သုဝဏ္ဏကာရတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မဂ္ဂဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၉။ သုဝဏ္ဏကာရတ္ထေရဝတ္ထု
325172ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မဂ္ဂဝဂ် — ၉။ သုဝဏ္ဏကာရတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၉။ ရွှေပန်းထိမ်သည်သား မထေရ်ဝတ္ထု

ဥစ္ဆိန္ဒအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတ္တရာမထေရ်၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိကတပည့်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကမ္မဋ္ဌာန်းမထင်၍ ဘုရားထံပို့ရခြင်း

တစ်ယောက်သော အလွန်အဆင်းလှသော ရွှေပန်းထိမ်သည်သားသည် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်၌ ရဟန်းပြုသတတ်။ ရှင်သာရိပုတ္တရာမထေရ်သည် ပျိုနုသောသူတို့အား ရာဂပြန့်ပြောစွာ ဖြစ်တတ်၏ဟု ကြံ၍ ထိုရဟန်းအား ရာဂကို ပယ်ဖျောက်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေ၏။ ထိုရဟန်းအားကား အသုဘကမ္မဋ္ဌာန်းသည် မလျောက်ပတ်။ ထို့ကြောင့် တောသို့ဝင်၍ ဝါတွင်းသုံးလပတ်လုံး အားထုတ်အပ်သည်ရှိသော် စိတ်၏ တည်ကြည်ခြင်းမျှကိုလည်း မရသောကြောင့် တစ်ဖန် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်သို့ လာသဖြင့် ရှင်သာရိပုတ္တရာမထေရ်သည် “ငါ့ရှင်- သင့်အား ကမ္မဋ္ဌာန်းသည် ထင်၏လော”ဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုသို့ လျှောက်ကြားသောအခါ ရှင်သာရိပုတ္တရာ မထေရ်သည် ထိုတပည့် ရဟန်းငယ်အား ကမ္မဋ္ဌာန်းသည်- မပြည့်စုံသေးဟု နှလုံးပြုလျက် “သင့်အား ဖြူစင်ခြင်းသို့ ရောက်ခြင်းငှာ မသင့်သေး”ဟု မိန့်ဆို၍ တစ်ဖန် ထိုအသုဘကမ္မဋ္ဌာန်းကိုပင်လျှင် ကောင်းစွာပြု၍ ပေးတော်မူပြန်လေ၏။ ထိုတပည့်သည် နှစ်ကြိမ်မြောက်၌လည်း တစ်စုံတစ်ခုသော တရားအထူးကို ဖြစ်စိမ့်သောငှာ မတတ်နိုင်ရကား ပြန်လာ၍ ရှင်သာရိပုတ္တရာမထေရ်အား လျှောက်ကြားပြန်၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း အကြောင်းနှင့်တကွ ဥပမာနှင့်တကွ ထိုအသုဘကမ္မဋ္ဌာန်းကိုပင်လျှင် ဟောကြားပြန်လေ၏။ ထိုရဟန်းသည် တစ်ဖန်လည်း ပြန်လာ၍ ကမ္မဋ္ဌာန်း မပြည့်စုံသည့်အဖြစ်ကို လျှောက်ကြားပြန်လေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် “ကမ္မဋ္ဌာန်း စီးဖြန်းခြင်းကိုပြုသော ရဟန်းကား မိမိ၌ ထင်ရှားရှိသော ကာမစ္ဆန္ဒ အစရှိသည်တို့ကို ရှိကုန်၏ဟူ၍လည်းကောင်း၊ မရှိကုန်သည်တို့ကို မရှိကုန်ဟူ၍လည်းကောင်း သိတတ်ပေ၏။ ဤရဟန်းကား ကမ္မဋ္ဌာန်းဟူသော အမှုကို ပြုသောသူဖြစ်၏၊ မပြုသောသူ မဟုတ်၊ အကျင့်ကို ကျင့်သောသူဖြစ်၏၊ မကျင့်သောသူ မဟုတ်၊ ငါသည်ကား ထိုရဟန်းငယ်၏ အလိုအဇ္ဈာသယကို မသိ၊ ဤရဟန်းငယ်သည် ဘုရရှင်သာ ချွတ်ထိုက်သောသူ ဖြစ်ပေလတ္တံ့”ဟု ကြံလေ၏။ ထိုသို့ကြံပြီးလျှင် ထိုရဟန်းငယ်ကို ခေါ်တော်မူ၍ ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- ဤရဟန်းသည် တပည့်တော်၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိကတပည့် ဖြစ်ပါသည်ဘုရား၊ ဤရဟန်းငယ်အား တပည့်တော်သည် ဤသို့သောအကြောင်းဖြင့် ဤမည်သောကမ္မဋ္ဌာန်းကို ပေးအပ်ပါသည်” အစရှိသည်ဖြင့် အလုံးစုံသော ထိုအကြောင်းအရာ စကားတို့ကို လျှောက်ကြားလေ၏။

