သီလဝီမံသကဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၈၆။ သီလဝီမံသကဇာတ်

ဧကကနိပါတ်-အပါယိမှဝဂ်

၆။ သီလဝီမံသကဇာတ်

မိမိသီလကို မိမိစုံစမ်းသည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သီလံ ကိရေဝ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလကိုစုံစမ်းတတ်သော တယောက်သောပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားသည် ကောသလမင်းကိုအမှီပြု၍ အသက်မွေးသတတ်၊ ရတနာသုံးပါးတို့ကို ကိုးကွယ်၏။ မကျိုးမပျက်သော သီလရှိ၏။ ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ရောက်၏။ မင်းကြီးသည် ပုဏ္ဏားသည်ကား သီလရှိ၏ဟု ပုဏ္ဏားအား အတိုင်းထက်အလွန် မြတ်နိုးခြင်းကို ပြု၏။ ထိုပုဏ္ဏားသည် ဤမင်းကြီးသည် ငါ့အား တပါးသောပုဏ္ဏားတို့ထက် အလွန်လျှင် မြတ်နိုးခြင်းကိုပြု၏ အလွန်လျှင် အလေးအမြတ်ပြု၍ ရှု၏။ ဤမင်းသည် ငါ၏ အမျိုးစဉ်ဆက် အတတ်ပညာ၏ ပြည့်စုံခြင်းကိုမှီ၍ ဤမြတ်နိုးခြင်းကို ပြုသလော၊ ထိုသို့မဟုတ်မူကား သီလ၏ပြည့်စုံခြင်းကိုမှီ၍ မြတ်နိုးခြင်းကိုပြုသော၊ ရှေး ဦးစွာ စုံစမ်းအံ့ဟုကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည် တနေ့သ၌ မင်းအားခစားခြင်းကိုပြု၍ အိမ်သို့ပြန်လာသည်ရှိသော် ရွှေ ပန်းထိမ်သည်၏ ပျဉ်မှ မပန်ကြားမှု၍သာလျှင် တသပြာကိုယူ၍ သွားလေ၏။ ရွှေပန်းထိမ်သည်သည် ပုဏ္ဏား၌ရိုသေသည်၏အဖြစ်ဖြင့် တစုံတခုသောစကားကိုမဆိုမူ၍နေ၏။ နက်ဖြန်နေ့လည်း နှစ်သပြာတို့ကိုယူပြန်၏။ ရွှေပန်းထိမ်သည်သည် ရှေးအတူသာလျှင်သည်းခံ၏။ သုံးရက်မြောက်သောနေ့၌ တဆုပ်သောအသပြာတို့ကို ယူ၏။

ထိုအခါ ထိုပုဏ္ဏားကို ရွှေပန်းထိမ်သည်သည် ယနေ့မင်း၏ဥစ္စာကို သင်ယူသည် သုံးရက်ရှိပြီဟုဆို၍ မင်း၏ဥစ္စာကိုခိုးသော ခိုးသူကို ငါသည်ဖမ်းအပ်၏ဟု သုံးကြိမ် ဟစ်ကြော်၏။ ထိုအခါ လူတို့သည် ထိုမှဤမှလာကုန်၍ သင်သည် ကြာမြင့်စွာ သီလရှိယောင်ဆောင်လျက် သွား၏ဟုဆို၍ နှစ်ချက်သုံးချက်သော ပုတ်ခတ်ခြင်းတို့ကိုပေးပြီးလျှင် နှောင်ဖွဲ့၍ မင်းအားပြကုန်၏။ မင်းသည် နှလုံးမသာယာသည်ဖြစ်၍ ပုဏ္ဏားအား အဘယ့်ကြောင့် ဤသို့သဘောရှိသော သီလမရှိသောသူတို့၏အမှုကို ပြုသနည်းဟု ဆို၍ ထိုပုဏ္ဏားအား မင်း၏ အာဏာကို ပြုကုန်လောဟု ဆို၏။ ပုဏ္ဏားသည် အရှင်မင်းကြီး အကျွန်ုပ်သည် ခိုးသူမဟုတ်ဟု ဆို၏။ ခိုးသူမဟုတ်သည်ရှိသော် အဘယ့်ကြောင့် မင်း၏ဥစ္စာ အသပြာတို့ကို ပျဉ်မှယူသနည်းဟုဆိုသော် အရှင်မင်းကြီးသည် အကျွန်ုပ်အား မြတ် နိုးခြင်းကိုပြုသည်ရှိသော် မင်းကြီးသည် ငါ့အား အမျိုး အစရှိသည်တို့ကိုမှီ၍ မြတ်နိုးခြင်းကိုပြုသလော၊ ထိုသို့မဟုတ်မူကား သီလကိုမှီ၍ မြတ်နိုးခြင်းကိုပြုသလောဟု စုံစမ်းအံ့သောငှါ အကျွန်ုပ်သည် ပြုအပ်၏။ ယခုအခါကား အကျွန်ုပ်သည် စင်စစ်သဖြင့် သီလကိုသာလျှင်မှီ၍ အရှင်မင်းကြီးသည် အကျွန်ုပ်အား မြတ်နိုးခြင်းကို ပြုအပ်၏။ အမျိုးအစရှိသည်တို့ကိုမှီ၍ မပြုအပ်၊ ထို့ကြောင့်ရကား အကျွန်ုပ်အား ယခုအခါ မင်း၏အာဏာကို ပြုစေ၏။ ဤသို့လျှင် အကြင်အကြောင်းကြောင့် သိအပ်၏။ ထိုသို့ အကျွန်ုပ်သည် ဤအကြောင်းကြောင့် ဤလောက၌ သီလသည်သာလျှင် မြတ်၏။ သီလ သည်သာလျှင် အကြီးအမှူးဖြစ်၏ဟု ဆုံးဖြတ်ခြင်းသို့ရောက်၏။ ငါသည် ဤသီလအား လျောက်ပတ်ခြင်းကိုပြုသည်ရှိသော် အိမ်၌တည်လျက် ကိလေသာတို့ကိုခံစားလျက် ပြုခြင်းငှာမတတ်နိုင်လတ္တံ့၊ ယနေ့ပင်လျှင် ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုအံ့၊ အရှင်မင်းကြီး အကျွန်ုပ်အား ရဟန်းပြုခွင့်ကို ပေးတော်မူပါလောဟု မင်းကြီးကိုခွင့်ပြုစေ၍ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွား၏။

