ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၆

From Wikisource
Jump to navigation Jump to search
ဝိဓုရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၆။ သားမယားတို့ကို ဆုံးမခန်း

ဘုရားလောင်းသည် မင်းကြီးကိုပို့လိုက်၍ နန်းတော်မှပြန်လာသောအခါ ပုဏ္ဏကသည် “ဧဟိ ဒါနိ”အစရှိသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ဝိဓုရ သုခမိန်။ သင့်ကို မင်းကြီးသည် အစိုးရသောအားဖြင့် ငါ့အား ပေးအပ်ပြီ။ ငါ့နောက်သို့ လိုက်လှည့်။ သွားကြကုန်အံ့။ သင်သည် ငါ၏အကျိုးစီးပွားကိုသာ ကျင့်လော့။ အကြင်သူသည် အရှင်၏အကျိုးစီးပွားကိုသာ ကျင့်၏။ ထိုသို့ အရှင့်စီးပွားကို ကျွန်ဟုကျင့်ခြင်းသည် ရှေးပညာရှိတို့ သဘောတည်း”ဟု ဆို၏။

ဝိဓုရ သုခမိန်သည်လည်း “ဇာနာမိ မာဏဝ” အစရှိသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“လုလင်။ သင်သည် ငါ့ကို ရအပ်၏ဟု ငါသိ၏။ ထိုသို့ ငါ့ကိုရခြင်းသည်ကား တစ်ပါးသော အကြောင်းကြောင့် ရအပ်သည်မဟုတ်။ မင်းကြီးသည် ငါ့ကို အစိုးရသောအားဖြင့် သင့်အားပေးအပ်သောကြောင့် သင် ရ၏။ ငါသည် မင်းကြီးမျက်နှာကိုသာငြ့၍ သင်တို့မေးသောပြဿနာကို မဟုတ်မမှန် ငါဖြေလျှင် ငါ့ကို သင် မရရာ။ ထိုသို့မပြုဘဲ ဟုတ်မှန်ရာကိုသာ ငါ ဖြေ၏။ ထို့ကြောင့်သာလျှင် သင်သည် ငါ့ကို ရအပ်၏။ ဤသို့ ငါ၏ကျေးဇူးသည် သင့်အား များစွာရှိသည်ကိုထောက်၍ ကျေးဇူးသိတတ်သည်နှင့်လျော်စွာ သင်သည် ငါ၏အိမ်၌ ၂-ရက်မှ ၃-ရက်မျှ ငံ့လင့်၍နေစေချင်၏။ ထိုမျှကာလပတ်လုံး သားမယားတို့ကို ဆုံးမပဲ့ပြင် သွန်သင်ပါရစေ။ သည်းခံ၍ ငံ့ဦး”ဟု ဆို၏။

ထိုစကားကို ကြားလျှင် “ဝိဓူရသုခမိန်သည် မှန်သောစကားသာ ဆိုပေ၏။ ငါ့အား ကျေးဇူးကြီးလှပေသူဖြစ်သည်။ ၂-ရက်မှ ၃-ရက်ကို မဆိုနှင့်ဦး။ ၇-ရက်, လခွဲကိုပင် ငံ့လင့်ပါဆိုလျှင်လည်း ငါ ငံ့သင့်ပေသည်”ဟု ကြံ၍၊ “တံ မေ တထာ ဟောတု” အစရှိသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ဝိဓူရသုခမိန်။ သင်တောင်းပန်တိုင်း ငါသည် ၂-ရက် ၃-ရက် ငံ့ဦးအံ့။ ထို၂-ရက် ၃-ရက်အတွင်းတွင် အိမ်၌ ပြုရာသောကိစ္စကိုလည်း ပြုလော့။ သားမယားတို့ကိုလည်း ဆုံးမခဲ့လော့။ သင်သည် ငါ၏နောက်သို့လိုက်ခဲ့ရသော် သင်၏သားမယားတို့သည် ချမ်းသာသဖြင့် အသက်မွေးရမည့်အကြောင်း ထုံးဟောင်းပုံစံ ကျင့်ရန်တရားများကို ဆုံးမသွန်သင်ခဲ့လော့”ဟု ဆို၏။

