မုဒုလက္ခဏပျို့/အခန်း-၈

From Wikisource
Jump to navigation Jump to search
ရသေ့ကြီး သတိတရားရအောင် ပြုလုပ်ခန်း  (1751) 
by ရှင်လင်္ကာသာရ
ရှင်လင်္ကာသာရမှာ နောင် တွင်းသင်းမင်းကြီး ငထွန်းညို ဖြစ်လာသည်

ဒဒမာနောယေဝစ မုဒုလက္ခဏာယ သညာမဒါသိ “တယာ အတ္တနော ဗလေနံ အယျံ ရက္ခိတုံ ဝါယမိတဗ္ဗ” န္တိ (လ) “သမဏဘာဝံဝါ ဗြာဟမ္မဏဘာဝံဝါ နဇာနာသီ” တိ ဩဏမေတွာ အတ္တနော အဘိမုခံ အာဏဎ္ဍိ။

လှူငြားသော်လည်း မင်းကျော်မြတ်ဖျား မိဖုရားအား အမှတ်ထား၏ ရေးခြားလိမ်မာ၊ သာဘိသေက မယ်လှလှလျှင် ဝါနယွင်းပါး ရသေ့အားကို မမှားရအောင် ပညာရောင်ဖြင့် မှောင်အလုံးတွင်း မှုန်းကာထွင်း၍ လင်းစေလသေး ဤအရေးကား နီးဝေးပြည်ထောင် ကြားလေယောင်မူ ကုန်အောင်တို့ကို ကဲ့ရဲ့ဆိုလိမ့် သင်္ဂြိုလ်ပစ္စည်း သိမ်းဆည်းကာသား မယားအပူ ကာမလှူဟု ပြောထူပထဝီ ဤသည်ဗဟို မြေသာပြိုအံ့ နောင်ညိုဘုန်းကြွယ် အင်အားသွယ်နှင့် မယ်မရွေ့သာ ယုံစပါ၏ မျက်နှာကွယ်ထောင့် စိုးနှောင့်သန့်သက် လွှတ်တို့ရက်၏ ပြာညက်နတ်တူ နန်းမသူလျှင် အမူဖြောင့်စေ စောင့်တို့လေဟု သံခြေမိန့်တော် မြွက်လတည်း ။

ဤသို့မင်းကျော် မှာလတ်သော်လျှင် မှောက်တော်ဒေဝ မကြောင့်ကြလင့် နှမအသင့် တော်စွာကျင့်၍ ရှင်ပင့်ဆရာ သူမြတ်စွာကို မကြာတစိ သတိကြည်ကြည် ရစိမ့်မည်ဟု ကျိုးကျည်ဝန္တံ ခံခဲ့ပြီးသော် ပွင့်နီးသစ္စာ ဘုရားလျာလည်း ယားရာလက်ထိ ဖျောက်လေဘိသို့ ပီတိနှစ်သက် ချစ်အင်တက်၍ ကြောက်ရှက်ကွယ်ကာ ဆိတ်ငြိမ်ရာ၌ ကာမာမွေ့လျော် ပျော်လိုသည်ဖြင့် ရောင်ခြည်ညီးညီး ယိုထွက်စီးသား မင်းကြီးစံခန်း အဆန်းဆန်းတိ ရွှေနန်းပြောင်ပြောင် ဆောင်ဆောင်အများ ရွှေတံခါးမှ နှစ်ပါးတူပြိုင် ထွတ်လတ်တည်း ။

