လက်နက်ကိုင်ဆောင်ရေးမူ (၁၉၇၇)

From Wikisource
Jump to navigation Jump to search
လက်နက်ကိုင်ဆောင်ရေးမူ  (1977) 

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန(ဝန်ကြီးရုံး)
(လက်နက်ကိုင်ဆောင်ရေးမူ)
အမှတ် ၅၅
ရန်ကုန်မြို့၊ ၁၃၃၉ ခု၊ ကဆုန်လပြည့်ကျော် ၈ ရက်။
(၁၉၇၇ ခု၊ မေလ ၉ ရက်။)

အမှတ် ၅၅ ။ ။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် နောက်ဆက်တွဲ (က) ပါ လက်နက်ကိုင်ဆောင်ရေးမူကို အများပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာလိုက်ပါသည်။

နောက်ဆက်တွဲ (က) လက်နက်ကိုင်ဆောင်ရေးမူ[edit]

အခန်း (၁) နိဒါန်း[edit]

၁။ လက်နက်ကိုင်ဆောင်ရန် လိုင်စင်များထုတ်ပေးခြင်း၊ ပါမစ်များထုတ်ပေးခြင်း၊ နိုင်ငံတော်ပိုင် လက်နက်များ ငှါးရမ်းခြင်း စသည်တို့နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၎င်း၏ ၁၀-၁၂-၅၉ နေ့စွဲပါ စာအမှတ် စ-၁၃/၀၂၂ နှင့် ၁၁-၁၂-၅၉ နေ့စွဲပါ စာအမှတ် စ-၁၃/ ၀၅၈ တို့အရ၊ လက်နက်ကိုင်ဆောင်ရေးမူတရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ထုတ်ပြန်ခဲ့သည့် လက်နက်ကိုင်ဆောင် ရေးမူကို ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ ဖြစ်စေရန် ပြန်လည် စိစစ်၍ လိုအပ်သည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည့် ဤလက်နက်ကိုင်ဆောင်ရေးမူကို ထပ်မံထုတ်ပြန်ရခြင်းဖြစ်ပါသည်။

၂။ တည်ဆဲလက်နက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များတွင် ပါရှိသော ပြဋ္ဌာန်းချက်များကို ဤလက်နက် ကိုင်ဆောင်ရေးမူနှင့်အညီ လိုက်နာကျင့်သုံးရန်ဖြစ်ပါသည်။

အခန်း(၂) ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား[edit]

၃။ အောက်ဖော်ပြပါ သေနတ်အမျိုးအစားများကို သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများအား ကန့်သတ်သည့် အရေအတွက်ထက် မပိုစေဘဲ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်း ကောင်း ကိုင်ဆောင်ခွင့်ပြုရန်ဖြစ်ပါသည်၊

(က) လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား

(၁) ၃၈ ဘိုး နှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ် (Irrespective of number of chambers)၊
(၂) ၃၈ ဘိုး၊ သို့မဟုတ် ၉ မီလီမီတာထက် ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊
(၃) ၁၂ ဘိုးနှင့် ၎င်းထက် ပြောင်းဝငယ်သော ပြောင်းချောသေနတ်၊
(၄) ၂၂ ဘိုးနှင့် ၎င်းထက်ပြောင်းဝကျယ်သော အမဲလိုက်သေနတ်၊
(၅) လေသေနတ်။

(ခ) ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား

(၁) ၃၈ ဘိုး၊ သို့မဟုတ် ၉ မီလီမီတာနှင့် ၎င်းတို့ထက် ပြောင်းဝကျယ်သော ပစ္စတိုသေနတ်၊
(၂) ရိုင်ဖယ်၊
(၃) စတင်းသေနတ်၊
(၄) ကာဘိုင်သေနတ်။

မှတ်ချက်။ ။ ပါမစ်ဖြင့် ကိုင်ဆောင်ရန် ခွင့်ပြုသည့် သေနတ်သည် နိုင်ငံတော်ပိုင်သေနတ်အဖြစ်ဖြင့် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တွင် မှတ်ပုံတင်စာရင်းသွင်းပြီးသည့် သေနတ်ဖြစ်ရပါမည်။ ယင်း သေနတ်အမျိုးအစားကို ကိုင်ဆောင်ခွင့် ပြုထားခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရှိ လိုသော စာရင်းများကို ပေးရန်ဖြစ်ပါသည်။

၄။ အထက်ပါအပိုဒ် ၃ (က)နှင့် အပိုဒ် ၃ (ခ)တွင် ဖေါ်ပြပါသေနတ်အမျိုးအစားများအပြင် အခြား သေနတ်အမျိုးအစားများ ကိုင်ဆောင်ခွင့်ပြုရေးအတွက် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသည် အခါအားလျော်စွာ ညွှန်ကြားသတ်မှတ်နိုင်ပါသည်။

၅။ အထက်အပိုဒ် ၃ (ခ) တွင် ဖော်ပြပါရှိသည့် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား များအနက် ရိုင်ဖယ်၊ စတင်းသေနတ်နှင့် ကာဘိုင်သေနတ်များကို ဒေသဆိုင်ရာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဒေသအလိုက် တရားဝင် ဖွဲ့စည်းထားသည့် နိုင်ငံတော်၏ လုပ်ငန်းများဆိုင်ရာ လုံခြုံမှုအဖွဲ့အစည်း၊ သောင်းကျန်းသူ ဆန့်ကျင်ရေး အဖွဲ့အစည်း၊ ပြည်သူ့စစ်အဖွဲ့အစည်း စသည်များကိုသာကိုင်ဆောင်ခွင့် ပြုရန်ဖြစ်ပါသည် ၊ယင်းသေနတ် များကို ပုဂ္ဂိုလ်တဦးချင်းအားသီးခြားကိုင်ဆောင်ခွင့် ပြုမည်မဟုတ်ပါ။ သို့ရာတွင် အထူးကိစ္စရပ် အနေ ဖြင့် ပုဂ္ဂိုလ်တဦးချင်းအား သီးခြားကိုင်ဆောင်ခွင့် ပြုရန်လိုအပ်ပါက ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသို့ တင်ပြ၍ သဘောတူညီချက် ရယူရ ပါမည်။

