သင်စာ ဖတ်စာ - ၁၃, ယပင့် ဟထိုး၊ ရရစ် ဟထိုး ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၈။ သင်စာ ဖတ်စာ - ၁၃, ယပင့် ဟထိုး၊ ရရစ် ဟထိုး ခန်း

သင်စာ - ၁၃[edit]

ယပင့် ဟထိုး ၊ ရရစ် ဟထိုး ခန်း

-ျှ -ြှ

ဖတ်ပါ။ ကူးရေးပါ။

မျှ မျှား
မျှော မျှော့ မျှော်
မြှူ မြှေး
လျှာ
လျှော လျှော့ လျှော်

ဖတ်ပါ။ ကူးရေးပါ။[edit]

မျှော့ မီးလျှံ အမျှဝေ
လျှာ လျှော်စည်း အမြှေးပါး
ညီမျှ ညီညီမျှမျှ ချော့မြှူ
မျှမျှတတ မျှော်မှန်း လျှောကျ
လျှော့ဈေး ရှုမျှော် လျှော်ကြိုး

ဖတ်စာ - ၁၃[edit]

ဆရာတော် ဦးဇဝန

ရွာဦးက ဆရာတော် ဦးဇဝန ကြွလာပြီး တရားဟော၏။ ရွာသူရွာသားများ အမျှဝေ၍ သာဓုခေါ်ကြ၏။ တရားပွဲအပြီး ဥသျှစ်သီးဖျော်ရည်နှင့်ဧည့်ခံမည်။ အမြှေးပါးမှာ ပါရှိသော အမျှင်သည် အူကို သန့်ရှင်းစေ၏။ ဖျော်ရည်ကို ဂရုထား၍ ထည့်ပါ။ လျှံကျလျှင် လျှာထိုးကြမ်း စွန်းထင်းကုန်မည်။ အာစလျှာစရှိသူများ တရားဆွေးနွေး နေကြသည်။ လျှော်စည်းများပေါ်က ကလေးငယ်များ လျှော၍ပြေးလာကြပြီ။ အားလုံးကိုမျှမျှတတ ဝေပေးမည်။ ညီတူညီမျှ ဝေပေးမှ တရားမျှတပါမည်။ သဘောတူမျှကြရဲ့လား။ အာဟာရ မျှပါစေ။


၁။ အောက်ပါမေးခွန်းများကိုဖြေပါ။
(က) ဆရာတော်၏ ဘွဲ့ ကိုဖော်ပြပါ။
(ခ) တရားပွဲအပြီး မည်သည့်အရာနှင့်ဧည့်ခံမည်နည်း။
၂။ (က) ဖတ်စာကို ဖတ်ပြပါ။
(ခ) ကူးရေးပါ။
၃။ အမျှင်ပါသော အသီးများ အမည်ကို သင်သိသမျှပြောပြပါ။

စကား အသုံးအနှုန်း (၁)[edit]

ဘုရားငါးဆူ။
ရဟန်းရှစ်ပါး။
လူနှစ်ယောက်။
မြင်းဆယ်စီး။
ကျားလေးကောင်။
လှေကိုးစင်း။
သေနတ်သုံးလက်။
အုန်းသီးခြောက်လုံး။
စက္ကူခုနစ်ချပ်။
အိမ်တစ်ဆောင်။
ကြိုးတစ်ခွေ။
စာလေးစောင်။
စကားခြောက်ခွန်း။
ငှက်ပျောသုံးခိုင်။


၁။ ဖတ်ပါ။
၂။ ကူးရေးပါ။
၃။ အောက်ပါအရေအတွက်တို့ကို ဆက်ရေးပါ။
(က) အုန်းသီး ဆယ် ___။
(ခ ) ဆင် ကိုး ___။
(ဂ ) လူ ခြောက် ___။
(ဃ) စာအုပ် ရှစ် ___။
(င ) ပေတံ တစ် ___။
(စ ) ပန်းအိုး သုံး ___။
(ဆ) မျက်မှန် တစ် ___။

စကားအသုံးအနှုန်း (၂)[edit]

ချိုး ကူသည်။
ကျီး အာသည်။
ခွေး ဟောင်သည်။
ကြက် တွန်သည်။
ကျား ဟိန်းသည်။
ဆင် ဟည်းသည်။
ချေ ဟောက်သည်။
မြွေ တွန်သည်။
လူကလေး အိပ်သည်။
ဘုန်းတော်ကြီး ကျိန်းသည်။
ရှင်ဘုရင် စက်တော်ခေါ်သည်။
မမ ထမင်းစားသည်။
ဧည့်သည် ထမင်းသုံးဆောင်သည်။
ဦးပဉ္ဇင်း ဆွမ်းဘုဉ်းပေးသည်။
ရှင်ဘုရင် ပွဲတော်တည်သည်။


၁။ ဖတ်ပါ။
၂။ ကူးရေးပါ။
၃။ အောက်ပါစကားအသုံးအနှုန်းများမှ သင့်လျော်သည်ကိုရွေး၍ ဝါကျဖြစ်အောင် ဆက်ရေးပါ။
အိပ်သည်၊ စက်တော်ခေါ်သည်၊ ကျိန်းသည်၊
(က) မိဖုရား ___ ။
(ခ ) အဘိုး ___ ။
(ဂ ) ဆရာတော် ___ ။
(ဃ) ညီမလေး ___ ။