သိမ်မျိုးစုံမဟာဋီကာ/သစ်ပင်နိမိတ်၌ နာနာဝါဒ ဝိစာရဏဋီကာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၃၆။ သစ်ပင်နိမိတ်၌ နာနာဝါဒ ဝိစာရဏဋီကာ

     သစ်ပင်နိမိတ် ကြားရာ၌လည်း အစောက်လက်ရှစ်သစ်။လုံးပတ် သီဟိုဠ်ကညစ်ရိုး ပမာဏရှိ၍ မြေ၌တည်ခြင်း၊ စိမ်းစိုခြင်း၊ အတွင်း၌ အနှစ်ရှိလတ္တံ့ ဖြစ်ခြင်း၊ ဤအင်္ဂါများနှင့် ပြည့်စုံသော သစ်ပင်ဖြစ်ခဲ့မူ သစ်ပင်နိမိတ် ကြားကောင်း၏။(အဋ္ဌကထာများ အဆို) နိမိတ်ကြားလုကာနီးမှ တခြားက သစ်ပင်ရွှေ့ခဲ့သော်လည်း နိမိတ်လောက်သော သစ်ပင်ဖြစ်ခဲ့မူ သစ်ပင် နိမိတ် ကြားအပ်၏။

     အကိုင်းအခက်သစ် ထွက်မှမဟုတ်။ ထိုကြောင့် မဟာဝါ အဋ္ဌကထာ ကင်္ခါဋီကာသစ်တို့၌ နဝမူလသာခါနိဂ္ဂမနံ အကာရဏံ -ဟု မိန့်၏။

     သာသနာပိုင် ဦးဉေယျတပည့် ပရက္ကမဆရာတော်သည် သာသနာပိုင်ကို ပရက္ကမချောင် သိမ်သမုတ်ပင့်၍ ပင်စည်ကို ဖြတ်၍ စိုက်ပြီးလျှင် နိမိတ်ပြု၍ သိမ်သမုတ်ခဲ့၏။ နောက်မှသိ၍ပြန်သမုတ်ရကြောင်း ကျီဝန်ဆရာတော် မိန့်၏။

     ဤသို့ မိန့်သည်၊ ပြန်သမုတ်သည်ကို ထောက်သော် ယင်းကဲ့သို့ ပင်စည်ကို ဖြတ်၍စိုက်ပြီး သိမ်နိမိတ် မကြားကောင်းဟု အဓိပ္ပာယ်ရောက်သည်။ သို့သော်လည်း ဋီကာသစ်၊ ၎င်းမဟာဝါ ဥပေါသထက္ခန္ဓက၌ လည်းကောင်း၊ ခန္ဒံ ဆိန္ဒိတွာ ရောပိတေ ပန ဧတံ ယုဇ္ဇတိ- ဟူသော စကားကို ထောက်လျှင် အပ်သည်ဟု မှတ်ရမည်။ ခဲယဉ်း၏။ ကြံကြလေဦးဟု ကျေးဇူးရှင် ကျီဝန်ဆရာတော် မိန့်ဖူး၏။

ထို စကားကို စဉ်းစားသော် -

     ရုက္ခနိမိတ္တေ – တစသာရော တာလနာဠိကေရာဒိရုက္ခော န ဝဋ္ဋတိ, အန္တောသာရော ဇီဝမာနကော အန္တမသော ဥဗ္ဗေဓတော အဋ္ဌင်္ဂုလော ပရိဏာဟတော သူစိဒဏ္ဍကပ္ပမာဏောပိ ဝဋ္ဋတိ, တတော ဩရံ န ဝဋ္ဋတိ, ပရံ ဒွါဒသယောဇနော သုပ္ပတိဋ္ဌိတနိဂြောဓောပိ ဝဋ္ဋတိ။ ဝံသနဠကသရာဝါဒီသု ဗီဇံ ရောပေတွာ ဝဍ္ဎာပိတော ပမာဏုပဂေါပိ န ဝဋ္ဋတိ။ တတော အပနေတွာ ပန တင်္ခဏမ္ပိ ဘူမိယံ ရောပေတွာ ကောဋ္ဌကံ ကတွာ ဥဒကံ အာသိဉ္စိတွာ ကိတ္တေတုံ ဝဋ္ဋတိ။ နဝမူလသာခါနိဂ္ဂမနံ အကာရဏံ။ ခန္ဓံ ဆိန္ဒိတွာ ရောပိတေ ပန ဧတံ ယုဇ္ဇတိ -ဟု ဝိနည်း မဟာဝါ အဋ္ဌကထာ (၃၂၀။)၌ လာသည်။

     ဤသို့လာရာတွင် ပဌမဝါကျဖြင့် အသားတည်းဟူသော အနှစ် မရှိသော သစ်ပင်မျိုးကို ပယ်တော်မူသည်။

     ဒုတိယဝါကျဖြင့် အတွင်း၌ အနှစ်ရှိဆဲ ရှိလတ္တံ့ သစ်ပင်မျိုးဖြစ်ခြင်း၊ ရွှင်လန်းစိမ်းစိုခြင်း၊ အစောက်လက်ရှစ်သစ်ရှိခြင်း၊ လုံးပတ် သီဟိုဠ် ကညစ်ရိုး ပမာဏ (ဝါ) လက်ပွတ်စူးရိုး ပမာဏ၊ (ဝါ) ဒူးလေးမြားတံ ပမာဏ၊ (ဝါ) ယိုးဒယားကညစ်ရိုး ပမာဏရှိခြင်း၊ အင်္ဂါလေးပါးကို ပြတော်မူသည်။

     စတုတ္ထဝါကျဖြင့် ၎င်းအင်္ဂါလေးပါးတို့တွင် အစောက် လက်ရှစ် သစ်၊ လုံးပတ် သီဟိုဠ်ကညစ်ရိုး ပမာဏအောက် ငယ်လျှင် မအပ်ကြောင်း ပြတော်မူသည်။

     သတ္တမဝါကျဖြင့် ၎င်းစိုက်ပျိုးထားရာမှ မြေ၌ရွေ့စိုက်လျှင် အခက် အညွှန့်မပေါက်စေကာမူ အပ်ကြောင်းကို ပြတော်မူသည်။

     အဋ္ဌမဝါကျဖြင့် ယင်းသတ္တမ ဝါကျက ထွက်လာသော စကားဖြစ်ရကား ပင်စည်ကိုဖြတ်၍ စိုက်သော် ဆိုအပ်ပြီးသော အင်္ဂါများနှင့် ပြည့်စုံစေကာမူ အမြစ်သစ် အကိုင်းအခက်သစ် ပေါက်မှအပ်ကြောင်း ပြတော်မူသည်။

     ဤသို့ အဋ္ဌကထာ ဋီကာသွားနှင့်တကွ ၎င်းတို့ အာဘော်တော် များကို ဒိဋ္ဌမျက်မြင်လောက် သိရပြီးနောက် ပင်စည်ကိုဖြတ်၍ စိုက်ပြီးလျှင် အသစ် အမြစ် အကိုင်းအခက် ထွက်မှပင် အပ်ကြောင်းကို သိနိုင်ရကား သာသနာပိုင်ဆရာတော် ဦးဉေယျ ပြန်၍ သမုတ်ခြင်းသည် ကောင်းမြတ်ပေရာ၏။ အကြောင်းကား အနှစ်ရှိသော သစ်မျိုးမှာ စိုက်လျှင်စိုက်ခြင်း အမြန် အကိုင်းသစ်ပေါက်ရန် ခဲယဉ်းလှသောကြောင့်တည်း။ (အယံ အမှာကံ ခန္တိ။ )

     နိမိတ်ကြားရာ၌ မေးသူ ဖြေသူ အတွင်းအပြင် နေချင်ရာက နေ၍ မေးနိုင် ဖြေနိုင်သည်။ကမ္မဝါစာမှာမူ အတွင်းကသာနေ၍ ဖတ်ရမည်။ ဋီကာသစ် ဖွင့်၏။