ဝိနယသံခိပ်/သေခိယ

From Wikisource
Jump to navigation Jump to search
ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၁၉။ သေခိယ

ပရိမဏ္ဍလဝဂ်
၃၀၇။ ဝတ် ရုံ နှစ်ဖြာ၊ ဝန်းညီစွာနှင့်၊ ရွာမှာကြုံတောင်း၊ ကောင်းစွာ ဖုံးလွှမ်း၊ မယမ်း ခြေလက်၊ မျက်လွှာလည်းချ၊ ခါးမှ ထက်ရောက်၊ မမြှောက်ကိုယ်ရုံ၊ ဆယ်ပါးတုံ၊ လုံစေ အသီးသီး။
ပရိမဏ္ဍလဝဂ်ပြီး၏၊

--------------

ဥဇ္ဇဂ္ဃိကဝဂ်
၃၀၈။ ပြောသံ မကျယ်၊ ရယ်သံ မထွက်၊ ကိုယ် လက် ဦးခေါင်း၊ မလှုပ်ရှောင်း၊ ကောင်းစွာ ချီစောင့်စည်း။
ဥဇ္ဇဂ္ဃိကဝဂ်ပြီး၏၊

------------

ခမ္ဘကတဝဂ်
၃၀၉။ ခါးထောက် ခေါင်းခြုံ၊ နင်းတုံခြေစွန်၊ နှစ်တန်ဒူးဝန်း၊ ဆွမ်းခံရုံသေ၊ မလေငြိမ်စိတ်၊ သပိတ်မှာထား၊ ဟင်းအား မျှရုံ၊ ညီတုံနားရေး၊ သတိရှေး၊ ကျင့်ရေးဆယ်မျိုးတည်း။
ခမ္ဘကတဝဂ်ပြီး၏၊

----------

သက္ကစ္စဝဂ်
၃၁၀။ ရိုသေဆွမ်းစား၊ စိတ်ထား ခွက်တွင်၊ အစဉ်ယူလျှင်း၊ ဟင်းအားမျှချိန်၊ မနှိမ်ဆွမ်းဦး၊ အထူးများလို၊ ဟင်းကို မဝှက်၊ ကျန်းမာလျက်နှင့်၊ သက်သက်ကိုယ်ဖို့၊ တောင်းလို့မစား၊ သပိတ်များကို၊ စိတ်ထားမကောင်း၊ ကဲ့ရဲ့ ကြောင်းနှင့်၊ စောင်း၍မရှု၊ ဒေါင်းဥနှယ်မှီး၊ မကြီးမရှည်၊ ဝန်းညီဆွမ်းလုပ်၊ သရုပ်ဆယ်ပါး၊ သိက္ခာများ၊ မှတ်သား ကျင့်ဖို့တည်း။
သက္ကစ္စဝဂ်ပြီး၏၊

-----------

ကဗဠဝဂ်
၃၁၁။ ဆွမ်းလုပ်မလာ၊ တင်ကာဖွင့်ခြင်း၊ ခံတွင်းလက်ထည့်၊ ဆွမ်းပြည့်လျက်သား၊ စကားပြောဆို၊ ဆွမ်းကို မြှောက် လတ်၊ ဆွမ်းလုပ်ဖြတ်ငြား၊ ပါးစောင်းထားနှင့်၊ လက်ဖျား တွက်ကာ၊ ဆွမ်းကြဲကာတည့်၊ လျှာကိုထုတ်လတ်၊ တစပ် စပ်၊ မအပ်ကြဉ်ရှောင်ရေး။
ကဗလဝဂ်ပြီး၏၊

-------------

သုရုသုရုဝဂ်
၃၁၂။ မြည်သံရှုပ်ရှုပ်၊ နှုတ် သပိတ် လက်၊ လျက်၍တစ်ခန်း၊ ဆွမ်းရှိလက်နှင့်၊ ရေခွက်ကိုင်ထွေ၊ ဆွမ်းရှိရေကို၊ သွန်လေ အိမ်ကြား၊ ထီး ဓား တောင်းဝှေး၊ လေးလက်ရှိအား၊ တရား ဟောမှု၊ ဤဆယ်ခု၊ မပြုကြဉ်ရှောင်ရေး။
သုရုသုရုဝဂ်ပြီး၏၊

--------------

ပါဒုကဝဂ်
၃၁၃။ ခြေနင်း၊ ဖိနပ်၊ ယာဉ်စီးလတ်ထွေ၊ အိပ်လျက်နေနှင့်၊ ဖွဲ့နေဒူးနှစ်၊ ဦးရစ် ခေါင်းမြီး၊ မြေကြီးနေရာ၊ နိမ့်ရာမြင့်ဆိုင်၊ ရပ် ထိုင်နှစ်ပါး၊ နောက်ရှေ့သွားပြီး၊ ခရီးမဲ့ရှိ၊ မနာဘိလျက်၊ ပါဠိဟောလတ်၊ မတ်တတ်နှစ်ကျင်၊ သစ်ပင် မြက် ရေ၊ နှစ်ထွေကျင်ရေး၊ နှပ် တံတွေးမှု၊ ဆယ့်ငါးခု၊ မပြုကြဉ် ရှောင်ရေး။
ပါဒုကဝဂ်ပြီး၏၊
သေခိယပြီး၏၊

----------