောင့် ရှစ်ပါးဖြစ်သည် မှတ်လေ၊ ကြံလေ၊ အင်္ဂုတ္တိုရ် အဋ္ဌကထာ အဋ္ဌကနိပါတ် (၁၄၇)၌လာ။]

သူတော်ကောင်းတို့အားထုတ်ကြောင်း ဝီရိယာရမ္ဘတရား ၈-ပါး

၈၀။ ခရီးသွားနှင့် ဆွမ်းစား, အနာ၊ ပြုရာကိစ္စ၊ လေးနှစ်ဝကြောင့်၊ ပဏ္ဍိတမှာ၊ အားထုတ်ရာသည်၊ ရှစ်ဖြာတရား သူတော်အား။
[ဤကား သူတော်ကောင်းတို့ အားထုတ်ကြောင်း ဝီရိယာရမ္ဘတရား ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း

ရသေ့ ၈-မျိုး

၈၁။ အလိုလိုကြွေ၊ တထွေပေါက်တူး၊ မီးရှုးလုပ်ကျွေး၊ လေးဝတံခါး၊ တင်းကုတ်ထား၍၊ ရှစ်ပါးလေးထွေ၊ ကျင့်ကြလေက၊ သုံးထွေသာသနာ၊ ကွယ်ကြောင်းလာသည်၊ လေးဖြာရှစ်မျိုး ရသေ့ဆိုး။
[ဤကား ရသေ့အပြား စကားရပ် မှတ်ဖွယ်တည်း၊ ရသေ့ရဟန်း အဖြစ်သည် သာသနာကွယ်ခြင်း အကြောင်းဖြစ်သည်-ဆိုလိုသည်၊ ရသေ့ရှစ်မျိုးသည် လေးမျိုးအတွင်းသို့ ဝင်လေသည်၊ သီလက္ခန်အဋ္ဌကထာ (၂၄၁)မှာ အကျယ်ကြည့်လေ။]

ပုဏ္ဏားမည်ရာသော အင်္ဂါ ၅-ပါး

၈၂။ အဆင်းအမျိုး၊ တွက်ရိုးဗေဒင်၊ ထို့ပြင်တဝ၊ သီလ, ပညာ၊ အင်္ဂါငါးပါး၊ ပြည့်စုံငြားမှ၊ ပုဏ္ဏားမည်ရာ၊ ကျမ်းဝယ်လာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား ပုဏ္ဏားမည်ရာသော အင်္ဂါငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ သီလက္ခန် သောဏဒဏ္ဍသုတ် ၁၁၃-လာ။]

အလှူဦးရာ ၅-ပါး

၈၃။ ခေတ္တ, ခလ၊ ဘဏ္ဍ, ဥက္ခလိ၊ ပါတိအဂ္ဂ၊ ငါးဌာန၌၊ လှူကြလေပါ၊ လှူနည်းမှာလည်း၊ ကျမ်းလာကမ္ဗည်း ပုဏ္ဏားနည်း။
[ဤကား အလှူဦးရာသော ငါးပါးစကားရပ် မှတ်ဖွယ်တည်း၊ ဓမ္မပဒကျမ်းလာ ပဉ္စဂ္ဂဒါယကာ ပုဏ္ဏား၊ ဤကဲ့သို့ အဦးငါးပါး လှူလေ။]

ဥပသမ္ပဒကံ ပုဗ္ဗကိစ္စ ၈-ပါး

၈၄။ ယူ, ကြား, သမုတ်၊ ပြင်ထုတ်ဆုံးမ၊ ခေါ်ထဟတ္ထပါသ်၊ တောင်းလတ်ပဉ္စင်း၊ သမုတ်ခြင်းနှင့် မေးခြင်း အန္တရာယ်၊ ရှစ်သွယ်ကိစ္စ၊ ကျမ်းဝယ်ပြသည်၊ ပြုကြလေကား သံဃာအား။
[ဤကား ဥပသမ္ပဒကံကို ရွက်ဆောင်ရာ ပုဗ္ဗကိစ္စ ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ ဝိမတိ ဝိနောဒနီကျမ်း ၁၃၆-လာ။ ယူမှာ-ဥပဇ္ဈာယ် ယူသည်၊ ကြားမှာ-သပိတ်သင်္ကန်း ကြားသည်၊ သမုတ်မှာ- ဆုံးမစိမ့်သောငှါ သမုတ်သည် ပြင်ထုတ်ဆုံးမမှာ-သွား၍ ဆုံးမသည်၊ ခေါ်ထဟတ္ထပါသ်မှာ ပဉ္စင်းလောင်းကို ခေါ်သည်၊ တောင်းလတ်မှာ-ပဉ္စင်းအဖြစ်ကို တောင်းသည်၊ သမုတ်ခြင်းမှာ-အန္တရာယ်ကို မေးစိမ့်သောငှါ သမုတ်သည်၊ မေးခြင်း အန္တရာယ်မှာ- သမုတိရသော ရဟန်းမေးသည်-ယူလေ။]

