မဟာဓနဝါဏိဇဝတ္ထု -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မဂ္ဂဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၁၀။ မဟာဓနဝါဏိဇဝတ္ထု

၁၀။ မဟာဓနေကုန်သည်ကြီးဝတ္ထု

ဣဓ ဝဿံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာဓနဝါဏိဇ အမည်ရှိသော ကုန်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ငါမသေနိုင်သေးဟု မှတ်ထင်ခြင်း

ထိုကုန်သည်ကြီးသည် ဗာရာဏသီပြည်မှ ဝတ်ပန်းပွင့် ဆိုးရည်ဖြင့် ဆိုးအပ်ကုန်သော အဝတ်ပုဆိုးတို့ဖြင့် လှည်းငါးရာတို့ကို ပြည့်စေလျက် ကုန်သွယ်ခြင်းအကျိုးငှာ သာဝတ္ထိပြည်သို့ လာသတတ်။ ထိုကုန်သည်ကြီးသည် မြစ်ကမ်းနားသို့ ရောက်ပြီးလျှင် နက်ဖြန်၌ မြစ်ကိုကူးအံ့ဟုကြံလျက် ထိုမြစ်ကမ်းနား၌သာလျှင် လှည်းတို့ကို ဖြတ်စေ၍ နေလေ၏။ ညဉ့်အခါ၌ မိုးကြီးတက်လတ်၍ ရွာချလေ၏။ မြစ်သည် ခုနစ်ရက်ပတ်လုံး ရေဖြင့်ပြည့်သည်ဖြစ်၍ တည်လေ၏။ ပြည်သူပြည်သားတို့သည်လည်း ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင် ကစားကြကုန်၏။ ဝတ်ပန်းဆိုးသော ပုဆိုးတို့ဖြင့် လိုအပ်သောကိစ္စလည်း ပြီးခဲ့လေ၏။ ကုန်သည်ကြီးသည် “ငါကား အဝေးမှ လာခဲ့ရ၏၊ တစ်ဖန် အကယ်၍ ပြန်လာရသည်ဖြစ်အံ့၊ ကြာမြင့်ခြင်းသည် ဖြစ်လတ္တံ့၊ ဤအရပ်၌သာလျှင် မိုးလေးလပတ်လုံးလည်းကောင်း၊ ဆောင်းလေးလပတ်လုံးလည်းကောင်း၊ နွေလေးလပတ်လုံးလည်းကောင်း ငါ၏ ရောင်းချခြင်းအမှုကို ပြုလုပ်ကာနေလျက် ဤအဝတ်ပုဆိုးတို့ကို ရောင်းချရပေတော့အံ့”ဟု ကြံစည်လေ၏။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှာ သွားလာလှည့်လည်တော်မူစဉ် ထိုကုန်သည်ကြီး၏ စိတ်အကြံကို သိတော်မူသောကြောင့် ပြုံးခြင်းကို ထင်ရှားစွာ ပြုတော်မူရကား ရှင်အာနန္ဒာမထေရ်သည် ပြုံးတော်မူသောအကြောင်းကို မေးလျှောက်အပ်သည်ဖြစ်၍ “ချစ်သားအာနန္ဒာ- မဟာဓနကုန်သည်ကြီးကို သင်သည် မြင်၏လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုကုန်သည်ကြီးသည် မိမိ၏ အသက်အန္တရာယ်ကို မသိလေသောကြောင့် ဤနှစ်,တစ်နှစ်ပတ်လုံး ဤမြစ်ကမ်းနား၌သာလျှင်နေ၍ အဝတ်ပုဆိုး ဘဏ္ဍာကို ရောင်းချအံ့သော စိတ်အကြံကို ပြုဘိ၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အသို့ပါနည်း၊ ထိုကုန်သည်ကြီးအား အန္တရာယ်ဖြစ်လိမ့်မည်လားဘုရား”ဟု နားတော်လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- အန္တရာယ်ဖြစ်လိမ့်မည် ဟုတ်မှန်ပေ၏၊ ခုနစ်ရက်မျှသာလျှင် အသက်ရှည်၍ ထိုကုန်သည်ကြီးသည် သေမင်းခံတွင်း၌ ကျရောက်ပေလတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဥပရိပဏ္ဏာသ ပါဠိတော်၊ ဘဒ္ဒေကရတ္တသုတ် ဂါထာ