၆။ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့် ပြုသည်ဖြစ်စေ၊ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည်ဖြစ်စေ သေနတ်တွင် တပ်ဆင်သော အဝေးကြည့်မှန်ပြောင်း (Telescopic Sight) နှင့် အသံတိတ်စေသော ကိရိယာ (Silencer) များကို လုံးဝခွင့်မပြုပါ။

အခန်း (၃) သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားသူများအတွက်အရည်အချင်း သတ်မှတ်ချက်[edit]

၇။ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားသူသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံမှသာ သေနတ်ကိုင်ဆောင်ခွင့် ပြုရန်ဖြစ်ပါသည်-

(က) အသက်၁၈ နှစ်၊ ပြည့်ပြီးသူဖြစ်ရမည် (လေသေနတ်ကိုင်ဆောင်ခွင့် လိုင်စင်အတွက် အသက် ၁၄ နှစ်ပြည့်ပြီးသူဖြစ်ရမည်)၊

(ခ) နိုင်ငံတော်အပေါ် သစ္စာရှိသူ ဖြစ်ရမည်၊

(ဂ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်၊

(ဃ) လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်သူဖြစ်ရမည်၊

(င) နိုင်ငံတော်၏လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေးကို လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်းအားဖြင့် အနှောင့်အယှက်ပြုနိုင်သူ မဖြစ်စေရ။

၈။ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားသည့်အခါတွင် အထက်အပိုဒ် ၇ ပါအရည်အချင်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ အောက်ဖော်ပြပါအတိုင်း ထောက်ခံချက်များပါရှိရပါမည်-

(က) ပြည်သူ့ဝန်ထမ်း မဟုတ်သူများ။ ။ ပြည်သူ့ဝန်ထမ်းမဟုတ်သူများအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့၏ ထောက်ခံချက်ပါရှိရပါမည်။

(ခ) ပြည်သူ့ဝန်ထမ်းများ။ ။ ပြည်သူ့ဝန်ထမ်းများအတွက် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၏ အကြီးအကဲ၏ ထောက်ခံချက် ပါရှိရပါမည်။

(ဂ) တပ်မတော်သားများ။ ။ တပ်မတော်သားများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၏ ထောက်ခံချက်ပါရှိရပါမည်။

အခန်း (၄) သေနတ်ကိုင်ဆောင်ခွင့် ရရှိသူများ၏ တာဝန်များ[edit]

၉။ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း သေနတ်ကိုင်ဆောင်ခွင့် ရရှိသူများတွင် အောက်ပါတာဝန်များရှိပါသည်-

(က) ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ထိန်းသိမ်း စောင့်ရှောက်ရန်အလို့ငှါ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါတွင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိ သည်၊

(ခ) ပြစ်မှုဆိုင်ရာမှုခင်းများနှင့် ဒုစရိုက်လုပ်ငန်းများကို တားဆီးနှိမ်းနှင်းရေးအတွက် မိမိနှင့် သက်ဆိုင် သော ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ် ကဖြစ်စေ အကူအညီတောင်းခံသည့်အခါ ပါဝင်ကူညီဆောင်ရွက်ရန်တာဝန်ရှိသည်။

(ဂ) မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ သို့မဟုတ် မိမိလက်ဝယ်သေနတ် ကိုင်ဆောင်ထားချိန်၌ မိမိရောက် ရှိနေသည့် နေရာဒေသတခုခုတွင် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ပြည်သူပိုင်ပစ္စည်းများ၊ သမဝါယမပိုင် ပစ္စည်းများနှင့် အများပိုင် ပစ္စည်းများကို အန္တရာယ်ပြု ဖျက်ဆီးနေသူများကို တွေ့ရှိလျှင် ဒေသ ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ချမှတ်ထားသည့် စည်းကမ်းဘောင်အတွင်းမှ မိမိ၏စွမ်းအား ရှိသရွေ့ လိုအပ်သလို ပါဝင်ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။

အခန်း (၅) ကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်နှင့် ယမ်းတောင့်အရေအတွက်[edit]

၁၀။ သေနတ်အရေအတွက်။ ။ ပုဂ္ဂိုလ်တဦးချင်း အနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်း အနေဖြင့်လည်းကောင်း ကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်ကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-

(က) တဦးချင်းကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်

(၁) ပြည်သူ့ဝန်ထမ်းမဟုတ်သူဖြစ်လျှင် အထက်အပိုဒ် ၃ (က)ပါလိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများအနက် ကြိုက်နှစ်သက်ရာသေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင် ခွင့်ပြုနိုင်ပါသည်။
(၂) ပြည်သူ့ဝန်ထမ်းဖြစ်လျှင် အထက်အပိုဒ် ၃ (က)ပါ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ် အမျိုးအစားများအနက်ကြိုက်နှစ်သက်ရာသေနတ်အမျိုးအစား ၃ လက်အထိကိုသော်လည်းကောင်း၊ အထက်အပိုဒ် ၃ (ခ) (၁)ပါ ပါမစ်ဖြင့်ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစား ၁ လက်ကိုသော် လည်းကောင်း ကိုင်ဆောင်ခွင့်ပြုနိုင်ပါသည်။
(၃) မည်သူမဆို လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း မျိုးတူသေနတ် အမျိုး အစား ၁ လက်ထက်ပိုမိုကိုင်ဆောင်ခွင့်မရှိစေရ။

