သိမ်မျိုးစုံမဟာဋီကာ/ဘုရားမြေ ၊ ကျောင်းမြေ ၊ ဝတ္ထုကံမြေများ ဝိသုံဂါမ,မဖြစ်ကြောင်း ပြဆိုခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၉။ ဘုရားမြေ ၊ ကျောင်းမြေ ၊ ဝတ္ထုကံမြေများ ဝိသုံဂါမ,မဖြစ်ကြောင်း ပြဆိုခန်း

     ယင်းဝိသုံဂါမပေးရာ၌ ၎င်းအာကာရမပါလျှင် ဝိသုံဂါမ,မမြောက်၊ ထို့ကြောင့် ဘုရားမြေကျောင်းမြေများ ဝိသုံဂါမ,မဖြစ်။ ဖြစ်ကြောင်း ကျမ်းဂန်မရှိ။ ဝိသုံဂါမ မြေစား အသနားတော်မြတ် ခံစေဟုပေးရာ၌ “အယံ ပဒေသော ဝိသုံဂါမော ဟောတု" ဟူသော အာကာရပါဝင်သည်ဟု မိုင်းခိုင်းဆရာတော် မိန့်သည်ကိုသတိမူအပ်၏။ ဤကိုသတိမမူမိ၍ ဆရာတော် ဦးဗုဓ်သည် ဝတ္ထုကံမြေ၌ သိမ်အမိန့်မခံပဲ သိမ်သမုတ်ဖူးကြောင်း၊ ခင်မွန်ဆရာတော်ကြီးသည် တိုက်သူကြီးထံ သိမ်မိန့်ခံ၍ သိမ်သမုတ်ဖူးကြောင်း၊ ဤသို့စသည် ပညာရှိသတိဖြစ်ခဲဆိုသည်အလိုက် ပမာဒအားဖြင့် မှားယွင်းကြ၏။ ဗားကရာသာသနာပိုင်ဆရာတော် ဗန်းမော်ဆရာတော် ကျီဝန်ဆရာတော်တို့နှင့်တကွ ရှေးသုဓမ္မာ ဆရာတော်ကြီးများလည်း ၎င်းဝါဒကို မနှစ်သက်သဖြင့် အာကာရပါမှ ဝိသုံဂါမဖြစ်ကြောင်း မိန့်တော်မူကြ၏။

     အဋ္ဌကထာ ရှေ့ပကတိဂါမပြ ဗလိံ လဘန္တိ -ဟူရာမှာလည်း ဤသို့မင်းပိုင်းခြားသော် အခွန်မတောင်းမီကပင် ဂါမ,မည်ပြီး ရကား ဤဂါမသည် ဤမျှအတိုင်းအရှည်ရှိသော အခွန်အတုတ်သည် ဖြစ်စေဟု မင်း၏ကမ္ပည်း အက္ခရာစာတို့၌ ရေးတင်၍ ရွာစောင့် ရွာစားတို့ လစာရိက္ခာ ဌာနန္တရစသောအလို့ငှာ ပေး၍ မင်းပိုင်းခြားအပ်သော မြေ၌အခွန်အတုတ် တောင်းယူက မင်းတို့ပိုင်းခြားအပ်သော တစ်ခုသော ဂါမခေတ်၏အတွင်းဖြစ်သော ဤအရပ်သည် ဤရွာ၏ခေတ်ဟု တစ်ခုသောဂါမခေတ်ဟုဆိုအပ်သော ရွာအပိုင်းအခြား ထင်ရှားသည်ကို နှလုံးထားတော်မူ၍ အဋ္ဌကထာ၌ ရွာစားတို့၏ အခွန်ယူရခြင်းဖြင့် မှတ်၍ဆိုတော်မူသည်ဟု တစ်နည်းမှတ်အပ်သေး၏။ ယခုကာလ၌ ဘုရင်ခံမင်းထံမှာလည်းကောင်း၊ အရေးပိုင်ထံမှာလည်းကောင်း၊ ခရိုင်ဝန့်ရှင်တော်ထံမှာလည်းကောင်း သိမ်အမိန့်စာခံ၍သမုတ်ခြင်း၊ အမိန့်စာမခံမူ၍ နယ်သိမ်းသမုတ်ခြင်း နှစ်ရပ်တို့တွင် ဉတ်ကမ္မဝါစာ ရွတ်ဖတ်ခြင်း၊ သိမ်အမိန့်စာခံခြင်း နှစ်ရပ်လုံးပြုသဖြင့် ဒဠှီကမ္မဖြစ်ရကား ပထမနည်းသည်ကောင်းမြတ်၏။ ဒုတိယနည်းမှာ ငါတို့တပည့် သားမြေး စဉ်ဆက် မပြုလုပ်ကြရာ၊ ငါတို့ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများမှာမူကား ငါတို့ကဲ့သို့ပင် မိမိ,မပိုင် သိမ်သမုတ်ရုံမျှဖြင့်ပင် အလေးပြု၍ ပင့်ဖိတ်ကြရာ၌ တစ်ပါးပုဂ္ဂိုလ်တို့နှင့် မဆန့်ကျင်စေပဲ အလိုက်သင့် သမုတ်ခဲ့တော်မူကြသတည်း ။မိမိပိုင်သိမ်သမုတ်ဖြစ်မူကား ပထမနည်းကိုသာ အသုံးပြုတော်မူကြသည်ကို ကိုယ်တိုင်သိရသတည်း။ ဤအချက်၌ ပြောစရာ ရေးစရာ အလွန်တရာများ၏ ။ သိုသော် ဤမျှဖြင့်ပင် ပညာရှိသူတော်ကောင်းတိုမှာ “ပညာရှိစကား မိုးကြိုးသွား၊ “မင်းဧကရာဇ်စကား တစ်ခွန်းထား” “ဘုရင်မှန်လျှင် မှန်မည်” သို့နည်းရရာပြီဖြစ်၍ အကျယ်တဝန့်မရေးပြီ။ ။