အဇ္ဇဝ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တ မတန္ဒိတံ။
တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတေ မုနိ။

အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အာတပ္ပံ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လဝီရိယကို။ ကိစ္စံ-ကာတဗ္ဗံ၊ ပြုအပ်၏။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေခြင်းကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်အံ့နည်း။ ဟိ၊ ထိုစကားသင့်စွ။ မဟာသေနေန၊ များသော စစ်သည်ရှိသော။ တေန မစ္စုနာ၊ ထိုသေမင်းနှင့်။ သင်္ဂရံ၊ ချိန်းချက်ခြင်းသည်။ ဝါ၊ အကျွမ်းတဝင်ပြုလုပ်ခြင်း, တံစိုးလက်ဆောင်ပေးထားခြင်း, ဗိုလ်ပါရဲမက် စုဆောင်းထားခြင်းသည်။ နော၊ ငါတို့အား။ န ဟိ အတ္ထိ၊ မရှိသည်သာတည်း။

အဟောရတ္တံ၊ နေ့ညဉ့်ပတ်လုံး။ ဧဝံ ဝိဟာရိံ၊ ဤသို့ နေလေ့ရှိသော။ အာတာပိံ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္ထိ၊ ရှိ၏။ အတန္ဒိတံ၊ ပျင်းရိဖယ်ချ လုံ့လရှိသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဝေ၊ စင်စစ်။ ဘဒ္ဒေကရတ္တောတိ၊ ကောင်းသော တစ်ညဉ့်ရှိသော ပုဂ္ဂိုလ်မြတ်ဟူ၍။ သန္တော၊ ရာဂစသည် ငြိမ်းအေးပြီးသော။ မုနိ၊ မြတ်စွာဘုရားသည်။ အာစိက္ခတေ၊ ဟောကြားတော်မူ၏။

