သိမ်မျိုးစုံမဟာဋီကာ/ကမ္မဝါစာအဆုံး နာနာဝါဒဝိစာရဏ ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၇၄။ ကမ္မဝါစာအဆုံး နာနာဝါဒဝိစာရဏ ပြခန်း

     ငါတို့စာသင်သားအဖြစ်ဖြင့် မန္တလေးရတနာပုံ ရွှေရေးဆောင် တိုက်၌ စာပေသင်ကြားနေစဉ် ကမ္မဝါစာ ဘယ်မှာဆုံးသနည်းဟု စာသင်သား သံဃာတော်တို့က ငါတို့ကျေးဇူးရှင် မိုင်းခိုင်းဆရာတော် နှင့် ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော်တို့ထံ လျှောက်ထား မေးမြန်းကြရာ ကျီဝန်ဆရာတော်က သောဘာသေယျ-တွင် ကမ္မဝါစာ ပြီးဆုံးကြောင်း အမိန့်ရှိလိုက်၏။

     မိုင်းခိုင်းဆရာတော်ထံ လျှောက်ထားပြန်ရာ ဧဝမေတံ ဓာရယာမိကျမှ ဆုံးကြောင်း အမိန့်တော်ရှိ၏။

အထောက်ပေးကြရာ -
     ပစ္ဆာ ဝါ ဉတ္တိံ ဌပေတီတိ ပဌမံ ကမ္မဝါစာယ အနုဿာဝနကမ္မံ ကတွာ ‘‘ဧသာ ဉတ္တီ’’တိ ဝတွာ ‘‘ခမတိ သံဃဿ တသ္မာ တုဏှီ ဧဝမေတံ ဓာရယာမီ’’တိ ဝဒတိ၊ ဧဝံ ပစ္ဆာ ဉတ္တိံ ဌပေတိ။ ဟူသော (ပရိဝါအဋ္ဌကထာ ၊၂၄၆။ ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၃၉၆။) အဖွင့်ကိုပြ၍ ၎င်းကျမှဆုံးကြောင်း မိန့်တော်မူ၏။

ပရိဝါအဋ္ဌကထာ(၁၈၅)၌လည်း -
     ကမ္မဝါစာ ပရိယောသာနန္တိ ‘‘ကတံ သံဃေန ဣတ္ထန္နာမဿ ဘိက္ခုနော တဇ္ဇနီယကမ္မံ, ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီ’’တိ ဧဝံ တဿာ တဿာ ကမ္မဝါစာယ အဝသာနဝစနံ ပရိယောသာနံ၊ ဟု ဖွင့်တော်မူ၏။

စူဠဝါ သမုစ္စယက္ခန္ဓက သာရတ္ထဋီကာ၊ (တ၊ ၃၇၂။) မှာလည်း -
     တဒနုရူပံ ကမ္မဝါစံ ကတွာ မာနတ္တံ ဒါတဗ္ဗန္တိ –‘‘သုဏာတု မေ,(ပ) ခမတိ သံဃဿ, တသ္မာ တုဏှီ။ ဧဝမေတံ ဓာရယာမီတိ ဧဝံ ကမ္မဝါစံ ကတွာ မာနတ္တံ ဒါတဗ္ဗံ။ ဟု ဧဝမေတံ ဓာရယာမိ-တွင် ကမ္မဝါစာဆုံး ကြောင်းလာ၏။

     ငါတို့ကျေးဇူးရှင် ကျီဝန် ဆရာတော်နှင့် ဗန်းမော် ဆရာတော်တို့ကား သံဃာဒိသေသ် ကုလဒူသက သိက္ခာပုဒ်ဖွင့် အဋ္ဌကထာ၌ အယူကို မစွန့်သော ရဟန်းမှာ ဉတ်ဆုံးလျှင် ဒုက္ကဋ်အာပတ်သင့်ကြောင်း၊ ကမ္မဝါစာ နှစ်ကြိမ်အဆုံးတွင် ထုလ္လစဉ်း အာပတ်သင့်ကြောင်း၊ တတိယ သော ဘာသေယျတွင် ယျ -အက္ခရာကျလျှင် သံဃာဒိသေသ် အာပတ်သင့်ကြောင်း
မိန့်ဆိုသောကြောင့် သော ဘာသေယျ တွင် ယျ အက္ခရာကျလျှင် ကမ္မဝါစာဆုံးကြောင်း မိန့်ဆိုကြသည်။

     ငါတို့ကျေးဇူးရှင် မိုင်းခိုင်း ဆရာတော်ကား ပရိဝါအဋ္ဌကထာ ဝိနယသင်္ဂဟ အဋ္ဌကထာ၊ စူဠဝါ သမုစ္စယဖွင့်၊ သာရတ္ထဒီပနီဋီကာ တို့၌ မာရယာမိ -တွင် ကမ္မဝါစာဆုံးကြောင်း မိန့်ကြသောကြောင့်၊ သော ဘာသေယျ-တွင် ယျ-အက္ခရာမှာ သံဃာဒိသေသ် အာပတ်သင့်သည်ဆိုရာမှာ အာပတ်သင့်ရာကာလကိုသာ ပြတော်မူသည်။ ကမ္မဝါစာ အဆုံးကို ပြသော စကားမဟုတ်၊ ထို့ကြောင့် ဧဝမေတံ ဓာရယာမိ-တွင် မိ-အက္ခရာကျမှ ကမ္မဝါစာဆုံးကြောင်း ဧကန်မှတ်အပ်၏ဟု မိန့်တော်မူသတည်း။

     သိမ်ကုန်းဆရာတော် ဦးနာရဒကား ကမ္မဝါစာနိဂုံးများကို ဗျဉ္ဇန ဗုဒ္ဓိနှင့် ညီစွာ ဖတ်ရမည်။ အပိုထင်၍ ဗျဉ္ဇနဗုဒ္ဓိနှင့် ညီစွာ မဖတ်လျှင် ကံပျက်သည်ဟု မိန့်တော်မူသည်။ ထိုဆရာတော်လည်း မိ -တွင် ကမ္မဝါစာဆုံးကြောင်း မိန့်တော်မူ၏။