ရွှေသမင်မောင်နှမ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၀။ ရွှေသမင်မောင်နှမ (ကျောင်းသားကိုင်သို့)
339353ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၀။ ရွှေသမင်မောင်နှမ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂ဝ)

ရွှေသမင်မောင်နှမ

သင်ယူမှုဦးတည်ချက် ။ ။ တစ်ဦးကိုတစ်ဦး လေးစားချစ်ခင်သော ပျော်ရွှင်ဖွယ်မိသားစုပုံရိပ်များကို ပြောပြတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မိသားစု ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဒုတိယတန်းက သင်ခဲ့ဖူးသော သင်ခန်းစာ (၂၂) မှ ပျော်ရွှင်ဖွယ်မိသားစု အကြောင်းကို ပြန်လည်ချိတ်ဆက်ပြောပြပြီး အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-မိသားစုဆိုတာ ဘာကိုပြောတာလဲ။
-မိသားစုမှာ ဘယ်သူတွေပါဝင်သလဲ။
-ကိုယ့်ရဲ့ မိသားစုကို ချစ်လား။ ဘာကြောင့်လဲ။
-ကိုယ့်ရဲ့ မောင်လေး၊ ညီမလေး၊ အစ်ကို၊ အစ်မတွေကို ချစ်လား။
-ကိုယ်လိုချင်တဲ့ မိသားစုက ဘယ်လိုပုံစံမျိုးလဲ။
-သားတို့၊ သမီးတို့ ကျောင်းနေနိုင်ဖို့၊ အဝတ်အစားဝတ်ဖို့၊ အစားအသောက်တွေ စားနိုင်ဖို့အတွက် ဘယ်သူတွေက ကြိုးစားပေးသလဲ။

֍ထို့နောက် ကလေးများက မိသားစုသစ်ပင် (Family Tree) ဆွဲကြပါစေ။ ဆရာက ဦးစွာ ဆွဲပြပေးပါ။ မိသားစုသစ်ပင်က အမျိုးမျိုးရှိနိုင်ကြောင်း ပြောပြပါ။

အဘိုး အဘွား

ကိုကို

အဘိုး အဘွား

ညီမလေး

ညီလေး

֍ကလေးများအား မိမိ၏ မိသားစုတွင် အမှန်တကယ်ရှိသောသူ (မိသားစုဝင်) များကိုသာ ပါဝင်အောင် ရေးဆွဲရမည်ဖြစ်ကြောင်း ပြောပြပါ။

֍“မိသားစုဝင်တွေဟာ အချင်းချင်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်လေးစားကြရမယ်။ ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင်ထမ်းဆောင်ရင်း အပြန်အလှန် ကျေးဇူးပြုကြရမယ်” စသည်ဖြင့် ပြောဆိုပြီး ဆရာက အနှစ်ချုပ်ပေးပါ။

֍ထို့နောက် အောက်ပါ မိသားစု ကဗျာကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

မိသားစု

အမေကြီးက ထမင်းချက်၊
တို့မိသားစုတွက်။
အဖေကြီးဝတ်တက် အမျှဝေသံ၊
သာဓုခေါ်ရပြန်။
စာအံသံ ဆူညံသွား၊
ညီပု စာကြိုးစား။
ဈေးသွားတော့မယ့် မမဟန်
နေ့စဉ် အချိန်မှန်။
အပြန်အလှန် ကျေးဇူးပြု
ငါတို့မိသားစု။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေသမင်မောင်နှမ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ရွှေသမင်မောင်နှမ ဇာတ်လမ်းကို ကလေးများစိတ်ဝင်စားအောင် အသံနေ အသံထားဖြင့် ပြောပြပါ။