ထိုအခါ ထိုပုဏ္ဏားကို အဆွေအမျိုး ချစ်ကျွမ်းဝင်ကုန်သော အဆွေခင်ပွန်းတို့သည် စည်းဝေးကုန်၍ မြစ်အံ့သောငှါမတတ်နိုင်ကုန်သည်ဖြစ်၏။ ထိုပုဏ္ဏားသည် မြတ်ဘုရားအထံတော်သို့သွား၍ ရဟန်းအဖြစ်ကို တောင်းပန်လျင် သာမဏေအဖြစ်ကို၎င်း ပဉ္စင်းအဖြစ်ကို၎င်းရ၍ မြတ်သောကမ္မဋ္ဌာန်းရှိသည်ဖြစ်၍ ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ရောက်လျှင် မြတ်စွာဘုရားသို့ကပ်၍ အရှင်ဘုရား အကျွန်ုပ်အား ရဟန်းအဖြစ်သည် အပြီးသို့ရောက်၏ဟု အရဟတ္တဖိုလ်ကို ကြား၏။ ထိုရဟန်း၏ ထိုအရဟတ္တဖိုလ်ကိုကြားခြင်းသည် ရဟန်းသံဃာ၌ ထင်ရှားဖြစ်၏။ ထိုအခါ တနေ့သ၌ တရား သဘင်ဝယ် စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသော မင်း၏အလုပ် အကျွေးပုဏ္ဏားသည် မိမိသီလကိုစုံစမ်း၍ မင်းကိုပန်ကြားပြီးလျှင် ရဟန်းပြု၍ အရဟတ္တဖိုလ်၌တည်၏ဟု ထိုရဟန်း၏ ကျေးဇူးစကားကို ပြောဆိုလျက်နေကြကုန်၏။ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ ဤပုဏ္ဏားသည်သာလျှင် မိမိ၏သီလကိုစုံစမ်း၍ ရဟန်းပြု၍ မိမိ၏ကိုးကွယ်ရာကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့သည် မိမိ၏သီလကိုစုံစမ်း၍ ရဟန်းပြု၍ မိမိ၏ကိုးကွယ်ရာကို ပြုဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားဖြစ်၏။ အလှူအစရှိသည်တို့၌ ညွတ်သောစိတ်ရှိ၏။ သီလကို အလိုရှိ၏။ မကျိုးမပျက်သော ပဉ္စသီလရှိ၏။ မင်းသည် ကြွင်းသောပုဏ္ဏားတို့ထက် အလွန်လျှင် ထိုပုဏ္ဏားအား မြတ်နိုးခြင်းကို ပြု၏။ ဤသို့အစရှိသော အလုံးစုံသောစကားသည် ရှေး စကားနှင့် တူသလျှင်ကတည်း။

