လက်နက်ကိုင်ဆောင်ရေးမူ (၂၀၂၃)

From Wikisource
Jump to navigation Jump to search
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ  (2023) 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
ဝန်ကြီးရုံး
(လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ)
အမိန့်ကြော်ငြာစာအမှတ် (၅၄ /၂၀၂၃)
နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၉/ ၂၀၂၂) မှ သဘောတူခွင့်ပြုချက်အရ လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့် လက်နက်လိုင်စင်ပုံစံအမှတ် ၁၆ စာအုပ်တို့ကို အတည်ပြုထုတ်ပြန် လိုက်သည်။

အခန်း (၁) နိဒါန်း[edit]

၁။ လက်နက်ကိုင်ဆောင်ရန် လိုင်စင်များထုတ်ပေးခြင်း၊ ပါမစ်များထုတ်ပေးခြင်း၊ နိုင်ငံတော်ပိုင် လက်နက်များငှားရမ်းခြင်း စသည်တို့နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၎င်း၏ ၉-၅-၁၉၇၇ ရက်စွဲပါအမိန့်အမှတ် ၅၅ အရ လက်နက်ကိုင်ဆောင်ရေးမူတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ထုတ်ပြန်ခဲ့သည့် လက်နက်ကိုင်ဆောင်ရေးမူကို ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ ဖြစ်စေရန် ပြန်လည်စိစစ်၍ လိုအပ်သည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည့် ဤလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ထပ်မံထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၂။ တည်ဆဲလက်နက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များတွင် ပါရှိသော ပြဋ္ဌာန်းချက်များကို ဤလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ လိုက်နာကျင့်သုံးရန် ဖြစ်ပါသည်။

အခန်း (၂) ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား[edit]

၃။ အောက်ဖော်ပြပါ သေနတ်အမျိုးအစားများကို သတ်မှတ်သည့်အရည်အချင်းနှင့် ပြည့်စုံသူများအား ကန့်သတ်သည့် အရေအတွက်ထက် မပိုစေဘဲလိုင်စင်ဖြင့် သော်လည်းကောင်း၊ ပါမစ်ဖြင့် သော်လည်းကောင်း ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်-

(က) လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား

(၁) .၃၈လက်မနှင့် ၎င်းထက်ပြောင်းဝငယ်သော ဆုံလည်သေနတ် (Irrespective of number of chambers)။
(၂) .၃၈ လက်မ၊ သို့မဟုတ် ၉ မီလီမီတာနှင့် ၎င်းထက်ပြောင်းဝငယ်သော ပစ္စတိုသေနတ်။
(၃) ၁၂ ဘိုးနှင့် ၎င်းထက်ပြောင်းဝငယ်သော ပြောင်းချောသေနတ်။
(၄) .၂၂ လက်မနှင့် ၎င်းထက်ပြောင်းဝကျယ်သော အမဲလိုက်သေနတ်။
(၅) လေသေနတ်။
မှတ်ချက်။ အတွဲလိုက်ပစ်ခတ်နိုင်သော သေနတ်များအား လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်မပြုရ။

(ခ) ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား

(၁) .၃၈ လက်မ၊ သို့မဟုတ် ၉ မီလီမီတာနှင့် ၎င်းထက် ပြောင်းဝကျယ်သော ပစ္စတိုသေနတ်။
(၂) ရိုင်ဖယ်သေနတ်များ။
(၃) စက်သေနတ်ကလေးအုပ်စုဝင် သေနတ်များ။
မှတ်ချက်။ ပါမစ်ဖြင့်ကိုင်ဆောင်ရန် ခွင့်ပြုသည့်သေနတ်သည် နိုင်ငံတော်ပိုင် သေနတ်အဖြစ်ဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွင် မှတ်ပုံတင်စာရင်းသွင်းပြီးသည့် သေနတ်ဖြစ်ရပါမည်။ ယင်းသေနတ် အမျိုးအစားကို ကိုင်ဆောင်ခွင့်ပြုထားခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ သိရှိလိုသော စာရင်းများကို ပေးရန်ဖြစ်ပါသည်။

၄။ အထက်ပါ အပိုဒ် ၃ (က) နှင့် အပိုဒ် ၃ (ခ) တွင် ဖော်ပြပါသေနတ်အမျိုးအစားများအပြင် အခြား သေနတ်အမျိုးအစားများ ကိုင်ဆောင်ခွင့်ပြုရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသည် အခါအားလျော်စွာ ညွှန်ကြားသတ်မှတ်နိုင်ပါသည်။

၅။ အထက်အပိုဒ် ၃ (ခ) တွင် ဖော်ပြပါရှိသည့် ပါမစ်ဖြင့်ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများ အနက် ရိုင်ဖယ်နှင့်စက်သေနတ်ကလေးအုပ်စုဝင်သေနတ်များကို ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဒေသအလိုက် တရားဝင် ဖွဲ့စည်းထားသည့် နိုင်ငံတော်၏လုပ်ငန်းများဆိုင်ရာ လုံခြုံမှုအဖွဲ့အစည်း၊ သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့အစည်း၊ ပြည်သူ့စစ်အဖွဲ့အစည်း စသည်များကိုသာ ကိုင်ဆောင်ခွင့်ပြုရန်ဖြစ်ပါသည်။ ယင်း သေနတ်များကို ပုဂ္ဂိုလ်တစ်ဦးချင်းအား သီးခြားကိုင်ဆောင်ခွင့်ပြုမည် မဟုတ်ပါ။ သို့ရာတွင် အထူးကိစ္စရပ် အနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းအား သီးခြားကိုင်ဆောင်ခွင့်ပြုရန် လိုအပ်ပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြ၍ သဘောတူညီချက်ရယူရပါမည်။