ပုဏ္ဏကသည် ဘုရားလောင်းနှင့်အတူ ဝိဓုရအိမ်သို့ ဝင်လေ၏။ ဘုရားလောင်းဝိဓူရသုခမိန် နေရာအိမ်သည်ကား ဥတု ၃-ပါးနှင့်လျော်စွာ အချမ်း,အပူဆောင်တတ်သော ပြာသာဒ် ၃-ဆောင်တည်း။ အမည်ကား တစ်ဆောင်သည် “ကောဉ္စ” အမည်ရှိ၏။ တစ်ဆောင်ကား “မယူရ” အမည်ရှိ၏။ တစ်ဆောင်ကား “ပိယကေတ” အမည်ရှိ၏။ ထိုပြာသာဒ် ၃-ဆောင်သည် နှလုံးမွေ့လျော်ဖွယ်လည်း ရှိ၏။ များစွာသော ထမင်း, အဖျော်လည်း ရှိ၏။ သိကြားမင်း၏စံရာ တာဝတိံသာ နတ်ဘုံကဲ့သို့တည်း။

ဝိဓူရသုခမိန်သည် ထိုအခါ ပြာသာဒ် ၃-ဆောင်တို့တွင် အကြင်ပြာသာဒ်၌ နေ၏။ ထိုမိမိနေသော ပြာသာဒ်ထက်သို့ ပုဏ္ဏကကိုခေါ်၍ ဘုံ၇-ဆင့်မြောက်၌ အိပ်ရာတိုက်ကို လည်းကောင်း, ကျယ်သောအပြင်ကိုလည်းကောင်း စီရင်စေပြီးလျှင်၊ အသရေရှိသော အိပ်ရာခင်း၍ ထမင်း, အဖျော်စသည့် အလုံးစုံပြုရာဝတ်ကို ပြီးစေလျက်၊ “နတ်သမီးကဲ့သို့အဆင်းလှသော ဤသတို့သမီး ၅၀၀-တို့သည်လည်း သင်၏ခြေရင်း အလုပ်အကျွေးဖြစ်စေ၊ ဤသတို့သမီး ၅၀၀-တို့နှင့် ချမ်းသာစွာနေလော့”ဟု အပ်နှင်းခဲ့ပြီးသော်၊ မိမိနေရာသို့ သွားလေ၏။

ထိုဝိဓူရသုခမိန် သွားပြီးသောအခါ သတို့သမီး ၅၀၀-တို့သည် နတ်သမီးကဲ့သို့ ဆင်အပ်ပြီးသော အဝတ်တန်ဆာရှိသည်ဖြစ်၍ ထိုပုဏ္ဏက၏အနီး၌ ကောင်းရာမြတ်ရာသော ကခြင်း, သီခြင်း, တီးမှုတ်ခြင်းတို့ကို တီးမှုတ်, ကခုန်, သီကုန်လျက် နှစ်သက်ဖွယ်သော ကာမဂုဏ်တို့ဖြင့် ဖြားယောင်းကုန်၏။ ထိုသို့ တရားကိုစောင့်လျက် အကျိုးစီးပွားကိုသာ ကြံလေ့ရှိသော ဝိဓူရသုခမိန်သည့် ပုဏ္ဏကအား အထူးထူးသောကာမဂုဏ်တို့ဖြင့် မွေ့လျော်စေပြီးလျှင်၊ “အနောဇာ”အမည်ရှိသော မိမိ မိဖုရားကြီးနေရာ တိုက်ခန်းသို့ဝင်၍ ဇမ္ဗူရစ်ရွှေစင်အဆင်းနှင့် တူသောအဆင်းရှိသော အကျော်,စန္ဒကူးနံ့သာ လိမ်းကျံအပ်သောကိုယ်ရှိသော မယားကြီးကို “လင်၏အလိုသို့လိုက်လျက် အမျက်စောင်မာန် ခိုက်ရန်မရှိ လင်ဝတ်သိသော အိမ်ကြီးရှင်မ။ ငါ၏ ရင်သွေးရင်နှစ် ချစ်၍မငြီးနိုင်သော သားသမီးတို့ကို ခေါ်ချေ”ဟု ဆို၏။