ဘုရားလောင်းကိုကားနှောင်ဖွဲ့၍ မင်း၏အထံသို့ ဆောင်သည် ရှိသော် အလမ္ပာယ်သ္မားတို့သည် ခရီးအလယ်၌ မြွေကစားကုန်သည်ရှိသော် မြီးထူး၌ ကိုင်ကုန်၏။ လည်၌ ကိုင်ကုန်၏။ လည်၌လည်း ရစ်ကုန်၏။ ဘုရားလောင်းသည် ထိုအလမ္ပာယ်သွားတို့ကိုမြင်၍ အမောင်တို့ ဤမြွေကို မြီးထူး၌ မကိုင်ကြကုန်လင့်၊ လည်၌ မရစ်ကြကုန်လင့်၊ ထိုစကားသည် မှန်၏။ ဤမြွေသည် သင်တို့ကိုကိုက်၍ အသက်သေခြင်းသို့ရောက်ကုန်ရာ၏ဟု ဆို၏။ အလမ္ပာယ်တို့သည် ပုဏ္ဏား ဤမြွေသည် သီလရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ သင်ကဲ့သို့ သီလမရှိသည် မဟုတ်၊ သင့်ကို မိမိ၏ သီလမရှိသည်၏အဖြစ်ကြောင့် ယုတ်မာသောအကျင့်ဖြင့် မင်း၏ဥစ္စာကို ခိုးသောခိုးသူဟု နှောင်ဖွဲ့၍ဆောင်အပ်၏ဟု ဆိုကုန်၏။ ဘုရားလောင်းသည် မကိုက်သည်ရှိသော် မညှဉ်းဆဲသည်ရှိသော် မြွေစင်လျက်လည်း သီလရှိ၏ဟူသောအမည်ကို ရသေး၏။ လူဖြစ်သောသူသည် အဘယ်ဆိုဘွယ်ရာရှိအံ့နည်း၊ ဤလောက၌ သီလသည်သာလျှင် မြတ်၏။ ထိုသီလထက် လွန်မြတ်သောတရား မရှိဟု ကြံ၏။ ထိုအခါ ပုဏ္ဏားကိုဆောင်၍ မင်းအားပြကုန်၏။ မင်းသည် အမောင်တို့ ဤအမှုသည် အသို့နည်းဟု မေး၏။ အရှင်မင်းကြီး မင်းဥစ္စာကို ခိုးသောသူတည်းဟု လျှောက်ကုန်၏။ ထိုသို့တပြီးကား ထိုပုဏ္ဏားအား မင်း၏အာဏာကို ပြုကုန်လေဟုဆို၏။ ပုဏ္ဏားသည် အရှင်မင်းကြီး အကျွန်ုပ်သည်ခိုးသူမဟုတ်ဟုဆို၏။ ထိုသို့ ခိုးသူမဟုတ်သည်ရှိသော် အဘယ့်ကြောင့် အသပြာတို့ကို ယူသနည်းဟု ဆို၏။ ရှေးနည်းဖြင့်သာလျှင် အလုံးစုံသော စကားကိုကြားလျက် ငါတို့သည် ဤအကြောင်းကြောင့် ဤလောက၌ သီလသည်သာလျှင် မြတ်၏။ သီလသည်သာလျှင် အကြီးအမှူးဖြစ်၏ဟု ဆုံးဖြတ်ခြင်းသို့ရောက်၏။ ဤသို့ဆို၍ လူဖြစ်သောသူကို ထားဘိဦး၊ မကိုက်သည်ရှိသော် မညှဉ်းဆဲသည်ရှိသော် လျှင်သောအဆိပ်ရှိသောမြွေသည်လည်း သီလရှိ၏ဟု ဆိုအပ်သောအဖြစ်ကိုရသေး၏။ ဤအကြောင်းကြောင့် သီလသည်သာလျှင် အထူးသဖြင့် မြတ်၏ဟု သီလကို ချီးမွမ်းလိုရကား-

၈၆။ သီလံ ကိရေဝ ကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရဝိသော နာဂေါ၊ သီလဝါတိ န ဟညတိ။

ဟူသော ဤဂါထာကို ဆို၏။

၈၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကိရ၊ ကြားရသည်ကား။ လောကေ၊ လောက၌။ သီလံဧဝ၊ သီလ သည်သာလျှင်။ ကလျာဏံ၊ ကောင်း၏။ သီလံ၊ သီလ သည်သာလျှင်။ အနုတ္တရံ၊ အတုမရှိမြတ်၏။ ပဿ၊ ရှုပါလော။ ဃောရဝိသော၊ ကြမ်းသော အဆိပ်ရှိသော။ နာဂေါ၊ မြွေစင်လျက်။ အဍံသနအဝိဟေဌနမတ္တကေန၊ မကိုက်ခြင်း မညှဉ်းဆဲခြင်းမျှဖြင့်။ သီလဝါ၊ သီလရှိ၏။ န ဟညတိ၊ မညှဉ်းဆဲတတ်။ ဣတိ ပသံသံ၊ ဤသို့သော ချီးမွမ်းခြင်းကို။ လဘတိ၊ ရသေး၏။

ဤသို့လျှင် ဘုရားလောင်းသည် ဤဂါထာဖြင့် မင်းအား တရားဟောပြီးလျှင် ကာမတို့ကိုစွန့်၍ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ငါးပါးသော အဘိ ညာဉ်တို့ကို၎င်း ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီပြည်၌ မင်းဖြစ်ဘူးပြီ။ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ မင်းပရိသတ်သည် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မိမိသီလ၊ စုံစမ်းက၊ ဒိဋ္ဌမြင်ကာ ကိုယ်ကျိုးရှာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသကဇာတ်သည် ပြီး၏။

*****