သိမ်မျိုးစုံမဟာဋီကာ/ယာဝတာတျာဒိ ဋီကာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၁၉။ ယာဝတာတျာဒိ ဋီကာ

     ယာဝတာ-ဟူသောပုဒ်၌ ယာ၀-တာ-ဟူ၍ လည်းကောင်း၊ ယာဝတာ-ဟူ၍ လည်းကောင်း၊ ယာဝနှင့် တာ-ကို ခွဲ၍လည်းကောင်း၊ တစ်ပေါင်းတည်းလည်းကောင်း ဖတ်ကြ၏။

     ကိံယတေ တတော ပရိမာဏတ္ထေ တ္တက ဝန္တု ပစ္စယာ-အစရှိ သောစကားကို တဒ္ဓိတ်ရူပသိဒ္ဓိ၌ ဆိုသောကြောင့် ယာဝတာ-ဟူ၍ ယာ-တွင် စဉ်းငယ်ရပ်ပြီးလျှင် ၀-နှင့် တာ-ကို တွဲ၍ ဖတ်ခြင်းသည် သင့်မြတ်၏။

     သမန္တာ-နောင် နိမိတ္တာ-ကိုလည်း နိ -၌ ဣသရကို ဖျောက်၍ နမိတ္တာ-ဟု ဖတ်ကြ၏။ အက္ခရပရိဟီနဖြစ်၍ ကံပျက်မည်။ အထောက် ကား ရှေး၌ ရှိပြီ။

     ကိတ္တိတာ၌-ကိတ္တဓာတု စု သံသဒ္ဒေ-ဟု ဓာတွတ္ထသင်္ဂဟ-လာရကား နှစ်သိမ့်စေလိုသဖြင့် ကောင်းစွာပြောဆိုခြင်း သံသဒ္ဒ-အနက် ဟောသတည်း။ သဒ္ဒနီတိ၌ သံသဒ္ဒနေ-ရှိခြင်း နိဿယ၌ တိုင်ပင်ခြင်း အနက်ပေးခြင်းတို့ကား ပါဌ်ပျက်အနက်ပျက်တို့သာတည်း။

     ဤသမာနသံဝါသကသီမာသမ္မုတိ နိဂုံး၌ သမ္မတာ သီမာသံဃေန -ဟု အချို့သော ပေစာ-မင်စာ-ဝတ်လဲကမ္မဝါစာ-ရွှေစာ-ဘုတ်အုပ်စာတို့၌ သာ-ဟူသော နိယတဝါစကပဒ -မပါပဲ ရှိ၏။ ဆိုအပ်ပြီးသော နည်းဖြင့် အက္ခရပရိဟီနအတွက် ကံပျက်စရာ ရှိသောကြောင့် မပါသောအချို့ ငါတို့စာဟူသမျှ ထည့်၍ထားခြင်း၊ ထည့်၍ဖတ်ခြင်းတို့ကို အမြဲပြုသတည်း။

     သမ္မုတိ-၌ -
     မု- ဗန္ဓနေ၊ ကီ။
(ဓာတွတ္ထသင်္ဂဟ)

     မူ-ဗန္ဓနေ။
(ဓာတုမာလာ)

     သမ္မုတီတိအာဒိသု သံပုဗ္ဗ မု-ဓာတု သမ္မနနေ ဟောတိ။
(ဧကက္ခရကောသဋီကာ။)

     သမ္မတောတိအာဒီသု နိစ္စံ။

     သံရှေးရှိသော မုဓါတ်၊ တိပစ္စည်း။ သ-ထက် နိဂ္ဂဟိတ်ကို အမြဲ ဝဂ္ဂန္တ မ-ပြု၍ သမ္မုတိ-ပြီးသည်။ ရှေးကနည်းယူဖတ်။ သမ္မုတိ ကောင်းစွာဖွဲ့ခြင်းကို (သဒ္ဒတ္တ)။ သမုတ်ခြင်းကို (အဓိပ္ပါယတ္ထ) ပေး။