ရွှေသမင်မောင်နှမ

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုမှာ ရွှေသမင်တစ်ကောင်ဟာ သမင်တွေ အများကြီးကို ခေါင်းဆောင်ပြီး မျက်မမြင်မိဘနှစ်ပါးကို ညီငယ်၊ နှမငယ်တို့နဲ့အတူ ပြုစုလုပ် ကျွေးရင်း ပျော်ရွှင်စွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရင်း ရွှေသမင်ကို တွေ့ သွားခဲ့ပြီး နေရာကို သေချာမှတ်ထားတယ်။ နောက်တစ်နေ့ ရွှေသမင်ကို တွေ့တဲ့နေရာမှာ ကျော့ကွင်းဆင်ထားတယ်။ ရွှေသမင်နဲ့အတူ သမင်တွေ ရေသောက်ဆင်းတဲ့ အခါ မုဆိုးထောင်ထားတဲ့ ကျော့ကွင်းမှာ ရွှေသမင် မိသွားတယ်။ ကျော့ကွင်းမိပေမဲ့ ရွှေသမင် ဟာ တခြားသမင်တွေ ကြောက်လန့်ပြီး ရေဆက်မသောက်မှာ စိုးတဲ့အတွက် အော်ဟစ်ခြင်း မပြုဘဲ ငြိမ်နေလိုက်တယ်။ တခြားသမင်တွေ ရေသောက်ပြီးမှ ကျော့ကွင်းကနေ လွတ်အောင် ရုန်းပါတော့တယ်။ ကျော့ကွင်းက ခိုင်မာတဲ့အတွက် မလွတ်နိုင်ဘဲ အသားအရေတွေ စုတ်ပြတ် ပြီး အရိုးကို ထိသွားပါတယ်။ အဲဒီအခါ ရွှေသမင်ဟာ အသံထွက်ပြီး အော်လိုက်မိတယ်။

သမင်တွေဟာ သမင်တစ်ကောင် ကျော့ကွင်းမိတာကို သိသွားပြီး ခြေဦးတည့်ရာ ပြေးကြတယ်။ ပြေးလွှားရင်း ရွှေသမင်ရဲ့ညီဟာ အစ်ကိုဖြစ်သူကို မမြင်ရတော့ ကျော့ကွင်းမိ နေတာ အစ်ကိုပဲဖြစ်ရမယ်လို့ တွေးမိပြီး ပြန်လှည့်လာခဲ့တယ်။ ရွှေသမင်အနား ရောက်တဲ့ အခါ “ညီမောင်၊ အနားမလာနဲ့၊ အသက်သေနိုင်တယ်။ ကျန်တဲ့သမင်တွေကို ဦးဆောင်ရ အောင် ပြန်သွားပါ”လို့ ပြောလိုက်တယ်။ ညီဖြစ်သူကလည်း “အစ်ကို့ကို မထားခဲ့နိုင်ဘူး။ ညီမောင် အသက်စွန့်ပြီးနေမယ်”လို့ ပြန်ပြောတယ်။

“ညီမောင်၊ မျက်စိမမြင်တဲ့ မိဘတွေဟာ လုပ်ကျွေးမယ့်သူမရှိလို့ သေကုန်ကြပါလိမ့် မယ်။ မိဘတွေကို လုပ်ကျွေးရအောင်သွားပါ”လို့ ထပ်ပြောပေမဲ့ မသွားဘဲ အစ်ကိုဘေးမှာကပ် နေပါတယ်။ ရွှေသမင်ရဲ့ နှမငယ်ကလည်း အစ်ကိုတွေကို မမြင်တဲ့အတွက် ပြန်လှည့်လာခဲ့ တယ်။ ရွှေသမင်အနား ရောက်တဲ့အခါ “နှမငယ်၊ အနားမလာနဲ့၊ အစ်ကိုတော့ ဒီကျော့ကွင်းက နေ မလွတ်နိုင်ဘူး။ ပြေးတော့”လို့ ပြောပါတယ်။ နှမငယ်ဟာလည်း အသက်သေချင်သေပါစေ၊ အစ်ကိုတွေကို ထားခဲ့ပြီး မသွားနိုင်ကြောင်းပြောကာ အစ်ကိုတွေအနားမှာ ကပ်နေပါတယ်။