စကြာမင်း၏ တန်ခိုး ၄-ပါး

၈၅။ အသက်ရှည်ခြင်း၊ အဆင်းအနာ၊ များစွာလူအား ချစ်လေငြားသည်၊ လေးပါးတန်ခိုး စကြာမျိုး။
[ဤကား စကြာမင်းအား တန်ခိုးလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဥပရိပဏ္ဏာသ ပါဠိတော် ၂၁၄-မှာကြည့်လေ။]

အင်္ဂါဇာတ်ခိုင်ကြောင်း ၅-ပါး

၈၆။ ရာဂ, ဝါတ၊ ပဿာဝနှင့်၊ ဝစ္စတဖြာ၊ ဥစ္စာလိင်္ဂ၊ ပိုးကိုက်ကြ၍၊ အင်္ဂဇာတ၊ ခိုင်လေရာဟု၊ မြတ်စွာဘုရား၊ ဟောညွန်ကြားသည်၊ မှတ်သားလေးပါ ကျမ်းအလာ။
[ဤကား အင်္ဂါဇာတ်ခိုင်ကြောင်း ငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ ပါရာဇိကဏ်ပါဠိတော် ၁၅၄-လာ။]

ရှင်အာနန္ဒာပညာကြီးကြောင်းတရား ၄-ပါး

၈၇။ သောတ, ဗဟု၊ ဥပနိဿယ၊ တိတ္ထဝါသေ၊ လေးထွေတရား၊ အကြောင်းအားကြောင့်၊ ကြီးမားဉာဏ်နေ၊ နက်နဲလေသည်၊ ပုံသေမယွင်း နှလုံးသွင်း။
[ဤကား ရှင်အာနန္ဒာ ဉာဏ်ပညာကြီးကြောင်း တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း။ သောတမှာ-သောတာပန်ကိုယူ၊ ဗဟုမှာ-ဗဟုဿုတကိုယူ၊ ဥပနိဿမှာ-ရှေးဘဝက သပိတ်ခြေ, သပိတ်ခံ လက်နှီးစသည် လှူခဲ့ဘူးသည်ကိုယူ၊ တိတ္ထဝါသေမှာ-မှာ ဆရာထံ သင်ခဲ့, နာခဲ့ဘူးသည်ကို ယူလေ။]

အဝိဇ္ဇာ ဥခွံမှ ပေါက်တော်မူရပုံ

၈၈။ အနံ့အငွေ့၊ ဝပ်လေ့တုံထ၊ ကြက်မတို့ဝယ်၊ သုံးသွယ်ကိစ္စ၊ ပြုလေရသို့ ဗုဒ္ဓရှင်ပင်၊ ရွှေပလ္လင်၌၊ သုံးအင်ကိစ္စ၊ ပြုလေရသည်၊ မုချမမှား ကျမ်းစကား။
[ဤကား ဘုရားသခင် ကြက်မတို့အား သုံးကိစ္စပြုမှ ကြက်ဥမပုပ်ပဲ ပေါက်လေသကဲ့သို့ ဗောဓိပင်နှင့် ရွှေပလ္လင်၌ လက္ခဏာရေးသုံးပါးကို ပွား၍ အဝိဇ္ဇာဥခွံမှ ပေါက်တောမူကြောင်း စကားရပ် မှတ်ဖွယ်တည်း။]