၆။ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည်ဖြစ်စေ၊ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည်ဖြစ်စေ သေနတ်တွင် အဝေးကြည့်မှန်ပြောင်း (Telescopic Sight)၊ အထူးပြုလုပ်ထားသော ချိန်ဆိုဒ်အမျိုးမျိုး (Types of Modified Sights)၊ အသံတိတ်စေသောကိရိယာ (Silencer) များ ပါရှိသောသေနတ်များနှင့် အဆိုပါ ကိရိယာများကို တပ်ဆင်အသုံးပြုခြင်း လုံးဝခွင့်မပြုပါ။

အခန်း (၃) သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားသူများအတွက် အရည်အချင်းသတ်မှတ်ချက်[edit]

၇။ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားသူသည် အောက်ဖော်ပြပါအရည်အချင်းများနှင့်ပြည့်စုံမှသာ သေနတ်ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်-

(က) အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ခ) နိုင်ငံတော်အပေါ်သစ္စာရှိသူ ဖြစ်ရမည်။

(ဂ) အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

(ဃ) လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်သူဖြစ်ရမည်။

(င) နိုင်ငံတော်၏လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေးကို လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်းအားဖြင့် အနှောင့်အယှက်ပြုနိုင်သူ မဖြစ်စေရ။

(စ) နိုင်ငံတော်၏လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စည်းကမ်းသေဝပ် တည်ငြိမ်ရေးတို့နှင့်စပ်လျဉ်း၍ အရေးယူခြင်းခံရဖူးသူ မဖြစ်စေရ။

(ဆ) စိတ်ပေါ့သွပ်သူ မဖြစ်စေရ။

၈။ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားသည့်အခါတွင် အထက်အပိုဒ် ၇ ပါ အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါအတိုင်း ထောက်ခံချက်များပါရှိရပါမည်-

(က) ပြည်သူ့ဝန်ထမ်းမဟုတ်သူများ။ ပြည်သူ့ဝန်ထမ်းမဟုတ်သူများအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာရဲစခန်းတို့မှ ၁ လအတွင်း ရယူထားသည့် ထောက်ခံချက်မူရင်းပါရှိရပါမည်။

(ခ) ပြည်သူ့ဝန်ထမ်းများ။ ပြည်သူ့ဝန်ထမ်းများအတွက် သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲ၏ ထောက်ခံချက်ပါရှိရပါမည်။

(ဂ) တပ်မတော်သားများ။ တပ်မတော်သားများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ထောက်ခံချက်ပါရှိရပါမည်။

အခန်း (၄) လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ရရှိသူများ၏ တာဝန်များ[edit]

၉။ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် ရရှိသူများတွင် အောက်ပါတာဝန်များရှိပါသည်-

(က) ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ထိန်းသိမ်း စောင့်ရှောက်ရန်အလို့ငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါတွင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်။

(ခ) ပြစ်မှုဆိုင်ရာမှုခင်းများနှင့် ဒုစရိုက်လုပ်ငန်းများကို တားဆီးနှိမ်နင်းရေးအတွက် မိမိနှင့် သက်ဆိုင်သော ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ အကူအညီတောင်းခံသည့်အခါ ပါဝင်ကူညီဆောင်ရွက်ရန် တာဝန်ရှိသည်။

(ဂ) မိမိနေထိုင်ရာ ရပ်ကွက်/ ကျေးရွာ၊ သို့မဟုတ် မိမိလက်ဝယ် လက်နက်ကိုင်ဆောင်ထားချိန်၌ မိမိရောက်ရှိနေသည့် နေရာဒေသတစ်ခုခုတွင် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ပြည်သူပိုင်ပစ္စည်းများ၊ သမဝါယမပိုင်ပစ္စည်းများနှင့် အများပိုင်ပစ္စည်းများကို အန္တရာယ်ပြု ဖျက်ဆီးနေသူများကိုတွေ့ရှိလျှင် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းကချမှတ်ထားသည့် စည်းကမ်းဘောင်အတွင်းမှ မိမိ၏စွမ်းအား ရှိသရွေ့ လိုအပ်သလိုပါဝင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။

(ဃ) လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ မည်သူမဆို နိုင်ငံခြားတိုင်းပြည်တစ်ခုခုသို့ တာဝန်ဖြင့်သော်လည်းကောင်း၊ သီးခြားလုပ်ငန်းကိစ္စဖြင့်သော်လည်းကောင်း ကာလကြာရှည်စွာ (၆ လ နှင့်အထက်) ခရီးသွားလာရမည်ဆိုပါက မိမိ၏လက်နက်ကို နီးစပ်ရာမြို့နယ်ရဲစခန်းသို့ အပ်နှံ သွားရမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်း လက်နက်ကို ပြန်လည်ထုတ်ယူခွင့်ရှိသည်။ (လိုင်စင်သက်တမ်းတိုးရန် ကိစ္စရပ်များရှိလာပါက နိုင်ငံခြားမှ ပြန်လည်ရောက်ရှိချိန်တွင် ကိုယ်တိုင်ဆောင်ရွက်ရမည်။)

(င) လိုအပ်ပါက လုံခြုံရေးအဖွဲ့အစည်းများမှ စုံစမ်းမေးမြန်းပိုင်ခွင့်ရရှိသည့်အပြင် ယင်းသို့ စုံစမ်းရန်ကိစ္စ အလို့ငှာ အဆိုပါလက်နက်ကို ပြသရမည်။

