ဆရာမေတ္တာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
339354ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၁။ ဆရာမေတ္တာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၁)

ဆရာ့မေတ္တာ

သင်ယူမှုဦးတည်ချက် ။ ။ ဆရာများ၏ မေတ္တာစေတနာကို သိရှိပြီး ချစ်ခင်လေးစားတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ် ကဗျာများ၊ ကဗျာပါစာကြောင်းများ ရေးသား ထားသည့် စာရွက်များ၊ ဆရာကျင့်ဝတ် ရေးထားသော ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍တပည့်ကျင့်ဝတ် ကဗျာတွင်ပါရှိသော စာကြောင်းများအား စာတစ်ဖြတ်လျှင် တစ်ချက်စီ ကို စာရွက်ပေါ်တွင် အောက်ပါအတိုင်း ရေးပြီး ရောထားပါ။

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ ရောထားသောစာရွက်များကို ကဗျာတစ်ပုဒ်လုံးဖြစ်အောင် ဆက်ကြပါစေ။

֍ဆက်ပြီးသောအုပ်စုက မိမိတို့ဆက်ထားသည့်အတိုင်း ရွတ်ဆိုပြကြပါစေ။

֍အုပ်စုအားလုံးရွတ်ဆိုပြီးပါက ကဗျာ၏စာသားအမှန်ကို ဆရာက ရွတ်ပြပါ။

တပည့်ကျင့်ဝတ်

ညီညာထကြွ၊
ဆုံးမနာယူ၊ လာမူကြိုဆီး၊
ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊
တပည့်ဝတ်၊ မချွတ်ငါးခုသာ။

[သတိပြုရန် 1]

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေး
သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ

֍ထို့နောက် တပည့်များတွင် လိုက်နာရမည့် ကျင့်ဝတ် (၅) ခုရှိသကဲ့သို့ ဆရာတို့အတွက်လည်း ကျင့်ဝတ် (၅) ခုရှိကြောင်း ပြောပြ၍ အထက်ပါနည်းအတိုင်း ထပ်မံ၍ ပြုလုပ်ပေးပါ။

ဆရာကျင့်ဝတ်

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ ဝတ်ငါးဖြာ။

֍ရွတ်ဆိုပြီးပါက ဆရာ့ကျင့်ဝတ် ရေးထားသော ကတ်ပြားကို သင်ပုန်းတွင် ချိတ်ပြ၍ ကျင့်ဝတ်တစ်ခုစီ၏ အဓိပ္ပာယ်ကို ကလေးများအား မေးဖြေပြုလုပ်ခြင်းဖြင့် ရှင်းပြပါ။

ဥပမာ - “အတတ် ဆိုတာ ဘာကိုပြောတယ်ထင်သလဲ/ ဘာကိုပြောတာလဲ၊ ပဲ့ပြင်ဆုံးမ ဆိုတာကရော ဘာကို ဆိုလိုတာလဲ” စသည်ဖြင့် ဦးစွာ မေးပြီးမှ ရှင်းပြပေးပါ။

֍ပြီးလျှင် ကျင့်ဝတ်ကဗျာနှစ်ပုဒ်လုံးကို ပြန်လည်ရွတ်ဆိုကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကျင့်ဝတ်တစ်ချက်စီ ရေးထားသော ကတ်ပြားများ၊ စာရွက်ကြီးနှစ်ရွက်။

သင်ယူမှုလုပ်ငန်းစဉ်

֍တပည့်ကျင့်ဝတ်နှင့် ဆရာ့ကျင့်ဝတ်ဟူသော ခေါင်းစဉ်ရေးသားထားသည့် စာရွက်ကြီး (၂) ရွက်ကို သင်ပုန်းပေါ်တွင် တစ်ဖက်တစ်ချက်စီ ကပ်ထားပါ။

֍(၅) ယောက်စီပါဝင်သော အုပ်စု (၂) စု ဖွဲ့ပြီး ကျန်ကလေးများက ကြည့်နေကြပါစေ။

֍ဆရာ့ကျင့်ဝတ်နှင့် တပည့်ကျင့်ဝတ် ခေါင်းစဉ် (၂) မျိုးကို မဲနှိုက်ပြီး ရွေးချယ်ကြပါစေ။

֍ဆရာ့ကျင့်ဝတ်နှင့် တပည့်ကျင့်ဝတ်များကို ရေးသားထားသည့် ကတ်ပြား (၁၀) ခုကို ရောထားသည့် အစုအပုံ နှစ်ပုံပြင်ဆင်ထားပြီး အုပ်စု (၂) စုက ကိုယ့်အပုံနှင့်ကိုယ် ပြိုင်တူရွေးကြပါစေ။