ဇမ္ဗူဒီပကျွန်း မြို့, ရွာ, ကျေးလက် အရေအတွက်

၈၉။ သုံးဖြာခေတ္တ၊ သောင်းလေးဝတွင်၊ နာမမည့်ယူ၊ ဇမ္ဗူဒီပါ၊ ကျွန်းတောင်ညာထက်၊ သင်္ချာတွက်ကိန်း၊ တသိန်းရှစ်သောင်း၊ လောင်းလေထို့နေ၊ ကိုးထောင်သောမြို့၊ ခရိုင်တို့နှင့်၊ စို့စို့ကျေးလက်၊ ပေါင်းလိုက်တွက်သော်၊ ကိုးသန်းပေါ်ဝယ်၊ ခြောက်သန်း ကယ်လိမ့်၊ တသွယ်တခန်း၊ ဆိမ်ကမ်းသင်္ဘော၊ ကျယ်ပြောများစွာ၊ မြို့ရွာဂါမ၊ ရပ်ဒေသတွင်၊ သုံးဝသာသနာ၊ တည်ရာမှန်ဘိ၊ ရပ်သီရိမူ၊ ပဋိရူပ၊ မည်ထိုက်လှသည်၊ ဆယ်ဝတရား ပွားစေကား။
[ဤကား ဇမ္ဗူဒီပကျွန်း၌ မြို့ပေါင်း, ကျေးလက် ခရိုင်ပေါင်း စကားရပ် မှတ်ဖွယ်တည်း။]

ကုသိုလ်အကျိုးကြောင့် စည်းစိမ်ပြည့်စုံသော သဌေးသား ၄-ယောက်

၉၀။ ဃောသကမူ၊ ဖြစ်ထခုနှစ်တန်၊ သေကြောင်းကြံလည်း၊ သူ့ကံတန်းခိုး၊ ပုညမျိုးကြောင့်၊ မညှိုးမငယ်၊ စည်းစိမ်းကြွယ်သား၊ သဌေးသားသို့၊ မမှားနောင်လာ၊ ဖြစ်ပါရစေ၊ တထွေထို့နောင်၊ အတောင်ရှစ်ဆယ်၊ ကြီးကျယ်အံ့လောက်၊ ရွေတောင်ပေါက်၍၊ စားသောက်မဆုံး၊ ပေးသုံးဝေငှ၊ ဇဋိလာပမာ၊ မဟာဘောဂ၊ များဓနနှင့်၊ ဘဝနောင်လာ၊ ဖြစ်ပါရစေ၊ တထွေတသီး၊ မြဖြင့်ပြီးသည်၊ မြေကြီးထဲမှ၊ ပေါက်ထတုံလတ်၊ ဘုံပြဿာဒ်နှင့်၊ သီးလတ်ပဒေသာ၊ ဝေဆာဖြိုးမောက်၊ ခြောက်ဆယ့်လေးပင်၊ များဖြင့်သောသော၊ ဥစ္စာပေါသည်၊ ဇောတိကပမာ၊ မဟာဘောဂ၊ များဓနနှင့်၊ ဘဝနောင်လာ၊ ဖြစ်ပါရစေ၊ တထွေထို့ပြင်၊ များဖြင့်ကြီးကျယ်၊ တပါယ်မျှလောက်၊ ဆိတ်ရုပ်ပေါက်၍၊ တောက်ပဝင်းဝါ၊ ရတနာခုနှစ်ပါး၊ ပြီးငြားတုံထ၊ လိုတိုင်းရသည်၊ မေဏ္ဍကသဖွယ်၊ နောက်ဝယ်ဘဝ၊ ဖြစ်ပါရစေ၊ တောင့်သင့်လေသည်၊ လာထွေမမှား ကျမ်းစကား။
[ဤကား ကုသိုလ်အကျိုးကြောင့် ဥစ္စာစည်းစိမ်နှင့် ပြည့်စုံသော သဌေးသားလေးယောက် စကားရပ်မှတ်ဖွယ်တည်း၊ ဓမ္မပဒကျမ်းလာပုဏ္ဏက, ကာကဝလ္လိသဌေးနှစ်ယောက်ဟူ၍လည်း လာသည်။]

အိမ်မက် ၄-မျိုး

၉၁။ ဒေဝဓာတု၊ အနုဘူတ၊ ပုဗ္ဗတသွယ်၊ အိမ်မက်ဖွယ်တည်း၊ အလယ်နှစ်ဝ၊ မှားတတ်စွရှင့်၊ ဒေဝမက်ရန်၊ မှန်-မမှန်တည့်၊ ဧကန်ပုဗ္ဗ၊ မှန်တတ်လှသည်၊ မှတ်ကြလေကား အမျိုးသား။
[ဤကား အိမ်မက် ၄-ပါးစကားရပ် မှတ်ဖွယ်တည်း၊ နတ်လှည့်ပတ်၍ မက်ခြင်း, ဓာတ်ချောက်ချား၍ မှတ်ခြင်း, ဖြစ်ဖူး၍ မက်ခြင်း, ကောင်းကျိုး မကောင်းကျိုး ပေးလို၍ မက်ခြင်းဟူ၍လည်း လေးပါးတည်း။ ဘုရားလောင်း သားတော်ရလတ္တံ့ နိမိတ်အိမ်မက်, ဘုရားလောင်း ဘုရားဖြစ်လတ္တံ့နိမိတ်ငါးပါး အိမ်မက်, ကောသမင်းအိမ်မက် တဆယ့်ခြောက်ပါး အိမ်မက်တို့ကား ပုဗ္ဗနိမိတ် အိမ်မက်တို့တည်း၊ ပါရာဇိကဏ် အဋ္ဌကထာ (၁၀၇)လာ။]

