သိမ်မျိုးစုံမဟာဋီကာ/ဋီကာတို့၌သီမာပေက္ခဆိုသောစကား မသင့်ကြောင်း ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၂၅။ ဋီကာတို့၌သီမာပေက္ခဆိုသောစကား မသင့်ကြောင်း ပြခန်း

      ၎င်းဋီကာတို့၌ သီမာပေက္ခရှိမှ သိမ်ဖြစ်ကြောင်းကို ဆိုကြ၏။ ထိုစကားလည်းမသင့်၊ အကြောင်းကား တိစိဝရိက်ဆောင်သော ရဟန်းသည် သီမာပေက္ခစိတ်မရှိပဲ သတ္တဗ္ဘန္တရအတွင်းထားလျှင် နိဿဂ္ဂိမထိုက်၊ ပြင်ပထားလျှင် နိဿဂ္ဂိထိုက်သောကြောင့်တည်း။ ဤစီဝရဝိပ္ပဝါသရက္ခဏဝိဓိကား - အဂါမက အရည၌ သတ္တဗ္ဘန္တရအပိုင်းအခြားကို ဟောတော်မူသောကြောင့် ကံပြုဆဲအခါ မဟုတ်စေကာမူ စီဝရဝိပ္ပဝါသရက္ခဏမှာ ၎င်းသတ္တဗ္ဘန္တရ အပိုင်းအခြားသည် အရုဏ်တက်ဆဲအခါ ရနိုင်၏။ ယင်းမှတပါး သတ္တဗ္ဘန္တရသိမ်အရာ ဥဒကုက္ခပသိမ် အရာတို့၌ ပါဠိတော်မှာ ကံကြီး ကံငယ် ပြုဆဲအခါဖြစ်၍ ဝဂ္ဂကမ္မကို စောင့်ရှောက်ခြင်းငှာ သင့်လျော်သောအခါ ဝဂ္ဂကမ္မကို စောင့်ရှောက်ခြင်းငှာ ယင်းအပိုင်းအခြားကို ထားတော်မူသောကြောင့် ကံပြုဆဲအခါ၌သာ သတ္တဗ္ဘန္တရ ဥဒကုက္ခေပသိမ်တို့ ဖြစ်ကြ၏။
 
ထိုကြောင့် ဝိနည်းမဟာဝါ၊ ၃၃၄ ၌ -
     ဂစ္ဆန္တိယာ ပန နာဝါယ ကာတုံ န ဝဋ္ဋတိ။ ကသ္မာ? ဥဒကုက္ခေပမတ္တမေဝ ဟိ သီမာ, တံ နာဝါ သီဃမေဝ အတိက္ကာမေတိ။ ဧဝံ သတိ အညိဿာ သီမာယ ဉတ္တိ အညိဿာ အနုသာဝနာ ဟောတိ -

ဟု မိန့်တော်မူသတည်း။ ထိုစကားဖြင့် ရဟန်းရောက်ကာမျှဖြင့်လည်း ယင်းသိမ်အပိုင်းအခြားမဆိုင်။ သီမာပေက္ခစိတ် ရှိ,မရှိလည်း ယင်းအပိုင်းအခြားမဆိုင်။ ကံမပြုမီကာလ ကံပြုပြီးသည်မှ နောက်ကာလတို့၌လည်း ၎င်းသိမ်အပိုင်းအခြား မဆိုင်ကြောင်းကို ပြတော်မူ၏။ ထိုစကားမှန်၏။ သွားဆဲဖြစ်သော လှေ သင်္ဘော၌ ကံပြုခဲ့သော် ကံပြုဆဲ ဥဒကုက္ခေပ တစ်ခုစာမျှသာ သိမ်ဖြစ်သောကြောင့် တစ်ခုသောဥဒကုက္ခပ၌ ဉတ်၊ တစ်ခုသောဥဒကုက္ခေပ၌ ကမ္မဝါစာဖြစ်နေ၍ တစ်ခုသောကံမှာ သိမ်လည်းခြားနားလေသည်။ တစ်ခုသောကံကို အသီးအသီးသိမ်၌ တည်သောရဟန်းလည်း မပြုကောင်း၊ တစ်ခုသောသိမ်၌ တစ်ခုသောကံ မပြီးဆိုလျှင် ကမ္မဝါစာဝိပတ္တိလည်း ဖြစ်ရာသောကြောင့်တည်း။ အကယ်၍ ရဟန်းရောက်ရာ သီမာပေက္ခစိတ်ရှိရာ ၎င်းသိမ်အပိုင်းအခြား ဖြစ်မည်ဆိုလျှင် ၎င်းစကားကို အဋ္ဌကထာဆရာ မဆိုသင့်သော​ကြောင့်တည်း။