֍ဆရာ့ကျင့်၀တ် ခေါင်းစဉ်ကျသော အုပ်စုမှကလေးများသည် ကတ်ပြား (၁ဝ) ခုအနက် ဆရာ့ကျင့်ဝတ်ဆိုင်ရာ ကတ်ပြားများကို ရွေးထုတ်ပြီး သင်ပုန်းပေါ်တွင်ရှိသော ဆရာ့ ကျင့်ဝတ် ခေါင်းစဉ်အောက်တွင် သွားကပ်ကြရမည်။

֍ထို့အတူ တပည့်ကျင့်ဝတ် ခေါင်းစဉ်ကျသော အုပ်စုမှ ကလေးများက တပည့်ကျင့်ဝတ် ဆိုင်ရာ ကတ်ပြားများကို သင်ပုန်းပေါ်တွင်ရှိသော တပည့်ကျင့်ဝတ် ခေါင်းစဉ်အောက် တွင် သွားကပ်ကြရမည်။

֍ကျင့်ဝတ်များကို အစဉ်အတိုင်း အမြန်ဆုံးနှင့် မှန်ကန်အောင် ကပ်နိုင်သော အုပ်စုက အနိုင်ရမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားထားပါ။

ထိုနည်းအတိုင်း ကျန်ကလေးများကိုလည်း အုပ်စုဖွဲ့ပြီး ကစားနိုင်ပါသည်။

֍ကလေးများအားလုံး ပါဝင်ပြီးပါက “ကလေးတွေလိမ္မာအောင်၊ စာပေထူးချွန်သူတွေဖြစ် အောင်၊ အကျင့်စာရိတ္တကောင်းအောင် ဆရာက ပြောဆိုဆုံးမရမယ့် ဝတ္တရားရှိတယ်။ ဆရာတို့က ပြုပြင်ဆုံးမရတဲ့ ကျင့်ဝတ်များရှိသလို တပည့်တွေကလည်း ဆုံးမတာကို နားထောင်ရတဲ့ ကျင့်ဝတ်တွေရှိတယ်၊ ဒါကြောင့် ဆရာတွေက မေတ္တာစေတနာနဲ့ ဆုံးမ တာကို တပည့်တွေက လိုက်နာရင် ကောင်းကျိုးချမ်းသာတွေရနိုင်တယ်” စသည်ဖြင့် ပြောဆိုကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ နှမ်းခိုးစားသော မင်းသားငယ် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဆရာ့ကျင့်ဝတ်ထဲမှာပါတဲ့အတိုင်း ဆုံးမတတ်တဲ့ ဆရာတစ်ယောက် အကြောင်းကို ပြောပြမယ်”ဟု ဆိုပြီး အောက်ပါ နှမ်းခိုးစားသော မင်းသားငယ် ဇာတ်လမ်းကို ရုပ်ပုံများပြ၍ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

နှမ်းခိုးစားသော မင်းသားငယ်

ဟိုးရှေးရှေးတုန်းက ဗာရာဏသီမင်းရဲ့ သားတော်တစ်ပါးဟာ တက္ကသိုလ်ပြည် ဆရာကြီးတစ်ဦးဆီမှာ အတတ်ပညာတွေကို သင်ယူနေပါတယ်။ တစ်နေ့ မင်းသားလေးဟာ ဆရာကြီးနဲ့အတူ ရေချိုးဖို့သွားတဲ့အခါ လမ်းမှာ အဘွားအိုတစ်ယောက် နေလှန်းထားတဲ့ နှမ်း တွေကို မြင်တော့ စားချင်စိတ်ဖြစ်တာနဲ့ လက်တစ်ဆုပ်ယူပြီး စားလိုက်တယ်။ အဘွားအိုက တွေ့ ပေမဲ့ “ဒီသူငယ်လေး အလွန်စားချင်နေလို့နဲ့တူတယ် စားပါစေ”လို့ တွေးပြီး ဘာမှပြန် မပြောဘူး။ နေ့တိုင်း ဒီလိုစားနေတာကြောင့် သုံးရက်မြောက်နေ့မှာ အဘွားအိုက “ဆရာကြီး ရဲ့တပည့်ဟာ နေ့တိုင်း ပိုင်ရှင်ကိုမပြောဘဲ နှမ်းလက်တစ်ဆုပ်စာ ယူစားတာ သုံးရက်ရှိပြီ၊ ကြာရင် နှမ်းတွေအားလုံး ကုန်တော့မယ်”လို့ ငိုပြီး ဆရာကြီးကို တိုင်ကြားလိုက်ပါတယ်။

