သန့်ရှင်းစေချင် တို့ဝန်းကျင်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၆။ သန့်ရှင်းစေချင် တို့ဝန်းကျင်
326983ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၆။ သန့်ရှင်းစေချင် တို့ဝန်းကျင်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ(၂၆)

သန့်ရှင်းစေချင် တို့ဝန်းကျင်

[edit]

တစ်ခါတုန်းက ကိုရင်လေးတစ်ပါးသည် စာပေကျမ်းဂန် သင်ယူရန် တောမှ မြို့သို့ ကြွလာခဲ့ သည်။ ကိုရင်လေးနေသော ဘုန်းကြီးကျောင်းတွင် ဓမ္မစကူးလ် ဖွင့်လှစ်ထားရာ ဓမ္မစကူးလ်တက်ရန် ကျောင်းလာအပ်သည့် ကျောင်းသူ၊ ကျောင်းသားအချို့နှင့် တွေ့လေသည်။ ယင်းတို့အနက် သူရ၊ ခိုင်ခိုင်၊ ကိုဖြိုး၊ ဇော်ဇော်၊ ချောချောတို့က သူတို့အိမ်သို့ ဆွမ်းခံကြွရန် ကိုရင်လေးကို ပင့်ဖိတ်ခဲ့ကြသည်။

နောက်တစ်နေ့တွင် ကိုရင်လေးသည် သူရတို့ နေသည့်လမ်းထဲသို့ ရှေးဦးစွာ ဆွမ်းခံကြွသည်။ လမ်းထဲသို့ ဝင်လိုက်သည်နှင့် လမ်းထိပ်တွင်ရှိသော အမှိုက်ပုံက နံစော်နေသည်ကို ကြုံလိုက်ရ၏။ သူရတို့ခြံထဲတွင်လည်း အမှိုက်များ ပွနေသည်။ မသန့်ရှင်းသည့် ပတ်ဝန်းကျင်ကို မြင်လိုက်ရသော ကိုရင်လေးသည် စိတ်မချမ်းမသာ ဖြစ်သွား၏ ။

သူရတို့အိမ်မှ ထွက်၍ ခိုင်ခိုင်တို့ လမ်းသို့ ကြွသောအခါ လမ်းထိပ်တွင် အမှိုက်ပုံ မရှိသော်လည်း တစ်လမ်းလုံး အမှိုက်များ ရှုပ်ပွနေသဖြင့် အမှိုက်များကို ရှောင်ကွင်း၍ လျှောက်ခဲ့ရသည်။ သို့သော် ကိုရင်လေးသည် သည်းခံ၍ ခိုင်ခိုင်တို့ အိမ်ထဲသို့ ဝင်သွားသည်။ ခိုင်ခိုင်တို့ အိမ်ဝန်းကျင်၌ အမှိုက်များနှင့် ခွေးချေးများပါ တွေ့ရသောကြောင့် ခပ်မြန်မြန်ပင် ပြန်ထွက်လာခဲ့၏။

ကိုရင်လေးသည် စိတ်ပျက်စွာဖြင့် ကိုဖြိုးတို့ လမ်းထဲသို့ ဆက်၍ ဆွမ်းခံကြွခဲ့သည်။ လမ်းထိပ် မှ လှမ်းကြည့်လိုက်ရာ လမ်းက သန့်ရှင်းနေသည်ကို တွေ့ရသည်။ လမ်းဘေးဝဲယာတွင် အရိပ်ရ သစ်ပင်များလည်း ရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသပ်ရပ်နေသဖြင့် ကိုရင်လေး စိတ်ချမ်း သာသွားသည်။

