ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
ဝိဓုရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၅။ အိမ်ထောင်သော ပြဿနာကို မေးခန်း

ဤသို့သောစကားကို ဆိုပြီး၍ မင်းသည် တစ်ဖန် ကြံပြန်၏။ “ငါသည် ဝိဓူရသုခမိန်ကို ကစ္စည်းလုလင်အား ပေးအပ်ပြီ။ ကစ္စည်းလုလင်သည် ဝိဓုရကိုခေါ်၍ လိုရာအရပ်သို့ သွားသည်ရှိသော် ထိုနေ့မှစ၍ သာယာစွာသောတရားစကားကို ကြားနာရခဲသည် ဖြစ်လတ္တံ့။ အကယ်မလွဲသဖြင့် ယခု ဝိဓုရကို မိမိနေမြဲဖြစ်သော တရားဟောရာ၌ နေစေ၍ အိမ်ရာထောင်သောပြဿနာကို ငါ မေးအံ့”ဟု ကြံ၏။

ထို့နောင်မှ ဝိဓူရသုခမိန်ကို ဤသို့ဆို၏။ “သုခမိန်။ သင်သည် ကစ္စည်းလုလင်နှင့် လိုက်ရသောအခါ ငါ့အား တရားစကားသည် ရခဲသည်ဖြစ်လတ္တံ့။ ထိုသို့ဖြစ်သောကြောင့် သင်သည် တရားဟောနေရာ၌နေ၍ ငါ့အား အိမ်ရာထောင်သော လူ၏ဘောင်၌ ကျင့်ရာဆောင်ရာသောတရားကို ဟောလော့”ဟု ဆို၏။

ဝိဓူရသုခမိန်သည် “ကောင်းပြီ”ဟု ဝန်ခံ၍၊ တရားဟောနေရာ၌နေပြီးသော် မင်းသည် မေးအပ်သော ပြဿနာအပေါင်းတို့ကို ဝိဓူရသုခမိန်သည် ဖြေပေ၏။ မင်းသည် အဘယ်သို့ မေးသနည်းဟူမူကား-

“ဝိဓုရ ဝသမာနဿ၊ ဂဟဋ္ဌဿ သကံ ဃရံ။

ခေမာဝုတ္တိ ကထံ အဿ၊ ကထံ နု အဿ သင်္ဂဟော။

အဗျာပဇ္ဇံ ကထံ အဿ၊ သစ္စဝါဒီ စ မာဏဝါ။

အသ္မာ လောကာ ပရံလောကံ၊ ကထံ ပေစ္စ န သောစတိ။”

ဟူသောဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“ဝိဓုရ သုခမိန်။ အိမ်ရာထောင်သော ဤလူ့ဘောင်၌ ဘေးမရှိသော အသက်မွေးခြင်းသည် အဘယ်အကြောင်းဖြင့် ဖြစ်ရာသနည်း။ သင်္ဂြိုဟ်ခြင်းတရားသည် အဘယ်သို့သောအကြောင်းဖြင့် ဖြစ်ရာသနည်း။ ကြောင့်ကြဆင်းရဲ မရှိခြင်းသည် အဘယ်အကြောင်းဖြင့် ဖြစ်ရာသနည်း။ သစ္စာစောင့်ခြင်းအလေ့သည် အဘယ်အကြောင်းဖြင့် ဖြစ်ရာသနည်း။ ဤဘဝမှ တမလွန်သို့ သွားသည်ရှိသော် အဘယ်အကြောင်းဖြင့် မစိုးရိမ်အံ့နည်း”ဟု ၅-ပါးသော ပြဿနာကို မေး၏။

သိမ်မွေ့နူးညံ့သော ပညာ, အကျိုးစီးပွားကို သိတတ်သောပညာ အစရှိသည်နှင့် ပြည့်စုံစွာသော ဝိဓူရသုခမိန်သည် ထိုမင်းအမေးကို ဖြေခြင်းငှာ-

“န သာဓာရဏ ဒါရဿ၊ န ဘုဉ္ဇေ သာဒုမေကကော။

န သေဝေ လောကာယတိကံ၊ နေတံ ပညာယ ဝဍ္ဎနံ။”

“သီလဝါ ဝတ္တသမ္ပန္နော၊ အပ္ပမတ္တော ဝိစက္ခဏော။

နိဝါတဝုတ္တိ အထဒ္ဓေါ၊ သုရတော သခိလော မုဒု။”

“သင်္ဂဟေတာ စ မိတ္တာနံ၊ သံဝိဘာဂီ ဝိဓာနဝါ။

တပ္ပေယျ အန္နပါနေန၊ သဒါ သမဏဗြာဟ္မဏေ။”

“ဓမ္မကာမော သုတာဓာရော၊ ဘဝေယျ ပရိပုစ္ဆကော။

သက္ကစ္စံ ပယိရုပါသေယျ၊ သီလဝန္တေ ဗဟုဿုတေ။”

“ဃရမာဝသမာနဿ၊ ဂဟဋ္ဌဿ သကံ ဃရံ။

ခေမဝုတ္တိ သိယာ ဧဝံ၊ ဧဝံ နု အဿ သင်္ဂဟော။”

“အဗျာပဇ္ဇော သိယာ ဧဝံ၊ သစ္စဝါဒီ စ မာဏဝေါ။

အသ္မာ လောကာ ပရံလောကံ၊ ဧဝံ ပေစ္စ န သောစတိ။”

