သိမ်မျိုးစုံမဟာဋီကာ/တေရသကဏ်ဋီကာ၌ပါဌသေသကြွင်းပုံကို ပြဆိုခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၂၁။ တေရသကဏ်ဋီကာ၌ပါဌသေသကြွင်းပုံကို ပြဆိုခန်း

     ၎င်းတေရသကဏ်ဋီကာ စကားရပ်၌ ဘတိသဒိသတ္တာ မူလ ဟိတ်ပြစကားနောင် ယာဝ ဥပဇ္ဈဂ္ဂဟဏာဒိကေ သဒ္ဓိဝိဟာရိကာ န ကရောန္တိ။ တာဝ ဒိန္နပတ္တစီဝရဿ ဥပဇ္ဈာယဿေဝ သန္တကတ္တာ-ဟူသော ဥပထမ္ဘကဟိတ်ကူ စကားကိုထည့်စွက်၍ သမ္ဗန်ရမည်။ ၎င်းအဋ္ဌကထာ ဋီကာစကား သာမညတို့ကိုထောက်မူ ၎င်းဆရာတော်များ အလိုဆန္ဒအတိုင်း ဟုတ်မှန်ရာ၏၊ သို့သော်ပညာရှိ သတိဖြစ်ခဲဆိုသည့်အတိုင်း ပညာကားရှိကြပါပေ၏၊ သတိချွတ်သဖြင့် ပမာဒလေခဟု ထင်မိသတည်း။ သိမ်သမုတ်ရန် အမိန့်စာခံရာ သိမ်သမုတ်ဖို့သာ ပေးသတည်း။ အခြားဖို့ပေးသည်မဟုတ်။ သိမ်သမုတ်လျှင် ပေးစဉ်ကပင် မြောက်၏၊ အခြားကိစ္စဆောင်လျှင် မမြောက်၊ ထို့ကြောင့် သာဓကမမြောက်ထင်သတည်း၊ ပေးပုံကို ကြပ်ကြပ်စဉ်းစားလေ။

     တနည်းအားဖြင့် ထိုစကားကို ချဲ့ဦးအံ့၊ ရဟန်းတို့အရာနှင့် လူတို့အရာသည် ခြားနားလှ၏၊ ရဟန်းတို့မှာ ကာယဒွါရ ၀စီဒွါရမှာ ပညတ်ပေ၏။ လူတို့မှာ မနောဒွါရပါ ပညတ်ပေ၏။ ရဟန်းတို့မှာ ဝိနည်းနှင့်ဆိုင်သည်။ လူတို့မှာ သုတ္တန်နှင့်ဆိုင်သည်။ ရဟန်းတို့မှာ အနာဂတ်ပေးခြင်း၊ စိတ်ဖြင့်ပေးခြင်း မမြောက်၊ လူတို့မှာ နှစ်ပါးလုံးမြောက်၏။ ဤသို့စသည် သတိထားသင့်လေသည်။ ယခု ပေးသူအစိုးရတို့က လူတို့ဖြစ်လေသည်။ ထို့ကြောင့် အနာဂတ် ပေးခြင်း စိတ်ဖြင့်ပေးခြင်းပင် မြောက်၍ သိမ်,မသမုတ်မီကပင် ဝိသုံဂါမမြောက်၏ဟု ဧကန္တနိဿံသယအားဖြင့် မှတ်အပ်၏။ ထို့ကြောင့် စူဠဝါအဋ္ဌကထာဘိက္ခုနီခန္ဓက (၁၃ဝ)၌ -

     သစေ ဟိ ပဉ္စသု သဟဓမ္မိကေသု ယော ကောစိ ကာလံ ကရောန္တော ‘‘မမစ္စယေန မယှံ ပရိက္ခာရော ဥပဇ္ဈာယဿ ဟောတု, အာစရိယဿ ဟောတု, သဒ္ဓိဝိဟာရိကဿ ဟောတု, အန္တေဝါသိကဿ ဟောတု, မာတု ဟောတု, ပိတု ဟောတု, အညဿ ဝါ ယဿ ကဿစိ ဟောတူ’’တိ ဝဒတိ တေသံ န ဟောတိ, သံဃဿေဝ ဟောတိ။ န ဟိ ပဉ္စန္နံ သဟဓမ္မိကာနံ အစ္စယဒါနံ ရုဟတိ, ဂိဟီနံ ပန ရုဟတိ။

ဟု မိန့်တော်မူသည်။ ဤအဋ္ဌကထာ စကားရပ်ဖြင့် သိတင်းသုံးဖော် ငါးယောက်တို့တွင် တစ်ယောက်ယောက်သည် ငါသေသောအခါ၌ ငါပိုင်ပစ္စည်းများကို ဥပဇ္ဈာယ်စသည်တို့တွင် တစ်ဦးဦးအား ဖြစ်စေ,ရစေဟု ပေးခြင်းသည် အစ္စယဒါနမည်သည်။ အနာဂတ်ပေးခြင်း၊ အနေကန္တိက ပေးခြင်းလည်းမည်သည်။ ယင်းသို့ပေးခြင်းသည် မသေမီလည်းကောင်း၊ သေရာ
ကာလ၌လည်းကောင်း ပေးအပ်သောသူတို့အား မရောက်။ လူတို့သည် ယင်းကဲ့သို့ပေးမူကား မသေမီလည်းကောင်း၊ သေရာဌာန၌လည်းကောင်း ရောက်၏ဟု ပြတော်မူသတည်း။ ယင်းသို့ သီတင်းသုံးဖော် ငါးဦးတို့၏ အနာဂတ်ပေးခြင်းသာ ပေးအပ်သောသူအား မရောက်ကြောင်း၊ လူတို့၏ပေးခြင်းကား ပေးအပ်သောသူတို့အား ရောက်ကြောင်း အဋ္ဌကထာ၌ပင် လာပြီးဖြစ်သောကြောင့် အစိုးရမင်းဖြစ်သော လူတို့၏ သိမ်သမုတ်လျှင်ပေး၏။ တပါးကိစ္စပြုလျှင် မပေးဟုဆို၍ ပေးခြင်းသည် သိမ်သမုတ်သူမှာ ပေးရာကာလကပင် ပေးခြင်းမြောက်၏။ ဝိသုံဂါမ မြေစားခံသူပိုင်၏၊ တပါးသော ကိစ္စပြုသူမှာ ပေးခြင်းမမြောက်။ အစိုးရမင်းနှင့် မြေရှင်တို့ပင်ပိုင်၏။ ဤသို့ သံသယ ကင်းရှင်းစွာ သိမှတ်ကြရာသတည်း။ ။