ထိုစကားကိုကြားလျှင် အနောဇာဒေဝီသည် ဦးချီရင်ခတ် မရပ်မတည် မျက်ရည်စက်ယိုငိုလျက် ကိုယ်တိုင်သွား၍ သားများကိုခေါ်ခြင်းငှာ မတတ်နိုင်သောကြောင့် ချွေးမကိုစေလို၍ “ဣန္ဒီဝရပုပ္ဖသာ မေ” အစရှိသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အရောင်အဆင်း ဟင်းရံပွင့်အလား အသားနုညက် လက်သည်းခြေသည်း အာစပ်နှုတ်ခမ်း နီမြန်းရွှင်ပြုံး မျက်လုံးမျက်ဖန် လှဟန်တော်ဘိ ချစ်ဖွယ်ရှိသော အမိချွေးမ။ သင်၏ငယ်ချစ် ငါ့ရင်နှစ်ဖြစ်သော ဓမ္မပါလသတို့သားနှင့်တကွ ဝတ်စားတန်ဆာတို့ဖြင့် တင့်တယ်စွာသော သင့်မတ်များကို ခေါ်ပါချေ”ဟု စေလိုက်၏။

ထိုချွေးမလည်း ယောက္ခမစကားကိုဝန်ခံပြီးသော် ပြာသာဒ်ထက်မှဆင်း၍ ဓမ္မပါလသတို့သားရှိရာ သွားပြီးလျှင် “အရှင့်သား။ မောင့်ခမည်းတော်သည် အဆုံးအမ ပေးတော်မူလိုသည်ဖြစ်၍ ခေါ်တော်မူ၏။ ယခု ခမည်းတော်ကို ဖူးမြင်ရခြင်းကား အဆုံးစွန်သော ဖူးမြင်ရခြင်းတည်း။ ခပ်သိမ်းကုန်သော အဆွေအမျိုး အကျွမ်းဝင်သသူတို့ကိုလည်းကောင်း, သားတော်သမီးတော်တို့ကိုလည်းကောင်း စည်းဝေးစေ”ဟု ဆို၏။

ဓမ္မပါလ သတို့သားသည် ထိုစကားကိုကြားလျှင် စကားတုံ့ပြန် ပူပန်မဆည် မျက်ရည်စက်ယို ငိုမြည်တမ်းလျက် ညီအပေါင်းခြံရံ၍ ခမည်းတော်ထံ သွားလေ၏။

ထိုဝိဓူရသုခမိန်သည် မျက်ရည်သွယ်သွယ် ညှိုးငယ်သော မျက်နှာနှင့်လာသော သားတော်များကိုမြင်လျှင် ဆောက်တည်မရ ပူဆာလှသောနှလုံးဖြင့် ပြည့်သောမျက်ရည်ရှိလျက် သားတော်များကို လည်ဖက်ပိုက်ထုပ် အခါခါနမ်းရှုပ်၍ သားကြီးဖြစ်သော ဓမ္မပါလသတို့သားကိုလည်း ရင်ခွင်ပေါ်၌ အတန်ငယ်အိပ်စေပြီးမှ သင့်ရာက နေစေ၏။

မယား, သားသမီး စုံညီပြီးသော် အသရေရှိသောအိပ်ရာတိုက်မှ ထွက်ခဲ့၍ ညီလာခံရာ ပြာသာဒ်ပြင်၌နေပြီးသော် သားတော်များကို ဤသို့ဆို၏။