ကိုရင်လေးလည်း စိတ်ကြည်ကြည်လင်လင်ဖြင့် ကိုဖြိုးတို့ အိမ်မှ ထွက်လာပြီး နောက်တစ်လမ်းရှိ ချောချောတို့အိမ်သို့ ကြွလာခဲ့သည်။ ချောချောတို့ လမ်းကလည်း ကိုဖြိုးတို့ လမ်းကဲ့သို့ သစ်ပင်ရိပ် များဖြင့် သန့်ရှင်းနေလေရာ ကိုရင်လေးစိတ်မှာ ပို၍ကြည်လင်သွား၏။ ချောချောတို့ ခြံထဲတွင် သစ်ပင် ပန်းပင်များလည်း ရှိသည်။ အိမ်ကလေးသည် သပ်သပ်ရပ်ရပ်ဖြင့် နေချင်ဖွယ် ကောင်းလှသည်။ အိမ်ထဲတွင် လည်း သန့်သန့်ရှင်းရှင်းရှိသည်။ ခြံထဲ၌ အမှိုက်ပုံးထား၍ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြသည်။ ချောချောသည်သူကစားပြီးသော အရုပ်များကို သေချာစွာ ပြန်၍ သိမ်းနေသည်ကိုလည်း တွေ့လိုက်ရ၏။ ချောချောတို့ အိမ်မှ ထွက်လာပြီးနောက် ကိုရင်လေးသည် ဇော်ဇော်တို့ အိမ်သို့ ဆက်၍ ကြွသည်။

ဇော်ဇော်တို့ လမ်းထဲသို့ ရောက်သောအခါ ငှက်ပျောခွံကို တက်နင်းမိသဖြင့် ကိုရင်လေး ချော်လဲ၍ ဒူးပြသွားသည်။ ကိုရင်လေး ချော်လဲပြီး ဒူးပြဲသွားသည်ကို ဇော်ဇော် တွေ့လိုက် သည်။ စည်းကမ်းမရှိ အမှိုက်ပစ်ကြသဖြင့် ကိုရင်လေး ချော်လဲ ရသည်ဟု တွေးမိကာ စိတ်မကောင်း ဖြစ်သွားသည်။ ထိုအချိန်တွင် သူငယ်ချင်းများက ဇော်ဇော်ကို ကျောင်းသွားရန် လာခေါ်ကြရာ ဒဏ်ရာရနေသော ကိုရင်လေးကိုတွေ့မြင်သွားကြသည်။

ကိုရင်လေးကို သူတို့အားလုံး အတူတကွ လိုက်ပို့ကြ၏။ ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ကိုရင်လေးကို ဇော်ဇော်က သူတို့လမ်းတွင် စည်းကမ်းမရှိ အမှိုက်ပစ်ကြသဖြင့် ကိုရင်လေး ချော်လဲရခြင်း ဖြစ်သည်၊ ယနေ့မှ စ၍ စည်းကမ်းတကျ အမှိုက်ပစ်ပါမည်၊ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင် လုပ်ပါမည်၊ နောက်နေ့များတွင်လည်း သူတို့အိမ်သို့ ဆက်လက် ဆွမ်းခံကြွပေးပါဘုရားဟု တောင်းပန် သည်။ သူရနှင့် ခိုင်ခိုင်တို့ကလည်း ဇော်ဇော်ကဲ့သို့ပင် တောင်းပန်ကြသည်။ ကိုရင်လေးလည်း စိတ်ချမ်းသာသွားကာ “စိတ်မပူပါနဲ့၊ နောက်နေ့တွေမှာလည်း ဆွမ်းခံကြွပါမယ်”ဟု ကတိပေးလိုက် လေသည်။ ဇော်ဇော်တို့ သူငယ်ချင်းတစ်စုသည် ကိုရင်လေးကို ကန်တော့၍ စာသင်ကျောင်းသို့ ထွက်ခွာသွားကြလေသည်။

သန့်ရှင်းရေး

[edit]

အမှိုက်တစ်စ တွေ့ ရှိက၊
ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊
လှပရောဂါစင်။
မြင်မြင်သမျှ ကြည်လင်အေး၊
စုပေါင်းသန့်ရှင်းရေး။ ။