သရဏဂုံသီလအကျိုး

၉၂။ သုံးပါးသရဏ၊ ငါးဖြာသီလ၊ ဓမ္မလေးထွေ၊ ပြည့်စုံပေက၊ အသေင်္ချေယျ၊ မြစ်မသမုဒ္ဒရာ၊ ရေပမာသို့၊ များစွာအနန္တ၊ အကျိုးရသည်၊ ဓမ္မလေးပါး စုံစေကား။
[ပဉ္စသီငါးပါး တပါးတည်းယူလေ၊ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် (၃၆၆)လာ။]

ရဟန်းမိန်းမတို့ ကျင့်ရသည့် ဂရုဓမ္မတရား ၈-ပါး

၉၃။ အဘိက္ခုက၊ ဝိဟာရ၌၊ နေကမအပ်၊ နှစ်ရပ်တရား ယောကျ်ားထံမှ၊ တောင့်တလေပါ၊ ဝါတရာရ၊ ဖြစ်တုံကလည်း၊ မှန်လှမလစ်၊ ရဟန်းသစ်ကို၊ ကျစ်လစ်ရိုသေ၊ ရိုးခိုးလေလော့၊ ခြောက်ထွေဓမ္မ၊ နှစ်-နှစ်ကျအောင်၊ ကျင့်ထသိက္ခမာန်၊ ပဉ္စင်းခံနှင့်၊ တဖန်ဆုံးမ၊ ယောက်ျားကလည်း၊ ပက္ခမာနတ်၊ ကျင့်အပ်မလွဲ၊ မဆဲရေးရာ၊ နှစ်ဖြာသံဃ၊ သုံးဝပဝါရဏာ၊ ကျင့်ထိုက်စွာသည်၊ ရှစ်ဖြာတရား မိန်းမအား။
[ဤကား ရဟန်းမိန်းမတို့ ကျင့်ရသော ဂရုဓမ္မတရား ရှစ်ပါးတည်း၊ စူဠဝါပါဠိတော် (၄၄၄)လာ။]

ဝါဒ ၁၀-ပါးပြား၍ သံဂါယနာ တင်ရကြောင်း

၉၄။ သိင်္ဂီလောဏ၊ ဒွင်္ဂုလနှင့်၊ ဂါမန္တရတဖြာ၊ အာဝါသကပ္ပ၊ အာစိဏ္ဏတစ်ခု၊ အနုမတိ၊ ဇဠောဂိနှင့်၊ အမထိတဖြာ၊ အဆာမရှိ၊ နိသီဒန၊ ဇာတရူပံ၊ ဆယ်တန်တရား၊ အယူပြား၍၊ တင်ထားသံဂါယနာ၊ ခုနှစ်ရာမျှ၊ ကျမ်းဝယ်ပြားသည်၊ ဝါဒတရား ညီစေကား။
[ဤကား ဝါဒဆယ်ပါး ပြား၍ သံဂါယနာ တင်ကြောင်း စကားရပ်မှတ်ဖွယ်တည်း၊ ပါရာဇိကဏ် အဋ္ဌကထာ (၂၆)လာ။]

လ,နေ ညစ်ကြေးကြောင်း ၄-ပါး

၉၅။ အဗ္ဘမဟိ၊ မည်ရှိတွင်ထ၊ ဓူမ, ရာဟု၊ လေးခုညစ်ကြေး၊ လ, နေဘေးသည်၊ ရစ်ထွေး ချေက မထွန်းပ။
[ဤကား လ,နေအညစ်အကြေးစကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရ စတုက္ကနိပါတ် (၃၆၂)လာ။]

