သိမ်မျိုးစုံမဟာဋီကာ/ဝိပတ္တိသိမ် (၁၁)ပါး အဓိပ္ပာယ်ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၃၃။ ဝိပတ္တိသိမ် (၁၁)ပါး အဓိပ္ပာယ်ပြခန်း

     ပရိဝါပါဠိ(၃၈၁)၊ ၎င်းအဋ္ဌကထာ (၂၄၈) ကင်္ခါအဋ္ဌကထာ(၈၇) -စသည်တို့လာတိုင်း အကျဉ်းရေးအံ့။

     (၁) နှစ်ကျိပ်တစ်ပါး မစည်းဝေးလောက်၊ မထိုင်လောက်သည် ဖြစ်၍ အလွန်ငယ်သောသိမ်သည် အတိခုဒ္ဒကာသိမ်မည်၏။

     (၂) တစ်ဆံချည်ဖျားမျှဖြင့် သုံးယူဇနာထက် ကျယ်သည်ဖြစ်၍ အလွန်ကြီးသောသိမ်သည် အတိမဟတီသိမ်မည်၏။

     (၃) နောက်ဆုံးနိမိတ်နှင့် မစပ်သည်ဖြစ်၍ ကျိုးသော,ပြတ်သော နိမိတ်ရှိသော သိမ်သည်လည်းကောင်း၊ သုံးခု-လေးခု အစရှိကုန်သော နိမိတ်လောက်သော နိမိတ်တို့၏အကြား နိမိတ်မလောက် အခွံလျှင်အနှစ်ရှိသော ထန်း အုန်းစသော သစ်ပင်သစ်ငုတ် မြေပုံသဲပုံစသည်ကို ကြားနိမိတ်ပြု၍ သမုတ်အပ်သော သိမ်သည်လည်းကောင်း ခဏ္ဍနိမိတ္တာသိမ်မည်၏။ (ဤခဏ္ဍနိမိတ္တအရာ၌ ကင်္ခါဋီကာစကားကို မယူအပ်။ )

     (၄)တောင်ရိပ်တောရိပ် သစ်ပင်စသောအရိပ်ကို နိမိတ်ကြား၍ သမုတ်အပ်သော သိမ်သည် ဆာယာနိမိတ္တာသိမ်မည်၏။

     (၅) နိမိတ်လုံးလုံးမရှိဘဲ မကြားဘဲသမုတ်အပ်သော သိမ်သည် အနိမိတ္တာသိမ် မည်၏။

     (၆) သိမ်နိမိတ်တို့၏ ပြင်ပ၌နေလျက် သမုတ်အပ်သောသိမ်သည် ဗဟိသီမေ ဌိတာသမ္မာတာသိမ်မည်၏။

     (၇) မြစ်အပြင်၌ သမုတ်အပ်သော သိမ်သည် နဒီယာ သမ္မာတာသိမ်မည်၏။

     (၈) ဇာတဿရအိုင်အပြင်၌ သမုတ်အပ်သော သိမ်သည် ဇာတဿရေ သမ္မာတာသိမ်မည်၏။

     (၉) သမုဒ္ဒရာအပြင်၌ သမုတ်အပ်သော သိမ်သည်
သမုဒ္ဒေသမ္မတာသိမ်မည်၏။

     (၁၀) သိမ်ဟောင်းနှင့် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ ယုတ်လျော့၍ အနည်းငယ်ထပ်မိသည်တိုင်အောင် ရောစပ်၍သမုတ်အပ်သော သိမ်သည် သီမာယ သီမံ သမ္ဘိန္ဒန္တေန သမ္မတာသိမ်မည်၏။

     (၁၁) သိမ်ဟောင်းနှင့် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ ထိုထက်အလွန် ရောစပ်လွှမ်းမိုး၍ သမုတ်အပ်သော သိမ်သည် သီမာယ သီမံ အဇ္ဈောတ္ထရန္တေန သမ္မာတာသိမ်မည်၏။
     ဤကား ဝိပတ္တိသိမ် တစ်ဆယ့်တစ်ပါးတည်း။

      ယင်းဗဒ္ဓသိမ်နှစ်ပါး၌ နိမိတ္တသမ္ပတ္တိ၊ နိမိတ္တဝိပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ၊ ကမ္မဝါစာဝိပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ပရိသာဝိပတ္တိအားဖြင့် သမ္ပတ္တိသုံပါး၊ ဝိပတ္တိသုံးပါးစီရှိရကား ခြောက်ပါး အပြားရှိ၏။ ထိုခြောက်ပါးတို့တွင် အတိခုဒ္ဒကာ၊ အတိမဟတီ၊ နဒိယာ သမ္မတာ၊ သမုဒ္ဒေ သမ္မတာ၊ ဇာတဿရေ သမ္မတာ၊ ၎င်း (၅ )လုံးမှာ ဝတ္ထုဝိပတ္တိသိမ်တွင် သွင်းအပ်၏။ ဆာယာနိမိတ္တာ၊ ခဏ္ဍနိမိတ္တာ၊ အနိမိတ္တာ၊ ၎င်း(၃)လုံးတို့မှာ နိမိတ္တဝိပတ္တိသိမ်တွင် သွင်းအပ်၏။ ဗဟိ သီမေ ဌိတာသမ္မတာကား ကမ္မဝါစာဝိပတ္တိတွင် သွင်းအပ်၏။

ပကတတ္တဋီကာ သမတ္တာ။