(ခ) အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်

(၁) ဒေသဆိုင်ရာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ထိန်းသိမ်း စောင့်ရှောက်မှုအတွက် ဒေသအလိုက် တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်၏ လုပ်ငန်းများ ဆိုင်ရာ လုံခြုံမှုအဖွဲ့အစည်းများအား အထက်အပိုဒ် ၃ (ခ) ပါ ပါမစ်ဖြင့်ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုး အစားများကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှသော်လည်းကောင်း၊ ဤကိစ္စအတွက် တာဝန် ပေးအပ်ခြင်းခံရသော အဖွဲ့မှသော်လည်းကောင်း သင့်လျော်သလို သတ်မှတ်ပေးသည့် အရေအတွက် အတိုင်း ကိုင်ဆောင်ခွင့်ပြုနိုင်ပါသည်။
(၂) ယင်းသို့ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသည့်သေနတ်များကို ဆက်လက်ကိုင်ဆောင်ခွင့်ပြုရန် မလိုအပ်သည့်အခါ ယင်းသေနတ်များကိုပါမစ်နှင့်တကွသက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ ပြန်လည်အပ်နှံ စေရန် ဖြစ်ပါသည်။ (တပ်မတော်မှ ထုတ်ပေးထားသည့် လက်နက်များအကျုံးမဝင်ပါ)၊
(၃) သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများအား သေနတ်လက် နက် ကိုင်ဆောင်ခွင့်ပြုခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရန်ဖြစ်ပါသည်။

၁၁။ ယမ်းတောင့် အရေအတွက် ။ ။ သေနတ်အမျိုးအစားအသီးသီးအတွက် အများဆုံးထားရှိခွင့် ပြုသည့် ယမ်းတောင့်အရေအတွက်ကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-

(က) လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များအတွက် အများဆုံးထားရှိခွင့်ပြုသည့် ယမ်းတောင့် အရေအတွက်

(၁) ဆုံလည်သေနတ် — ၅၀
(၂) ပစ္စတိုသေနတ် — ၅၀
(၃) ၁၂ ဘိုးနှင့် ၎င်းထက်ပြောင်းဝငယ်သော ပြောင်းချောသေနတ် — ၅၀
(၄) ၂၂ အမဲလိုက် သေနတ် — ၁၀၀
(၅) ၂၂ ထက်ပြောင်းဝကျယ်သောအမဲလိုက်သေနတ် — ၁၀၀

(ခ) ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက်အများဆုံးထားရှိခွင့်ပြုသည့် ယမ်းတောင့် အရေအတွက်

(၁) ပစ္စတိုသေနတ် — ၅၀
(၂) ရိုင်ဖယ် — ၁၀၀
(၃) စတင်းသေနတ် — ၁၀၀
(၄) ကာဘိုင်သေနတ် — ၁၀၀

(ဂ) အထက်ဖော်ပြပါ သေနတ်အမျိုးအစားအလိုက် အများဆုံးထားရှိခွင့်ပြုသည့် ယမ်းတောင့် အရေအတွက်ထက် ပိုမို ကိုင်ဆောင်လိုပါက ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ကြိုတင် သဘောတူညီချက်ရယူ၍ ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်။

အခန်း (၆) လက်ဆောင်သေနတ်များ (Gift Guns) နှင့် ဆုသေနတ်များ (Reward Guns)[edit]

၁၂။ လက်ဆောင်သေနတ်များ (Gift Guns) ။ ။ လက်ဆောင်သေနတ်များနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) နိုင်ငံခြားအစိုးရမှ လက်ဆောင်အဖြစ်ပေး၍ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်က အသိအမှတ်ပြုသော သေနတ်များကိုလိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုရန်ဖြစ်ပါသည်။ သို့သော် ယင်း သေနတ်များသည် တပ်မတော်သုံး စစ်လက်နက်အမျိုးအစား မဖြစ်စေရပါ။

(ခ) ယင်းသေနတ်များကို အထက်အပိုဒ် ၁၀ တွင် ကန့်သတ်ထားသည့်သေနတ်အရေအတွက်တွင် ထည့်သွင်းတွက်ချက်ချင်း မပြုရန် ဖြစ်ပါသည်။

(ဂ) လက်ဆောင်သေနတ် ကိုင်ဆောင်သူ ကွယ်လွန်သွားလျှင်သော်လည်းကောင်း၊ အသက်အရွယ်ကြီး၍ ဆက်လက် မကိုင်ဆောင်လိုလျှင်သော်လည်းကောင်း ယင်းသေနတ်ကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ ပြန်လည်အပ်နှံရပါမည်။

(ဃ) လက်ဆောင်သေနတ်ကို အခြားသူ တဦးဦးအား လွှဲပြောင်းပေးခြင်းမပြုနိုင်ပါ။

၁၃။ ဆုသေနတ်များ (Reward Guns) ။ ။ ဆုသေနတ်များနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်က ဆုအဖြစ်ချီးမြှင့်သည့် သေနတ်များကို လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ဖြင့်ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်။

(ခ) ယင်းသေနတ်များကို အထက်အပိုဒ် ၁၀ တွင် ကန့်သတ်ထားသည့် သေနတ်အရေအတွက်တွင် ထည့်သွင်း တွက်ချက်ခြင်းမပြုရန် ဖြစ်ပါသည်။

(ဂ) ဆုသေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သီးခြားသတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

အခန်း (၇) လွှဲပြောင်းကိုင်ဆောင်ခွင့် စည်းကမ်းများ[edit]