အခန်း(၅) ကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်နှင့် ခဲယမ်းအရေအတွက်[edit]

၁၀။ သေနတ်အရေအတွက်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့် လည်းကောင်း ကိုင်ဆောင်ခွင့်ပြုသောသေနတ်အရေအတွက်ကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-

(က) တစ်ဦးချင်းကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်

(၁) ပြည်သူ့ဝန်ထမ်းမဟုတ်သူဖြစ်လျှင် အထက်အပိုဒ် ၃ (က) ပါ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများအနက် ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင် ခွင့်ပြုနိုင်ပါသည်။
(၂) ပြည်သူ့ဝန်ထမ်းဖြစ်လျှင် အထက်အပိုဒ် ၃ (က) ပါ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ် အမျိုးအစားများအနက် ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား ၃ လက် အထိကိုသော်လည်းကောင်း၊ အထက်အပိုဒ် ၃ (ခ) (၁) ပါ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား ၁ လက်ကို သော်လည်းကောင်း ကိုင်ဆောင်ခွင့်ပြုနိုင်ပါသည်။
(၃) မည်သူမဆို လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း မျိုးတူ သေနတ် အမျိုးအစား ၁ လက်ထက် ပိုမိုကိုင်ဆောင်ခွင့်မရှိစေရ။

(ခ) အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်

(၁) ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေး ထိန်းသိမ်း စောင့်ရှောက်မှုအတွက် ဒေသအလိုက် တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်၏ လုပ်ငန်းများဆိုင်ရာ လုံခြုံမှုအဖွဲ့အစည်းများအား အထက်အပိုဒ် ၃ (ခ) ပါ ပါမစ်ဖြင့်ကိုင်ဆောင်ခွင့်ပြုသော သေနတ် အမျိုးအစားများကို ပြည်ထဲရေးဝန်ကြီးဌာနမှသော်လည်းကောင်း၊ ဤကိစ္စအတွက် တာဝန်ပေးအပ်ခြင်း ခံရသော အဖွဲ့မှသော်လည်းကောင်း သင့်လျော်သလို သတ်မှတ်ပေးသည့် အရေအတွက်အတိုင်း ကိုင်ဆောင်ခွင့်ပြုနိုင်ပါသည်။
(၂) ယင်းသို့ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသည့် သေနတ်များကို ဆက်လက်ကိုင်ဆောင်ခွင့်ပြုရန် မလိုအပ်သည့်အခါ ယင်းသေနတ်များကို ပါမစ်နှင့်တကွ နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ ပြန်လည်အပ်နှံစေရန် ဖြစ်ပါသည်။ (တပ်မတော်မှ ထုတ်ပေးထားသည့် လက်နက်များ အကျုံးမဝင်ပါ)။
(၃) သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများအား သေနတ် လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရန်ဖြစ်ပါသည်။

၁၁။ ခဲယမ်းအရေအတွက်။ သေနတ်အမျိုးအစား အသီးသီးအတွက် အများဆုံးထားရှိခွင့်ပြုသည့် ခဲယမ်းအရေအတွက်ကို အောက်ပါအတိုင်းသတ်မှတ်ပါသည်-

(က) လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များအတွက် အများဆုံးထားရှိခွင့်ပြုသည့် ခဲယမ်း အရေအတွက်

(၁) ဆုံလည်သေနတ် — ၅၀
(၂) ပစ္စတိုသေနတ် — ၅၀
(၃) ၁၂ ဘိုးနှင့် ၎င်းထက်ပြောင်းဝငယ်သော ပြောင်းချောသေနတ် — ၅၀
(၄) .၂၂ လက်မ အမဲလိုက် သေနတ် — ၁၀၀
(၅) .၂၂ လက်မ ထက်ပြောင်းဝကျယ်သောအမဲလိုက်သေနတ် — ၁၀၀


(ခ) ပါမစ်ဖြင့်ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် အများဆုံးထားရှိ ခွင့်ပြုသည့် ခဲယမ်း အရေအတွက်

(၁) ပစ္စတိုသေနတ် — ၅၀
(၂) ရိုင်ဖယ် — ၁၀၀
(၃) စက်သေနတ်ကလေး အုပ်စုဝင် သေနတ် ၁ လက်လျှင် ကျည် — ၁၀၀

(ဂ) အထက်ဖော်ပြပါ သေနတ်အမျိုးအစားအလိုက် အများဆုံးထားရှိခွင့်ပြုသည့် ခဲယမ်း အရေအတွက်ထက် ပိုမိုကိုင်ဆောင်လိုပါက ပြည်ထဲရေးဝန်ကြီးဌာန၏ ကြိုတင်သဘောတူညီချက်ရယူ၍ ကိုင်ဆောင်ခွင့်ပြုရန်ဖြစ်ပါသည်။

အခန်း (၆) လက်ဆောင်သေနတ်များ (Gift Guns) နှင့် ဆုသေနတ်များ (Reward Guns)[edit]

၁၂။ လက်ဆောင်သေနတ်များ (Gift Guns)။ လက်ဆောင်သေနတ်များနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) နိုင်ငံခြားအစိုးရမှ လက်ဆောင်အဖြစ်ပေး၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်ပြုသောသေနတ်များကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်။ သို့သော် ယင်း သေနတ်များသည် တပ်မတော်သုံး စစ်လက်နက်အမျိုးအစား မဖြစ်စေရပါ။

