ဝါဆိုစဉ်လင်္ကာ

From Wikisource
Jump to navigation Jump to search
ဝါဆိုစဉ်လင်္ကာ
by မဟာဗုဒ္ဓဝင်

တက်ထွန်းကြက်သရေ သုံးလူ့ဆွေကား အောင်မြေသီရိ ဗောဓိသမီပ ရပ်ဌာန၌ နှစ်လမှန်ကယ် ရက်ခြောက်ဆယ်ဖြင့် သပ္ပါယ်မျှတ နေပြီးမှလျှင်..။ (၁) ပဌမဝါ ဗာရာဏသီ မြိုင်တောမှီ၏၊ (၂+၃+၄) နောက်ချီ ဒုတိယ တတိယနှင့် စတုတ္ထဝါ ပြည်ရာဇဂြိုလ် ဝါးညိုကျောင်းလှ ဝါကပ်မျှ၏၊ (၅) ပဉ္စဝါ ပြည်ဝေသာလီ လိစ္ဆဝီမင်းပေါင်း ဆောက်တုံရှောင်းသည် ကျောင်းမဟာဝန်။။ (၆) တတန်ဆဋ္ဌ မကုဋတောင်မှာ။။ (၇) ခုနှစ်ဝါသော တာဝတိံသာရောက်။။ (၈) မြောက်တုံရှစ်ဝါ သဂ္ဂါယန။။ (၉) ကိုးဝါကျသော် ဌာနပူရီ ကောသမ္ဗီ၌ ဃောသီတာရုံ ရွှေဘုံမှီကပ်။။ (၁၀) ဆယ်ဝါရပ်ကား မလျပ်သိပ်သည်း ပလလည်း သာမော ဆင်မင်းတောဝယ် ရှင်စောမှီကာ။။ (၁၁) ဆဲ့တစ်ဝါကား နာဠထင်ရှား ပုဏ္ဏားနေထ ရပ်ဂါမတည့်။။ (၁၂) ဒွါဒသယှဉ် ဝေရဉ္ဇခေါ်။။ (၁၃) ဆယ်သုံးသော်ကား တောင်ကျော်သာလှ စာလီယ၌ ကပ်ထပြီးခါ။။ (၁၄) ဆယ့်လေးဝါတွင် သာဝတ္ထိတောင်စွန် ဇေတဝန်ထင်ရှား ရွှင်ပျော်ပါး၏၊။ (၁၅) ဆယ့်ငါးဝါတွင် ကပိလတွင် စိမ်းမြရိပ်သာ နိရောဓာဟု ကျောင်းသာစံမြောက်။။ (၁၆) ဆယ်ခြောက်ဝါဆီ အာဠဝီဟု ပူရိဖက်မဲ့ ပျော်စံခဲ့၍။ (၁၇) ဆယ့်ခုနှစ်ဝါ ထိုသောခါလျှင် ရာဇဂြိုလ်ဌာန သာလှဗိမာန် နတ်ဌာန်တူလျော၊ ဝါတောညိုလဲ့ အောင်ပွဲဖွဲ့၏၊။ (၂၀) ပယ်ဖျောက်ရန်ကွာ နှစ်ဆယ်ဝါကား ရာဇဂြိုလ်၎င်း ရောက်ပြန်ရှောင်း၏၊ နှစ်ပေါင်းဝီသ ပဌမဗောဓိ မုနိမြတ်စွာ ဝါဆိုပါလည်း မြဲစွာမရှိ၊ နောက်ဗောဓိကား (၂၁+၄၄) သာဝတ္ထိမွန် ပုဗ္ဗာရုံမွန် ဇေတဝန်ဟု နှစ်တန်ကျောင်းမှာ လူးလာမဝေး နှစ်ဆယ့်လေးဝါ နေပြီခါမှ။။ (၄၅) နိဗ္ဗာသို့ ကြွအံ့လှုလှု ဝါတစ်ခုကား ဝေဠုဝရွာ ကပ်မှီလာ၏၊ သင်္ချာမှတ်သား ဆယ့်ငါးဌါန ပဉ္စစတ္တာ ဝါလေးဆယ့်ငါး သက်ကားရှစ်ဆယ် တိုင်ခါဝယ်၌ ဘုန်းကြွယ်ထွဋ်ခေါင် ခေမာသောင်သို့ ရွှေဖောင်တော်ယွန်း စံသိမ်းမြန်းသည် သုံးခန်းလူတို့ မှန်ကူတည်း။