၁၄။ ဆုသေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်။ ။ ဆုသေနတ်များလွှဲပြောင်းကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) ဆုသေနတ် ကိုင်ဆောင်သူ သေဆုံးသွားလျှင်ဖြစ်စေ၊ သို့မဟုတ် ထိုသူသည် ယင်းဆုသေနတ်ကို ဆက်လက်ကိုင်ဆောင်ခြင်းမပြုလိုလျှင်ဖြစ်စေ ဆုသေနတ် ကိုင်ဆောင်သူ၏ ဇနီး/ခင်ပွန်း၊ သို့မဟုတ် သားရင်း သမီးရင်း တဦးဦးအနေဖြင့် အမွေစား အမွေခံအဖြစ်သော်လည်းကောင်း၊ သားစဉ်မြေးဆက် အမှတ်တရ ပစ္စည်းတခုအနေဖြင့်သော်လည်းကောင်း လွှဲပြောင်းကိုင်ဆောင်လိုပါက ယင်းသို့ ကိုင်ဆောင် လိုကြောင်း လျှောက်ထားရပါမည်။

(ခ) ယင်းသို့ လျှောက်ထားလာပါက လျှောက်ထားသူ၏ အခြေအနေပေါ်မူတည်၍ စိစစ်ကာ ဆုသေနတ်ကို ဆက်လက်ထိန်းသိမ်း ကိုင်ဆောင်ထိုက်သူဖြစ်ပါက လိုင်စင်ကင်းလွတ်ခွင့် လက်မှတ် (Exemption Certificate) ဖြင့်ပင် လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုရန် ဖြစ်ပါသည်။

(ဂ) အကယ်၍ လျှောက်ထားသူသည် ဆုသေနတ်ကို ဆက်လက်ထိန်းသိမ်းကိုင်ဆောင်ခွင့် မပြုထိုက်သူဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါဆုသေနတ်ကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ အပ်နှံစေရပါမည်။

၁၅။ ဓလေ့ထုံးစံအရ သေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်။ ။ ဓလေ့ထုံးစံအရ သေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) ၁၉၀၇ ခု၊ ကျေးရွာအက်ဥပဒေအာဏာ မသက်ရောက်သည့်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများသည် မိမိတို့၏လူမျိုးစု အစဉ်အဆက် လိုက်နာကျင့်သုံးကြသော ဓလေ့ထုံးစံ အရမိမိတို့၏ မိဘဘိုးဘွားများ ကိုင်ဆောင်ခဲ့ကြသည့် သေနတ်များကို သားစဉ်မြေးဆက် ဆက်ခံ ထိန်းသိမ်းကိုင်ဆောင်လိုပါက ယင်းသို့ကိုင်ဆောင်လိုကြောင်း လျှောက်ထားရပါမည်။

(ခ) ယင်းသို့ လျှောက်ထားလာပါက လျှောက်ထားသူ၏ လူမျိုးစုဆိုင်ရာ ဓလေ့ထုံးစံများနှင့်အညီ စိစစ်လျက် သားစဉ်မြေးဆက် ဆက်ခံထိန်းသိမ်းကိုင်ဆောင် ထိုက်သူဖြစ်ပါက သေနတ်အမျိုးအစား အလိုက်လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုရန်ဖြစ်ပါသည်။

(ဂ) အကယ်၍လျှောက်ထားသူသည် သားစဉ်မြေးဆက်ဆက်ခံထိန်းသိမ်းကိုင်ဆောင်ခွင့်မပြုထိုက်သူ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါသေနတ်ကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ အပ်နှံစေရပါမည်။

၁၆။ အခြားနည်းဖြင့် လွှဲပြောင်းကိုင်ဆောင်ခွင့်။ ။ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များကို လက်ရှိ ကိုင်ဆောင်ခွင့်ရထားသူ တဦးဦးထံမှ အခမဲ့ရယူခြင်းဖြင့်သော်လည်းကောင်း၊ ဝယ်ယူခြင်းဖြင့် သော်လည်းကောင်း လွှဲပြောင်းကိုင်ဆောင်ခွင့်လျှောက်ထားသည့် ကိစ္စရပ်တွင် အောက်ပါအတိုင်း စိစစ် ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) သေနတ်လွှဲပြောင်းပေးမည့်သူနှင့် သေနတ်လွှဲပြောင်းကိုင်ဆောင်မည့်သူတို့သည် အကြောင်းအရာ ပြည့်စုံစွာ ဖော်ပြ၍ လျှောက်ထားရပါမည်။

(ခ) လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားသည့် သေနတ်သည် လျှောက်ထားသည့်အချိန်တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း ကိုင်ဆောင်ခွင့်လိုင်စင် လဲလှယ်ပြီးသည့် သေနတ်ဖြစ်ရပါ မည်။ ကိုင်ဆောင်ခွင့်လိုင်စင် သက်တမ်းကုန်ဆုံးနေသည့် သေနတ်ကို လွှဲပြောင်းကိုင်ဆောင်ခွင့် မပြုရန် ဖြစ်ပါသည်။

(ဂ) ယာယီသိမ်းဆည်းထားသော၊ သို့မဟုတ် ယာယီအပ်နှံထားသော သေနတ်ဖြစ်ပါက လွှဲပြောင်း ကိုင်ဆောင်ခွင့်မပြုရန် ဖြစ်ပါသည်။ အကယ်၍ ယင်းသေနတ်အမျိုးအစားကို လွှဲပြောင်း ကိုင်ဆောင်ခွင့် ပြုလိုပါက ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ကို ကြိုတင် ရယူရပါမည်၊

(ဃ) လွှဲပြောင်းကိုင်ဆောင်ခွင့် လျှောက်ထားသူသည် အပိုဒ် ၇ နှင့်အပိုဒ် ၈ တွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များနှင့် ညီညွတ်သူဖြစ်ရပါမည်။

အခန်း (၈) နိုင်ငံခြားမှ သေနတ်လက်နက်နှင့် ခဲယမ်းမီးကျောက်များ ဝယ်ယူတင်သွင်းခွင့်[edit]

