လူမှုရေးမင်္ဂလာ

From Wikisource
Jump to navigation Jump to search
326967ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၁၀။ လူမှုရေးမင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

လူမှုရေးမင်္ဂလာ

[edit]

အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ

ရှေးအခါက “ဓမ္မပါလ”အမည်ရှိသော ရွာတစ်ရွာရှိ၏။ ထိုရွာမှ ဇနီးမောင်နှံ နှစ်ယောက်တွင် သားလေးတစ်ယောက်ရှိ၏။ သူတို့သည် သားလေး အရွယ်ရောက်သည့်အခါ တက္ကသိုလ်ပြည် ဒိသာ ပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားရန် စေလွှတ်ကြသည်။ သားငယ်လုလင်သည် အတတ်ပညာ များကို ကြိုးစားသင်ယူ၍ မကြာမီ လက်ထောက်ကထိက ဖြစ်သွားခဲ့၏။

တစ်နေ့တွင် ဒိသာပါမောက္ခဆရာကြီး၏ သားတစ်ယောက် ဆုံးပါးသွား၏။ ထိုအခါ လုလင်ငယ်က “ဆရာကြီးရဲ့ သားဟာ ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာလဲ”ဟု တပည့် များကို တအံ့တသြ မေးလေ၏။ ထိုအခါ တပည့်များက “ဆရာ ... လူဆိုတာ သေမျိုးချည်းပဲ။ ကြီးကြီးငယ်ငယ် သေကြတာပဲ”ဟု ပြန်ဖြေကြသည်။ ထိုအဖြေကို လုလင်ငယ်က သဘောမကျပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ဓမ္မပါလရွာ၌ အသက်ငယ်ရွယ်သူများ သေရိုးထုံးစံ မရှိသောကြောင့် ဖြစ်၏။

ထိုအကြောင်းကို ဒိသာပါမောက္ခဆရာကြီး ကြားသိသောအခါ မယုံကြည်နိုင် ဖြစ်နေ၏။ ထို့ကြောင့် “လက်တွေ့သိအောင်စုံစမ်းမယ်”ဟုဆိုကာ ဆိတ်ရိုးများကို လွယ်အိတ်ထဲထည့်ကာ ဓမ္မပါလရွာသို့ ထွက်လာခဲ့၏။

ဓမ္မပါလရွာသို့ ရောက်သောအခါ လုလင်ငယ်၏ မိဘများထံ သွား၍ “သင်တို့ရဲ့ သား မမျှော်လင့်ဘဲ ရောဂါတစ်ခုနဲ့ သေဆုံးသွားရှာတယ်”ဟု ပြောကာ လွယ်အိတ်ထဲမှ အရိုးများကို ထုတ်ပြလေသည်။ ထိုအခါ လုလင်ငယ်၏ ဖခင်သည် အားရပါးရ ရယ်မောကာ “မဖြစ်နိုင်တာကို မပြောပါနဲ့ ဆရာကြီး၊ ကျွန်ုပ်ရဲ့ သား ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ၊ ကျွန်ုပ်တို့ရဲ့ မျိုးရိုး၊ ကျွန်ုပ်တို့ရဲ့ ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိပါ၊ ဒီအရိုးတွေက အခြားသတ္တဝါ တစ်ကောင်ကောင်ရဲ့ အရိုးများသာ ဖြစ်ပါလိမ့်မယ်”ဟု ပြန်ပြောလိုက်လေသည်။

ထိုအခါမှ ဆရာကြီးသည် သူရောက်လာရသည့် အကြောင်းရင်းမှန်ကို ပြောပြပြီး ဓမ္မပါလရွာ၌ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် မသေရခြင်း၏ အကြောင်းရင်းကို မေးမြန်းလေသည်။ ထိုအခါ လုလင်ငယ် ၏ ဖခင်က “ဆရာကြီး ... ကျွန်ုပ်တို့ဟာ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်း၊ လိမ်ညာ ပြောဆိုခြင်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ သူတစ်ပါး သားမယားကို ကျူးလွန်စော်ကားခြင်းစတဲ့ ဒုစရိုက်တရားများကို ရှောင်ကြဉ်ပါတယ်၊ ကောင်းသော သုစရိုက်တရားများကိုသာ ကျင့်သုံးကြတယ်၊ ဒါ့အပြင် ရဟန်းသံဃာတော်များ၊ သူတော်စင် သူတော်ကောင်းများ၊ ခရီးသွားဧည့်သည်များ၊ တောင်းရမ်းစားသောက်သူများ၊ သူဆင်းရဲများကို လှူဒါန်းပေးကမ်း ခြင်းများ အမြဲမပြတ် ပြုလုပ်ကြပါတယ်၊ အဲဒီလို ကောင်းမြတ်တဲ့ သုစရိုက်တရားများကိုသာ ကျင့် သုံးကြတဲ့အတွက် ကျွန်ုပ်တို့ ဓမ္မပါလရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိကြပါ”ဟု ရှင်းပြ လိုက်လေသည်။ ဒိသာပါမောက္ခ ဆရာကြီးကိုလည်း ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံကြသည်။

ဆရာကြီးလည်း လုလင်ငယ်၏ ဖခင်ကြီး ပြောပြသော ဓမ္မပါလရွာသူရွာသားများ၏ အသက်ရှည် ကြောင်း နည်းလမ်းကောင်းများကို ပေလွှာပေါ်တွင် ရေးမှတ်၍ တက္ကသိုလ်ပြည်သို့ ဝမ်းမြောက်စွာ ပြန်လာခဲ့လေသည်။

လူမှုရေးမင်္ဂလာ

[edit]

သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုအကျိုး၊ သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။