သိမ်မျိုးစုံမဟာဋီကာ/တိရစ္ဆာနဂတအရပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၇၅။ တိရစ္ဆာနဂတအရပြခန်း

     ထိုသိမ်သမုတ်ရာတွင် ခွေး ဝက် စသော တိရစ္ဆာန်များ ဟတ္ထပါသ်တွင်း ပါသင့် မပါသင့်ကို ကျီဝန်ဆရာတော်နှင့် မိုင်းခိုင်းဆရာတော်တို့ ဝါဒကွဲပြား၏။

     မိုင်းခိုင်းက ခွေး ဝက် နွား မြင်း စသောတိရစ္ဆာန်နှင့်တကွ နဂါး ဂဠုန်စသော သတ္တဝါဟူသမျှ တိရစ္ဆာနအရယူ၍ ဟတ္ထပါသ်တွင်း မပါသင့်ဟု မိန့်တော်မူ၏။

     ကျီဝန်ဆရာတော်က မြတ်စွာဘုရားသည် မြစ် သမုဒ္ဒရာ ဇာတဿရတို့၌လည်း ဥဒကုက္ခေပကို ခွင့်ပြုတော်မူ၏။ ယင်းဥဒကုက္ခေပ၌ ယင် ခြင် ပျား ပိတုန်း ဖြုတ် ပရွက် စသည်တို့ထက် ကြီးသော ငါးစသော သတ္တဝါနှင့်ဘယ်အခါမှ မကင်းနိုင်။ ယင်း ငါးတို့ကိုလည်း တိရစ္ဆာနဂတ ယူရလျှင် ဒုက္ကဋ်သင့်ဖို့ရာ အမြဲရှိနေသဖြင့် ယင်းဥဒကုက္ခပကို မြတ်စွာဘုရားခွင့်မပြုရာ။ ထို့ ကြောင့် ရဟန်းမခံထိုက်သော နဂါး ဂဠုန် စသော သတ္တဝါတို့ကိုသာ တိရစ္ဆာနဂတယူရမည် မြစ်တော်မူရင်း ပါဠိတော်နှင့်လည်း ညီညွတ်သည်။

     ရှေးအခါ တော တောင် အမြဲနေသော အရညဝါသီ ကျမ်းဂန်တတ် ပုဂ္ဂိုလ်ကျော်တစ်ပါးသည် ရွှေမြို့တော်သို့ ရောက်လာရာ ခွေး တစ်ကောင်ပါလာသဖြင့် ဥပုသ်နေ့ ကြုံကြိုက်သောကြောင့် ဥပုသ်ပြုရာ သံဃာ့ဘောင်သိမ်တွင်းသို့ ဝင်လာရာ ခွေးလည်း လိုက်လာရာ ခွေးကို မောင်းပစ်ပါ၊ ခွေး ဟတ္ထပါသ်တွင်း မပါကောင်းဟု ရဟန်းတစ်ပါးဆိုသည်ရှိသော်၊ သည်မျှလောက် ပိဋကတ်ကျမ်ဂန် မလိမ္မာသော ရဟန်းများနှင့် ငါ ကံအတူ မဆောင်လိုဟု သိမ်မှထွက်ပြီးလျှင် တခြားတိုက်မှာမှ ဥပုသ်ပြုသော ရဟန်းဝတ္ထုကို ထုတ်၍ ဟတ္ထပါသ်တွင် နွား မြင်း စသော တိရစ္ဆာန်ပါသော်လည်း အပ်သည်သာတည်း ဟု မိန့်တော်မူ၏။ ဆင်ခြင်၍ ယူကြလေတော့၊ ပညာဉာဏ်ရှိသူမှန်က ဤမျှလောက် အာစရိယဝါဒများကို ထုတ်ပြသဖြင့် အမှန်သိနိုင်လောက်ပြီ။