၁၇။ ယခင်ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀-၈-၆၉ နေ့စွဲပါ စာအမှတ် ၁၂၀/၃/ ဦး-၁ အရ၊ အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေသူများသည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ တော်သို့ အပြန်တွင် နိုင်ငံခြားမှ သေနတ်လက်နက်နှင့် ခဲယမ်းမီးကျောက်များ ဝယ်ယူ လာခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤကိစ္စအလို့ငှါ နောက်ထပ် ညွှန်ကြားချက်တစုံအရာ ထုတ်ပြန်ခြင်း မပြုမီအတွင်း ယင်းပိတ်ပင်တားမြစ်ချက်သည် ဆက်လက် အတည် ဖြစ်ပါသည်၊

၁၈။ သို့ရာတွင် နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများအတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏ ခွင့်ပြုချက်အရ နိုင်ငံခြားတိုင်းပြည်များ၌ ပါဝင်ယှဉ်ပြိုင်ရသည့် သေနတ်ပစ်အသင်းအဖွဲ့ များအတွက်သော်လည်းကောင်း သေနတ်လက်နက်နှင့် ခဲယမ်းမီးကျောက်များကို နိုင်ငံခြားမှ ဝယ်ယူ တင်သွင်းရန် လိုအပ်ပါက ယင်းသို့ လိုအပ်ကြောင်း အကျိုးအကြောင်းဖော်ပြ၍ ပြည်ထဲရေးနှင့်သာသနာ ရေးဝန်ကြီးဌာနသို့ လျှောက်ထားရပါမည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက လိုအပ်သည့် စိစစ်မှုများပြုလုပ်၍ နိုင်ငံခြားမှသေနတ်နှင့် ခဲယမ်းမီးကျောက် များ ဝယ်ယူတင်သွင်းခွင့် ပါမစ်ထုတ်ပေး မည်ဖြစ်ပါသည်။

အခန်း (၉) သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ်လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း[edit]

၁၉။ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားခြင်း။ ။ အခန်း၂ ၊ အပိုဒ် ၃ (က) အရ၊ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် လိုင်စင်လျှောက်ထားလာပါက အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်အလက်များကို ဖော်ပြ၍ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားရပါမည်-

(၁) အမည်၊
(၂) အသက်၊
(၃) အဘအမည်၊
(၄) လူမျိုး၊
(၅) ကိုးကွယ်သည့်ဘာသာ၊
(၆) အလုပ်အကိုင်၊
(၇) နေရပ်လိပ်စာ၊
(၈) အမျိုးသားမှတ်ပုံတင်အမှတ်၊
(၉) သေနတ်လွှဲပြောင်းပေးမည့်သူ အမည်၊
(၁၀) သေနတ်အမျိုးအစား၊
(၁၁) သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်အမှတ်၊
(၁၂) သေနတ်ကိုင်ဆောင်ခွင့်ပြုစေလိုသည့်ဒေသ၊
(၁၃) သေနတ်လွှဲပြောင်းခြင်းအကြောင်း။

မှတ်ချက်။ ။ ပြည်သူ့ဝန်ထမ်းများနှင့် တပ်မတော်သားများသည် သက်ဆိုင်ရာမှတဆင့် လျှောက်ထားရန် ဖြစ်ပါသည်။

(ခ) မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးသည် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသည့်ကိစ္စများကို ဤညွှန်ကြားချက်ပါ သတ်မှတ်ချက်များနှင့်ညီ မညီစိစစ်၍ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရပါမည်။

(ဂ) မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင်ရန် တာဝန် လွှဲအပ်ထားသည့် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသည့် ကိစ္စများကို စိစစ်တင်ပြလာ သောအခါ သက်ဆိုင်ရာ မြို့နယ်အတွင်း၊ သို့မဟုတ် သက်ဆိုင်ရာပြည်နယ်/တိုင်းအတွင်းရှိ အချို့သော မြို့နယ်များအတွင်း၊ သို့မဟုတ် သက်ဆိုင်ရာ ပြည်နယ်/တိုင်း တဝှန်းလုံးအတွင်း၊ သို့မဟုတ် ပြည်ထောင် စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် တဝှန်းလုံးအတွင်း လိုင်စင်ထုတ်ပေးရန် သင့်မသင့်ဆုံးဖြတ်၍ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရပါမည်။

(ဃ) ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင် ရန် တာဝန်လွှဲအပ်ထားသည့် ပြည်နယ်/ တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် များသည် သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့များက သေနတ်ကိုင်ဆောင်ခွင့် လိုင်စင် လျှောက်ထားသည့် ကိစ္စများကို တင်ပြလာသောအခါ ပြည်နယ်/တိုင်းအတွင်းရှိ မြို့နယ်တခုအတွင်း၊ သို့မဟုတ် ပြည်နယ်/တိုင်းအတွင်းရှိ မြို့နယ်အချို့အတွင်း၊ သို့မဟုတ် ပြည်နယ်/တိုင်းတဝှန်းလုံးအတွင်း သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးရန် သင့် မသင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။

(င) ပြည်နယ်/ တိုင်းအတွင်းရှိ မြို့နယ်တခုအတွင်း၊ သို့မဟုတ် ပြည်နယ်/ တိုင်းအတွင်းရှိ မြို့နယ် အချို့အတွင်း၊ သို့မဟုတ် ပြည်နယ်/တိုင်းတဝှန်းလုံးအတွင်း သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေး သင့်ကြောင်း ဆုံးဖြတ်ပါက ယင်းဆုံးဖြတ်ချက်နှင့်အညီ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ပြည်သူ့ရဲတပ်ဖွဲ့ မှူးသည် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ကို လိုအပ်သလို လက်မှတ်ရေးထိုး ထုတ်ပေးပြီးလျှင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးများထံသို့ အကြောင်းကြား၍ မှတ်ပုံတင်စေရပါမည်။

(စ) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တဝှန်းလုံးအတွင်း သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးသင့်ကြောင်း ထောက်ခံရန် ဆုံးဖြတ်သည့် ကိစ္စများတွင် ပြည်နယ်/တိုင်း ပြည်သူ့ရဲ တပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင်ရန် တာဝန်လွှဲထားအပ်သည့် ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှု ဆောင်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များနှင့်အတူ ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြရပါမည်။

