မွန်ရာဇဝင်/နိဒါန်း

From Wikisource
Jump to navigation Jump to search
မွန်ရာဇဝင်  (1785) 
နိဒါန်း

ကမ္ဘာဦးကာလ ရှေးမဆွက ဗြဟ္မနွယ်ဇာတ် ဂုဏ်ဒြပ်ဖြင့် မြင့်မြတ်ယဉ်ကျေးသောသူတို့ မူလပေါ်ထွန်းရာ မဟာရဋ္ဌံ မဇ္ဈိမဒေသဟုဆိုအပ်သော အိန္ဒိယနိုင်ငံတော်ကြီးမှ အသီးသီးပြန့်ပွါးလျက် ရပ်ခြားပြည်ဘောင် တည်ထောင်နေထိုင်ကြလေရာ ထိုအဆိုပါ မဇ္ဈိမဒေသ၌ ဗုဒ္ဓရှင်တောဘုရား ထင်ရှားပွင့်တော်မမူမှီ ပဝေဏီကာလ ကပ်ဦးပဌမကပင် အကြင်သုဝဏ္ဏဘုမ္မိမည်သော သထုံပြည်ကြီးကား တထီးတနန်း ကြငှန်းမင်္ဂလာ ဇေယာဘိသိက် အောင်နိမိတ်ဖြင့် အောင်ဟိတ်ယင်ကာ သဘင်သာလျက် ဦးစွာအစ ရာမညမော်ကွန်းဖြင့် ပေါ်ထွန်းတည်ရှိလေသည်။

ဤသုဝဏ္ဏရွှေဘုံ တိုင်းရိပ်မြုံဟု သထုံပြည်ခေတ်၌ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံတော်ကြီးတွင် ကျွန်ုပ်တို့သခင် ရှင်တော်ဘုရား ထင်ရှားပွင့်တော်မူလေက ဒေသစာရီ လှည့်လည်ကွန်းထောက် ကြွရောက်တော်မူခဲ့ရာ မြန်မာနိုင်ငံ၏အောက်ပိုင်း မွန်တို့တိုင်းဟုဆိုအပ်သော တလိုင်းပြည်ကြီးတို့၏တည်ရာ ဟံသာဝတီမဏ္ဍလ မုတ္တမမဏ္ဍလ ကုသိမမဏ္ဍလ ရာမည ၃-တိုင်း၌ သမိုင်းဗျာဒိတ် ခတ်နှိပ်တော်မူခဲ့သည်နှင့်အညီ ဤမည်သောရာမညတိုင်း တလိုင်းပြည်ထောင်ကြီး အသီးအသီးတို့၌ ဘုန်းမီးတန်းဆောင် လက်ရုံးရောင်ဖြင့် မင်းခေါင်မင်းဖျား ဘုရားဒါယကာ သာသနာပြု မနုသမ္မတ သာကီယဟု အာဒိစ္စဂိုဏ်း မွန်တလိုင်းလူမျိုး မင်းစိုးရာဇာတို့၏အစီအစဉ် မွန်ရာဇဝင်အစောင်စောင်ရှိကြသည့်အနက် အထက်အညာ ဇေယာပူရတိုင်း စစ်ကိုင်းမြို့ မင်းကွန်းပိဋကတ်တိုက်ကြီး၌ ထုံးမှီးစံရ အလွန်ပင်ရှေးကျသဖြင့် သာဒကမူလောက်သော မွန်ရာဇဝင်မူဟောင်း ကို အကြောင်းအားလျော်စွာ ထုတ်ယူလျက် ပေမူရင်းမှတဖန် ကာရန်သတ်ဆစ် ပင့်ရစ်ခွဲထား ခြားနားသန့်ရှင်း၍ ကျမ်းရင်းအလို ထိုထိုကဏ္ဍ ပုဒ်မဂဏန်း အခဏ်းမာတိကာ လိုရာဖြည့်သွင်းထည့်စွက်၍ စက်တင်လုပ်ဆောင် အောင်မြင်ထမြောက်ပါသတည်း။

ကမ္ဘာလောကဓာတ်၏အကြောင်း ရှေးဟောင်းသမ္ပိုင်း သမိုင်းရာဇဝင် ပုံပြင်ပမာ အရာရာကို လေ့လာဆည်းပူး အထူးလိုလားတော်မူကြကုန်သူ ရှင်လူအပေါင်းတို့သည် ၎င်းမွန်ရာဇဝင်စာအုပ်ကို အပတ်တကုတ် အားထုတ်ကြည့်ရှု သတိပြုလျက် ဗဟုသုတ ပြည့်ဝဖွံ့ဖြိုးလျက် အမျိုးသားမွန်မြန်မာတို့၏ ဘာသာသာသနာပညာတည်းဟူသောဂုဏ်ဒြပ်ကို မြင့်မြတ်ကြီးကျယ်လေအောင် ရွက်ဆောင်အားထုတ်တော်မူနိုင်ကြပါစေသောဝ်။