သိမ်မျိုးစုံမဟာဋီကာ/ခမတိကတ္တုရုပ် ပါဠိတော်ကြီး

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၇၁။ ခမတိကတ္တုရုပ် ပါဠိတော်ကြီး

     ငါတို့ကား သဗ္ဗညု မြတ်စွာဘုရား သာသနာတော်၌ သဒ္ဓါ၍ ရဟန်းပြုလာသော သကျပုတ္တိယ သာကီဝင် သားတော်ရဟန်းများဖြစ်၍ အမှန်အကန် ယထာဘူတ ကျကျနန သိမြင်ကြရန်လို၏။ အတ္တုက္ကံသန ပရ၀မ္ဘနစသော အကုသိုလ်ဓမ္မနှင့် မစပ်သင့်ချေ။ မိမိတတ်အားသမျှ ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရတို့နှင့်တကွ သဒ္ဒါ ဗျာကရုဏ်း အရပ်ရပ်တို့နှင့် စပ်ဟပ်နှီးနှော ၍ သင့်မသင့် ချင့်ချိန်ခဲ့ပါသော် ပါဠိတော် အဋ္ဌကထာ စသည်တို့တွင် ပါဠိတော်သည် ဗလဝ ဖြစ်၏။ ပါဠိတော်အောက် ရှေးအဋ္ဌကထာကြီးများ ရှေးဋီကာကြီးများ နောက်အဋ္ဌကထာ နောက်ဋီကာများ နောက်ဂန္ထန္တရများ အဆင့်ဆင့် ဗလဝဖြစ်၏။

     သက္ကရာဇ် ၁၀၀၂-ခု၊ သီတင်းကျွတ်လဆန်း ၁၀-ရက်၊ တနင်္ဂနွေနေ့ သာလွန်မင်းတရား အမေး၊ တောင်ဖီလာဆရာတော် အဖြေ၌ ပါဠိတော် အနက်အဓိပ္ပာယ်ကို အဋ္ဌကထာဖြင့် သိရသည်။ အဋ္ဌာကထာ အနက်အဓိပ္ပာယ်ကို ဋီကာကိုမှီ၍ သိရသည် ။ပ ။ အဘိဓမ္မာဋီကာကို ကျမ်းတတ်တကာတို့ အလွန်ယုံကြည်လှသည်ဟု မိန့်တော်မူ၏။

     ဗားကရာ သာသနာပိုင် ဖြတ်ထုံး၌လည်း ပါဠိတော်သာ မူလရင်း ဖြစ်သည်။ ပါဠိတော်မှ အဋ္ဌကထာထွက်သည် စသည်ဖြင့် မိန့်တော်မူသည်။ ဗျာကရုဏ်းတွင်လည်း မောဂ္ဂလ္လာန် ရူပသိဒ္ဓိ သဒ္ဒနီတိ ဗာလာဝတာရ စသည် ဗလဝဖြစ်၏။ ၎င်းတို့ထက် ပါဠိတော်စသည် ဗလဝဖြစ်၏။ ရူပသိဒ္ဓိ ၎င်းဋီကာ,သဒ္ဒနီတိ ၎င်းဋီကာ, ဗာလာဝတာရ ၎င်းဋီကာဟောင်း ဋီကာသစ် ဝိမတိ ဝိနယာလင်္ကာရဋီကာ စသောကျမ်းတို့၌ ဘတ္တံ မေ ရုစ္စတိ၊ ဘတ္တမ္ပိ တဿ န ရုစ္စတိ။ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ။ ဂမနံ မယှံ ရုစ္စတိ။ မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ။ ယဿာယသ္မာတော ခမတိ- စသော ဝါကျတို့ကို သမ္မဒါနတ္ထစတုတ္ထီ။ ပထမာကတ္တားချည်းဖွင့်ကြသောကြောင့် ခမတိပုဒ်၏ ကတ္တုရုပ်အဖြစ်သည် နေလအသွင် ထင်ရှားခဲ့၏။ မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းခုံနိုင်သည်မရှိနိုင်၊ ဝုတ္တိမောဂ္ဂလ္လာန် အလိုအားဖြင့်လည်း ၎င်းပထမာကတ္တားနှင့် သမ္ပဒါနတ္ထ စတုတ္ထီဖြစ်၍ ခမတိပုဒ်၏ ကတ္တု ရုပ်ဖြစ်ကြောင်း မူလရင်း ခွင့်ပြုပြီး ရှိခဲ့ကြောင်း ၎င်းကျမ်းကြည့်သူတိုင်းသိနိုင်ကြပြီးရှိ၏။ ဤသို့ သူတပုံငါတခြား ငြင်းခုံဖွယ် ထွက်နေ၏။ ဆရာတော်ဦးဗုဓ်လည်း စုရာဒိဂိုဏ်း ကတ္တုရုပ်၊ ဆဒီဓာတ်အရာ၌ ရုစ္စတိကို ကတ္တားအနက်သမ္ဗန်၍ ကြွင်းသောအရာမှာ ကမ္မရုပ်သမ္ဗန်သည် များခဲ့၏။

     ယင်းသို့ ခမတိပုဒ်၏ ကတ္တုရုပ် ကမ္မရုပ်ငြင်းခုံကြရာ၌ ပထမတန်း အခိုင်မာဆုံး အမြဲမြံဆုံး ပါဠိတော်ကြီးများနှင့် အဋ္ဌကထာကြီးများ ဋီကာကြီးများ သာဓကလို၏။ ၎င်းတို့တိုက်ရိုက် ထုတ်ပြနိုင်ပေလျှင် မည်သည့် ဗုဒ္ဓဘာသာ လဇ္ဇီပေသလ သိက္ခာကာမ ကျမ်းဂန်တတ်တို့မျှ မငြင်းနိုင်တော့ချေ။