(ဆ) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တဝှန်းလုံးအတွင်း သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်များကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့က လိုအပ်သလို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂၀။ သေနတ်ကိုင်ဆောင်ခွင့်ပါမစ် လျှောက်ထားခြင်း။ ။ အခန်း ၂ ၊ အပိုဒ် ၃ (ခ) (၁) အရ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် ပါမစ်လျှောက်ထားလာပါက အောက်ပါအတိုင်းဆောင်ရွက် ရန်ဖြစ်ပါသည်-

(က) ပါမစ်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုရန် သတ်မှတ်သော သေနတ်ကို လိုင်စင်ဖြင့် ကိုင်ဆောင်ထား သူသည် ယင်းသေနတ်ကို ဆက်လက်ကိုင်ဆောင်ခွင့်ပြုရန် ပါမစ်လျှောက်ထားလိုပါက ရှေးဦးစွာအဆို ပါသေနတ်ကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တွင်အပ်နှံ၍ နိုင်ငံတော်ပိုင်သေနတ် အဖြစ် မှတ်ပုံတင် ရပါမည်။ ယင်းသို့ နိုင်ငံတော်ပိုင် သေနတ်အဖြစ် မှတ်ပုံတင်ပြီးမှသာလျှင် ယင်းသေနတ်ကိုင်ဆောင်ခွင့် ပါမစ်လျှောက်ထားနိုင်ပါသည်။

(ခ) သေနတ်ကိုင်ဆောင်ခွင့် ပါမစ်လျှောက်ထားသူသည် အောက်ပါအချက်အလက်များကို ဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားရပါမည်-

(၁) အမည်၊
(၂) အသက်၊
(၃) အဘ အမည်၊
(၄) လူမျိုး၊
(၅) ကိုးကွယ်သည့်ဘာသာ၊
(၆) အလုပ်အကိုင်၊
(၇) နေရပ်လိပ်စာ၊
(၈) အမျိုးသား မှတ်ပုံတင်အမှတ်၊
(၉) သေနတ်အမျိုးအစား/ ဘိုး/ နံပါတ်၊
(၁၀) သေနတ်မှတ်ပုံတင်ထားသော ပြည်သူ့ရဲတပ်ဖွဲ့၊
(၁၁) သေနတ်ကိုင်ဆောင်ခွင့်ပြုစေလိုသည့်ဒေသ၊
(၁၂) သေနတ်ကိုင်ဆောင်လိုခြင်း အကြောင်းပြချက်၊
(၁၃) သက်ဆိုင်ရာအဖွဲ့အစည်း/ ဌာန ထောက်ခံချက်။

(ဂ) သေနတ် ကိုင်ဆောင်ခွင့်ပါမစ်လျှောက်ထားချက်နှင့်ပတ်သက်၍ အထက်အပိုဒ် ၁၉ ၊ အပိုဒ်ခွဲ (ခ) မှ (စ) တွင် သတ်မှတ်ထားချက်နှင့် အညီ လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

၂၁။ အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် ပါမစ်လျှောက်ထားခြင်း။ ။ အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်များအတွက် ပါမစ်လျှောက်ထားလာပါက သက် ဆိုင်ရာ ပြည်နယ်/တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီးလျှင် သတ်မှတ်သည့်အတိုင်း ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသို့ လည်းကောင်း၊ ဤကိစ္စအလို့ငှါ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့အစည်းသို့လည်းကောင်း ဆက်လက် ပေးပို့ရန်ဖြစ်ပါသည်။

၂၂။ ဆုသေနတ်များ (Reward Guns) အတွက် လွှဲပြောင်းကိုင်ဆောင်နိုင်ရန်လိုင်စင် ကင်းလွတ်ခွင့် လက်မှတ် (Exemption Certificate) လျှောက်ထားခြင်း။ ။အခန်း၆၊ အပိုဒ် ၁၃ တွင် သတ်မှတ် ထားသော ဆုသေနတ်များ (Reward Guns) ကို လွှဲပြောင်းကိုင်ဆောင်ခွင့် ပြုရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) ဆုသေနတ်များ (Reward Guns) ကို လွှဲပြောင်းကိုင်ဆောင်ရန်အတွက် လျှောက်ထားသူသည် အောက်ပါအချက်များကို ဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားရပါမည်-

(၁) အမည်၊
(၂) အသက်၊
(၃) အဘအမည်၊
(၄) လူမျိုး၊
(၅) ကိုးကွယ်သည့်ဘာသာ၊
(၆) အလုပ်အကိုင်၊
(၇) နေရပ်လိပ်စာ၊
(၈) အမျိုးသားမှတ်ပုံတင်အမှတ်၊
(၉) သေနတ်လွှဲပြောင်းပေးမည့်သူအမည်၊
(၁၀) ဆွေမျိုးတော်စပ်ပုံ၊
(၁၁) သေနတ်အမျိုးအစား/ ဘိုး/ နံပါတ်၊
(၁၂) လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) နံပါတ်နှင့် ထုတ်ပေးသည့် အာဏာပိုင်၊
(၁၃) သေနတ်ကိုင်ဆောင်ခွင့်ပြုစေလိုသည့် ဒေသ၊
(၁၄) လွှဲပြောင်းကိုင်ဆောင်လိုခြင်းအကြောင်း၊
(၁၅) သက်ဆိုင်ရာ အဖွဲ့အစည်း/ ဌာနအကြီးအကဲ၏ ထောက်ခံချက် (လိုအပ်လျှင်)။

(ခ) မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးသည် ဆုသေနတ်များ (Reward Guns)လွှဲပြောင်းကိုင်ဆောင်ခွင့် လျှောက်ထားသည့်ကိစ္စများကို ဤညွှန်ကြားချက်တွင်ပါရှိသော သတ်မှတ်ချက်များနှင့် ညီ မညီစိစစ်၍ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရပါမည်။

