ညီညီညွတ်ညွတ် နေကြမယ် -စ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ ညီညီညွတ်ညွတ် နေကြမယ်
326984ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၇။ ညီညီညွတ်ညွတ် နေကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

ညီညီညွတ်ညွတ် နေကြမယ်[edit]

စည်းလုံးခြင်း အင်အား

ရှေးအခါက ဗာရာဏသီပြည်အနီးတွင် တောအုပ်ကြီးတစ်ခု ရှိလေသည်။ ထိုတောအုပ်ကြီးတွင် နေထိုင် သော နတ်တို့ကို အုပ်ချုပ်ရန် နတ်မင်းအသစ်တစ်ပါး ရောက်လာ၏။ ထိုနတ်မင်းကြီး၏ အမည်မှာ “ဝေဿဝဏ်”ဖြစ်သည်။ တစ်နေ့တွင် ဝေဿဝဏ်နတ်မင်းကြီးက ရုက္ခစိုးနတ် (သစ်ပင်စောင့်နတ်) တို့ကို ခေါ်ကာ “ဒီနေ့ကစပြီး သင်တို့နှစ်သက်ရာ သစ်ပင်များမှာ နေထိုင်နိုင်ကြတယ်”ဟု နေထိုင်ခွင့်ပြုလိုက်သည်။ ရုက္ခစိုးနတ်များထဲတွင် ပညာရှိသော ရုက္ခစိုးနတ်သားတစ်ပါး ရှိသည်။ ထိုပညာရှိ ရုက္ခစိုးနတ်သား သည် ဘုရားအလောင်းတော် ဖြစ်၏။ သူသည် သူ၏ ဆွေမျိုးများ၊ အပေါင်းအဖော်များကို “မိတ်ဆွေတို့ ... လွင်ပြင်ကသစ်ပင်တွေမှာ မနေကြနဲ့၊ ငါနဲ့အတူ တောထဲမှာပဲ တစ်စုတစ်စည်းတည်း နေကြ”ဟု ပြောလေ၏။

ထိုအခါ စဉ်းစားဆင်ခြင်ဉာဏ်ရှိသော ရုက္ခစိုးနတ်တို့သည် ဘုရားအလောင်းပညာရှိ၏ စကားကို နားထောင်ကြ၏။ အချို့သော နတ်များကား နားမထောင်ကြဘဲ “တောထဲမှာပဲနေလျှင် ဘာမှ အကျိုးမရှိ နိုင်ဘူး၊ မြို့နားရွာနား နေမှ လူများပူဇော်ပသတဲ့ လာဘ်လာဘ၊ လှူဖွယ် ပစ္စည်းတွေကို ရလိမ့်မယ်၊

ဒါကြောင့် မြို့နားနီးနီး နေကြစို့”ဟု ဆိုကာ မြို့ရွာအနီးက ကွင်းပြင်ကျယ်ရှိ သစ်ပင်ကြီးများကို ရွေးချယ်၍ နေကြသည်။ ရွာနားနီးသဖြင့် သစ်ပင်များအပေါ် ကလေးများက တက်ဆော့ကြ၏။ ထင်းအဖြစ် သုံးရန် သစ်ကိုင်းများကိုလည်းလာချိုးကြသူများလည်း ရှိ၏။ သစ်ပင်ရင်း၌ အညစ်အကြေးများကိုလည်း လာစွန့်ကြသည်။ ထို့ကြောင့် ရုက္ခစိုးနတ်များသည် သူတို့ မျှော်လင့်သကဲ့သို့ လာဘ်လာဘ၊ လှူဖွယ်ပစ္စည်းများ မရဘဲ စိတ်ညစ်စရာများကိုသာ တွေ့နေရတော့သည်။ တောထဲတွင်နေသော ရုက္ခစိုးနတ်တို့သည်ကား အေးအေး ချမ်းချမ်း နေကြရ၏။

တစ်နေ့သ၌ လေပြင်းမုန်တိုင်းကြီး ကျရောက်လာသည်။ လေသည် အလွန်ပြင်းထန်စွာ တိုက်ခတ် သဖြင့် ကွင်းပြင်၌ရှိသော သစ်ပင်ကြီးတို့သည် တစ်ပင်နှင့်တစ်ပင် မနီးကပ်သောကြောင့် လေမုန်တိုင်း ဒဏ်ကို မခံနိုင်ကြချေ။ အကိုင်းအခက်များ ကျိုးကုန်ပြီး အမြစ်များလည်း ကျွတ်၍ လဲပြိုကုန်၏။ တောထဲရှိ သစ်ပင်များသည်ကား တစ်ပင်နှင့်တစ်ပင် နီးကပ်စွာ ရှိနေကြသည့်အတွက် ပျက်စီးမှု နည်းပါး လေသည်။

မုန်တိုင်းဒဏ်ကြောင့် သစ်ပင်များ ပြိုလဲသွားသဖြင့် နေထိုင်စရာဗိမာန် မရှိတော့သည့် ရုက္ခစိုးနတ် တို့သည် တောထဲသို့ ပြန်ရောက်လာခဲ့ကြ၏။ တောထဲ၌ နေသော ရုက္ခစိုးနတ်တို့က လေဘေးဒုက္ခသည် ရုက္ခစိုးနတ်များကို ကောင်းမွန်စွာ လက်ခံကူညီကြ၏။

ဘုရားအလောင်းပညာရှိ ရုက္ခစိုးနတ်သားက “တစ်ပင်တည်းရှိတဲ့ သစ်ပင်ဟာ ဘယ်လောက် ကြီးကြီး လေပြင်းတိုက်ရင် လဲပြိုနိုင်တဲ့အတွက် သစ်ပင်များ စုနေရင် ကောင်းတယ်၊ လောကမှာလည်း ဆွေမျိုးများ စုနေတာ ကောင်းတယ်၊ စည်းလုံးခြင်းဟာ ကြီးမားသော အင်အားဖြစ်တယ်”ဟု ဆုံးမစကား ပြောကြားခဲ့လေသည်။

စည်းလုံးခြင်း အင်အား[edit]

မိုးဦးမိုးအခါ ဝင်ရောက်လာ မိုးသက်မုန်တိုင်း ပြင်းထန်စွာ
ကွဲလွဲသစ်ပင် အဖော်မဲ့ကာ ကြီးမားအမြစ်တွယ် စွဲမြဲစွာ
ရှိပေမဲ့လေ ခံနိုင်အား လဲပြိုပျက်စီးသွား
ပေါင်းစပ်ယှက်နွယ် ညီညီညာ တောထဲသစ်ပင်ပမာ
စည်းလုံးခြင်းရဲ့ တို့အင်အား ကောင်းကျိုးဆင့်ကာပွား။

ညီညွတ်ခြင်း အကြောင်းတရား ခြောက်ပါး[edit]

၁။ ကိုယ်အမူအရာဖြင့် အချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၂။ နှုတ်အပြောအဆိုဖြင့် အချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၃။ စိတ်အတွေးအကြံဖြင့် အချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၄။ အချင်းချင်း ဝေမျှသုံးစွဲခြင်း၊
၅။ အကျင့်သီလ တူညီအောင်အားထုတ်ခြင်း၊
၆။ အယူဝါဒ တူညီအောင်အားထုတ်ခြင်း။