ကုန်သည်ကြီး ထိတ်လန့်၍ ကုသိုလ်ပြုခြင်း

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုကုန်သည်ကြီးအထံသို့ သွားပါရစေ၊ ပြောကြားလိုပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားအာနန္ဒာ- လွတ်လွတ်ကျွတ်ကျွတ် ရဲရဲဝံ့ဝံ့ သွားချေလော့”ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် လှည်းတပ်ချရာအရပ်သို့ သွား၍ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလေ၏။ ကုန်သည်ကြီးသည် ရှင်အာနန္ဒာမထေရ်ကို ခဲဖွယ်ဘောဇဉ် အာဟာရတို့ဖြင့် မြတ်နိုးနှစ်သိမ့်စေလေ၏။ လှူဒါန်းလေ၏။ ထိုအခါ ကုန်သည်ကြီးကို ရှင်အာနန္ဒာမထေရ်သည် “အဘယ်မျှလောက်သော ကာလပတ်လုံး ဤအရပ်၌ နေလတ္တံ့နည်း”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ဝေးသောအရပ်မှ လာခဲ့ရပါသည်။ အကယ်၍ တစ်ဖန် ပြန်လာရသည်ဖြစ်အံ့၊ ကြာမြင့်ခြင်းသည် ဖြစ်ပါလတ္တံ့၊ ထို့ကြောင့် ဤနှစ် တစ်နှစ်ပတ်လုံး ဤအရပ်၌နေလျက် အဝတ်ပုဆိုး ဘဏ္ဍာကို ရောင်းချ၍ သွားပါမည်ဘုရား”ဟု လျှောက်သည်ရှိသော် “ဒါယကာ- အသက်အန္တရာယ်ကို သိနိုင်ခဲ၏၊ မမေ့မလျော့ပြုခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- အသက်အန္တရာယ်သည် ဖြစ်လိမ့်မည်လောဘုရား”ဟု လျှောက်လတ်သည်ရှိသော် “ဒါယကာ- ဖြစ်လတ္တံ့သည်မှန်၏၊ ခုနစ်ရက်မျှသာ သင်၏အသက်သည် ဖြစ်လတ္တံ့၊ ရှည်လတ္တံ့”ဟု မိန့်ဆိုတော်မူလေ၏။ ကုန်သည်ကြီးသည် ထိတ်လန့်သောစိတ် ရှိသည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူကြီးကိုပေးလှူ၍ အနုမောဒနာတရား ဟောကြားစိမ့်သောငှာ သပိတ်တော်ကို ယူလေ၏။ ထိုအခါ ကုန်သည်ကြီးအား မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူသဖြင့် “ဒါယကာ- လာချေဦးလော့၊ ပညာရှိသောသူ မည်သည်ကား ဤအရပ်၌သာလျှင် နေပေတော့အံ့၊ ဤအခါ၌ နေပေတော့အံ့၊ ဤမည်, ဤမည်သော အမှုကို ပြုလုပ်တော့အံ့”ဟု ကြံစည်ခြင်းငှာ မသင့်၊ မိမိ၏ အသက်အန္တရာယ်ကိုသာလျှင် ကြံစည်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၈၆] ဣဓ ဝဿံ ဝသိဿာမိ၊ ဣဓ ဟေမန္တဂိမှိသု။
ဣတိ ဗာလော ဝိစိန္တေတိ၊ အန္တရာယံ န ဗုဇ္ဈတိ။

ဣဓ ဣမသို့ ဌာနေ၊ ဤအရပ်၌။ ဣဒဉ္စိဒဉ္စ၊ ဤမည်,ဤမည်သော အမှုကိုလည်း။ ကရောန္တော၊ ပြုလုပ်လျက်။ ဝဿံ၊ မိုးလေးလပတ်လုံး။ ဝသိဿာမိ၊ နေပေတော့အံ့။ ဣဓ မသ္မိံ ဌာနေ၊ ဤအရပ်၌။ ဣဒဉ္စိဒဉ္စ၊ ဤမည်,ဤမည်သော အမှုကိုလည်း။ ကရောန္တော၊ ပြုလုပ်လျက်။ ဟေမန္တဂိမှိသု၊ ဆောင်းလေးလ, နွေလေးလတို့၌။ ဝသိဿာမိ၊ နေပေတော့အံ့။ ဣတိ၊ ဤသို့။ ဗာလော၊ မျက်မှောက်အကျိုး တမလွန်အကျိုးကို မသိတတ်သော သူမိုက်သည်။ ဝိစိန္တေသိ၊ ကြံစည်၏။ အန္တရာယံ၊ ဤအခါ ဤအရပ် ဤနှစ်၌ သေရလတ္တံ့ဟု မိမိ၏ အသက်အန္တရာယ်ကို။ န ဗုဇ္ဈတိ၊ မသိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ ကုန်သည်ကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာသည် ဖြစ်တော်မူလေ၏။

ကုန်သည်ကြီး သေ၍ တုသိတာ၌ ဖြစ်ခြင်း

ကုန်သည်ကြီးသည်လည်း မြတ်စွာဘုရားကို လိုက်ပို့၍ ပြန်လာပြီးလျှင် “ငါ့အား ဦးခေါင်းနာကဲ့သို့သော အနာသည် ဖြစ်၏ဟူ၍ အိပ်ရာညောင်စောင်း၌ လျောင်းအိပ်စက်လေ၏။ ထိုသို့ လျောင်းအိပ်စက်လျက်သာလျှင် သေလွန်လေ၍ တုသိတာ နတ်ဗိမာန်၌ ဖြစ်လေ၏။

မဟာဓနကုန်သည်ကြီးဝတ္ထုပြီး၏။