လောဟိတ ကမ္မဋ္ဌာန်းဖြင့် ဈာန်ရခြင်း

ထိုသို့ လျှောက်ကြားလတ်သောအခါ၌ ထိုရဟန်းငယ်ကို မြတ်စွာဘုရားသည် “ဤအာသယာနုသယဉာဏ် မည်သည်ကား ပါရမီတို့ကို ဖြည့်ကျင့်၍ တစ်သောင်းသော လောကဓာတ်ကို ပဲ့တင်ထပ်စေလျက် သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူကြကုန်သော မြတ်စွာဘုရားတို့၏ အရာသာလျှင် ဖြစ်၏၊ အသို့နည်း၊ ဤရဟန်းသည် အဘယ်အမျိုးမှထွက်၍ ရဟန်းပြုဘိလေသနည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် “ရွှေပန်းထိမ်သည် အမျိုးမှထွက်၍ ရဟန်းပြု၏”ဟု သိတော်မူသဖြင့် လွန်လေပြီးသော ကိုယ်အဖြစ်တို့ကို ကြည့်ရှုပြန်သည်ရှိသော် ထိုရဟန်းငယ်၏ ရွှေပန်းထိမ်သည်အမျိုး၌သာလျှင် အစဉ်အတိုင်းဖြစ်ကုန်သော ငါးရာသော ကိုယ်အဖြစ်တို့ကို မြင်တော်မူ၍ “ဤရဟန်းငယ်သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ရွှေပန်းထိမ်သည်၏ အမှုကိုပြုသဖြင့် “မဟာလှေကားပန်း, ပဒုမ္မာကြာပန်း စသည်တို့ကို ပြုလုပ်အံ့”ဟု ရွှေနီကိုသာလျှင် တပြောင်းပြန်ပြန် ခတ်ဖူး၏၊ ထို့ကြောင့် ဤရဟန်းငယ်အား မတင့်တယ် စက်ဆုပ်ရွံရှာဖွယ်သော အသုဘကမ္မဋ္ဌာန်းသည် မသင့်မလျောက်ပတ်၊ နှစ်သက်ဖွယ်ရှိသော ကမ္မဋ္ဌာန်းသည်သာလျှင် သင့်တော်လျောက်ပတ်၏”ဟု ကြံစည်တော်မူပြီးလျှင် “ချစ်သား သာရိပုတ္တရာ- သင်သည် ကမ္မဋ္ဌာန်းကိုပေး၍ လေးလတို့ပတ်လုံး ပင်ပန်းစေအပ်သော ရဟန်းငယ်ကို ယနေ့ ဆွမ်းစားပြီးသော ညနေချမ်းအချိန်အခါ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သည်ကို သင်မြင်ရပေလတ္တံ့၊ သင် သွားချေလော့”ဟု ရှင်သာရိပုတ္တရာမထေရ်ကို လွှတ်လိုက်၍ တန်ခိုးတော်ဖြင့် လှည်းဘီးမျှလောက်သော ရွှေပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ အရွက်တို့မှလည်းကောင်း, အရိုးတို့မှလည်းကောင်း ရေပေါက်တို့ကို ယိုစီးကျသကဲ့သို့ ပြုလုပ်ပြီးလျှင် “ချစ်သားရဟန်း- ဤပဒုမ္မာကြာပန်းကိုယူ၍ ကျောင်းအစွန် သဲပုံစု၌ ထားသဖြင့် ရှေးရှုမျက်မှောက်အရပ်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလျက် “လောဟိတကံ လောဟိတကံ- နီမြန်းသော အဆင်းပါတကား၊ နီမြန်းသော အဆင်းပါတကား”ဟု ကသိုဏ်းပရိကံအမှု ပြုချေလော့”ဟု မိန့်တော်မူ၍ ပေးသနားတော်မူလေ၏။