မုဆိုးရောက်လာတဲ့အခါ နှမငယ်သမင်ဟာ ကြောက်လို့ အနည်းငယ် ပြေးမိတယ်။ ဒါပေမဲ့ အစ်ကိုတွေကို မထားခဲ့နိုင်တာနဲ့ ပြန်လှည့်လာတယ်။ ရွှေသမင်မောင်နှမတို့ ဖြစ်ပျက် နေတဲ့ဟန်၊ မောင်နှမအချင်းချင်း အသက်စွန့်ပြီး ချစ်နေကြပုံကို မြင်နေရတဲ့ မုဆိုးဟာ သမင် မောင်နှမအပေါ်မှာ ချစ်ခင်စိတ် ဝင်လာခဲ့တယ်။ ဒါကြောင့် အစ်ကိုကြီးဖြစ်သူ ရွှေသမင်ကို “ရွှေ သမင်၊ ဒီသမင်နှစ်ကောင်ဟာ အသက်သေနိုင်တဲ့ ဘေးတွေ့ တာတောင် ဘာဖြစ်လို့ မပြေးကြ တာလဲ”လို့ မေးလိုက်တယ်။ “မုဆိုးကြီး၊ ငါတို့ဟာ တစ်မိတည်းကမွေးတဲ့ မောင်နှမတွေ ဖြစ်တဲ့ အတွက် အသက်ဘေးတွေ့ပေမဲ့ တစ်ဦးကိုတစ်ဦး စွန့်ခွာမသွားကြပါဘူး”လို့ ရွှေသမင်က ပြန်ဖြေလိုက်တယ်။

မုဆိုးဟာ ရွှေသမင်ရဲ့စကားကို ကြားတဲ့အခါ အလွန်သနားသွားတယ်။ အဲဒီအခါမှာ ညီငယ်က “မုဆိုးကြီး၊ ကျွန်တော့်အစ်ကိုဟာ သမင်အပေါင်းကို အုပ်ချုပ်နေသူ၊ သီလရှိသူ၊ မေတ္တာတရားပြည့်ဝသူ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်မမြင်မိဘနှစ်ပါးကိုလည်း ရှာကျွေးနေသူ ဖြစ်တယ်။ ဒီလိုဂုဏ်ကျေးဇူးနဲ့ . ပြည့်စုံတဲ့သူကိုသတ်ရင် ကျွန်တော်တို့ မိသားစုအားလုံးကို သတ်သလိုပါပဲ။ သူ့ကို ချမ်းသာပေးရင် မိသားစုအားလုံးကို ချမ်းသာပေးတာနဲ့ အတူတူပါပဲ”လို့ ရှင်းပြလိုက်တယ်။ မုဆိုးဟာ ရွှေသမင်မောင်နှမရဲ့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုကို နှစ်သက်သဘောကျသွားပြီး ကျော့ကွင်းကနေ လွှတ်ပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ရွှေ သမင်မောင်နှမဟာ မျက်မမြင်မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးရင်း အသက်ထက်ဆုံး ပျော်ပျော် ရွှင်ရွှင် နေထိုင်သွားခဲ့ကြပါတော့တယ်။

မှီငြမ်း ။ ။ ရောဟဏမိဂဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊စတုတ္ထတွဲ။ ၄၄၂။ ဇာ၊ ဋ္ဌ၊ ၄။ ၄၁၃။

֍ဇာတ်လမ်းနားထောင်ပြီးပါက အောက်ပါမေးခွန်းများ မေးပါ။

-ကျော့ကွင်းမှာ ဘယ်သူ မိသွားတာလဲ။
-ညီသမင်က ဘာလို့ထွက်မသွားတာလဲ။
-နှမငယ်သမင်ကရော ဘာပြောလဲ။
-မုဆိုးက ရွှေသမင်မောင်နှမတွေကို မြင်တဲ့အခါ ဘယ်လိုခံစားရလဲ။
-သားတို့၊ သမီးတို့ရော ရွှေသမင်မောင်နှမကို ဘယ်လို မြင်သလဲ။
-သားတို့၊ သမီးတို့သာ ရွှေသမင်မောင်နှမနေရာမှာဆို ဘယ်လိုလုပ်ကြမလဲ။
-အကယ်၍ ညီငယ်နဲ့ ညီမငယ်တို့ကသာ အစ်ကိုကြီးရွှေသမင်ကို ပစ်ပြီး ပြေးကြမယ် ဆိုရင် ရွှေသမင်ကြီး ဘယ်လိုဖြစ်သွားနိုင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရောင်စုံပူဖောင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စု (၄) စု ဖွဲ့ပါ။

֍အုပ်စုဝင်များသည် မိမိပူဖောင်းများကို မကွဲအောင် ကာကွယ်ထားရမည်ဖြစ်သလို အခြား အုပ်စုများ၏ ပူဖောင်းများကို လုရမည်ဖြစ်ကြောင်း၊ ပူဖောင်းအများဆုံး ထိန်းသိမ်းထားနိုင် သောအုပ်စုက အနိုင်ရမှာဖြစ်ကြောင်း အုပ်စုတစ်စုစီအား တီးတိုးမှာကြားထားပါ။ တီးတိုး ပြောစကားများကို အခြားအုပ်စုမှ ကလေးများ မသိစေရ။