(ခ) ယင်းသေနတ်များကို အထက်အပိုဒ် ၁၀ တွင် ကန့်သတ်ထားသည့် သေနတ်အရေအတွက်တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရန် ဖြစ်ပါသည်။

(ဂ) လက်ဆောင်သေနတ်ကိုင်ဆောင်သူ ကွယ်လွန်သွားလျှင်သော်လည်းကောင်း၊ အသက်အရွယ်ကြီး၍ ဆက်လက်မကိုင်ဆောင်လိုလျှင်သော်လည်းကောင်း ယင်းသေနတ်ခဲယမ်းကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ ပြန်လည်အပ်နှံရပါမည်။

(ဃ) လက်ဆောင်သေနတ်ကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းပေးခြင်း မပြုနိုင်ပါ။

၁၃။ ဆုသေနတ်များ (Reward Guns)။ ဆုသေနတ်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ဆုအဖြစ်ချီးမြှင့်သည့် သေနတ်များကို လိုင်စင် ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ဖြင့် ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်။

(ခ) ယင်းသေနတ်များကို အထက်အပိုဒ် ၁၀ တွင် ကန့်သတ်ထားသည့် သေနတ်အရေအတွက်တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရန် ဖြစ်ပါသည်။

(ဂ) ဆုသေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သီးခြားသတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

အခန်း(၇) လွှဲပြောင်းကိုင်ဆောင်ခွင့် စည်းကမ်းများ[edit]

၁၄။ ဆုသေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်။ ဆုသေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) ဆုသေနတ်ကိုင်ဆောင်သူ သေဆုံးသွားလျှင်ဖြစ်စေ၊ သို့မဟုတ် ထိုသူသည် ယင်းဆုသေနတ်နှင့် ခဲယမ်းကို ဆက်လက်ကိုင်ဆောင်ခြင်း မပြုလိုလျှင်ဖြစ်စေ နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ အမြန်ဆုံး အပ်နှံရန်နှင့် ဆုသေနတ်ကိုင်ဆောင်သူ၏ ဇနီး/ ခင်ပွန်း၊ သို့မဟုတ် သားရင်း သမီးရင်းတစ်ဦးဦးအနေဖြင့် အမွေစားအမွေခံအဖြစ် သော်လည်းကောင်း၊ သားစဉ်မြေးဆက် အမှတ်တရပစ္စည်းတစ်ခုအနေဖြင့် သော်လည်းကောင်း လွှဲပြောင်းကိုင်ဆောင်လိုပါက ယင်းသို့ကိုင်ဆောင်လိုကြောင်း လျှောက်ထားရပါမည်။

(ခ) ယင်းသို့ လျှောက်ထားလာပါက လျှောက်ထားသူ၏ အခြေအနေပေါ်မူတည်၍ စိစစ်ကာ ဆုသေနတ်ကို ဆက်လက်ထိန်းသိမ်းကိုင်ဆောင်ထိုက်သူဖြစ်ပါက လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ဖြင့်ပင် လွှဲပြောင်း ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်။

(ဂ) အကယ်၍ လျှောက်ထားသူသည် ဆုသေနတ်ကို ဆက်လက်ထိန်းသိမ်း ကိုင်ဆောင်ခွင့်မပြုထိုက်သူ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါဆုသေနတ်နှင့်ခဲယမ်းကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ အပ်နှံစေရပါမည်။

၁၅။ လိုင်စင်၊ သို့မဟုတ် ပါမစ်သေနတ်များ ကိုင်ဆောင်ခွင့်ရရှိသူသည်-

(က) ကိုင်ဆောင်ခွင့်ရရှိသည့် လက်နက်နှင့်ခဲယမ်းကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းကိုင်ဆောင်ခြင်း လုံးဝမပြုလုပ်ရ။

(ခ) ကိုင်ဆောင်ခွင့်ရရှိသည့် လက်နက်အား ဆက်လက်ကိုင်ဆောင်လိုခြင်းမရှိပါက ၎င်းလက်နက်နှင့် ခဲယမ်းကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ လိုင်စင်/ ပါမစ်နှင့်အတူ အပ်နှံရမည်။

အခန်း (၈) နိုင်ငံခြားမှ လက်နက်နှင့်ခဲယမ်းများ ဝယ်ယူတင်သွင်းခွင့်[edit]

၁၆။ ယခင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀-၈-၆၉ နေ့စွဲပါစာအမှတ်၊ ၁၂၀/ ၃/ ဦး-၁ အရ၊ အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံခြားသို့ရောက်ရှိနေသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့အပြန်တွင် နိုင်ငံခြားမှ လက်နက်နှင့်ခဲယမ်းများ ဝယ်ယူလာခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤကိစ္စအလို့ငှာ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီအတွင်း ယင်းပိတ်ပင်တားမြစ်ချက်သည် ဆက်လက်အတည်ဖြစ်ပါသည်။

၁၇။ သို့ရာတွင် နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများအတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏ခွင့်ပြုချက်အရ နိုင်ငံခြားတိုင်းပြည်များ၌ ပါဝင်ယှဉ်ပြိုင်ရသည့် သေနတ်ပစ်အသင်းအဖွဲ့များ အတွက်သော်လည်းကောင်း လက်နက်နှင့်ခဲယမ်းများကို နိုင်ငံခြားမှဝယ်ယူတင်သွင်းရန် လိုအပ်ပါက ယင်းသို့လိုအပ်ကြောင်း အကျိုးအကြောင်းဖော်ပြ၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားရပါမည်။ ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်သည့် စိစစ်မှုများ ပြုလုပ်၍ နိုင်ငံခြားမှ လက်နက်နှင့်ခဲယမ်းများ ဝယ်ယူတင်သွင်းခွင့်ပါမစ် ထုတ်ပေးမည် ဖြစ်ပါသည်။

