ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၁၄

From Wikisource
Jump to navigation Jump to search
322853ဝေဿန္တရာဇာတ်တော်ကြီး — ၁၄။ ဇာတ်တော်ပေါင်းခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့မြတ်စွာဘုရားသည် ဂါထာ ၁၀၀၀-တို့ဖြင့် တန်ဆာဆင်အပ်သော ဤမဟာဝေဿန္တရာဇာတ်တော်ကို ဆောင်၍ ဟောတော်မူပြီးလျှင် တရားဆက်ဝေး၍ စကားပြတ်မည်စိုးတော်မူသောကြောင့် “ဤတရားသဘင်၌ စည်းဝေးကုန်သော တရားနာပရိသတ်အပေါင်းတို့။ ငါဘုရားသည် ယခုသာလျှင် ဆွေတော်မျိုးတော်တို့အစည်းအဝေး၌ ပေါက္ခရဝဿ အမည်ရှိသောမိုးကို ရွာစေသည်မဟုတ်။ ရှေး ဝေဿန္တရာမင်း ဖြစ်တော်မူသောအခါ၌လည်း ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ယခုကဲ့သို့ပင် ပေါက္ခရဝဿမည်သောမိုးကို ရွာစေပြီ”ဟု မိန့်တော်မူပြီး၍ ဇာတ်တော်ကို ပေါင်းတော်မူ၏။

“ရဟန်းတို့။ ငါ ဝေဿန္တရာမင်း ဖြစ်တော်မူသောအခါ ဇူဇကာပုဏ္ဏားသည် ယခု ဘုရားဖြစ်တော်မူအခါ ငါ၏ဦးရီးတော် ဒေဝဒဟမင်းကြီးသား ဒေဝဒတ် ဖြစ်လာ၏။”

“ဇူဇကာပုဏ္ဏား၏မယား အမိတ္တာပုံသည် ယခုအခါ စိဉ္စမာဏဝိကာ အမည်ရှိသော သတို့သမီးဖြစ်လာ၏။”

“ထိုအခါ ဟိမဝန္တာတောဝ၌ စောင့်ရှောက်၍နေရသော စေတမုဆိုးသည် ယခုအခါ ငါဘုရားနှင့်ဖွားဖက် တောထွက်ရာပါသော ဆန္နအမတ် ဖြစ်လာ၏။”

“ထိုအခါ ဟိမဝန္တာ၌နေသော အစ္စုတရှင်ရသေ့သည် ယခုအခါ ဥပတိဿရွာသူကြီး၏သား ငါဘုရား၏လက်ယာရံ အဂ္ဂသာဝကဖြစ်သော သာရိပုတ္တရာ ဖြစ်လာ၏။”

“ထိုအခါ သိကြားမင်းသည် ယခုအခါ ငါဘုရား၏ဘထွေးတော်သား အနုရုဒ္ဓါမင်းသား ဖြစ်လာ၏။”

“ထိုအခါ ငါ၏ခမည်းတော် သိဉ္စည်းမင်းကြီးသည် ယခုအခါ ငါဘုရား၏ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဖြစ်လာ၏။”

“ထိုအခါ ငါ၏မယ်တော် ဖုဿတီဒေဝီသည် ရှေး ၉၁-ကမ္ဘာထက်က ဝိပဿီမြတ်စွာဘုရား၏ ခြေတော်ရင်း၌ တောင်းအပ်သောပတ္ထနာနှင့်အညီ ယခုအခါ ငါဘုရား၏မယ်တော် မဟာမာယာ ဖြစ်လာ၏။”

“ထိုအခါ, ငါ၏မြောက်သားတော် မိဖုရားကြီးမဒ္ဒီဒေဝီသည် ယခုအခါ ငါ၏ဦးရီးတော်, ဒေဝဒဟမင်းကြီး၏ သမီးတော် ဤလူ့ပြည်၌ တစ်စုံတစ်ယောက်သော လူ့သမီးတို့နှင့်မနှိုင်းယှဉ်ရာ နတ်သမီးတမျှလှပသော အဆင်းအရေ ကြန်အင်လက္ခဏာ ရွှေရတနာ ရွှေစင်စုကဲ့သို့ ရှိသောကြောင့် ဗိမ္ဗာဒေဝီဟု အမည်မှည့်ပြီးမြောက်မှ နောက်တစ်ဖန် ဖွားတော်၏အမည်ဖြင့် ယသောဓရာဒေဝီဟု ထင်ရှားသော ငါ၏ မြောက်သားမိဖုရားကြီး ရာဟုလာမိခင် ဖြစ်လာ၏။”

