မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ
326968ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၁၁။ မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ

[edit]

မကောင်းမှုကို ရှောင်နိုင်သူ တစ်ရံရောအခါ မိခင်တစ်ဦးသည် ခင်ပွန်းသေဆုံးသဖြင့် သားလုလင် နှစ်ယောက်ကို အားကိုးအားထားပြု၍ နေထိုင်သည်။ သားနှစ်ယောက်သည်လည်း မိခင်ကို ရိုသေစွာ လုပ်ကျွေး ပြုစုကြသည်။ တစ်နေ့တွင် မိခင်ဖျားနာရာ ရောဂါပြင်းသဖြင့် ဆေးဆရာကို ခေါ်ယူပြသရသည်။ ဆေးဆရာက လူနာ၏ရောဂါကို စမ်းသပ်ပြီးနောက် ညီအစ်ကိုနှစ်ဦးအား “သင်တို့ မိခင်၏ ရောဂါအတွက် ယုန်သားဓာတ်စာ ကျွေးမှ ပျောက်ကင်းမည်”ဟု ဆိုသည်။ ဤတွင် အစ်ကိုက ညီငယ်အား “တောသို့ သွား၍ ယုန်ထောင်ပါ၊ ယုန်သားကို ရအောင်ယူခဲ့ပါ”ဟူ၍ ဆို၏။

ညီငယ်လည်း ယုန်ထောင်ရန် တောသို့ သွားသည်။ တောစပ်သို့ အရောက်တွင် ယုန်ငယ်တစ် ကောင်ကိုတွေ့၍ အလွယ်တကူပင် ဖမ်းယူလိုက်သည်။ ယုန်ကလေးမှာ ကြောက်ရွံ့ သဖြင့် တစ်ကိုယ်လုံး တုန်နေရှာသည်။ ညီငယ်သည် မိမိလက်တွင်း ရောက်နေသော ယုန်ကလေး၏ ဖြစ်အင်ကို ကြည့်ကာ စာနာစိတ် ဖြစ်ပေါ်သွားသည်။

သတ္တဝါဆိုသည်မှာ သေရမည်ကို ကြောက်ကြသူချည်းပင်။ ငါလည်း သေရမည်ကို ကြောက် သည်။ ငါ့ မိခင်လည်း သေရမည်ကို ကြောက်သည်။ ယုန်ကလေးလည်း သေရမည်ကို ကြောက်သည်။ ငါ့မိခင် အသက်မသေအောင် ယုန်ကလေးအသက်ကို သတ်ရမည် ဆိုသည်မှာ တရားပါသလောဟူ၍ တွေးတောဆင်ခြင်သည်။

နောက်ဆုံးတွင် ယုန်ကလေးကို မသတ်သင့်ဟု ဆုံးဖြတ်ကာ လွှတ်လိုက်သည်။ ယုန်ငယ်လည်း အားရဝမ်းသာ ထွက်ပြေးသွားသည်။ ညီငယ်အိမ်ပြန်ရောက်၍ အစ်ကိုအား အကျိုးအကြောင်း ပြန်ပြောသောအခါ အစ်ကိုက မကျေနပ်ချေ။

သင်သည် မိခင်အကျိုးကို ပစ်ပယ်သူ ဖြစ်သည်ဟုဆိုကာ ကြိမ်းမောင်းပြစ်တင်သည်။ ဤတွင် မိခင်က “သားငယ်မှာ အပြစ်မရှိပါ၊ သားငယ်၏ ဆောင်ရွက်မှုသည် မှန်ကန်သည်။ သူ့အသက်ကို သတ်ခြင်းသည် မကောင်း”ဟု ဆိုကာ သားငယ်၏ လုပ်ဆောင်မှုကို အားရဝမ်းသာ သာဓုခေါ်လေသည်။

ထိုစဉ် ညီငယ်က “ကျွန်ုပ်သည် သိတတ်သည့် အရွယ်မှစ၍ သိလျက်နှင့် သူတစ်ပါးအသက်ကို မသတ်ခဲ့ပါ။ ဤစကားမှန်ပါက မိခင်၏ရောဂါသည် ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင် ပပျောက်ပါစေသတည်း”ဟူ၍ သစ္စာပြု၏။ ထိုမှန်သော သစ္စာစကားကြောင့် မိခင်ရောဂါမှာ ချက်ချင်းပျောက်ကင်းသွားလေသည်။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ

[edit]

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။