၁၈။ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် လက်နက်ခဲယမ်းများကို နိုင်ငံခြားမှ တရားဝင်တင်သွင်းခြင်း၊ ပြည်တွင်း၌ တရားဝင်ရောင်းချခြင်းပြုလုပ်လိုပါက ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ခွင့်ရှိသည်။

အခန်း (၉) သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ် လျှောက်ထားခြင်း[edit]

၁၉။ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားခြင်း။ အခန်း၂၊ အပိုဒ် ၃ (က) အရ၊ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် လိုင်စင်လျှောက်ထားလာပါက အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်အလက်များကိုဖော်ပြ၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားရပါမည်-

(၁) အမည်။
(၂) အသက်။
(၃) အဘအမည်။
(၄) လူမျိုး။
(၅) ကိုးကွယ်သည့်ဘာသာ။
(၆) အလုပ်အကိုင်။
(၇) နေရပ်လိပ်စာ။
(၈) နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်။
(၉) သေနတ်အမျိုးအစား၊ ဘိုးနှင့် သေနတ်အစိတ်အပိုင်းအလိုက် ပါဝင်သော နံပါတ်။
(၁၀) ကိုင်ဆောင်ခွင့်ပြုစေလိုသည့်ဒေသ။
(၁၁) သေနတ်ကိုင်ဆောင်လိုခြင်း အကြောင်းအရာ။
(၁၂) လက်ရှိ အရပ်ဘက်လိုင်စင်/ ပါမစ်ဖြင့် ကိုင်ဆောင်နေသော သေနတ် ရှိ/မရှိ ရှိပါက လိုင်စင်/ ပါမစ်အမှတ် သေနတ်အမျိုးအစား၊ ဘိုးနှင့် သေနတ်အစိတ်အပိုင်းအလိုက် ပါဝင်သောနံပါတ် ဖော်ပြရန်။
(၁၃) လိုင်စင်အား မူလခွင့်ပြုထားသည်မှအပ မိတ္တူပွား၍ ဆောင်ထားခြင်း၊ အခြားသူတစ်ဦးဦးအား မသမာသောနည်းဖြင့် မိတ္တူပွားပေးခြင်း မရှိစေရန် လိုင်စင်လျှောက်ထားသူက တာဝန်ယူရမည်။
မှတ်ချက်။ ပြည်သူ့ဝန်ထမ်းများနှင့် တပ်မတော်သားများသည် သက်ဆိုင်ရာမှတစ်ဆင့် လျှောက်ထားရန် ဖြစ်ပါသည်။

(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားလာသည့်အခါ ဤ ညွှန်ကြားချက်ပါ သတ်မှတ်ချက်များနှင့် ညီ/ မညီ စိစစ်၍ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သဘောထားမှတ်ချက်တောင်းခံပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဂ) ခရိုင်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်တောင်းခံပြီး နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဃ) နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်။

(င) ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ကို နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးရမည်။

(စ) လိုင်စင်ရရှိသူသည် သတ်မှတ်ထားသော လိုင်စင်ကြေးကို တစ်ပါတည်း ပေးသွင်းရမည်။

(ဆ) လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်သက်တမ်းမှာ နှစ်စဉ်ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြက္ခဒိန်နှစ်အတိုင်း ဖြစ်ပါသည်။

(ဇ) လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ပြုရန် အရည်အချင်းရှိသူများသည် မိမိလက်ဝယ်ရှိသေနတ်ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားနိုင်သည်။

(ဈ) သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ရရှိထားသူသည် လိုင်စင်ရသေနတ်ကို ဆောင်ယူသွားလာပါက လက်နက်လိုင်စင်စာအုပ်ကိုပါ တစ်ပါတည်း ယူဆောင်သွားရမည်ဖြစ်ပြီး တာဝန်ရှိသူမှ စစ်ဆေးပါက လိုင်စင်စာအုပ် (မူရင်း) ကို ပြသရမည်။

၂၀။ သေနတ်ကိုင်ဆောင်ခွင့်ပါမစ်လျှောက်ထားခြင်း။ အခန်း ၂ ၊ အပိုဒ် ၃ (ခ) (၁) အရ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် ပါမစ်လျှောက်ထားလာပါက အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) သေနတ်ကိုင်ဆောင်ခွင့် ပါမစ်လျှောက်ထားသူများသည် အောက်ပါအချက်အလက်များကိုဖော်ပြ၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားရပါမည်-

(၁) အမည်။
(၂) အသက်။
(၃) အဘအမည်။
(၄) လူမျိုး။
(၅) ကိုးကွယ်သည့်ဘာသာ။
(၆) အလုပ်အကိုင်။
(၇) နေရပ်လိပ်စာ။
(၈) နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်။
(၉) သေနတ်အမျိုးအစား၊ ဘိုးနှင့် သေနတ်အစိတ်အပိုင်းအလိုက် ပါဝင်သောနံပါတ်။
(၁၀) သေနတ်မှတ်ပုံတင်ထားသော မြို့နယ်ရဲတပ်ဖွဲ့။
(၁၁) သေနတ်ကိုင်ဆောင်ခွင့်ပြုစေလိုသည့်ဒေသ။
(၁၂) ပါမစ်ဖြင့် သေနတ်ကိုင်ဆောင်လိုခြင်း အကြောင်းပြချက်။
(၁၃) သက်ဆိုင်ရာအဖွဲ့အစည်း/ ဌာနထောက်ခံချက်။