“ထိုအခါ ဇာလီမင်းသားသည် ယခုအခါ ရာဟုလာမင်းသား ဖြစ်လာ၏။”

“ထိုအခါ ကဏှာဇိန်သည် ယခုအခါ ငါဘုရား၏လက်ဝဲရံ အဂ္ဂသာဝိကာဆုနှင့်ပြည့်စုံသော သူဌေးသမီး ဥပ္ပလဝဏ် ဖြစ်လာ၏။”

“ထိုအခါ ကြွင်းသော ဝေဿန္တရာမင်းကြီး၏ပရိသတ်သည် ယခုအခါ ငါဘုရား၏ပရိသတ် ဖြစ်လာ၏။”

“ထိုအခါ ဝေဿန္တရာမင်းကြီးသည် ယခုအခါ ဉေယျဓံတရား ၅-ပါးတို့ကို အလိုလို ကိုယ်တော်တိုင်သာလျှင် အကြွင်းမဲ့သိတော်မူသည်ဖြစ်၍ သဗ္ဗညုတဉာဏ်အထွတ်သို့ ရောက်ပြီးသော ငါဘုရား ဖြစ်တော်မူ၏”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

(မင်းကြီးဝေဿန္တရာသည် တစ်ဘဝတည်းသော ကိုယ်တော်၏အဖြစ်၌ပင်လျှင် အလှူ၏တန်ခိုးကြောင့်၂-သိန်း ၄-သောင်း အထုရှိသောမြေကြီးသည် စိတ်ဝိညာဉ်ရှိသောသတ္တဝါကဲ့သို့ ၇-ကြိမ်တိုင်အောင် တုန်လှုပ်၏။ ဤဇာတ်တော်၌လာသော မြေလှုပ်ခြင်း ၇-ကြိမ်ကား-

-ဖွားတော်မူ၍ ၈-နှစ်မြောက် နှလုံးသည်းပွတ်, မျက်စိ, ခြေ, လက်စသော အဇ္ဈတ္တအလှူကို ကြံသောအခါ မြေတစ်ကြိမ်လှုပ်၏။

-ထို့နောက် ဆင်ဖြူတော်ကို လှူသောအခါ တစ်ကြိမ်။

-ထို့နောက် ပြည်မှနှင်ထုတ်၍ ထွက်အံ့သောနေ့၌ ၇၀၀, ၇ -လီစုဖြစ်သော အလှူကြီးကိုပေးသောအခါ တစ်ကြိမ်။

-ထို့နောက် ဝင်္ကပါတောင်သို့အထွက် ပြည်တော်သို့ ပြန်လည်၍ ရှုကြည့်တော်မူသောအခါ တစ်ကြိမ်။

-ထို့နောက် သားတော် သမီးတော်တို့ကိုလှူသောအခါ တစ်ကြိမ်။

-ထို့နောက် မဒ္ဒီဒေဝီကို လှူသောအခါ တစ်ကြိမ်။

-ထို့နောက် မင်း၆-ပါး ဝင်္ကပါတောင်၌ စည်းဝေးသောအခါ တစ်ကြိမ်။

ဤသို့ ၇-ကြိမ်မြေလှုပ်ခြင်းစသော အံ့ဖွယ်သရဲတို့သည် ဖြစ်ကုန်၏ဟု လာ၏။

စရိယာပိဋက အဋ္ဌကထာ၌ကား-“အဋ္ဌဝဿိကကာလေ ဟဒယမံသာဒီနမ္ပိ ယာစကာနံ ဒဒေယျန္တိ ဒါနဇ္ဈာသယုပ္ပါဒေ, မင်္ဂလဟတ္ထိ ဒါနေ, ပဗ္ဗာဇနကာလေ ပဝတ္တိတ မဟာဒါနေ, ပုတ္တဒါနေ, ဘရိယာဒါနေ, ဝင်္ကပဗ္ဗတေ ဉာတိသမာဂမေ နဂရပဝိဋ္ဌဒိဝသေ ရတနဝဿကာလေတိ ဣမေသု ဌာနေသု သတ္တဝါရံ အက္ကမ္ပိတ္ထဧဝ”ဟု လာ၏။

