ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၁၃

From Wikisource
Jump to navigation Jump to search
ဝေဿန္တရာဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၃။ ပြည်တော်သို့ ပြန်ခန်း
322852ဝေဿန္တရာဇာတ်တော်ကြီး — ၁၃။ ပြည်တော်သို့ ပြန်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

မင်း၆-ပါးတို့သည် သက်သာရာကိုရပြီးသော် မှူးမတ်,ပရိသတ်အပေါင်းတို့ တောင်းပန်ကြသော စကားကိုကြား၍ ဘုရားလောင်းသည် အဖဖြစ်သောသိဉ္စည်းမင်းကြီးအား ဤသို့ဆို၏။

“ခမည်းတော်မင်းကြီး။ မင်းကျင့်တရားနှင့်ညီစွာ မင်းပြုသောအကျွန်ုပ်ကို ခမည်းတော်မင်းကြီးသည်လည်းကောင်း၊ မှူးတော်မတ်တော်, ပြည်သားပြည်သူတို့သည်လည်းကောင်း ပြည်မှ နှင်ထုတ်သည်ဖြစ်၍ ဤတောအရပ်၌ အကျွန်ုပ်နေရ၏”ဟု ဆို၏။

ထိုအခါ သိဉ္စည်းမင်းကြီးသည် “ချစ်သား။ ငါသည် သိဝိရာဇ်ပြည်သူတို့စကားကို လိုက်နာ၍ အပြစ်မရှိသောငါ့သားကို ပြည်မှနှင်ထုတ်မိချေသဖြင့် ခမည်းတော်သည် မကောင်းသောအမှုကို ပြုမှားချေ၏”ဟု မိမိအပြစ်ကိုပြပြီးလျှင် ဤသို့တောင်းပန်၏။

“ချစ်သား။ အကျိုးစီးပွားကိုဆောင်လေ့ရှိသော သားသမီးတို့သည် မိဘဆွေမျိုးတို့၌ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဆင်းရဲဖြစ်သည်ရှိသော် မိမိအသက်ကိုပင်လည်း စွန့်၍ မိဘတို့ဆင်းရဲကို ဖျောက်ရာ၏။ ငါတို့သည်လည်း အပြစ်မရှိသောသားကို နှင်ထုတ်မိသောကြောင့် နောင်တတစ်ဖန် ပြင်းစွာပူဆွေးခြင်းဆင်းရဲသည် ဖြစ်၏။ ထိုဆင်းရဲကို ပျောက်စေခြင်းငှာ ခမည်းတော်ပြုမိသောအပြစ်ကို နှလုံးမမူဘဲသည်းခံသဖြင့် ခမည်းတော်၏စကားကို လိုက်နာပါလော့၊ ယခု ချစ်သားသည် ရသေ့၏အသွင်ကိုပယ်၍ မင်း၏အသွင်ဖြင့် ထီးနန်းစိုးစံအံ့သောငှာ ပြည်တော်သို့ ပြန်ပါဦးလော့”ဟု တောင်းပန်၏။

ဘုရားလောင်းသည် မင်း၏အဖြစ်ကို အလိုရှိသော်လည်း ပညာရှိတို့သဘောသည် ဆင်းရဲတွေ့လည်း ပြင်းစွာမတုန်လှုပ်၊ ချမ်းသာတွေ့လည်း ဝမ်းမြောက်ခြင်းကို ပြင်သို့မထုတ်၊ သိမ်းအုပ်ချုပ်တည်းလျက် ဝမ်းမြောက်ဝမ်းသာ အလျင်တဆော မပြဦးဘဲ ခမည်းတော်မှစ၍ ပြည်သားပြည်သူအပေါင်းတို့သည် နောက်နောင်ကိုလည်း မိမိအား အလေးအမြတ်ပြုစေခြင်းငှာ ခမည်းတော်နှင်ထုတ်သော အခြင်းအရာကိုပြ၍ နှလုံးနာယောင်စကားဖြင့် ပြောဆိုတော်မူ၏။ ခမည်းတော်က မိမိပြုမိသော အပြစ်အတိုင်းပြလျက် တောင်းပန်သောအခါမှသာလျှင် ဘုရားလောင်းသည် “ခမည်းတော်မင်းကြီး။ ထိုသို့တပြီးကား ကောင်းပြီ။ ပြည်သို့ ပြန်ပါအံ့”ဟု ဝန်ခံတော်မူ၏။

ထိုအခါ ဘုရားလောင်း၏ ဝန်ခံခြင်းကိုသိ၍ ဖွားဖက်တော်အမတ် ၆-သောင်းတို့သည် “အရှင်မင်းကြီး၊ ယခုကား ရေချိုးတော်မူချိန် တန်ပြီ။ မြူချေးတို့ကို ဆေးကြောတော်မူပါလော့”ဟု ဆို၏။

ဘုရားလောင်းသည် “အမတ်တို့။ အတန်ငယ် ငံ့လင့်ဦး”ဟု ဆို၍ ကျောင်းသင်္ခမ်းတွင်းသို့ဝင်ပြီးလျှင် ရသေ့ဝတ်သင်္ကန်းကို ချွတ်လဲ၍ သင့်ရာသိုမှီးထားပြီးမှ ခရုသင်းပွတ်သစ် အဆင်းကဲ့သို့ ဖြူစင်စွာအဆင်းရှိသော ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးကိုဝတ်လျက် မင်း၏အသွင်ကိုယူပြီးသော် ကျောင်းသင်္ခမ်းတွင်းမှထွက်ခဲ့၍၊ “ဤအရပ်၌နေသော ငါသည် ရဟန်းတရားကိုလည်း ပွားရ၏။ မြတ်သောပါရမီအထွတ်ဖြစ်သာ သားမယားအလှူကိုလည်း မြေကြီးကို တုန်လှုပ်စေလျက် လှူရပေ၏”ဟု မိမိနေသောကျောင်းသင်္ခမ်း၌ ကျေးဇူးရှိသောအဖြစ်ကိုပြု၍ ကျောင်းသင်္ခမ်းကို လက်ယာရစ် ၃-ကြိမ်လှည့်လျက် ၅-ပါးသောရှိခိုးခြင်းဖြင့် ရှိခိုး၍နေ၏။

ထိုအခါ ဘုရားလောင်းအား မှူးတော်မတ်တော်တို့သည် ရေချိုးစေပြီးလျှင် ဆတ္တာသည်တို့ကိုလည်း ဆံမုတ်ဆိတ်ကို သုတ်သင်ပြင်ဆင်စေ၍ ခပ်သိမ်းသော မင်းဝတ်တန်ဆာတို့ဖြင့် သိကြားမင်းကဲ့သို့ တင့်တယ်စွာ တန်ဆာဆင်ပြီးသော် တိုင်းပြည်ထီးနန်း ခပ်သိမ်းသော မင်းမြှောက်တန်ဆာ ၅-ပါးတို့ဖြင့် ဘုရားလောင်းကို အဘိသိက်သွန်းကုန်၏။ မှူးတော်မတ်တော်အပေါင်းတို့သည်လည်း “ငါတို့အရှင်မင်းကြီးသည် ပြည်စည်းစိမ်ဖြင့် အထွတ်အမြတ်သို့ ရောက်တော်မူပြီးသည်ဖြစ်၍ မဒ္ဒိဒေဝီ အရှင်မိဖုရားကြီး, ဇာလီအရှင့်သားတော်, ကဏှာဇိန် အရှင့်သမီးတော်, ဆွေတော်, မျိုးတော်တို့နှင့်တကွ အသက်ထက်ဆုံး ဘုန်းတော်တောက်ထွန်းလျက် ကျွန်းအပြင်၌နေကုန်သော ထီးဆောင်းမင်းတကာတို့၏ ညွတ်ခကြောက်ရွံ့ ကျွန်တော်မျိုးခံရာ ဖြစ်စေသတည်း။ သူတကာတို့၏ ချမ်းသာစီးပွားကို ဆောင်တော်မူနိုင်စေသတည်း”ဟု နှုတ်မင်္ဂလာ ပတ္ထနာအောင်ထီးဖြင့် ကောင်းချီးပေးကြကုန်၏။

ထိုအခါ ဘုရားလောင်းအား များစွာသော စစ်သည်ဗိုလ်ပါ မှူးမတ်ပရိသတ် အခြံအရံတို့ဖြင့် တင့်တယ်စွာဖြစ်၏။ တစ်ယောက်သောသူမျှ မကျိုးမနွံသောသူမည်သည် မရှိ။ “သြလောကိတော လောကိတဌာနေ ကမ္ပိ”ဟူသည်နှင့်အညီ မယ်တော်,ခမည်းတော်တို့မှတစ်ပါး ဘုရားလောင်းကို မျက်နှာရှေးရှုဆိုင်၍ ကြည့်ခြင်းငှာ မဝံ့ကုန်။ ခပ်သိမ်းကုန်သောသူတို့သည် ထိပ်ထက်လက်စုံချသော မျက်နှာရှိကုန်လျက် ငြိမ်သက်တည်ကြည်စွာ နေကြကုန်၏။ ခပ်သိမ်းသော စည်,စောင်း, ငြင်း,နှဲ, ပလွေ, စည်းဆုပ်, စည်ပုတ်, ပတ်သာ, တယော, ဒုံမင်း, ခရုသင်း အစရှိသော တူရိယာဘဏ္ဍာတို့ကိုလည်း တစ်ပြိုင်နက်တီးမှုတ်စေကုန်သဖြင့် မဟာသမုဒ္ဒရာအဝှမ်း၌ မိုးကြိုးထစ်သကဲ့သို့ ဖြစ်ကုန်၏။

ဘုရားလောင်း ဖွားတော်မူသည့်နေ့၌ ဘုန်းတော်ကြောင့်ရောက်လာသော ဆင်ဖြူတော်ပစ္စယကိုလည်း ခပ်သိမ်းလုံးစုံ ဆင်မြဲသောတန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးသော် ဝေဿန္တရာမင်းကြီး၏အနီးသို့ ကပ်စေကုန်၏။ မဒ္ဒီဒေဝီကိုလည်း အလုံးစုံသောမင်းသမီး, ကိုယ်လုပ်မောင်းမအပေါင်းတို့သည် ရသေ့အသွင်ကိုပယ်၍ ရေချိုးပြီးသော် ခပ်သိမ်းလုံးစုံ မိဖုရားကြီးတို့ဆင်မြဲသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်စေပြီးလျှင် မိဖုရားကြီးအသွင်ကို ယူစေ၍၊

“ပြည်သူတကာတို့၏အထွတ်ဖြစ်သော အရှင်မ။ ဝေဿန္တရာမင်းကြီးသည် သားတော်,သမီးတော်တို့နှင့်တကွ အရှင်မကို နှစ်သက်မြတ်နိုးတော်မူသဖြင့် အသက်ထက်ဆုံး စောင့်ရှောက်တော်မူစေသတည်း။ သားတော် ဇာလီ, သမီးတော်ကဏှာဇိန်တို့သည်လည်း အသက်ထက်ဆုံး အရှင်မကို စောင့်ရှောက်တော်မူစေသတည်း။ သိဉ္စည်းမင်းကြီးသည်လည်း အရှင်မကို မြတ်နိုးစုံမက်တော်မူသဖြင့် အသက်ထက်ဆုံး စောင်မတော်မူစေသတည်း”ဟု နှုတ်မင်္ဂလာ ပတ္ထနာအောင်ထီးဖြင့် ကောင်းချီးပေးကြကုန်၏။

မင်းကြီးဝေဿန္တရာသည် မင်းအဖြစ်ကို ရသည်ဖြစ်၍လည်းကောင်း၊ ၇-လပတ်လုံး ဤတောအရပ်၌ အဝတ်အစားငြိုငြင်စွာ နေရ၍ ဆင်းရဲသောအဖြစ်ကို အောက်မေ့တော်မူသဖြင့်လည်းကောင်း အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ရွှေနွယ်ကြိုးဖြင့်ဖွဲ့အပ်သော အာနန္ဒိယ အမည်ရှိသောစည်ကို ဝင်္ကပါတောင်ထက်ဝန်းကျင်၌ လည်စေ၍၊ အသီးသီး ကြီးစွာသောပွဲသဘင်ကိုလည်း ခံစေ၏။

မဒ္ဒီဒေဝီသည်လည်း မိဖုရားကြီးစည်းစိမ်ကို ရပြန်သဖြင့်လည်းကောင်း၊ ရှေး၌ မိမိ ၇-လပတ်လုံး ဆင်းရဲသောအဖြစ်ကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ သားသမီးတို့နှင့်အတူတကွ ပေါင်းဖော်ရပြန်သဖြင့်လည်းကောင်း၊ အလွန်နှစ်သက်ခြင်း ရှိသည်ဖြစ်၍ သားတော် ဇာလီမင်းသားအား ဤသို့ဆို၏။

“ချစ်သား ဇာလီ။ သင်တို့မောင်နှမ ၂-ယောက်ကို ပုဏ္ဏား ဆောင်ယူသွားသည့်နေ့မှစ၍ မိခင်သည် တစ်ထပ်မျှသာစား၍ မြေ၌သာ အိပ်ရ၏။ ထိုသို့ဆင်းရဲခြင်းသည်ကား ချစ်သားတို့နှင့် ကွေကွင်းရသဖြင့်ဖြစ်သော ဆင်းရဲတည်း။ ယခုမူကား ချစ်သား,ချစ်သမီးတို့နှင့် အတူတကွပေါင်းဖော်ရပြန်၍ အဝတ်အစားပြည့်စုံ ကြွယ်ဝခြင်းသို့ရောက်ပြီ။ သင်တို့မိခင်သည် အလွန်ဆင်းရဲသော်လည်း သားသမီးတို့မျက်နှာကို မြင်ရသဖြင့် ရွှင်လန်းဝမ်းမြောက်ခြင်း မေတ္တာသည် ဖြစ်၏။ သင်တို့ဖခင်သည်လည်း သားသမီးတို့ကိုမြင်ရသဖြင့် အလွန်ဝမ်းမြောက်ခြင်း မေတ္တာသည် ဖြစ်၏။ ထိုသို့ဖြစ်သော ငါတို့၏မေတ္တာတရားသည် သင်ချစ်သားတို့ကို ထီးကဲ့သို့ မပြတ်လိုက်၍မိုးကာ စောင့်ရှောက် မ,စသည် ဖြစ်စေသတည်း။ သင်တို့၏ ဘိုးတော်မင်းကြီးသည်လည်း သင်တို့ကို အတိုင်းထက်အလွန် စောင့်ရှောက် မ,စသည် ဖြစ်စေသတည်း”ဟုဆို၏။

ဖုဿတီဒေဝီသည်လည်း ချွေးမဖြစ်သော မဒ္ဒီဒေဝီအား ဆင်သောတန်ဆာတို့ကို ဤသို့ ပို့စေ၏။

“ဝါချည်, ပိုးချည်တို့ဖြင့်ပြီးသော ခေါမတိုင်း, ကောဋုမ္ဗရာဇ်တိုင်း, ကာသိတိုင်းဖြစ် ဤအဝတ်တို့ကို ချွေးမမဒ္ဒီ ဝတ်သည်ရှိသော် အလွန်တင့်တယ်၏။ ဤအဝတ်တို့ကို ချွေးမ မဒ္ဒီအား ပို့ချေ။ သင်္ဘောသီးကဲ့သို့ သဏ္ဌာန်ရှိလျက် ရွှေဖြင့်ပြီးသော လည်ရွဲတန်ဆာ, ရတနာ ၁၀-ပါးတို့ဖြင့်ပြီးသော လည်၌ဆင်သော တန်ဆာ, ပတ္တမြားဖြင့်စီအပ်သော ခါးကြိုးတန်ဆာ, နဖူးပြင်၌ဆင်အပ်သော ကျောက်စီ ရွှေပန်းကုံးတန်ဆာ, ပတ္တမြားတို့ဖြင့် စီအပ်သည်ဖြစ်၍ အစိမ်း,အရွှေ,အနီအပြာ အစရှိသော အထူးထူးအပြားပြား ဆန်းကြယ်စွာသော ရင်လွှမ်းတန်ဆာ, ပတ္တမြားမျိုးတို့ဖြင့်စီအပ်သော ခြေနင်းတန်ဆာ ဤတန်ဆာတို့ကို ဆင်သည်ရှိသော် ချွေးမမဒ္ဒီသည် နန္ဒဝန်ဥယျာဉ်၌ထွက်သော နတ်သမီးကဲ့သို့ တင့်တယ်၏။”

“ငါ့ချွေးမ မဒ္ဒီအား အထူးထူးသော နံ့သာရေတို့ဖြင့် ရေချိုးပြီးသော်၊ ဖြူစင်စွာသော ကာသိကရာဇ်တိုင်းဖြစ် အဝတ်တို့ကိုဝတ်လျက်၊ ထိုအလုံးစုံသော အဝတ်တန်ဆာတို့ကိုဆင်လျှင် ဆေးမဆိုးဘဲ ကျီးအာသီးမှည့်ကဲ့သို့ နီစွာသောနှုတ်ခမ်း, ခြေသည်း၊ လက်သည်းဖြင့် ရှုချင်စဖွယ် တာဝတိံသာနတ်ပြည်ဝယ် စိတ္တလတာဥယျာဉ်၌ လေခတ်၍ ပျော့ပျောင်းသော ရွှေငှက်ပျောပင်ကဲ့သို့ ပျောင်းနဲ့ သောကိုယ်ဖြင့် အလွန် တင့်တယ်၏။ ဤတန်ဆာကို ငါ့ချွေးမ မဒ္ဒီအား ပို့ချေလော့။ ထိုတန်ဆာတို့ကို ဆင်သည်ရှိသော် ဟိမဝန္တာ၌ မာနုသိနီ အမည်ရှိသောငှက်မသည် ဆန်းကြယ်သောအတောင်ဖြင့် ကောင်းကင်သို့ အတောင်ကိုဖြန့်၍ ပျံသည်ရှိသော် အလွန်တင့်တယ်သကဲ့သို့ ငါ့ချွေးမ မဒ္ဒီသည်လည်း အလွန်ရှုချင်ဖွယ် တင့်တယ်သည် ဖြစ်လတ္တံ့”ဟု ဆို၍ ပို့စေ၏။

မှူးတော် မတ်တော်တို့သည်လည်း မဒ္ဒီမိဖုရားကြီးအား မကြီးလွန်း မမြင့်လွန်းသော ဆင်ပြောင်ပေါက်ငယ် တစ်စီးကို အလုံးစုံသော ရွှေကြိုး,ရွှေက ရတနာတို့ဖြင့်ဆင်၍ အနီး၌ ထားပေ၏။

ထိုအခါ ဝေဿန္တရာမင်းကြီးသည် ရွှေအိမ်ဖြင့်စွပ်အပ်သော လက်စွဲတော်သန်လျက်ကို လက်ယာပခုံးဖြင့်လွယ်လျက် ဆင်ဖြူတော်သို့တက်စီး၍၊ မဒ္ဒီဒေဝီသည်လည်း ရတနာဆင်ပြောင်ပေါ်၌တက်စီး၍ များစွာသော မှူးမတ်, ခြွေရံ ပရိသတ်တို့နှင့်တကွ သိဉ္စည်းမင်းကြီးစခန်းချရာဖြစ်သော သစ်တပ်မြို့သို့ သွားလေ၏။

မင်းကြီးဝေဿန္တရာ ထွက်သွားလေသည်ရှိသော် ထိုဟိမဝန္တာ၌နေကုန်သော ငှက်အပေါင်းတို့သည် မင်းကြီးနေရာသို့ အညီအညွတ် စည်းဝေးလာကုန်၏။ ထိုငှက်အပေါင်းတို့သည် “ငါတို့အား မင်းကြီးဝေဿန္တရာ ရှိသည်ရှိသော် အချင်းချင်း မညှဉ်းဆဲမူ၍ ရှက်ကြောက်ခြင်းတို့သည် ဖြစ်ကုန်၏။ ကိုယ်စိတ်ကို စောင့်ရှောက်ခြင်းတို့သည်လည်း ဖြစ်ကုန်၏။ ယခု မင်းကြီး သွားသည်ရှိသော် ငါတို့အား ရှက်ကြောက်ခြင်း စောင့်ရှောက်ခြင်း တရားတို့သည် ပျက်စီးအံ့တကား”ဟု ငိုကြွေးသောအသံဖြင့် မြည်ကြကုန်၏။

ထိုသစ်တပ်မြို့၌ သိဉ္စည်းမင်းကြီးသည် တစ်လပတ်လုံး တောင်ထိပ်သဘင်ကစားခြင်းတို့ဖြင့် သဘင်ကြီးစွာခံ၍ ၁၂-ခေါဘိဏီရှိသော စစ်သည်ဗိုလ်ပါနှင့်တကွ နေ၏။ ထိုတောအရပ်၌ တစ်လပတ်လုံး များစွာသော ပရိသတ်နှင့်တကွ နေတုံသော်လည်း မင်းကြီးဝေဿန္တရာ၏ ဘုန်းတန်ခိုးကြောင့် တစ်ယောက်သောသူကိုမျှ သားရဲငှက်ရဲတို့သည် မညှဉ်းဆဲကုန်။ အလုံးစုံသောပရိသတ်တို့သည် အနာဆင်းရဲမရှိ ချမ်းသာကုန်၏။

တစ်လမျှလောက်ရှိသောအခါ သိဉ္စည်းမင်းကြီးသည် စစ်သူကြီးအမတ်ကိုခေါ်၍ “အမတ်စစ်သူကြီး။ ယခု တောအရပ်၌နေသည့် ငါတို့ ကြာမြင့်ပြီ၊ နေပြည်တော်သို့ ပြန်ကုန်အံ့။ သင်သည် ယခု ငါ့သား၏သွားရာခရီးကို တန်ဆာဆင်အပ်ပြီလော”ဟုမေး၏။

အမတ်စစ်သူကြီးသည်လည် “အရှင်မင်းကြီး၊ ကြွတော်မူရာ ခရီးလမ်းအလုံးစုံကို တန်ဆာဆင်၍ ပြီးပါပြီ။ ယခုကား နေပြည်တော်သို့ ဝင်ချိန်တန်ပြီ”ဟု လျှောက်၏။ “ထိုသို့ တပြီးကား ကောင်းပြီ”ဟု သားတော်ဝေဿန္တရာမင်းကြီးအား အကြောင်းကိုကြားပြီးလျှင် အလုံးစုံသော ပရိသတ်တို့အား စည်လည်စေ၏။

ပရိသတ်တို့သည်လည်း မိမိတို့အဆောင်အရွက် လက်နက်တို့ကို ပြင်ဆင်ပြီးသော် စစ်သူကြီးအမတ်သည် အမုန်ယစ်သောဆင်ပြောင်နှင့် တစ်ယောက်တည်းသောအရပ်၌ ရင်ဆိုင်တွေ့ကြုံသော်လည်း ပြန်လည်၍မပြေးဘဲ ရဲရင့်ခြင်းနှင့်ပြည့်စုံသော သိုဝန်း, စိန်တောင်, မောက်တို, မောက်လူဆောင်း, ဒိုင်း, လွှား, မြားလေး လက်နက်စွဲသော သူရဲသူခက်တို့ကိုရှေ့ထား၍ မင်းကြီး မင်း မိဖုရား, သားတော်, သမီးတော်တို့စီးသော ဆင်တော်များကို ဆင်, မြင်းရထား, ခြေသည် စစ်သည်ဗိုလ်ပါ များစွာသောသူရဲသူခက်တို့ဖြင့် ထက်ဝန်းကျင်ရံစေ၏။

ထိုသို့ အလုံးစုံခင်းကျင်းစီရင်ပြီးသော် မင်းကြီးဝေဿန္တရာသည် ၁၂-ခေါဘိဏီရှိသော ဗိုလ်ပါအပေါင်းခြံရံလျက် ဝင်္ကပါတောင်မှ စေတုတ္တရာပြည်တိုင်အောင် ယူဇနာ-၆၀, အကျယ် ၈-ဥသဘရှိသော လမ်းဖြင့် ကဆုန်လပြည်နေ့၌ ဝိသာခါနက္ခတ်သဘင် ထွက်သောခရီးကဲ့သို့ အထူးထူးအဆန်းဆန်း ပန်းပေါက်ပေါက်, ထီး, တံခွန်, ရေချမ်းအိုးစင်, ဈေးစဉ်ဆိုင်တန်းတို့ဖြင့် စစ်သူကြီးအမတ်သည် စီရင်အပ်သောမင်းလမ်းခရီးသို့ တစ်နေ့လျှင် တစ်ယူဇနာကျသွား၍၊ ၂-လရှိမှ စေတုတ္တရာနေပြည်တော်သို့ ရောက်တော်မူလေ၏။

ဝေဿန္တရာမင်းကြီးသည် စေတုတ္တရာပြည်သို့ရောက်၍ ရွှေပြည်ထီးနန်း သိမ်းမြန်းစိုးစံတော်မူပြီးလျှင် စေတုတ္တရာပြည်အလုံးကို စည်လည်စေ၍ ထောင်တန်းနှောင်အိမ်၌ မင်းဒဏ်ဖြင့် ခံရသောသူတို့ကိုလည်း လွှတ်စေ၍ အယုတ်သဖြင့် ခွေး,ကြောင်ကိုမျှ မဖမ်းမဆီး မညှဉ်းဆဲရ။ အလုံးစုံသောပြည်သူ, နိဂုံးဇနပုဒ်သူ လူအပေါင်းတို့သည်လည်း အလွန်ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ဝတ်လုံအင်္ကျီ ဦးရစ်ခေါင်းပေါင်း ပစ်လွှားကြလျက် ပွဲသဘင် ပြုကြကုန်၏။

ဘုရားလောင်းဝေဿန္တရာမင်းကြီးသည် ရောက်လာသည့်နေ့ ညဉ့်ဦးကပင် “ငါရောက်သည်ဟုကြားလျှင် ဖုန်းတောင်းယာစကာ အလှူခံတို့သည် နက်ဖြန်မိုးသောက်လျှင် ရောက်လာလတ္တံ့။ ထိုရောက်လာသော ယာစကာတို့အား အဘယ်မည်သောဥစ္စာတို့ကို ပေးလှူစွန့်ကြဲရအံ့နည်း”ဟု ကြံတော်မူ၏။ ထိုသို့ ဘုရားလောင်း ကြံတော်မူသည်ရှိသော် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် ခက်တရော်ရှိသောအခြင်းအရာကိုပြ၍၊ သိကြားမင်းသည် “အကြောင်းအသို့နည်း”ဟု ကြည့်ရှုဆင်ခြင်လတ်သော် “ဘုရားလောင်း အလှူဝတ္ထုကို ကြံသတည်း”ဟု သိ၍၊ မင်းကြီး၏နန်းတော် မြို့တံခါးအတွင်း၌ အပြည့်အနှက် ခါးနစ်အောင် ရတနာ ၇-ပါးဟုဆိုအပ်သော မိုးကိုရွာစေ၏။ နန်းတော်မှကြွင်းသော ပြည်အလုံးကိုလည်း ပုဆစ်ဒူးနစ်အောင် ရတနာ ၇-ပါးမိုးကို ထိုဘုရားလောင်းကြံသော ညဉ့်မိုးသောက်ထ၌ပင် ရွာစေ၏။

ဘုရားလောင်းဝေဿန္တရာမင်းကြီးသည် ထိုညဉ့် မိုးသောက်၍ နေအရုဏ်တက်သောအခါ ထိုသို့ ပြည်သူပြည်သားတို့အား “မိမိအိမ် ခြံပွတ်အတွင်း၌ရွာသော ရတနာ ၇-ပါးတို့ကို မိမိတို့ အိမ်ရှင်တို့က အသီးသီးဆိုင်ရာ ယူကြစေ”ဟု အခွင့်ပေးတော်မူ၏။ ထိုပြည်သူတို့၏ အိမ်ဥပစာ ခြံပွတ်စသည်တို့မှ အလွတ်ခရီးလမ်းမှ မြို့တံတိုင်း စသည်တို့၌ရွာသော ရတနာ ၇-ပါးတို့ကိုလည်းကောင်း၊ နန်းတော်၏အတွင်း၌ရွာသော ရတနာ ၇-ပါးတို့ကိုလည်းကောင်း မင်းကြီးသိမ်းယူ၍ တပေါင်းတစ်စုတည်း ကျီကြရွှေတိုက်၌ သွင်းထားတော်မူ၏။ ဤသို့ ရတနာမိုးရွာသည်ဖြစ်၍ ပြည်သူပြည်သားတို့သည်လည်း အလွန်ဝပြောကုန်၏။ မင်းကြီး ဝေဿန္တရာသည်လည်း အသက်ထက်ဆုံး ရတနာ ၇-ပါးတို့ဖြင့် ၆-ဆောင်သော အလှူဇရပ်တို့၌ နေ့တိုင်းနေ့တိုင်း ကြီးစွာသောအလှူကို ပေးပြီး၍ အသက်အဆုံး၌ ကောင်းမှုကိုပြုသောသူတို့၏ စံပျော်ရာဖြစ်သော တုသိတာနတ်ပြည်၌ ဖြစ်တော်မူလေ၏။