(ခ) သေနတ်ကိုင်ဆောင်ခွင့် ပါမစ်လျှောက်ထားချက်နှင့်ပတ်သက်၍ အထက်အပိုဒ် ၁၉၊ အပိုဒ်ခွဲ (က) မှ (ဃ) အထိ သတ်မှတ်ထားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

(ဂ) လက်နက်ကိုင်ဆောင်ခွင့် ပါမစ်သက်တမ်းမှာ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြက္ခဒိန်နှစ်အတိုင်း ဖြစ်ပါသည်။

၂၁။ အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် ပါမစ်လျှောက်ထားခြင်း။ အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် ပါမစ်လျှောက်ထားလာပါက သက်ဆိုင်ရာ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီးလျှင် သတ်မှတ်ထားသည့်အတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှတစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်။

၂၂။ ပါမစ်ဖြင့်ကိုင်ဆောင်သည့် သေနတ်ကို သတ်မှတ်ထားသည့် ဒေသအတွင်း၌သာ ကိုင်ဆောင်ရမည်။

၂၃။ ဆုသေနတ်များ (Reward Guns) အတွက် လွှဲပြောင်းကိုင်ဆောင်နိုင်ရန် လိုင်စင် ကင်းလွတ်ခွင့် လက်မှတ် (Exemption Certificate) လျှောက်ထားခြင်း။ အခန်း၆၊ အပိုဒ် ၁၃ တွင် သတ်မှတ်ထားသော ဆုသေနတ်များ (Reward Guns) ကို လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) ဆုသေနတ်များ (Reward Guns) ကို လွှဲပြောင်းကိုင်ဆောင်ရန်အတွက် လျှောက်ထားသူသည် အောက်ပါအချက်များကိုဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားရပါမည်-

(၁) အမည်။
(၂) အသက်။
(၃) အဘအမည်။
(၄) လူမျိုး။
(၅) ကိုးကွယ်သည့်ဘာသာ။
(၆) အလုပ်အကိုင်။
(၇) နေရပ်လိပ်စာ။
(၈) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်။
(၉) သေနတ်လွှဲပြောင်းပေးမည့်သူ အမည်။
(၁၀) ဆွေမျိုးတော်စပ်ပုံ။
(၁၁) သေနတ်အမျိုးအစား၊ ဘိုးနှင့် သေနတ်အစိတ်အပိုင်းအလိုက် ပါဝင်သောနံပါတ်။
(၁၂) လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) နံပါတ်နှင့် ထုတ်ပေးသည့် အာဏာပိုင်။
(၁၃) သေနတ်ကိုင်ဆောင်ခွင့်ပြုစေလိုသည့် ဒေသ။
(၁၄) လွှဲပြောင်းကိုင်ဆောင်လိုခြင်းအကြောင်း။
(၁၅) သက်ဆိုင်ရာ အဖွဲ့အစည်း/ ဌာနအကြီးအကဲ၏ ထောက်ခံချက် (လိုအပ်လျှင်)။

(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ဆုသေနတ် (Reward Guns) လွှဲပြောင်းကိုင်ဆောင်ရန် လျှောက်ထား လာသည့်အခါ ဤညွှန်ကြားချက်တွင်ပါရှိသော သတ်မှတ်ချက်များနှင့် ညီ/မညီ စိစစ်၍ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သဘောထား မှတ်ချက်တောင်းခံပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဂ) ခရိုင်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက် တောင်းခံပြီး နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဃ) နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှတစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်။

(င) ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ဆုသေနတ်များ (Reward Guns) အတွက် လွှဲပြောင်း ကိုင်ဆောင်ရန် လိုင်စင်ကင်းလွတ်ခွင့်လက်မှတ်ကို နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးရမည်။

၂၄။ တပ်မတော်မှ အငြိမ်းစားယူသည့် တပ်မတော်သားများအား လိုင်စင်ထုတ်ပေးခြင်း။ တပ်မတော်တွင် အမှုထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအနေဖြင့် တပ်မတော်တွင် အမှုထမ်းဆောင်နေစဉ် အတွင်း မိမိတို့ကိုယ်ပိုင်သေနတ်များကို တပ်မတော်၏ခွင့်ပြုချက်အရ စစ်ဘက်လိုင်စင်ဖြင့် ကိုင်ဆောင်လျက်ရှိရာ တပ်မတော်မှအငြိမ်းစားယူသည့်အခါ အရပ်ဘက်လိုင်စင်ဖြင့် ဆက်လက် ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၉-၁-၆၈ နေ့စွဲပါစာအမှတ် ၃၀၂၉/ ၂၁/ ဦး-၃ အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(က)အရ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ထောက်ခံချက်အရ ဤညွှန်ကြားချက်တွင် ဖော်ပြပါရှိသည့် မူများနှင့်အညီ လိုင်စင်/ ပါမစ်ထုတ်ပေးရန်အတွက် ဆက်လက်ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။

အခန်း (၁ဝ) လက်နက်ခဲယမ်းများအပ်နှံခြင်း[edit]

၂၅။ ကိုယ်ပိုင်လက်နက်ခဲယမ်းများအပ်နှံခြင်း။ အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-