ဖန်ဆင်းအပ်သော ပဒုမ္မာကြာပန်းကို မြတ်စွာဘုရား၏ လက်တော်မှ ယူစဉ်သာလျှင် ထိုရဟန်း၏စိတ်သည် ကြည်ကြည်လင်လင် ဖြစ်လေ၏။ ထိုရဟန်းငယ်သည် ကျောင်းအစွန်သို့သွား၍ သဲကိုစုပုံ၍ ထိုသဲပုံစု၌ ပဒုမ္မာကြာရိုးကို စိုက်သွင်းပြီးလျှင် ရှေးရှုမျက်မှောက်အရပ်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလျက် “လောဟိတကံ လောဟိတကံ” ဟု ကသိုဏ်းပရိကံကို အားထုတ်လေ၏။ ထိုအခါ၌ ရဟန်းငယ်အား ထိုခဏချင်းဖြင့်သာလျှင် နီဝရဏတရားတို့သည် ထွက်ခွာသွားကြကုန်၏။ ဥပစာရဈာန်သည် ဖြစ်ပေါ်လာလေ၏။ ထိုဥပစာရဈာန်ဖြစ်သည်၏ အခြားမဲ့၌ ပထမဈာန်ကို ဖြစ်စေလျက် ငါးပါးသော အခြင်းအရာတို့ဖြင့် လေ့လာသည်၏အဖြစ်သို့ ရောက်စေပြီးလျှင် ထိုင်နေလျက်သာလျှင် ဒုတိယဈာန် အစရှိသည်တို့သို့လည်း ရောက်သဖြင့် လေ့လာခြင်းရှိသည်ဖြစ်၍ စတုတ္ထဈာန်ဖြင့် ဈာန်ကစားခြင်းကို ကစားလျက်နေလေ၏။

ဝိပဿနာဆိုက်အောင် ပြုခြင်း

မြတ်စွာဘုရားသည် ထိုရဟန်းငယ်၏ ဈာန်ရသည်အဖြစ်ကို သိတော်မူလျှင် “ဤရဟန်းသည် မိမိ၏ သဘောအားဖြင့် အထက်ဖြစ်သော မဂ်ဖိုလ်အထူးကို ဖြစ်စေခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြည့်ရှုတော်မူလတ်သည်ရှိသော် မတတ်နိုင်လတ္တံ့ဟု သိတော်မူသဖြင့် “ထိုပဒုမ္မာကြာပန်းသည် ညှိုးနွမ်းစေသတည်း”ဟု ဓိဋ္ဌာန်တော်မူလေ၏။ ထိုကြာပန်းသည် လက်တို့ဖြင့် ဆုပ်နယ်အပ်သည်ဖြစ်၍ ညှိုးနွမ်းသော ကြာပန်းကဲ့သို့ ညိုမည်းသော အဆင်းရှိသည် ဖြစ်လေ၏။ ထိုရဟန်းငယ်သည် ဈာန်မှထ၍ ထိုကြာပန်းကို ကြည့်ရှု၍ “အသို့နည်း၊ ဤပဒုမ္မာကြာပန်းသည် အိုမင်းညှိုးလျော်ခြင်းဟူသော ဇရာတရားဖြင့် နှိပ်စက်သောအဖြစ်သည် ထင်ရှား၏။ ဥတုကြောင့်ဖြစ်သော အနုပါဒိဏ္ဏကရုပ်၌လည်း ဤသို့ ဇရာတရားသည် နှိပ်စက်အပ်သည်ရှိသော် ကံကြောင့်ဖြစ်သော ဥပါဒိဏ္ဏကရုပ်၌ ဆိုဖွယ်ရာမရှိသည်သာတည်း၊ ဤကိုယ်ကိုလည်း အိုခြင်း, သေခြင်းသည် လွှမ်းမိုးနှိပ်စက် ဖျက်ဆီးလတ္တံ့”ဟု မမြဲသော အနိစ္စလက္ခဏာကို မြင်ရလေ၏။

(ထိုအနိစ္စလက္ခဏာကို မြင်ရသည်ရှိသော် ဒုက္ခလက္ခဏာကိုလည်းကောင်း, အနတ္တလက္ခဏာကိုလည်းကောင်း မြင်ရသည်သာလျှင် ဖြစ်၏။)

ထိုရဟန်းငယ်အား သုံးပါးသော ဘဝတို့သည် ပြောင်ပြောင် တောက်လောင်ကုန်သကဲ့သို့လည်းကောင်း၊ လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့လည်းကောင်း ထင်လာကုန်၏။ ထိုခဏ၌ ထိုရဟန်းငယ်၏ မနီးမဝေးသော အရပ်၌ သူငယ်တို့သည် တစ်ခုသောအိုင်သို့ သက်ဆင်း၍ ကုမုဒြာကြာတို့ကိုချိုး၍ ကြည်းကုန်းထက်၌ အစုပြုကြကုန်၏။ ထိုရဟန်းငယ်သည် ရေ၌လည်းကောင်း၊ ကြည်းကုန်းထက်၌လည်းကောင်း တည်ကုန်သော ကုမုဒြာကြာတို့ကို ကြည့်ရှုလေ၏။ ထိုအခါ ထိုရဟန်းငယ်အား ရေ၌တည်သော ထိုကုမုဒြာကြာတို့သည် အလွန်အဆင်းလှကုန်လျက် ရေဖြင့် ယိုစီးကုန်သကဲ့သို့ ထင်ကုန်၏။ ကြည်းကုန်းထက်၌တည်သော ကြာတို့ကား အဖျားအဖျားတို့၌ ညှိုးနွမ်းကုန်၏။ ထိုရဟန်းငယ်သည် “အနုပါဒိဏ္ဏက ဥတုဇရုပ်ကို ဇရာတရားသည် ဤသို့ နှိပ်စက်ဘိ၏၊ ဥပါဒိဏ္ဏက ကမ္မဇရုပ်ကိုကား အဘယ့်ကြောင့် မနှိပ်စက်ဘဲ ရှိအံ့နည်း”ဟု အလွန့်အလွန် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကို မြင်ရလေ၏။ မြတ်စွာဘုရားသည် “ယခုအခါ ဤရဟန်းငယ်အား ကမ္မဋ္ဌာန်းသည် ထင်ရှားစွာ ဖြစ်ပြီ”ဟု သိတော်မူ၍ ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏။ ထိုရောင်ခြည်တော်သည် ရဟန်းငယ်၏ မျက်နှာကို ခတ်မိလေ၏။ ထိုအခါ “ဤအရောင်သည် အဘယ်သို့သော အရောင်ဖြစ်သနည်း”ဟု ကြည့်ရှုလတ်စဉ် ဘုရားရှင်သည် ကြွလာတော်မူ၍ မျက်မှောက်၌ ရပ်တော်မူဘိသကဲ့သို့ ဖြစ်လေ၏။ ထိုရဟန်းငယ်သည် ထ၍ လက်အုပ်ကို ချီလေ၏၊ ထိုအခါ ရဟန်းငယ်အား လျောက်ပတ်သည်ကို မှတ်သားတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၈၅] ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

သာရဒိကံ၊ တန်ဆောင်မုန်းလ သာရဒကာလ၌ဖြစ်သော။ ကုမုဒုံ၊ ကုမုဒြာကြာပန်းကို။ ပါဏိနာ၊ လက်ဖြင့်။ ဆိန္ဒတိဣဝ၊ ဖြတ်သကဲ့သို့။ အတ္တနော၊ မိမိ၏။ သိနေဟံ၊ ချစ်ခင်ခြင်း တဏှာကို။ ဥစ္ဆိန္ဒ၊ အရဟတ္တမဂ်ဉာဏ်ဖြင့်ဖြတ်လော့။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သုဂတေန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်၏။ သန္တိမဂ္ဂမေဝ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးကိုသာလျှင်။ ဗြူဟယ၊ တိုးပွားစေလော့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရှင်သာရိပုတ္တရာ၏ သဒ္ဓိဝိဟာရိက အတူနေတပည့်ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ရွှေပန်းထိမ်သည်သားမထေရ် ဝတ္ထုပြီး၏။