အဲဒီအခါမှာ ဆရာကြီးက “အမေအို မငိုပါနဲ့၊ သင့်ကို အဖိုးအခငွေ ပေးပါ့မယ်”လို့ ပြောတဲ့အခါ အဘွားအိုက “ငွေမလိုပါဘူး၊ ဒီသူငယ်ကိုသာ နောက်တစ်ခါ ဒီလို မပြုလုပ်စေဖို့ ဆုံးမပေးပါ”လို့ ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာကြီးက မင်းသားလေးကို အပြစ်ဒဏ် ပေးပြီး ဆုံးမလိုက်တယ်။ မင်းသားလေးဟာ အလွန်စိတ်ဆိုးသွားကာ ဆရာကြီးအပေါ် ရန်ငြိုး ထားခဲ့တယ်။ အဲဒီလို ရန်ငြိုးထားတာကိုလည်း ဆရာကြီးက ချက်ချင်းသိလိုက်တယ်။

ဒီလိုနဲ့ မင်းသားဟာ ပညာတွေစုံတော့ တိုင်းပြည်ကိုပြန်သွားပြီး ဘုရင်ဖြစ်သွားတဲ့ အခါ ဆရာကြီးကို လက်ဆောင်တွေနဲ့အတူ လူလွှတ်ပြီး ခေါ်ခိုင်းလိုက်တယ်။ ဆရာကြီးက လည်း ခေါ်ရတဲ့အကြောင်းကို သိတယ်။ ဒါကြောင့် အကြိမ်ကြိမ်ခေါ်ပေမဲ့ ဆရာကြီးက မလိုက်ခဲ့ဘူး။ ဒီတစ်ခါမှာတော့ “မင်းသားဟာ အခုအခါ အသက်ကြီးလာပြီ၊ ဆုံးမပြောဆိုလို့ ရနိုင်ပြီ”လို့ တွေးပြီး လိုက်သွားတယ်။ နန်းတော်ကိုရောက်တဲ့အခါ မင်းသားက “ဆရာကြီး နှမ်းတစ်ဆုပ်ကြောင့် ငါ့ကို အပြစ်ဒဏ်ပေးခဲ့တာ ဒီနေ့ထိ မမေ့သေးဘူး၊ သင့်ကို သတ်ဖို့ ခေါ်ခြင်းဖြစ်တယ်”လို့ ဆရာကြီးကို ပြောလိုက်တယ်။

ဆရာကြီးကလည်း “မကောင်းမှုကို လုပ်တဲ့အတွက် မလုပ်ဖို့ တားမြစ်တာကို ဆုံးမ တယ်လို့ ခေါ်တယ်။ ရန်သူလို့ မသတ်မှတ်သင့်ဘူး။ တကယ်လို့ နှမ်းကို ခိုးယူစားတုန်းက မဆုံးမလိုက်ရင် နှမ်းနဲ့ပြုလုပ်တဲ့ မုန့်၊ နောက် ပဲနဲ့ပြုလုပ်တဲ့ ပဲမုန့် စတဲ့ မုန့်တွေ၊ အသီးအနှံ တွေ၊ နောက် အဝတ်အစားတွေ၊ ရွှေငွေရတနာတွေကို ခိုးယူရုံသာမက လုယက်တာ၊ တိုက်ခိုက်တာ၊ သူပုန်ထတာ စတဲ့ မကောင်းမှုတွေကို အဆင့်ဆင့် ပြုလုပ်သွားနိုင်တယ်။ အဲဒီအခါ ဘုရင်ကို ဆန့်ကျင်ဘက်ပြုတာဖြစ်လို့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရနိုင်တယ်။ ဒီလို ဆိုရင် ဘုရင်ကြီးမှာ အခုလို စည်းစိမ်ချမ်းသာကို ရနိုင်တော့မှာ မဟုတ်ဘူး။ အကျွန်ုပ်က အချိန်မီ ဆုံးမလိုက်တဲ့အတွက်ကြောင့်သာ ဒီလို စည်းစိမ်ကို ရရှိခံစားရတယ် မဟုတ်ပါလား” လို့ ပြန်လျှောက်တင်လိုက်တယ်။ အနားမှာ ခြံရံနေတဲ့ မှူးမတ်တွေကလည်း “အရှင်မင်းကြီး...ဆရာကြီးရဲ့ စကားဟာ မှန်ပါပေတယ်၊ ဒီစည်းစိမ်ဟာ ဆရာကြီးရဲ့စည်းစိမ်တွေပဲ ဖြစ်သင့်ပါ တယ်”လို့ လျှောက်တင်လိုက်ကြတယ်။