ဟူသော ၆-ဂါထာတို့ဖြင့် ဖြေပေ၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဤလူ့ဘောင်၌ အိမ်ရာထောင်ကုန်သော သူတို့သည် ၁၂-ယောက်သော မယားအပြားတို့တွင် ၁-ပါးပါး၌ အကျုံးဝင်သော သူတစ်ပါးတို့၏မယားကို မပြစ်မှားအပ်။ ကောင်းမွန်မြိန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို အကြောင်းသင့်ရာသူတို့အား မပေးကမ်း မဝေခြမ်းမူ၍ မစား မသောက်အပ်။ ပစ္စုပ္ပန်တွင်လည်း အကျိုးစီးပွား မရှိ။ နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်။”

“လူတို့၏ ပညတ်အမှတ်မျှသာဖြစ်သော, နတ်ရွာမဂ်ဖိုလ်၏ ဆန့်ကျင်ဘက်လည်းဖြစ်သော လောကာယတိကကျမ်းကို မမှီဝဲအပ်၊ ဤလောကာယတိက ကျမ်းစကားသည် ပညာကိုလည်း မပွားစေတတ်၊ ပညာပွားကြောင်း ကျမ်း မဟုတ်။ နေ့တိုင်းမပြတ် ၅-ပါးသီလကိုလည်း မကျိုးမပျက်ရအောင် စောင့်ရာ၏။ အိမ်ထောင်၌ ပြုရာသော ဝတ်, မင်းတို့ပြုရာသော ဝတ်နှင့်လည်း ပြည့်စုံစေရာ၏။ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ပြုရာ၏။ ခပ်သိမ်းကုန်သောအမှုတို့၌ ပညာဖြင့်ဆင်ခြင်၍ ပြုရာ၏။ မိမိကိုယ်ကို မထောင်လွှားမူ၍ နှိမ့်ချခြင်း, သူတော်ကောင်းတို့ဆိုဆုံးမလျှင် ဝန်ခံသဖြင့် နာယူခြင်း, ဝန်တိုချုပ်ချယ် စောင်းမြောင်းငြူစူ မရှိခြင်း, လှူဒါန်းပေးကမ်းခြင်း၌ တွန့်တိုခြင်းမရှိ ရဲရင့်ခြင်း, ချစ်နှစ်လိုဖွယ်သော စကားကို ဆိုခြင်း, ကိုယ်၏နူးညံ့ခြင်း, စိတ်၏နူးညံ့ခြင်း, နှုတ်၏နူးညံ့ခြင်းနှင့်လည်း ပြည့်စုံစေရာ၏။”

“အဆွေခင်ပွန်းတို့အား ပေးကမ်းခြင်း၊ ချစ်ဖွယ်သောစကားကို ဆိုခြင်း၊ မေတ္တာစိတ်ကို ပွားစေခြင်း၊ ကိုယ်နှင့်ထပ်တူ ကျင့်ခြင်း ဤ၄-ပါးသော သင်္ဂဟတရားနှင့်လည်း ပြည့်စုံစေရာ၏။ တရားစောင့်သော ရဟန်း, ပုဏ္ဏားတို့အားလည်း အလှူအဖို့ကို ဝေဖန်ခွဲခြမ်းခြင်း၊ ခပ်သိမ်းသောအမှုကိစ္စတို့၌ ဤအခါကား လယ်ထွန်ခြင်းငှာ, ဤအခါကား မျိုးကြဲခြင်းငှာ လျောက်ပတ်၏ စသည်ဖြင့် စီရင်ထုံးဖွဲ့ခြင်း၊ ရဟန်းပုဏ္ဏားတို့ အလှူခံလာသည်ရှိသော် မိမိတို့၌ပါသော သပိတ်စသည်ကို ဘောဇဉ်ခဲဖွယ်ဖြင့်ပြည့်စေ၍ ရောင့်ရဲစေရာ၏။”

“သူတော်ကောင်းတရားကို အလိုရှိခြင်း၊ မိမိကောင်းသော အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း၊ အကြားအမြင် များစေခြင်းငှာ ဝတ္ထု, ပုံစံ, နည်းနာ, စာပေ, ကျမ်းဂန်တို့ကို လေ့လာသင်ကြား မှတ်သားကြည့်ရှု နှီးနှောဟောပြော မေးမြန်းခြင်းကိုလည်း ပြုရာ၏။ အကြားအမြင်များသော သီလဝန္တ ရဟန်းပုဏ္ဏားတို့သို့ အရိုအသေ ဆည်းကပ်ရာ၏။"

“အရှင်မင်းကြီး။ ဤသို့ပြုသည်ရှိသော် ဤလောက၌ ဘေးမရှိသော အသက်မွေးခြင်း၊ ကြောင့်ကြဆင်းရဲ မရှိခြင်း၊ မှန်သောစကားကိုဆိုခြင်း၊ ဤဘဝမှ တမလွန်သို့သွားရသော်လည်း မစိုးရိမ်ရခြင်းသည် ဖြစ်ရာ၏” ဟု

ဘုရားလောင်းသည် မင်းကြီးအား အိမ်ရာထောင်သောလူ၏ဘောင်၌ ကျင့်ရာဆောင်ရာသော ပြဿနာကို ဖြေပြီးလျှင်၊ တရားဟောနေရာ ပလ္လင်မှဆင်း၍ မင်းကြီးကိုရှိခိုးလျက် သင့်ရာအရပ်၌ နေ၏။

မင်းကြီးသည် ဘုရားလောင်းအား ကြီးစွာသော ပူဇော်သက္ကာရကိုပြု၍ ၁၀၁-ပါးသော မင်းအပေါင်းခြံရံလျက် နန်းတော်သို့ ဝင်လေ၏။