သိမ်မျိုးစုံမဟာဋီကာ/ဗဒ္ဓသိမ်(၂)မျိုးအထူး ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၃၂။ ဗဒ္ဓသိမ်(၂)မျိုးအထူး ပြခန်း

     ဗဒ္ဓသိမ်သည် မဟာသိမ်၊ ခဏ္ဍသိမ်ဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင်-

     ဥက္ကဋ္ဌပရိစ္ဆေဒအားဖြင့် သုံးယူဇနာထက် မလွန်စေပဲ။

     သြမကအားဖြင့် နှစ်ဆယ့်တစ်ပါးသော သံဃာမစည်းဝေး လောက်အောင်လည်း မငယ်စေဘဲ။

     ကျောင်းတိုက်အများကိုလည်းကောင်း၊ ဂါမခေတ် နှစ်ခုသုံးခုကိုလည်းကောင်း သိမ်းချုပ်၍ တစ်ဆယ့်လေးပါးသော ဝိပတ္တိသိမ်တို့မှ ကင်းလွတ်စေလျှက်၊ နိမိတ္တသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိဟူသော သမ္ပတ္တိသုံးပါး နှင့် ပြည့်စုံစွာ သမုတ်အပ်သော သိမ်ကြီးသည် မဟာသိမ်မည်၏။ ၎င်းမဟာသိမ်မှာ ခုဒ္ဒပမာဏ ကျမ်းဂန်မရှိ။

      မြတ်စွာဘုရား လက်ထက်တော်၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရာဇဂြိုဟ်ပြည်၏အနီးရှိ တစ်ဆယ့်ရှစ်ရပ်သော ကျောင်းတိုက်ကြီးတို့ကိုခြုံ၍ မဟာသိမ်သမုတ်ကြောင်း၊

     သီဟိုဠ်ကျွန်း၌ အရှင်မဟိန္ဒမထေရ်သည် အနုရာဓမြို့ကို ခြုံ၍ မဟာသိမ်သမုတ်ကြောင်း ကျမ်းဂန်လာ၏။

     ရွာတစ်ခုလုံး ကျောင်းတိုက်တစ်ခုလုံးကို မခြုံမူ၍ ကျောင်းတိုက်တစ်ပိုင်း,တစ်စိတ်၊ ရွာတစ်ပိုင်း,တစ်စိတ် တစ်ထောင့် တစ်ကွက်၌ သမုတ်အပ်သော ဗဒ္ဓသိမ်ဖြစ်စေ၊

     သိမ်အတွင်း၌ အကျဉ်းအားဖြင့် ကမ္မာရဟ ပုဂ္ဂိုလ်နှင့်တကွ နှစ်ကျိပ်တစ်ပါး စည်းဝေးလောက်အောင် အကျယ်မှာတစ်ရာ တစ်ထောင် စည်းဝေးလောက်အောင် နိမိတ်စိုက်၍ ကွက်လပ်ချန်ထားပြီးလျှင် မဟာသိမ်မှ ရှေးဦးစွာလည်းကောင်း၊ နောက်မှလည်းကောင်း ဆိုအပ်ပြီးသော သမ္ပတ္တိသုံးပါးနှင့် ပြည့်စုံစွာ သမုတ်အပ်သော ဗဒ္ဓသိမ်ဖြစ်စေ ခဏ္ဍသိမ်မည်၏။

     ထိုခဏ္ဍသိမ်မှာ အကြီးပမာဏ ကျမ်းဂန်မရှိ။ ထိုခဏ္ဍသိမ်ကား မဟာသိမ်ကို ပိုင်းဖြတ်၍ သမုတ်သောကြောင့်လည်းကောင်း၊ ဂါမကို ပိုင်းဖြတ်၍ သမုတ်သောကြောင့် လည်းကောင်း ခဏ္ဍသိမ်မည်သည်။

     ခဏ္ဍသိမ်ထက် ကျယ်ဝန်းသောကြောင့် မဟာသိမ်ခေါ်သည်။ ထိုခဏ္ဍ,မဟာဟူသော သိမ်နှစ်လုံး၌ ပြိုးပြွမ်းသော ပကိဏ္ဏကအဓိပ္ပာယ်ကို ဤဆိုလတ္တံ့သောနည်းဖြင့် သိအပ်၏။ ။