မေဓင်္ကရာဘုရားရှင်

From Wikisource
Jump to navigation Jump to search
364904နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂) မေဓင်္ကရာဘုရားရှင် -မေဓင်္ကရာဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂။ မေဓင်္ကရဗုဒ္ဓဝင်

[edit]

တဏှင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့ ၏အသက်တမ်း အနှစ်တစ်သိန်း တမ်းမှ တဖြည်းဖြည်း ဆုတ်ယုတ်၍ ဆယ်နှစ် သက်တမ်းသို့ရောက်ပြီး ထိုမှတစ်ဖန် တိုးတက်ပြန်ကာ အသင်္ချေယျတမ်း၊ ထိုအသင်္ချေယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်ကိုးသောင်း တမ်းသို့ ရောက်လေလျှင် မေဓင်္ကရာ ဘုရားရှင်ပွင့်တော် မူသည်။

မေဓင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

မေဓင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေ တော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူပါရန် တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့ တောင်းပန်မှုကို လက်ခံတော် မူပြီးနောက် တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် ယဃရမြို့တော် သုဒေဝ မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ယသောဓရာ မိဖုရား ခေါင်ကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော် မူခဲ့သည်။ ဆယ်လစေ့ မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးသည် အလောင်းတော် ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေနေတော်မူ သောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့် အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် မေဓင်္ကရာမင်းသားသည် အရွယ်ရောက်သောအခါ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့၍ ကြင်ရာတော် ရံရွေ တော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကိုခံယူကာ နှစ်ပေါင်း အနှစ်ရှစ်ထောင်တို့ ကာလ ပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

ဘုရားအလောင်းတော် မေဓင်္ကရာ မင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ ဖန်ဆင်း ပြသခဲ့ သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါး တို့ကို မြင်တော်မူခဲ့၍ ကြီးစွာသော သံဝေဂ ဖြစ်ကာ တောထွက်ရဟန်း ပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသော မြတ်သော အကျင့် တော်မြတ်ကို လခွဲ ကျင့်တော်မူပြီးနောက် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ ပေါက်ပင်ရင်း အပရာဇိတပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရ တော်မူ၍ ဘုံသုံးပါး၌ ဘုရား စင်စစ် ဖြစ်တော်မူခဲ့သည်။

ဂေါတမဘုရား အလောင်းတော် ဘုရားဆုပန်ခြင်း

[edit]

ဂေါတမဘုရားအလောင်းတော်သည် မေဓင်္ကရာဘုရားရှင်ကို ဖူးတွေ့ခဲ့ရပြီး ထိုဘုရားရှင်အထံတော်၌ လွန်လွန်ကဲကဲ ဖြစ်သော ကုသိုလ်ကောင်းမှုကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် မေဓင်္ကရာဘုရားရှင်ကလည်း ဧကန် ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမဘုရား အလောင်းတော်သည် မေဓင်္ကရာ ဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကို ရတော် မမူဘဲ၊ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေသည်။

မေဓင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

မေဓင်္ကရာဘုရားရှင်သည် လူတို့၏ အသက်တမ်း၊ အနှစ်ကိုးသောင်းတမ်း၌ ပွင့်တော်မူခဲ့၏။ ထိုအနှစ်ကိုးသောင်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာဝဲ စလုတ်မှ ကယ်ထုတ်တော်မူခဲ့၏။ ဘုရားရှင်မှန် သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက်ရသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက်တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေသည်။