(ဂ) မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင်ရန် တာဝန် လွှဲထားသည့် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် လွှဲပြောင်းကိုင်ဆောင် ခွင့်ပြု ရန် ထောက်ခံသင့် မသင့်ဆုံးဖြတ်၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြရပါမည်။

(ဃ) ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင် ရန် တာဝန်လွှဲအပ်ခြင်းခံရသော ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဆုသေနတ်များ (Reward Guns) လွှဲပြောင်း ကိုင်ဆောင်ခွင့်ပြုရန်ကိစ္စကို ထောက်ခံတင်ပြလာသောအခါ လွှဲပြောင်းကိုင်ဆောင်ခွင့်ပြုရန် သင့် မသင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်၊

(င) ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင် ရန် တာဝန်လွှဲထားသည့် ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များက လွှဲပြောင်း ကိုင်ဆောင်ခွင့် ပြုရန်သင့်ကြောင်း ဆုံးဖြတ်ပါက ပြည်နယ်/တိုင်း ပြည်သူ့ရဲတပ်ဖွဲ့မှူးသည် လျှောက်ထား သူအား လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ကိုလိုအပ်သလို လက်မှတ်ရေးထိုး ထုတ်ပေး၍ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြား မှတ်ပုံတင်စေရပါမည်၊

(စ) အကယ်၍ လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် တဝှန်းလုံးအတွက် ထုတ်ပေးရန် ဖြစ်ပါက ပြည်ထဲရေးနှင့်သာသနာ ရေးဝန်ကြီးဌာနသို့ တင်ပြရပါမည်။

၂၃။ ဓလေ့ထုံးစံအရ သေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့် လျှောက်ထားခြင်း။ ။ ဓလေ့ထုံးစံအရ သေနတ်များ လွှဲပြောင်းကိုင်ဆောင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင်ဖြစ်ပါက အပိုဒ် ၁၉ အရ လည်းကောင်း၊ သေနတ်ကိုင်ဆောင်ခွင့်ပါမစ်ဖြစ်ပါက အပိုဒ် ၂၀ အရလည်းကောင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။

၂၄။ တပ်မတော်မှ အငြိမ်းစားယူသည့် တပ်မတော်သားများအား လိုင်စင်ထုတ်ပေးခြင်း ။ ။ တပ်မတော်တွင် အမှုထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအနေဖြင့် တပ်မတော်တွင် အမှုထမ်း ဆောင်နေစဉ်အတွင်း မိမိတို့ကိုယ်ပိုင်သေနတ်များကို တပ်မတော်၏ ခွင့်ပြုချက်အရ စစ်ဘက် လိုင်စင်ဖြင့် ကိုင်ဆောင်လျက်ရှိရာ တပ်မတော်မှ အငြိမ်းစားယူသည့်အခါ အရပ်ဘက်လိုင်စင်ဖြင့် ဆက်လက် ကိုင်ဆောင်ခွင့်ပြုရန် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၉-၁-၆၈ နေ့စွဲပါ စာအမှတ် ၃၀၂၉/ ၂၁/ ဦး-၃ အစည်းအဝေး ဆုံးဖြတ်ချက်အပိုဒ် (က) အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ထောက်ခံချက်အရ ဤ ညွှန်ကြားချက်တွင်ဖော်ပြပါရှိသည့် မူများနှင့်အညီ လိုင်စင်/ ပါမစ် ထုတ်ပေးရန်အတွက် ဆက်လက် ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

အခန်း (၁၀) လက်နက်များအပ်နှံခြင်း[edit]

၂၅။ ကိုယ်ပိုင်လက်နက်များအပ်နှံခြင်း။ ။ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်၊ သို့မဟုတ် လိုင်စင် ကင်းလွတ် ခွင့်လက်မှတ် (Exemption Certificate) ရထားသော ပုဂ္ဂိုလ်တဦးသည် မိမိကိုင်ဆောင်ခွင့် ရထားသော သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်၊ သို့မဟုတ် လိုင်စင်ကင်းလွတ်ခွင့် လက်မှတ်(Exemption Certificate ) ဖျက်သိမ်းခြင်း ခံရလျှင်သော်လည်းကောင်း၊ မိမိကိုင်ဆောင် လျက်ရှိသည့် သေနတ်ကို ထိန်းသိမ်းကိုင် ဆောင်နိုင်သည့် ကာယ ဉာဏ စွမ်းအားမရှိလျှင်သော်လည်းကောင်း သေနတ်နှင့်တကွ သေနတ်ကိုင် ဆောင်ခွင့်လိုင်စင်၊ သို့မဟုတ် လိုင်စင်ကင်းလွတ်ခွင့်လက်မှတ် (Exemption Certificate) နှင့်တကွ သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့သို့ အပ်နှံရပါမည်။

၂၆။ အငှါးလက်နက်အပ်နှံခြင်း။ ။ သေနတ်ကိုင်ဆောင်ခွင့်ပါမစ်ဖြင့် အငှါးသဘော ထုတ်ပေးထားသော သေနတ်ကိုင်ဆောင်ခွင့် ရရှိထားသည့် ပုဂ္ဂိုလ်တဦးသည် ကိုင်ဆောင်ခွင့်ပြုထားသည့်ဒေသမှ ကိုင်ဆောင် ခွင့်မရှိသော ဒေသသို့ပြောင်းရွှေ့ရသည့်အခါတွင် လည်းကောင်း ပြည်သူ့ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သည့် အခါတွင်လည်းကောင်း၊ ဝန်ထမ်းအဖြစ်မှ ရပ်စဲခြင်း၊ ထုတ်ပယ်ခြင်းခံရသည့် အခါတွင် လည်းကောင်း၊ အငြိမ်းစားယူသည့်အခါတွင်လည်းကောင်း မိမိအားထုတ်ပေးထားသည့် သေနတ်နှင့်တကွ သေနတ်ကိုင် ဆောင်ခွင့်ပါမစ်ကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ ပြန်လည်အပ်နှံရပါမည်။ သေနတ်ပြန်လည်အပ်နှံ ကြောင်းကို သက်ဆိုင်ရာပြည်နယ်/ တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ အကြောင်းကြားရပါ မည်။