အဲဒီတော့မှ ဘုရင်ဟာ ဆရာ့ရဲ့ ကျေးဇူးကို သိမြင်လာပြီး “ဆရာ၊ အကျွန်ုပ် မှားပါ တယ်၊ ဆရာ့အား စည်းစိမ်အားလုံးကို ပေးပါ့မယ်”လို့ ပြောတယ်။ ဆရာကြီးက “ဒီစည်းစိမ် တွေကို မယူချင်ပါဘူး၊ မလိုချင်ပါဘူး”လို့ ပြောလိုက်တယ်။ ပြီးတော့ ဘုရင်ဟာ ဆရာကြီးရဲ့ မိသားစုကို ခေါ်ဆောင်စေပြီး အခြွေအရံ အများအပြားပေးကာ ဆရာကြီးကို မင်းဆရာရာထူး ခန့်အပ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ဆရာကြီးကို အဖေအရာမှာထားပြီး ဆရာကြီးရဲ့ ဆုံးမ စကားကို နားထောင်လိုက်နာတဲ့ ကောင်းမှုကုသိုလ်တွေပြုတဲ့ ဘုရင်မင်းမြတ်တစ်ပါးအဖြစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့ပါတယ်။

မှီငြမ်း ။ ။ တိလမုဋ္ဌိဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ဒုတိယတွဲ။ ၄၂၅။ ဇာ၊ ဋ္ဌ၊ ၂။ ၂၅၃။

֍အောက်ပါမေးခွန်းများ မေးပါ။

-မင်းသားက ဘာလုပ်သလဲ။
-ဆရာကြီးက နှမ်းခိုးစားတဲ့ မင်းသားကို ဘာလုပ်သလဲ။
-မင်းသားလေးက ဆရာကြီးကို ဘယ်လိုအငြိုးထားသလဲ။
-မင်းသားငယ် ဘုရင်ဖြစ်လာတာ ဘယ်သူရဲ့ကျေးဇူးကြောင့်လဲ။
-ဆရာကြီးက ဘုရင်ကို ဘယ်လိုဆုံးမပေးသလဲ။
-ကလေးတို့အမြင်မှာ မင်းသားလေးဟာ ဘယ်လိုလူစားမျိုးလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စာရေးရန် စာရွက်ကြီးများနှင့် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းကို ပြန်လည်ပြောပြနိုင်သူတစ်ဦးက အတန်းရှေ့ သို့ ထွက်၍ ပြောပါစေ။

֍ထို့နောက် ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍“အခု ဆရာက ဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ မေးခွန်းတစ်ခုမေးမယ်၊ အဲဒီမေးခွန်းကို အဖြေ (၅) ခုလောက်ရအောင် ဖြေပေးရမယ်၊ အဲဒီမေးခွန်းကတော့ 'အကယ်၍ ဆရာကြီးသာ မင်းသားလေးကို အပြစ်ဒဏ်ပေးပြီး မဆုံးမခဲ့ရင် မင်းသားလေး ကြီးလာတဲ့အခါ ဘာဖြစ် သွားနိုင်သလဲ'ဆိုတဲ့ မေးခွန်းပဲ ဖြစ်တယ်၊ ကဲ ... အခု ကိုယ့်အုပ်စုနဲ့ကိုယ် စဉ်းစားကြပါ၊ ပြီးရင် အတန်းထဲမှာ အားလုံးကြားအောင် ပြောပြရမယ်”ဟု ပြောပြီး ကလေးများအားလုံး အုပ်စုလိုက် ဆွေးနွေးပြီး ချရေးကြပါစေ။

֍ပြီးနောက် အုပ်စုတစ်စုစီက ချရေးထားသည်များကို ဖတ်ပြကြပါစေ။

֍ကလေးများ၏ အဖြေများအပေါ်တွင် မူတည်ပြီး ဆရာက အနှစ်ချုပ် ပြန်လည်ဆွေးနွေး ပြောပြပေးပါ။

  1. ကျင့်ဝတ်အဓိပ္ပာယ်များ ကို ဆရာမှ ရှင်းပြပေးပြီး ကျင့်ဝတ်တစ်ခုချင်းစီကို ရွတ်ဆိုပြ၍ ကလေးများ လိုက်ရွတ်ကြပါစေ။