ထိုရောအခါ လိမ်မာဆန်းပြား မိဘုရားကား တံခါးမက ထွက်လာစဝယ် သံမြခွန်းချို မိန့်ဟဆို၏ ရှင်ပျိုဘုန်းဝါ ငါတို့မှာလျှင် ပျော်ရာရိပ်ငြိမ် အိမ်မရှိသေး မနှေးချွံချွံ မင်းကြီးထံမှာ ရမ္မဏိယာ အိမ်သာဘုံခွင် တောင်းစေချင်ဟု သွန်သင်စေလွှတ် ဗောဓိသတ်လည်း မိုက်မြတ်အန္ဓ တဏှာ့နိုင်ငံ လိုက်မှားကျွံ၍ မင်းထံစိုးကပ် တင့်အပ်သာညောင်း ပန်ထွာတောင်းသော် လူပေါင်းပြောဝှန့် မစင်စွန့်သား မသန့်လေနိုး ရေအိမ်ဆိုးကို မင်းစိုးမြှော်တွေး ယူတော့ပေးက အရေးမမြင် ရသေ့ရှင်လည်း စိတ်ရွှင်အားရမ်း မြောက်သည်ဝမ်းဖြင့် ချစ်ကျွမ်းသက်ထား မိဘုရားအား လက်ဖျားယှဉ်ကာ ဆက်လတည်း ။

လက်ဖျားငင်ဆွဲ ရေအိမ်ထဲသို့ ယှဉ်နွှဲလောင်းဖြူ ဝင်တော်မူသော် နန်းသူမယ်ညို မလိုက်လို၍ လိုက်လိုကြောင်းကြောင်း တချောင်းချောင်းဖြင့် ဖြားယောင်းချိုသာ ဆိုသောခါဝယ် ရွံရှာဘွယ်လိ မစင်တိလျှင် ဖြစ်ဘိရကား လောက်ဖွားဖွားနှင့် ဘုရားချစ်ရှင် မြင်ပါလှည့်ဦး လျှင်စူးစူးဖြင့် ပေါက်တူးတစင်း ခြင်းကားတလုံး ပစ်ကျုံးဖို့ရန် ဆောင်ခြေပြန်ဟု တဖန်စေမြောက် ရောက်လတ်ချင်သော် မစင်မှိုက်မြက် ပြည့်အနှက်လည်း တံမြက်လှည်းခတ် နွားချေးစွတ်ဖြင့် ကျံလတ်စေရောင်း ညောင်စောင်းအင်းပျဉ် စပ်ယှဉ်ခင်းနှီး ဆောင်စေပြီးမှ အိုးကြီးတကွဲ အင်တွဲတခြား တပါးပါးကို ရိရှားပန်းအောင် နွံပြီးနောင်ဝယ် အမောင်ရှင်နည်း အိုးစရည်း၌ ကြည်းကြည်းကြည်မြတ် သန့်သက်မိုးရေ ပြည့်ဖြိုးစေဟု ဆိုပေသဖြင့် ကုန်စွာကျင့်လျက် အသင့်စီစဉ် ချိုးရေရင်ပြီး ရွှေခင်းနှီးထက် စပ်မှီးရွှင်ဝမ်း ပီတိပြွမ်း၍ အလွှမ်းမေတ္တာ သက်လတည်း ။

ထိုသိုသက်ဝေ တနေရာတည်း မေတ္တာစည်းလျက် ရည်းရည်းငံငံ ပျော်စံတားတား မိဘုရားကား သွယ်ဖျားညွတ်ခွေ လက်ညံ့ခြေဖြင့် ဆံကေညွတ်မြိတ် မြလျှံဖိတ်သား မုတ်ဆိတ်သွယ်သွယ် ကြင်စွယ်တို့၌ ရစ်ကာကြိုက်၍ ပြည်သိုက်ဥစ္စာ ရတနာကို ပယ်ခွါသန့်သန့် ရှင်းရှင်းစွန့်လျက် ရဟန့်ဘဝ ဗြာဟ္မဏဟု ကြောင်းစတစိ မသိရှာချေ များလွန်လေခဲ့ ရွှေငွေပစ္စည်း သိမ်းဆည်းအတင်း ကုန်သွယ်ခြင်းဖြင့် ချွတ်ယွင်းမေထုန် ဆန်စုန်ကျင့်ရေး မသင့်သေးဟု နတ်သွေးရောင်ညို့ ဆိုပြီးတို့မှ ကိုယ်ဘို့ရှေးရှူ အကြောင်းမူ၍ ချစ်မူစွန့်ရေး ဖျက်လတည်း ။