မွန်ရာဇဝင်/အခန်း-၁၃

From Wikisource
Jump to navigation Jump to search
မွန်ရာဇဝင်  (1785) 
ဘုရင်ရာဇာဓိရာဇ်အကြောင်း

ခမည်းတော်လည်း ကံကုန်လေသည်နှင့် ဗညားနွဲ့သည် မြိုသို့ဝင်၍ မင်းပြုလေသည်။ ရက်လည်မှ ကျေးစားမြို့စား မှူးမတ်တို့ကို မင်းရင်ပြင်သို့ တက်စေ အမိန့်တော်ရှိ၍ အထက်က ဒဂုန်မြို့မှာ နေသောခါ ကျေးစားမြို့စားတို့သည် မပြတ် ပန္နကာရနှင့် ဆတ်ကပ်လာသည်။

သံလျင်မြို့စား အမတ်ဒိန်တယောက်မူကား အခိုင်အမာနေသကဲ့သို့ မရောက်မပေါက်ရသည်နှင့် အများတက်သောအခါ ဝတ်နွမ်းစားနွမ်းနှင့် တက်လေ၍ မင်းမြင်လျှင် ရန်ဆူးရန်ညောင့်ရှိသမျှကို ငါမမြင်ရစေနှင့် သုတ်သင်ရှင်းလင်းဘိ ငါအမိန့်ရှိလေပြီးသည်ကို ယခု ပသို့မြင်ပြန်ရသနည်း မိန့်တော်မူလျှင် အမတ်ဒိန် ဦးချ၍ လျှောက်လေသည်ကား ဘုရားကျွန်တော် တသက်ကိုတကြိမ် သေရမြဲဖြစ်သည်။ သေရမည်ကို ကြောက်၍ လျှောက်သည်မဟုတ်။ ကျွန်တော်ကိုသတ်လျှင် သားတော်မြေးတော် မင်းစဉ်မင်းဆက် နှောင့်ရှက်လိမ့်မည်ဟု လျှောက်သည်ကို နင်တယောက်ကိုသတ်၍ ငါ့သားငါ့မြေး မင်းစဉ်မင်းဆက် နှောင့်ရှက်စိုးရိမ်ခြင်း ရှိရလိမ့်မည်ဟု နင်ဆိုသောစကားသည် နင် မည်သည့်လူမျိုးဖြစ်၍ တန်းခိုးတေဇာရှိသသူနည်းဟု မိန့်တော်မူသည်ကို ကျွန်တော်ကိုသတ်၍ သေလျှင် ကျွန်တော်အကောင်ကို ပြည်သူယောက်ျားမိန်းမတို့ ကြည့်ရှုလာပါလိမ့်မည်။ မြင်ကြလျှင် အမတ်ဒိန်လူမိုက်သည် ဆင်ဖြူရှင်သားတော် အဘကိုပုန်စား၍ ဒဂုန်မှာနေသည်ကို တပါးသောအမှူးအမတ်တို့ အဆက်အကပ်နှင့် သွားလာလေသည်။ သင်းမူကား အဘဆင်ဖြူရှင်သစ္စာကို စောင့်သည်ဖြစ်၍ သေရလေသည်။ မစောင့်သသူတို့မူကား ကောင်းစားရလေသည်။ နောက်နောင် မင်းညီမင်းသားတို့ အဘကိုပုန်ကန်လျှင် သားကို ဝင်ထွက်ဆည်းကပ်ပါလေဟု ပုံပမာပြု၍ ဆိုကြသောခါ သားတော်မြေးတော် မင်းစဉ်မင်းဆက် စိတ်နှောင့်ရှက်ခြင်း ရှိရတော့မည်။ လျှောက်ဝံ့သည့်အကြောင်းလည်း ခမည်းတော်ဘုရား ပြုစုသည့် ကျွန်တော်မျိုးအားလုံးသည် သစ္စာတော်ကို တယောက်မျှ မစောင့်ပါ။ ဘုရားကျွန်တော်တယောက်သာ စောင့်ပါသသူကို သတ်လျှင် သေရတော့မည်။ လွှတ်လျှင်လည်း ရှင်ရတော့မည်။ ဘုန်းတော်ကြီးသည့်အရှင် အလောင်းတော်တကာတို့စိတ်ကို ထောက်ရှုတော်မူပါ လျှောက်လေလျှင် ပြုံးတော်မူ၍ အမတ်များကို အမတ်ဒိန် မသေဝံ့၍ ပုံပမာနှင့်လျှောက်ဆိုသည်သာ မဟုတ်ချေ။ အကြောင်းမှာလည်း မှန်ပေသည်ပင်။ ငါ့ခမည်းတော်သစ္စာကို စောင့်သသူဖြစ်ချေသည်။ ငါ့ခမည်းတော်ကို စောင့်သကဲ့သို့ ငါအသက်ရှိသမျှကိုလည်း စောင့်ဟူ၍ သံလျင်မြို့နှင့် အမတ်ဒိန်အမည်ကို သူတပါးတို့အလျင် ငါသနားတော်မူသည် မိန့်တော်မူလျှင် အမတ်ဒိန်လည်း အို မှူးကြီးမတ်ကြီးတို့ ကျွန်ုပ်အရှင်ကို လောကဝတ်ဖြင့် ချစ်သနားပါစေဟူ၍ ကျွန်ုပ်မပြု။ ကျွန်ုပ်အရှင် မြို့နှင့်အမည်ကို သူများအလျင် သနားတော်မူရသည်ကို ကြည့်ရှုတော်မူကြပါ။ အရှင်သစ္စာတော်ကို အမှန်အကန်နှင့် ရွက်ဆောင်နေသသူသည် ဘေးရန်ကင်း၍ အသက်ရှည်ခြင်းနှင့် တန်းခိုးကြီးရလိမ့်မည် မှတ်တော်မူကြပါဟု မှူးတော်မတ်တော်တို့ဘောင်တွင် ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရင့်တည်ကြည်ခြင်းနှင့် ပြောဆိုလေသည်။ သည်နေ့မှစ၍ အမတ်ကြီးပညာရှိဟူ၍ ခန့်ထားစီမံစေလေသည်။ နောင်လည်း အမတ်ဒိန်မဏိရွတ်အမည်ကို ခံရလေသည်။ ရာဇာဓိရာဇ်မင်းတွင် အလောင်းတော် မင်းမဟော်သဓာကဲ့သို့ ထင်ရှားစွာရှိလေသည်။

နောက် ရာဇာဓိရာဇ်မင်း မရှိလျှင် သားတော်အကြီး ဗညားဓမ္မရာဇာနှင့် သားအလတ် ဗညားရန်ခိုက်မင်းတွင် အမတ်ဒိန်မဏိရွတ်သည် တံခါးနှစ်ဘက် ဘွင့်ရလေသည်။ ရာဇာဓိရာဇ်သည် စည်းစိမ် ၃၈ နှစ် ခံစားပြီးမှ အနိစ္စဖြစ်သည်။