ရဟန်းတို့ အညစ်အကြေး ၄-ပါး

၉၆။ သုရာမေရယ၊ မေထုနနှင့်၊ ဇာတရူပါ၊ မိစ္ဆာဇီဝ၊ ဤလေးဝကြောင့်၊ သမဏ, ဗြာဟ္မဏ၊ ညစ်ညူးရာသည်၊ ကျမ်းလာစကား နှလုံးထား။
[ရဟန်းတို့ အညစ်အကြေးလေးပါး စကားရပ် မှတ်ဖွယ်တည်း။ စူဠဝါပါဠိတော် (၄၉၂)လာ။]

ဗိမ္ဗိသာရမင်းကြီး၏ တောင့်တခြင်း ၅-ပါး

၉၇။ ဘိသိက်ခံငြား၊ ဘုရားကြွလာ၊ ဆည်းကပ်ပါရ၊ ဓမ္မတရား၊ ဟောကြား, သိမြင်၊ ငါးအင်တောင်းတ၊ ပြည့်စုံရသည် ဗိမ္ဗိမည်ငြား မင်းကြီးအား။
[ဤကား ဗိမ္ဗိသာရမင်းကြီး တောင့်တခြင်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဝိနည်းမဟာဝါ (၄၇)လာ။]

ရသေ့ညီနောင်တထောင်တို့အား တန်ခိုးပြခန်း

၉၈။ နဂါးတစ်ခု၊ စတုမဟာရာဇ်၊ ရောက်လစ်တုံထ၊ သက္ကဒေဝါ၊ လာသည်တဖန်၊ သဟမ္ပတိ၊ မည်ရှိတွင်ထွန်း၊ မြောက်ကျွန်းဆွမ်းခံ၊ လျော်ရန်နယ်ပြင်၊ လှမ်းချင်ခေါက်ထ၊ မှုကိစ္စကြောင့်၊ သက္ကဒေဝါ၊ တူးလှာရေကန်၊ တဖန်ကျောက်ပြင်၊ ခတက်ပင်နှင့်၊ ကျောက်ပြင်တသီး၊ အသီးလေးမျိုး၊ အရိုးတသွယ်၊ ပင်လယ်ကသစ်ပန်း၊ နှစ်ခန်းထင်ယူ၊ မီးမူငါးမျိုး၊ မိုးကြီးသည်းစွာ၊ ရွာသည်ကစ၊ ပေါင်းတုံကမူ၊ အရမြားမြောင်၊ သုံးထောင်ငါးရာ၊ ခြောက်ဆယ်သာလိမ့်၊ ဇိနာလုဘ၊ တန်းခိုးပြ၍၊ ထောင်မျှရှင်အား၊ တရားမြိုက်ရေ၊ တိုက်ကျွေးပေသည်၊ ကြီးလေကျေးဇူး ဂုဏ်အထူး။
[ဤကား ရသေ့ညီနောင် ရှင်တထောင်တို့အား တန်ခိုးပြကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ နှစ်ခန်းထင်မှာ ကွဲ -မကွဲယူ၊ မီးမျိုးငါးမျိုးမှာ ငြိ, မငြိ၊ ငြိမ်း-မငြိမ်း မိမယ်ဖြူ ဖန်ဆင်းသည်ယူ၊ ဝိနည်းမဟာဝါ (၃၂၊ ၄၁)မှာ အကျယ်ကြည့်လေ။]

သင်္ကန်းဝတ်တိုင်း ဆင်ခြင်သူအား အကျိုး ၈-ပါး

၉၉။ အချမ်း,အပူ၊ ချင်,မှက်ဟူသား၊ နေပူတထွေ၊ မြွေ,လေ, အရှက်၊ ရှစ်ချက်အခန်း၊ သင်္ကန်းဝတ်ရာ၊ ကျိုးရှစ်ဖြာသည်၊ မှန်စွာမလွဲ ရလေမြဲ။
[ဤကား သင်္ကန်းဝတ်တိုင်း ဆင်ခြင်ရာ အကျိုး ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။]

ကျောင်းကိုမှီဝဲတိုင်း ဆင်ခြင်သူအား အကျိုး ၁၀-ပါး

၁၀၀။ ခြင်,မှက်,နေပူ၊ မြွေ,လေ,ဟူသား၊ အပူ,အချမ်း၊ တခန်းဥတု၊ တစ်ခုဘေးရန်၊ စျာန်, ဝိပဿနာ၊ ကိန်းအောင်းရာသည်၊ ဆယ်ဖြာဟောရိုး ကျောင်းနေကျိုး။
[ဤကား ကျောင်းကို မှီဝဲသုံးဆောင်တိုင်း ဆင်ခြင်ရာသော အကျိုးဆယ်ပါး စကားရပ် မှတ်ဖွယ်တည်း။ သုတ္တန်ဒေသနာအားဖြင့် ကိုးပါး၊ စူဠဝါခန္ဓကအားဖြင့် ခုနှစ်ပါးလာသည်၊ ဥတုနှင့် ဘေးရန်ကို တစ်ခုတည်း တနည်းယူလေ။]