အခန်း (၁၁) လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ် သက်တမ်းကုန်ဆုံး၍လဲလှယ်ခြင်း[edit]

၂၇။ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ်သက်တမ်းကုန်ဆုံး၍ လဲလှယ်ရန် အချိန်သတ်မှတ်ချက်။ ။ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ်သက်တမ်းမှာ ပြက္ခဒိန်တစ်နှစ်ကာလ အပိုင်းအခြားသာဖြစ်၍ နှစ်စဉ်ဒီဇင်ဘာလမှ နောက်နှစ်ဆန်း ဇန်နဝါရီလ ၃၁ ရက်အတွင်း ကျသင့်သည့် အခွန်များ ပေးဆောင် စေပြီးလဲလှယ်ရပါမည်။ ဇန်နဝါရီလ (၃၁) ရက်နေ့ ကျော်လွန်ပြီးနောက် လိုင်စင်/ ပါမစ်လဲလှယ်ခွင့် လျှောက်ထားသူများကို ယင်းပြက္ခဒိန်နှစ် နိုဝင်ဘာလ မကုန်မီကာလအတွင်း ကျသင့်သောဒဏ်ငွေပေး ဆောင်စေ၍ လဲလှယ်ပေးနိုင်ပါသည်။ ယင်းသို့လဲလှယ်ပေးရာတွင် ကုန်လွန်ခဲ့သောနှစ်အတွက် လိုင်စင်/ ပါမစ် လဲလှယ်ပြီးဖြစ်သော သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ် များကိုသာ လဲလှယ်ပေးရပါမည်။ လွန်ခဲ့သောနှစ်များအတွက် လိုင်စင်/ ပါမစ်လဲလှယ်ထားခြင်း မရှိပါက အကျိုးအကြောင်း ပြည့်စုံစွာ ဖော်ပြ၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသို့ တင်ပြရပါမည်။

၂၈။ လက်နက်လိုင်စင်/ ပါမစ်လဲလှယ်ရန်လုပ်ထုံးလုပ်နည်း။ ။ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ် များ လဲလှယ်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-

(က) သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်/ ပါမစ်လဲလှယ်ပေးရန်ကိစ္စကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ သို့ လျှောက်ထားရပါမည်။

(ခ) မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးသည် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပြီးလျှင် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြရပါမည်။

(ဂ) မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ်၊ ယင်းလုပ်ငန်းကို လုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မြို့နယ် အတွင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် ကိစ္စများကို လဲလှယ်ခွင့်ပြုရန် သင့် မသင့် အဆုံးအဖြတ် ပေးရပါမည်။ မြို့နယ်ကျော်လွန်၍ သေနတ်ကိုင်ဆောင်ခွင့်ပြုရန် ကိစ္စများကို မြို့နယ်၏ မှတ်ချက်နှင့် ပြည်နယ်/ တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရပါမည်။

(ဃ) ပြည်နယ်/ တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ သို့မဟုတ် ယင်းလုပ်ငန်းကို လုပ်ဆောင် ရန် တာဝန်ပေးအပ်ခြင်းခံရသော ပြည်နယ်/ တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းအတွင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် ကိစ္စများနှင့် ပြည်နယ်/တိုင်း ကျော်လွန်၍ သေနတ်ကိုင်ဆောင်ခွင့်ပြုရန် ကိစ္စများကို လဲလှယ်ခွင့်ပြုရန် သင့်မသင့် အဆုံးအဖြတ် ပေးရပါမည်။

အခန်း (၁၂) ကိုင်ဆောင်ခွင့်ပြုထားသော လက်နက်များကို သိမ်းဆည်းပိုင်ခွင့်[edit]

၂၉။ ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေအရ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် လိုင်စင် ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့် ရရှိထားသူ မည်သူ့ကိုမဆို ယင်းကိုင်ဆောင် လျက်ရှိ သည့်သေနတ်နှင့် ခဲယမ်းမီးကျောက်များကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်းဆည်း နိုင်ပါသည်။

၃၀။ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့်ရရှိထားသူ တဦးဦးသည် အခန်း ၄ ၊ အပိုဒ် ၉ တွင် ဖော်ပြပါရှိသည့် တာဝန်တခုခုကိုဖြစ်စေ၊ တာဝန်များကို ဖြစ်စေ ဆောင်ရွက်ရန် ပျက်ကွက် သည်ဟုခိုင်လုံသည့် အကြောင်းရှိလျှင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် ထိုသူအား ယင်း ကိုင်ဆောင်လျက်ရှိသည့် သေနတ်နှင့် ခဲယမ်းမီးကျောက်များကို သက်ဆိုင်ရာ ပြည်သူ့ ရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်းဆည်းနိုင်ပါသည်။

အခန်း (၁၃) ညွှန်ကြားချက်များ ရုပ်သိမ်းခြင်း[edit]

၃၁။ လက်နက် ကိုင်ဆောင်ရေးမူနှင့် ပတ်သက်၍ ယခင်ဤဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ၁၀-၁၂-၅၉ နေ့စွဲပါ စာအမှတ် စ-၁၃/၀၂၂ အမှာစာနှင့် ၁၁-၁၂-၅၉ နေ့စွဲပါ စာအမှတ် စ-၁၃/၀၅၈ တို့ကို ပယ်ဖျက်လိုက်ပါသည်။


အမိန့်အရ၊
အုန်းကြည်၊
ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။
ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန။