သိမ်မျိုးစုံမဟာဋီကာ/သင်္ကရဒေါသ နာနာဝါဒ ဝိစာရဏဋီကာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၁၃၄။ သင်္ကရဒေါသ နာနာဝါဒ ဝိစာရဏဋီကာ
347874သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၃၄။ သင်္ကရဒေါသ နာနာဝါဒ ဝိစာရဏဋီကာကျွန်းရွာတောရဆရာတော်

     ဝိမတိဝိနောဒနီ၌ကား ယင်းဆိုအပ်ကုန်သော သစ်စသည်တို့၏ အနီး၌ကံပြုက သင်္ကရဒေါသဖြစ်ကြောင်း ဆိုတော်မူ၏။သာသနာပိုင် ဦးဉေယျသည် ၄င်းဝိမတိအတိုင်း ယူ၏။ ရွှေကျင်ဆရာတော်ကြီးလည်း ၄င်းဝိမတိအတိုင်းယူ၏။ သီဟိုဠ်ကျွန်း ကလျာဏီသိမ် တံတားနှင့်စပ်၍ သီဟိုဠ်ကျွန်းက မြန်မာနိုင်ငံ ပညာရှိများထံ လျှောက်ထားရာ ၁၂၀၇-ခုနှစ်လောက်တွင် သာသနာပိုင် ဦးဉေယျက ၄င်းဝိမတိကို ကိုးကား၍ ၄င်းသိမ်မအပ်ကြောင်း ဝိနိစ္ဆယ ပါဠိဘာသာဖြင့် ရေးပေးလိုက်၏။ ၄င်းနောက် ခင်မကန်ဆရာတော်ထံ လျှောက်ထားရာ ရှေးအတိုင်း အဋ္ဌကထာများကို ထောက်ထား၍ ဝိမတိကိုပယ်ပြီးလျှင် ၄င်းသိမ်အပ်ကြောင်းကို ပါဠိဘာသာဖြင့် ရေးပေးပြန်၏။ ၄င်းနောက် ရွှေကျင်ဆရာတော်ကြီးများထံ လျှောက်ထားရာ ဝိမတိ-သာသနာပိုင် ဦးဉေယျအတိုင်း ထိုသိမ်မအပ်ကြောင်း ရေးပြန်၏။ ၁၂၂၇-ခု သီတင်းကျွတ်လတွင် သာသနာပိုင် ဦးဉေယျ ပြန်တော်မူသည်။ ၄င်းနှစ်တွင် ခင်မကန်ဆရာတော် ပြန်တော်မူသည်။ စလင်းဆရာတော် ဦးကေတု၊ ကျေးဇူးရှင် ကျီဝန်ဆရာတော်တို့ကား ခင်မကန်အတိုင်းယူ၏။ ပဌမ စလင်းဦးကလျာဏ ကျေးဇူးရှင် မိုင်းခိုင်းဆရာတော် စလင်းဆရာတော်တို့ကား ဦးဉေယျအတိုင်းယူ၏။

     ဤသို့ ကျေးဇူးရှင်ဆရာတော်ကြီးများပင် ဝါဒကွဲပြားသော်လည်း ငါတို့သည် မြတ်စွာဘုရား သာသနာတော်ကို ချီးမြှောက်လို၍လည်းကောင်း၊ မြတ်စွာဘုရားကို ပူဇော်လို၍လည်းကောင်း ရဟန်းခံလာသည်ဖြစ်ရကား ဆရာသမားတို့မျက်နှာကို မငဲ့သင့်ပြီ။ နောက်သားတို့လည်း အမှန်အကန် သိရသဖြင့် များစွာ အကျိုးရှိရကား အာဂုံခိုင်မာ မခိုင်မာ၊ သဘောယုတ္တိ ရှိ မရှိကို ဉာဏ်စွမ်းကုန် ထုတ်လျှက် ကြည့်ခဲ့သော် ခင်မကန်ဆရာတော်ဝါဒသည် ပါဠိ အဋ္ဌကထာနှင့်အလွန်တရာ ညီညွတ်ရကား သင့်သည် ဧကန္တပင်ဟု ငါတို့ယူသတည်း။