အဋ္ဌဝဿိကကာလေ၊ ၈-နှစ်ရှိသော အခါ၌။ ဟဒယမံသာဒီနမ္ပိ၊ နှလုံးသား အစရှိသည်တို့ကိုလည်း။ ယာစကာနံ၊ အလိုရှိသော ယာစကာတို့အား။ ဒဒေယျံ၊ ထုတ်၍ ပေးအံ့။ ဣတိ၊ ဤသို့။ ဒါနဇ္ဈာသယုပ္ပါဒေ စ၊ အတွင်းအလှူ ပေးလိုသောအကြံ ဖြစ်စဉ်ခဏ၌လည်းကောင်း၊ မင်္ဂလဟတ္ထိဒါနေ စ၊ မင်္ဂလာဆင်ဖြူတော်ကို လှူတော်မူသော ခဏ၌လည်းကောင်း။ ပဗ္ဗာဇနကာလေ၊ ပြည်မှ နှင်ထုတ်အံ့သောအခါ၌။ ပဝတ္တိတ မဟာဒါနေ စ၊ ဖြစ်စေအပ်သော ၇၀၀-အပေါင်း အလှူကြီးပေးသော ခဏ၌လည်းကောင်း။ ပုတ္တဒါနေ စ၊ သားသမီးတို့ကို လှူသောခဏ၌လည်းကောင်း။ ဘရိယာဒါနေ စ၊ မဒ္ဒီဒေဝီကို လှူသောခဏ၌လည်းကောင်း။ ဝင်္ကပဗ္ဗတေ၊ ဝင်္ကပါတောင်၌။ ဉာတိသမာဂမေ စ၊ ဆွေတော်မျိုးတော် မင်း ၆-ပါး အစည်းအဝေး၌လည်းကောင်း။ နဂရပဝိဋ္ဌဒိဝသေ၊ စေတုတ္တရာပြည်တော်သို့ ဝင်သောနေ့၌။ ရတနဝဿကာလေ စ၊ ရတနာမိုးရွာသော ခဏ၌လည်းကောင်း။ ဣတိ ဣမေသု ဌာနေသု၊ ဤ ၇-ရပ်တို့၌။ သတ္တဝါရံ၊ တစ်ကြိမ်စီအားဖြင့် ပေါင်း ၇-ခါ။ မဟာပထဝီ၊ မြေကြီးသည်။ အကမ္ပတ္ထဧဝ၊ တုန်လှုပ်ပြီးသည်သာလျှင်တည်း။

ဤစရိယာပိဋကအဋ္ဌကထာ၌ “ပြည်တော်သို့ဝင်သည့်နေ့ ရတနာမိုးရွာသောအခါ လှုပ်သည်”ဟုဆို၏။ ဝင်္ကပါတောင်သို့အထွက် မြို့တော်ကို ပြန်လည်၍ရှုသောအခါ လှုပ်ကြောင်းကို မဆို။ ဤဝေဿန္တရာဇာတ်နိပါတ် ပါဠိတော်၌ကား မြို့တော်ကို ပြန်လည်၍ရှုတော်မူသောအခါ လှုပ်ကြောင်းကို လာ၏။ ရတနာမိုးရွာသောအခါ လှုပ်ကြောင်းကို မဆို။ ထို့ကြောင့် စရိယာပိဋက အဋ္ဌကထာ စကားသည် နိပါတ်ပါဠိတော်နှင့် ဤအရာ၌ မညီလွန်း။ စရိယာပိဋက ပါဠိတော်၌မူကား“သာ မဟာပထဝီ မမ ဒါနပုညာနုဘာဝဟေတု သတ္တက္ခတ္တုံ အကမ္ပိတ္ထ”ဟူ၍သာ ဟောတော်မူ၏။

သာ မဟာပထဝီ၊ ထိုမြေကြီးသည်။ မမ၊ ငါ၏။ ဒါနပုညာနုဘာဝဟေတု၊ အလှူပေးခြင်း၏ ကောင်းမှုအာနုဘော်တည်းဟူသောအကြောင်းကြောင့်။ သတ္တက္ခတ္တုံ၊ ၇-ကြိမ်။ အကမ္ပိတ္ထ၊ တုန်လှုပ်ပြီ။ ဤကား အနက်။

ဝေဿန္တရာဇာတ်တော်ကြီး ပြီး၏