ဆွမ်းပစ္စည်းသုံးဆောင်တိုင်း ဆင်ခြင်သူအား အင်္ဂါ ၈-ပါး

၁၀၁။ မြူးထူးတဝ၊ ယစ်ထ, တန်ဆာ၊ တင့်တယ်စွာလတ်၊ ဤလေးရပ်မူ၊ မအပ်ဟူလိမ့်၊ ဆာပူပျောက်ကင်း၊ မျှတခြင်းနှင့်၊ တည်ခြင်းခန္ဓာ၊ သုံးဖြာသာသနာ၊ ချီးမြှောက်ရရာ၊ ဝေဒနာဟောင်း,သစ်၊ မဖြစ်ပယ်ဖျောက်၊ လျောက်ပတ်စွာလား၊ ပြစ်ကားကင်းရာ၊ အင်္ဂါရှစ်ရပ်၊ ပိဏ္ဍပါတ်ဝယ်၊ မှတ်လေအမြဲ ဉာဏ်အထဲ။
[ဤကား ဆွမ်းပစ္စည်းကို သုံးဆောင်တိုင်း ဆင်ခြင်ရာအင်္ဂါရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း၊ ရှင်မဟာသီလဝမထေရ်အယူ၊ ဖာသုဝိဟာရောစကို အကျိုးယူသည်။]

ဆေးပစ္စည်းကို သုံးဆောင်တိုင်း ဆင်ခြင်သူအား အကျိုး ၂-ပါး

၁၀၂။ လေးပါးသော ဓာတ်၊ ချောက်ချားလတ်၍၊ စွဲကပ်ရောဂါ၊ ပျောက်လေပါက၊ ချမ်းသာသုခ၊ ရစေခြင်းငှါ၊ မှီဝဲရာသည်၊ နှစ်ဖြာသုံးနည်း ဆေးပစ္စည်း။
[ဤကား ဆေးပစ္စည်းကို ဆင်ခြင်သုံးဆောင်ရာသော အကျိုးနှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။ နှစ်ဖြာသုံးနည်း ဆိုရာ၌ အကပ်ခံသည့်ကာလ, စားသည့်ကာလ နှစ်ပါး၌ ဆင်ခြင်လေ ဆိုလိုသည်၊ နေဝဒဝါယ မှ ဝိဘူသနတိုင် လေးပုဒ်ဖြင့် ကာမသုခလ္လိကာနုယောဂအန္တဓမ္မကို ပယ်သည်၊ လေးပုဒ်တို့တွင်လည်း ရှေ့နှစ်ပုဒ်ဖြင့် အတ္ထသံယောဇဉ်ကို ပြသည်၊ နောက်နှစ်ပုဒ်ဖြင့် ပရသံယောဇဉ်ကို ပြသည်၊ ကြွင်းသော ဌိတိယာစသောပုဒ်တို့ဖြင့် အတ္တကိလမထာနုယောဂအန္တဓမ္မကို ပယ်သည်၊ အယုတ်တရားနှစ်ပါးကို ပယ်ရသဖြင့်လည်း ဤပိဏ္ဍပါတံ-စသော ပါဌ်ဖြင့် မဇ္ဈိမပဋိပဒါကို ပြသည်၊ ထို့ကြောင့် ဓမ္မစကြာပါဠိတော်၌ "ဧတေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ" စသည်ဖြင့် ပြတော်မူသည်၊ သင်္ကန်း, ကျောင်း, ဆေးကို ဆင်ခြင်ရာ၌ နည်းတူယူလေ။]