(က) သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်၊ သို့မဟုတ် လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ရထားသော ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုင်ဆောင်ခွင့် ရထားသော သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်၊ သို့မဟုတ် လိုင်စင်ကင်းလွတ်ခွင့် လက်မှတ် (Exemption Certificate) ဖျက်သိမ်းခြင်းခံရလျှင် သော်လည်းကောင်း၊ မိမိကိုင်ဆောင်လျက်ရှိသည့် သေနတ်ကို ထိန်းသိမ်းကိုင်ဆောင်နိုင်သည့် ကာယဉာဏစွမ်းအားမရှိလျှင်သော်လည်းကောင်း သေနတ်၊ ခဲယမ်းနှင့်တကွ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်၊ သို့မဟုတ် လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate)တို့ကို နီးစပ်ရာ မြို့နယ် ရဲတပ်ဖွဲ့သို့ အပ်နှံရပါမည်။

(ခ) သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်၊ သို့မဟုတ် လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ရရှိထားသူ ကွယ်လွန်သွားသည့်အခါ အတူနေထိုင်သူ၊ သို့မဟုတ် သက်ဆိုင်သူက သေနတ်၊ ခဲယမ်းနှင့်တကွ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်၊ သို့မဟုတ် လိုင်စင် ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) တို့ကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ အပ်နှံရပါမည်။

၂၆။ ပါမစ်လက်နက်ခဲယမ်းအပ်နှံခြင်း။ အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-

(က) လက်နက်ကိုင်ဆောင်ခွင့်ပါမစ်ဖြင့် ထုတ်ပေးထားသောသေနတ်ကိုင်ဆောင်ခွင့် ရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးသည် ကိုင်ဆောင်ခွင့်ပြုထားသည့်ဒေသမှ ကိုင်ဆောင်ခွင့်မရှိသောဒေသသို့ ပြောင်းရွှေ့ ရသည့်အခါတွင်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သည့်အခါတွင်လည်းကောင်း၊ ဝန်ထမ်း အဖြစ်မှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်းခံရသည့် အခါတွင်လည်းကောင်း၊ အငြိမ်းစားယူသည့်အခါတွင် လည်းကောင်း မိမိအား ထုတ်ပေးထားသည့်သေနတ်၊ ခဲယမ်းနှင့်တကွ သေနတ် ကိုင်ဆောင်ခွင့်ပါမစ်ကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ ချက်ချင်း ပြန်လည်အပ်နှံရပါမည်။ သေနတ်နှင့်ခဲယမ်း ပြန်လည်အပ်နှံ ကြောင်းကို သက်ဆိုင်ရာ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ၎င်းမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြရမည်။

(ခ) လက်နက်ကိုင်ဆောင်ခွင့် ပါမစ်ဖြင့် ထုတ်ပေးထားသော သေနတ်ကိုင်ဆောင်ခွင့် ရရှိထားသူ ကွယ်လွန်သွားသည့်အခါ အတူနေထိုင်သူ သို့မဟုတ် သက်ဆိုင်သူက သေနတ်၊ ခဲယမ်းနှင့်တကွ သေနတ်ကိုင်ဆောင်ခွင့်ပါမစ်တို့ကို နီးစပ်ရာ မြို့နယ်ရဲတပ်ဖွဲ့သို့ အပ်နှံရပါမည်။

(ဂ) သေနတ်ကိုင်ဆောင်ခွင့်ရရှိထားသည့် အဖွဲ့အစည်းတစ်ခုခုသည် အဖွဲ့အစည်းကို ဖျက်သိမ်းသည့် အခါတွင်လည်းကောင်း၊ ဆက်လက်ကိုင်ဆောင်ရန် မလိုသည့်အခါတွင်လည်းကောင်း နီးစပ်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ ချက်ချင်းအပ်နှံရမည်။ လိုအပ်ချက်အရ သေနတ်၊ ခဲယမ်း ပြန်လည်အပ်နှံကြောင်းကို သက်ဆိုင်ရာ နေပြည်တော်/ ပြည်နယ်/တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ၎င်းမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြရမည်။

အခန်း (၁၁) လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ် သက်တမ်းတိုးခြင်း[edit]

၂၇။ လက်နက်လိုင်စင် သက်တမ်းတိုးခြင်း။ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် သက်တမ်းတိုးရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-

(က) လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် သက်တမ်းတိုးပေးရန် လိုင်စင်သက်တမ်း မကုန်ဆုံးမီ (၂) လ ကြိုတင်၍ (နှစ်စဉ် နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း) သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့သို့ လျှောက်ထားရပါမည်။

(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူးသည် လိုင်စင်သက်တမ်းတိုးခွင့်ကို လိုအပ်သောစိစစ်မှုများ ပြုလုပ်ပြီး သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သဘောထားမှတ်ချက် တောင်းခံပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဂ) ခရိုင်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်တောင်းခံပြီး နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဃ) နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်။

(င) ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက လက်နက်လိုင်စင် သက်တမ်းတိုးခွင့်ကို နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးရမည်။ ထိုသို့ထုတ်ပေးကြောင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူးသို့ အကြောင်းကြားရမည်။

(စ) အခန်း (၄)၊ အပိုဒ် ၉ (ဃ) ပါ ဖော်ပြထားသူမှတစ်ပါး လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် သက်တမ်း ကုန်ဆုံးပြီးနောက် သုံးလအတွင်း သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်လျှင် သတ်မှတ်ထားသည့် လိုင်စင်ကြေး၏နှစ်ဆကို ဒဏ်ကြေးအဖြစ်လည်းကောင်း၊ သုံးလကျော်ပါက သတ်မှတ်လိုင်စင်ကြေး၏ သုံးဆကို ဒဏ်ကြေးအဖြစ်လည်းကောင်း ပေးဆောင်ရမည်ဖြစ်ပြီး ခြောက်လကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုးရန်ပျက်ကွက်ပါက လိုင်စင်ကိုပယ်ဖျက်၍ သေနတ်၊ ခဲယမ်းအား နီးစပ်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ အပ်နှံစေရမည်။