֍ထို့နောက် အုပ်စုတစ်စုစီမှ ကလေး (၄) ယောက်၏ ခြေထောက်တွင် အပြာရောင် ပူဖောင်း၊ အနီရောင်ပူဖောင်း၊ အဝါရောင်ပူဖောင်းနှင့် အစိမ်းရောင်ပူဖောင်းကို အပ်ချည်နှင့် အသီးသီး ချည်ထားရမည်။ တစ်ဖွဲ့တွင် ကလေး (၁၀) ယောက်ဖြစ်လျှင် (၄) ယောက်ကို ပူဖောင်းချည်ထားပြီး ကျန် (၆) ယောက်က ကာကွယ်သူအဖြစ်သာမက အခြားအုပ်စုမှ ပူဖောင်းများကို လိုက်လုသူအဖြစ်ပါ ကစားရမည်။

֍ဆရာက “စပြီ” ဟု အော်ပြောလိုက်သည်နှင့် အုပ်စုအသီးသီးက တီးတိုးပြောကြားထား သည့်အတိုင်း လှုပ်ရှားကစားကြပါစေ။

֍ကစားပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

-ဒီလို ကစားရတာ ပျော်သလား၊ ဘယ်လို ခံစားရသလဲ။
-ကိုယ့်ရဲ့ ပူဖောင်းတွေ အလုမခံရအောင် ဘာလုပ်ရလဲ။
-ကိုယ့်ရဲ့ ပူဖောင်းတွေကို လာလုရင်ရော ဘယ်လိုခံစားရလဲ။
-အဲဒီလိုပဲ ကိုယ့်ရဲ့ မိသားစုလေးမှာ အခက်အခဲကြုံရပြီဆိုရင် ဘာလုပ်ကြမလဲ။

֍ပြီးလျှင် “အခုဟာက ကစားတာမို့လို့ သူများပူဖောင်းတွေကို လုခိုင်းတာ။ တကယ်တော့ သူများ မောင်နှမတွေကိုလည်း ရန်မရှာရဘူး။ ကိုယ့်ရဲ့ မောင်နှမတွေကို ရန်စလာရင် လည်း အတူတူဝိုင်းပြီး ဖြေရှင်းပေးကြရမယ်။ မောင်နှမအချင်းချင်းလည်း ရန်မဖြစ်ကြဘဲ သင့်သင့်မြတ်မြတ် နေကြရမယ်။ အဲဒီလိုပဲ ကိုယ့်မိသားစုမှာရှိတဲ့သူတွေ အကုန်လုံးလည်း ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ နွေးနွေးထွေးထွေး ဆက်ဆံကြရမယ်။ ဒါမှ ပျော်ရွှင်တဲ့ မိသားစု ဖြစ်မှာ၊ ကိုယ့်မိသားစုကို သူများက ရန်စလာရင် မခံချင်သလိုပဲ ကိုယ်ကလည်း သူများမိသားစုတွေကို ရန်မစရဘူး” စသည်ဖြင့် ပြောပြီး အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မိသားစု ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ပြီးလျှင် “ဖေဖေ၊ မေမေနဲ့ မိသားစုတွေ ပျော်ရွှင်ဖို့အတွက် လုပ်ပေးနိုင်တဲ့အလုပ်တွေကို အနည်းဆုံး (၅) ချက်လောက်ရအောင် အုပ်စုဖွဲ့ပြီး ဆွေးနွေးကြရအောင်”ဟု ပြောပါ။

֍အုပ်စုတွင်းဆွေးနွေးပြီးပါက အုပ်စုတစ်စုလုံး အတန်းရှေ့ထွက်၍ မိမိတို့အုပ်စု ဆွေးနွေး ထားသည်များကို တစ်ယောက်တစ်ချက်စီ သို့မဟုတ် သင့်သလို ပြောပြကြပါစေ။

֍အုပ်စုတစ်စုပြောပြီးတိုင်း ဆရာက ချီးကျူးပေးပါ။

֍ထို့နောက် စာသင်ချိန် (၁)တွင် သင်ပေးခဲ့သော မိသားစု ကဗျာကို ပြန်လည်ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။