“ငါ့သားများတို့။ မောင်တို့ဖခင်ဖြစ်သော ငါသည် ယနေ့က ၃-ရက်တိုင်ရုံမျှသာ ကိုယ်,စိတ်၏ ချမ်းသာခြင်းသည် ဖြစ်အံ့။ ၃-ရက်လွန်လျှင် ကစ္စည်းလုလင်၏ အစီအရင်ကိုခံ၍ ထိုလုလင်ထားတိုင်း နေရချေအံ့။ ထိုလုလင်သည် ယနေ့မှ ၄-ရက်မြောက်သော နေ့သို့ရောက်လျှင် ငါ့ကိုခေါ်၍ အရပ်တစ်ပါးသို့ မချွတ်လျှင် သွားလိမ့်သတည်း။”

“ကစ္စည်းလုလင်သည် ယနေ့ပင် သွားလို၏။ ငါသည် သားများတို့အား ကိုးကွယ်မှီခိုရာ အဆုံးအမ မပေးခဲ့ရသေးဖြစ်၍ လုလင်ကို တောင်းပန်သောကြောင့်သာ ၂-ရက်,၃-ရက် ငံ့ချေသည်။ ယခု သားများတို့အား အလုံးစုံ ကျင့်ရာဆောင်ရာသည့်တရားကို ဖခင် ဆုံးမပေးခဲ့အံ့။ အဆုံးအမကို အမြဲ နှလုံးသွင်းကြကုန်။ နောင် မင်းကြီးထံခစားသောအခါ “သင်တို့ဖခင် သုခမိန်သည် သင်တို့ကို အဆုံးအမ ပေးခဲ့၏လော”ဟု အမေးတော်ရှိလျှင်၊ ငါပေးခဲ့သောအဆုံးအမကို မင်းကြီးအား ကုန်စင်အောင် လျှောက်လေ။ မင်းကြီးသည် ငါဆုံးမသောတရားစကားကို ကြားလျှင် “ငါ့ကိုအောက်မေ့သဖြင့် သင်တို့ကို မြတ်နိုးတော်မူ၍ ငါနှင့်အတူ နေလှည့်”ဟု နေရာတူပေးငြား ချီးမြှောက်စားသော် သည်စကားကိုလျှောက်လေ။ “ဘုန်းတော်ကြီးလှ၍ တိုင်းမှုပြည်တာ မဆာမပူ ပြည်သူတို့သခင် အရှင်မင်းကြီးဘုရား။ လူတို့ကို အစိုးရကုန်သော ထီးဖြူဆောင်းချင်း မင်း ၁၀၁-ပါးတို့တွင် အဘယ်မည်သောမင်းသည် အရှင်မင်းကြီးနှင့် နေရာတူနေခြင်းငှာ ထိုက်အံ့နည်း။ ထိုသို့ ထီးဖြူဆောင်းချင်း မင်းတို့မျှ မနှိုင်းယှဉ်ရသော မင်းများသခင် အရှင်မင်းကြီးကို မှူးရိုးမတ်နွယ်မျှဖြစ်သော အကျွန်ုပ်တို့သည် အဘယ်ကြောင့် နေရာတူ နေဝံ့ပါအံ့နည်း။ သားတကာတို့၏အရှင်ဖြစ်သော ခြင်္သေ့မင်းနှင့် ဇာတ်အားဖြင့်ယုတ်ညံ့သော မြေခွေးအိုသည် မနှိုင်းယှဉ်ရာသကဲ့သို့ ဘုန်းတော်ကြီးလှသော အရှင်မင်းကြီးနှင့် အကျွန်ုပ်တို့သည် မနှိုင်းယှဉ်အပ်ဟု ရှိခိုးဦးတင်၍ လျှောက်လေလော့”ဟုဆို၏။

ထိုစကားကိုကြားလျှင် သုခမိန်၏ သားသမီး, အဆွေအမျိုး, ကျွန်အမှုလုပ် အစရှိသောသူတို့သည် မိမိတို့ကိုယ်အဖြစ်ဖြင့် တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပြင်းစွာ ငိုကြွေးကြကုန်၏။ ထို့နောင်မှ သားသမီး အစရှိသောသူတို့ကို ဘုရားလောင်းသည် သိစေ၏။