၂၈။ လက်နက်ကိုင်ဆောင်ခွင့်ပါမစ် သက်တမ်းတိုးခြင်း။ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) လက်နက်ကိုင်ဆောင်ခွင့်ပါမစ် သက်တမ်းတိုးရန် ပါမစ်သက်တမ်းမကုန်ဆုံးမီ (၂) လ ကြိုတင်၍ (နှစ်စဉ် နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အတွင်း) သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့သို့ လျှောက်ထားရပါမည်။

(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ပါမစ်သက်တမ်းတိုးခွင့်ကို လိုအပ်သောစိစစ်မှုများ ပြုလုပ်ပြီး သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သဘောထားမှတ်ချက်တောင်းခံပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဂ) ခရိုင်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်တောင်းခံပြီး နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရမည်။

(ဃ) နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်။

(င) ပါမစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ရရှိသည့် အဖွဲ့အစည်းတစ်ခုခုသည် ပါမစ် သက်တမ်းကုန်ဆုံး၍ ပါမစ်သက်တမ်းတိုးလျှောက်ထားလာပါက သက်ဆိုင်ရာ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများသည် လိုအပ်သည်များ စိစစ်မှုပြုလုပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြရမည်။

(စ) ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက လက်နက်ကိုင်ဆောင်ခွင့် ပါမစ် သက်တမ်းတိုး စာအုပ်ကို နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးရမည်။

(ဆ) ပါမစ်ဖြင့်ထုတ်ပေးထားသော လက်နက်များကို သက်တမ်းမကုန်ဆုံးမီ မပျက်မကွက် သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ပါမစ်ကိုပယ်ဖျက်၍ သေနတ်၊ ခဲယမ်းအား နီးစပ်ရာ မြို့နယ် ရဲတပ်ဖွဲ့သို့ အပ်နှံစေရမည်။

အခန်း(၁၂) ကိုင်ဆောင်ခွင့်ပြုထားသော လက်နက်ခဲယမ်းများကို သိမ်းဆည်းပိုင်ခွင့်[edit]

၂၉။ ဒေသဆိုင်ရာလုံခြုံရေးအခြေအနေအရ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့် ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့်ရရှိထားသူ မည်သူ့ကိုမဆို ယင်းကိုင်ဆောင်လျက်ရှိသည့် သေနတ်နှင့် ခဲယမ်းများကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်းဆည်းနိုင်ပါသည်။

၃၀။ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့်ရရှိထားသူ တစ်ဦးဦးသည် အခန်း ၄၊ အပိုဒ် ၉ တွင် ဖော်ပြပါရှိသည့် တာဝန်တစ်ခုခုကိုဖြစ်စေ၊ တာဝန်များကိုဖြစ်စေ ဆောင်ရွက်ရန် ပျက်ကွက်သည်ဟု ခိုင်လုံသည့်အကြောင်းရှိလျှင် ပြည်ထဲရေးဝန်ကြီးဌာနသည် ထိုသူအား ယင်း ကိုင်ဆောင်လျက်ရှိသည့် သေနတ်နှင့်ခဲယမ်းများကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်းဆည်း နိုင်ပါသည်။

အခန်း(၁၃) အထွေထွေ[edit]

၃၁။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့ထုံးစံအရ အမဲလိုက်ရန် ကိုင်ဆောင်အသုံးပြုသည့် တစ်လုံးထိုး ပြောင်းချော တူမီးသေနတ်များကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ မှတ်ပုံတင်၍ ခွင့်ပြုချက်ဖြင့် ကိုင်ဆောင်ရမည်။

၃၂။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် မိမိမြို့နယ်အတွင်းရှိ လိုင်စင်ဖြင့်ကိုင်ဆောင်သော သေနတ်၊ ပါမစ်ဖြင့် ကိုင်ဆောင်သောသေနတ်၊ လက်ဆောင်သေနတ်၊ ဆုသေနတ်နှင့် ဓလေ့ထုံးစံအရ အမဲလိုက်ရန် ကိုင်ဆောင်သော တစ်လုံးထိုးပြောင်းချောတူမီးသေနတ်တို့ကို ခြောက်လလျှင်တစ်ကြိမ် စစ်ဆေးရမည်။ လိုအပ်ပါက လုံခြုံရေးအဖွဲ့အစည်းများမှ စုံစမ်းမေးမြန်းပိုင်ခွင့်ရရှိသည့်အပြင်၊ ယင်းသို့ စုံစမ်းရန်ကိစ္စ အလို့ငှာ အဆိုပါ လက်နက်ကိုပြသရန် ဆင့်ဆိုနိုင်ခွင့်ရှိသည်။

၃၃။ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လိုင်စင်ပါ စည်းကမ်းချက်ကိုဖြစ်စေ၊ ပါမစ်ပါ စည်းကမ်းချက်ကို ဖြစ်စေ ထုတ်ပြန်ထားသည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူတွင်ပါရှိသည့် စည်းကမ်းသတ်မှတ်ချက် တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်။

၃၄။ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်ပတ်သက်၍ ယခင်ဤဝန်ကြီးဌာန၏ ၉-၅-၁၉၇၇ ရက်စွဲပါ အမိန့်အမှတ် ၅၅ ဖြင့် ထုတ်ပြန်ခဲ့သည့်အမိန့်အား ပယ်ဖျက်လိုက်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန