သိမ်မျိုးစုံမဟာဋီကာ/ဗုဒ္ဓ ဝစနံ ဟူသော ကံနှင့် သကနိရုတ္တိ ကရိုဏ်းအထူးပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၅၃။ ဗုဒ္ဓ ဝစနံ ဟူသော ကံနှင့် သကနိရုတ္တိ ကရိုဏ်းအထူးပြခန်း

     ထိုပါဠိတော်စသည်တို့တွင် ဗုဒ္ဓဝစနံ-ဟူသော ကံပုဒ်အရနှင့် သကာယနိရုတ္တိယာ-ဟူသော ကရိုဏ်းပုဒ်အရ ကွဲရန်လို၏။ ကံပုဒ်အရ ဗုဒ္ဓဝစနလာ ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး ဌာန် ကရိုဏ်း ပယတ်တို့နှင့် ညီညွတ်စွာ ရွတ်ဆိုနိုင်ရာ ဖြစ်သော ပါဠိဘာသာဟု ခေါ်ဆိုအပ်သော ဗုဒ္ဓဝစန မာဂဓိယတည်း။ ယထာ ပါဠိယာ နိရုတ္တိံ သောဓေတွာ။ စသော ပရိဝါအဋ္ဌကထာ ကမ္မဝဂ် (၂၄၈)။ ပဗ္ဗဇ္ဇာယ ပန-အစရှိသော မဟာဝါအဋ္ဌကထာ (၂၅၀) တို့ကို သာဓကပြုအပ်၏။ ကြွင်းသော ဘာသာတို့မှာ ညီညွှတ်ဖို့ ခဲယဉ်း၏။ သကာယ နိရုတ္တိယာ-ဟူသော ကရိုဏ်းပုဒ်အရ မာဂဓတိုင်းနေသူ အရပ်သူ အရပ်သားတို့ သုံးစွဲရိုး ဒေသီ မာဂဓိယတည်း။

     ထို့ကြောင့် တေ သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ဒူသေန္တိ-ဟု ရှေ့၌ ဟောတော်မူသတည်း။ ဗုဒ္ဓဝစနမာဂဓိယ-ကို ဒေသီမာဂဓိယဖြင့်၊ ဖျက်ဆီးကြသည် ဆိုလိုသည်။

     အနုဇာနာမိ ဘိက္ခဝေ သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ၌ ဗုဒ္ဓဝစနမာဂဓိယ-ကို မဖျက်မဆီးပဲ အက္ခရာ အရေးအသားမပြောင်းပဲ မိမိတို့ဥစ္စာဖြစ်သော ဒေသီမာဂဓိယ-ဖြင့် သင်ကြားလေဟု ခွင့်ပြုတော်မူလေသတည်း။

      သကာ နိရုတ္တိ နာမ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တပ္ပကာရော မာဂဓိကော ဝေါဟာရော-ဟူသော အဋ္ဌကထာ၌ ဗုဒ္ဓဝစန မာဂဓိယ နှင့် ဒေသီမာဂဓိယကား အလားတူဖြစ်၍ အနည်းငယ်သာ ကွဲသဖြင့်လည်းကောင်း၊ ထိုအခါ ထိုဒေသီမာဂဓိယ-ဖြင့် ဗုဒ္ဓဝစနမာဂဓိယ-ကို သင်ကြားခြင်း အလေ့အလာရှိရိုးဖြစ်၍လည်းကောင်း သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ-ဟု ဟောတော်မူသတည်း။

     ထို့ကြောင့် ထိုသကာယ နိရုတ္တိယာ-သည် ထိုလက်ထက် ထိုဝါစနာမဂ္ဂကိုသာရည်၍ ဟောတော်မူရကား ဥပလက္ခဏနည်းသာတည်း။

     မြန်မာဘာသာ ရှမ်းဘာသာ မွန်ဘာသာ တရုတ်ဘာသာ အင်္ဂလိပ်ဘာသာ စသည်ဖြင့် ထိုဗုဒ္ဓဝစန မာဂဓိယ-ကို မသင်အပ်ဟု တားမြစ်တော်မမူချေ။ ဗုဒ္ဓဝစနံ ဒူသေန္တိ။ ဗုဒ္ဓဝစနံ ဆန္ဒသော အာရောပေမ။ န ဘိက္ခဝေ ဗုဒ္ဓဝစနံ ဆန္ဒသော အာရောပေတဗ္ဗံ။ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ-ဟု အထပ်ထပ် ကံပုဒ် ဗုဒ္ဓဝစနဟု မပြောင်းမလဲပဲချည်း လာရကား ဗုဒ္ဓဝစနမာဂဓိယ-မှာ ဟောရင်းပါဠိမာဂဓဘာသာမပါပဲ မြန်မာဘာသာ သက်သက်၊ အင်္ဂလိပ်ဘာသာသက်သက်၊ ယိုးဒယားဘာသာ သက်သက်၊ ရှမ်းဘာသာ မွန်ဘာသာသက်သက် စသည်မပြန်ကောင်း။ ယခုအခါ ရှေးဆရာတော်ဘုရားကြီးများ ပါဠိ အဋ္ဌကထာ စသည် နိဿယ ရေးသားတော်မူကြသကဲ့သို့ ပါဠိတစ်ချက် မြန်မာဘာသာတစ်ချက် စသည်ဖြင့်သာ ပါဠိမာဂဓဘာသာရင်း မပျောက်ပျက်အောင် ပြန်ကောင်းသတည်းဟု ငါတို့ကျေးဇူးတော်ရှင် သခင်ထိပ်ခေါင်တင် ဖြစ်တော်မူသော မြန်မာဘုရင်မင်း ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ အင်္ဂလိပ်ဘုရင်မင်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မရ ဆရာတော်ဘုရားကြီးများနှင့်တကွ ငါတို့ပါ အယူတော် ရှိကြသတည်း။