နိဂုံး

၁၀၃။ (က) စစွာပကတူး၊ မြို့တည်ဦးက၊ ကဒူးဘာသာ၊ သဒ္ဒါသုံးချက်၊ ရောရှက် ပေါင်းစည်း၊ ကမ္မဓာရည်း သမာသ်၊ ပညတ်မပျက်၊ ခုထက်မကင်း၊ ဒီပဲရင်း၏၊ နယ်တွင်းအဝင်၊ မြောက်လက်ခွင်၌၊ မုန်တိုင်ပင်ရွာ၊ ရပ်ဂါမာမှ၊ သုံးဖြာဓမ္မ၊ မူကိစ္စကြောင့်၊ လာရတုံငြား၊ မင်းဖျားစံရာ၊ မဟာအမရ၊ နဂရ၏၊ ပစ္ဆိမဒိသာ၊ နောက်မျက်နှာ၌၊ သာယာဆန်းထူး၊ စျေးဆိပ်ဦးတွင်၊ ကြည်းနူးဖွယ်ရာ၊ လေးဖြာလူစု၊ အမြဲစု၍၊ ရောင်းမှုဝယ်တာ၊ လွယ်သည်တာကြောင့်၊ ဥစ္စာဓန၊ ပြည့်စုံကြ၍၊ သုံးဝရတနာ၊ ဆယ်ဖြာကုသလ၊ စိုက်ပျိုးချလျက်၊ များလှဗိုလ်လူ၊ သောင်းသောင်းအူမျှ၊ ဆုယူအမြိုက်၊ စျေးချိုတိုက်ဟု၊ သမိုက်ခေါ်တွင်၊ တိုက်သာခွင်၌၊ တိုက်ရှင်ဒါယကာ၊ သဒ္ဓါညွတ်တွား၊ ထင်ရှားကျော်စော၊ သီပေါမင်းသား၊ လှူငြားတုံရှောင်း၊ ယာယီကျောင်းဝယ်၊ အပေါင်းသံဃာ၊ ဝန်းရံကာလျက်၊ သုံးဖြာဓမ္မ၊ ပို့ချသင်ကြား၊ တရားရေအေး၊ ကယ်တိုက်ကျွေးလျက်၊ နှစ်သက်ဝမ်းသား၊ နေသောခါ၌၊ ငါးဖြာရန်သူ၊ အကြောင်းတူ၍၊ မီးရန်သူဖျက်၊ နေရာပျက်၍၊ အကွက်နေရာ၊ မရခဲ့ပါ၊ ခိုရာမဲ့ခိုက်၊ ရေလည်တိုက်၌၊ အလိုက်ဘာသာ၊ နေစဉ်ခါ၌၊ နောင်လာအများ၊ အမျိုးသားတို့၊ မှတ်သားစိမ့်ငှါ၊ ကရုဏာဖြင့်၊ "ဝံသာဘိ လင်္ကာရ ဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု" ဆယ့်ကိုးခု အက္ခရာ၊ တံဆိပ်စာနှင့် သံဃာများဖ၊ မြတ်လှဆရာ၊ ကျမ်းတိုင်းရှာ၍၊ ကောဇာသက္ကရာဇ်၊ ရေတွက်စစ်သော်၊ အစ်-နှစ်-နှစ်နောက်၊ လှောက်လေသုည၊ လုံးဧကတည့်၊ ချလေလေးခု၊ ဥတုဂိမ္မန္တ၊ ကဆုန်လတွင်၊ ထုတ်စီရင်သည်၊ လူရှင်အများ နှုတ်ဝယ်ထား။ (ခ) လောကူပမာ၊ နှိုင်းရန်ရှာမူ၊ ကျယ်စွာတုံမြောက်၊ ချောင်းကပ်စောက်ကို၊ ကူးရောက်ခြင်းငှါ၊ မတတ်ပါ၍၊ လိုရာမရ၊ တ-တတဖြင့်၊ ဒုက္ခနှင့်သာ၊ ကမ်းဝယ်ကြာသို့၊ လေးဖြာဓမ္မ၊ ဂမ္ဘီရကို၊ ဉာဏခြေထောက်၊ နင်းသွားလျှောက်၍၊ ကူးရောက်ခြင်းငှါ၊ မတတ်ပါ၍၊ သုံးဖြာဓမ္မ၊ မသိကြဘဲ၊ ငါးဝခန္ဓာ၊ ကမ်းဝယ်ကြာခဲ့၊ လျှောက်ရာတံတား၊ နင်းသွားလွယ်ကူ၊ ခင်းသောသူတို့၊ ထုတ်ယူညွှန်ပြ၊ မြတ်ဓမ္မကို၊ သိကြလွယ်အောင်၊ စာစောင်ဖွဲ့ကုံး၊ အကျဉ်းရုံးလျက်၊ စွဲသုံးဆောင်ရာ၊ ဆရာမြတ်လှ၊ ထုတ်ဖော်ပြ၏၊ ပဏ္ဍိတကမ်း၊ ဗာလကမ်းမှ၊ ကူးလှမ်းကြလေ၊ လေးထွေပွဲဝ၊ လိုတိုင်းရလိမ့်၊ ကြွယ်ဝကုံလုံ၊ စကားစုံဖြင့်၊ သုံးပုံတံတား၊ ခင်းခဲ့ထားသည်၊ လေးပါး ဉာဏ်ခြေ ကူးလျှောက်လေ။ ၁၀၅။ (ဂ) တံတားတကာ၊ ကဲ့ပမာသို့၊ သုံးဖြားတံတား၊ ကူးသွားဖွယ်ရာ၊ ခင်းပါရသား၊ ကုသိုလ်အားကြောင့်၊ တံတားပမာ၊ ဉာဏ်ပညာနှင့်၊ သံသရာဘဝ၊ ဖြစ်ပါရစေ၊ သုံးထွေပိဋတ်၊ ငါးရပ်နိကာယ်၊ ကိုးသွယ်အင်္ဂါ၊ များစွာသောကျမ်း၊ သုံးပုံကမ်းကို၊ ကူးလှမ်းနိုင်စွာ၊ ဉာဏ်ပညာနှင့်၊ ဖြစ်ပါရစေ၊ လေးထွေဩဃ၊ မြစ်ဝဲမသို့၊ နစ်ကြမျောပါး၊ လူတလွှားကို၊ ရှစ်ပါးမဂ္ဂင်၊ တံတားဆင်၍၊ ပို့တင်ကယ်ရပါလိုသော်၊ ဗုဒ္ဓသာသနာ၊ မြတ်သုံးဖြာကို၊ ဓမ္မာနုဂ္ဂဟ၊ ချီးမြှောက်ရကျိုး၊ ထက်မိုးကောင်းကင်၊ ကဲ့အသွင်သို့၊ ဂုဏ်အင်ကြီးလှ၊ မိ,ဖဘိုးဘွား၊ ထွက်ထားဆရာ၊ ပြည်ရွာသခင်၊ ရေမြေရှင်နှင့်၊ ကိုယ်တွင်မပြတ်၊ စောင့်သည်နတ်မှ၊ သုံးရပ်ဘုံသူ၊ နတ်နှင့်လူကို၊ အတူရစေ၊ ပေးငှဝေသည်၊ ရိုသေဦးခိုက်၊ ပဲ့တင်ရိုက်မျှ၊ နှစ်ခြိုက်သာဓု ခေါ်စေသော်။ ၁၀၆။ (ဃ) ဤသို့ စေတနာ၊ ပြုပါရသား၊ အကျိုးအားကြောင့်၊ ပြောင်းသွားဘဝ၊ နောင်ကာလ၌၊ သုံးဝပိဋကတ်၊ လေးတတ်, ဗေဒင်၊ ထို့ပြင်တခြား၊ ဘုရားလောင်းအလောင်း၊ သူတော်ကောင်းတို့၊ တတ်ကောင်းသမျှ၊ အဝဝကို၊ ကြံဆရုံပင်၊ ဟင်းလင်းမြင်၍၊ ကောင်းကင်အလယ်၊ လမင်းနှယ်လျှင်၊ ဖြစ်ရကျင်၍၊ လေးအင်မျိုးသား၊ သူတို့အားကို၊ ယဉ်ပါစေလျက်၊ မိုးကြိုးစက်သို့၊ တချက်တည်းသာ၊ ပြစ်သောတာကြောင့်၊ ဗာလာသမုတ်၊ လူအယုတ်ကို၊ ဖုံးအုပ်ဉာဏ်အောင် ကယ်ယူဆောင်၍၊ ကောင်းအောင်ပြသ၊ ဆုံးမတုံထ၊ မြတ်ဓမ္မကို၊ ကြားကကြည်ယုံ၊ ကိုယ်လုံးထုံ၍၊ ယမ်းပုံအဝ၊ မီးခဲကျသို့၊ လောဘတဏှာ၊ အဝိဇ္ဇာကို၊ ပညာမီးပွား၊ ဟုန်းဟုန်းစား၍၊ ခြောက်ပါအာရုံ၊ မမက်ကုန်ဘဲ၊ ဉာဏ်ဟုန်နှင့်သာ၊ ပြည့်စုံပါ၏၊ ခေမာအမတ၊ တွင်ထအမည်၊ နိဗ္ဗာန်ပြည်သို့၊ ဧကြည်ချမ်းသာ၊ မီငြိမ်းရာကို၊ မကြာလျင်ဆော ပြည့်စေသော်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse