မိုးကမ္မဝါစာတမ်း/မိုးအမိန့်တော်ပြန်တမ်းကြီး

From Wikisource
Jump to navigation Jump to search
မိုးကမ္မဝါစာတမ်း by လယ်တီဆရာတော်

မိုးအမိန့်တော်ပြန်တမ်းကြီး

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး စီရင်တော်မူသော

မိုးအမိန့်တော်ပြန်တမ်းကြီး

“အို-အထက်တစ်ခွင် မိုးကောင်းကင်၌ အစဉ်ရှိနေကြကုန်သော ဝလာဟက ပဇ္ဇုန္နဟု နာမထင်ရှား နတ်မင်းများတို့...

[မုံရွာမြို့၊ လယ်တီတိုက်] နေ ရဟန်းတော် သံဃာတော်များတို့၏ ထုတ်ဖော်မိန့်ကြား ဆိုစကားကို ထောင်နားကျကျ နာခံကြပါကုန်လော”

ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ စကြဝဠာ ကမ္ဘာမြေမိုး၊ ဖြန်းဖြန်းကျိုးမျှ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူ ပေသော သင်တို့ဆရာ ငါတို့ဆရာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားကြီးသည် ဟောကြားတော်မူအပ်ကုန်သော အနန္တ တရားကြီး ၅-ပါးတို့သည် ဗုဒ္ဓဘာသာ သာသနာအဝင်၌ ထင်ရှားရှိပေ ကုန်၏၊

ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏော အနန္တော၊ မာတာပိတုဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တော၊

ဤ ၅-ပါးတို့ပေတည်း။

ဤ အနန္တတရားကြီး ၅-ပါးတို့သည် ငါတို့မြတ်စွာဘုရားကြီး၏ တပည့်သား ဖြစ်ကြကုန်သော ဗုဒ္ဓဘာသာ သာသနာဝင် ရှင်လူအများ တို့၏ အဆုတ်အသဲ နှစ်လုံးထဲမှာ အမြဲတည်ရှိကြပေကုန်၏၊ ငါတို့မြတ်စွာ ဘုရား၏ တပည့်သားတော်ဖြစ်ကြပေကုန်သော အထက်တစ်ခွင် ကောင်း ကင်တရိုး နတ်အမျိုးတို့၏ အဆုတ်အသဲ နှလုံးထဲမှာလည်း အမြဲတည်ရှိ ကြပေကုန်၏၊

ဤအနန္တတရားကြီး ၅-ပါးတို့၏ ကောင်းကျိုးဖလ အနန္တတို့ကို လည်း ယခုဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် သင်တို့ ငါတို့ မချို့ အမှန် ခံစား စံစားကြရကုန်လတ္တံ့။

ထိုအနန္တဂုဏ်ထူး ကျေးဇူးတော်ကြီး ၅-ရပ်တို့ကို သိတတ်, မြင် တတ် မတိမ်မမြုပ် ဖော်ထုတ် ပြောဆိုတတ်ကြကုန်သော သူတို့သည် ကတညုတ ကတဝေဒိတာသူတော်ကောင်းအင်္ဂါ မင်္ဂလာတရားကြီး နှင့် ပြည့်စုံသော သူတို့ပေတည်း။

ထိုအနန္တဂုဏ်ထူး ကျေးဇူးတော်ကြီး ၅-ပါးတို့သည်လည်း ထိုကျေးဇူးတော်တို့ကို အမြဲနိစ္စ ခံစံကြရကုန်သောသူတို့၌ ကျေးဇူးမြီ, ကျေးဇူးကြွေး ဝန်မလေးကြရအောင် တတ်အားသမျှ ပေးဆပ်ပူဇော် ကြရမြဲ ဝတ္တရားကြီးသည် ရှိကြကုန်၏၊

အမိကျေးဇူး, အဘကျေးဇူးများကဲ့သို့၊ ဘုရားကျေးဇူးအနန္တ, တရားကျေးဇူးအနန္တ, သံဃကျေးဇူးအနန္တတို့၌ ကျေးဇူးမြီ, ကျေးဇူးကြွေး ဝန်မလေးကြရအောင် ဆပ်ပေးပူဇော်မှုကြီးဆိုသည်ကား ပိဋကတ်သုံးပုံ နှင့်တကွ ဘုရားသာသနာတော်ကြီးကို ဆုတ်ယုတ်လျော့ပါး မရှိရအောင် ကြောင့်ကြစိုက်ထုတ်မှု တည်တန့်ခိုင်မြဲအောင် ကြောင့်ကြစိုက်ထုတ်မှု များပေတည်း။

ဗုဒ္ဓဘာသာဝင် ရှင်လူအများတို့မှာ စာချပုဂ္ဂိုလ်, စာသင် ပုဂ္ဂိုလ် များကို ပစ္စည်း ၄-ပါးထောက်ပံ့မှု၊ ဝိနည်းစာပြန်ပွဲ အဘိဓမ္မာ စာပြန်ပွဲကြီး များ ပြုလုပ်မှု၊ လက္ခ ကံကြွေး, ကြေးငွေပေး၍ ပိဋကတ်စာအုပ်, ပိဋကတ်စာထုပ်တို့ကို တည်ထောင်မှု ပိဋကတ်ကျောက်စာတို့ကို ရေးထု တည်ထောင်မှုများပေတည်း။

ယခုအခါ၌ ငါတို့မြန်မာနိုင်ငံမှာ ထိုအမှုများကို ပြုလုပ်အားထုတ် လျက် ရှိကြပေကုန်၏၊ ငါတို့မြတ်စွာဘုရား၏ တပည့်သားတော်ဖြစ်ကြ ပေကုန်သော နတ်အများတို့၏ဆိုင်ရာ ကျေးဇူးမြီ, ကျေးဇူးကြွေး ဝန်မလေးကြရအောင် ဆပ်ပေးမှုမှာမူကား ပိဋကတ်သုံးပုံနှင့်တကွ ဗုဒ္ဓဘာသာ သာသနာတော်ကြီးတည်ရှိရန် နိုင်ငံမြို့ရွာတို့၌ ဘီးလူးမျိုး, သားရဲ သားဘက်မျိုး, နတ်ဆိုး နတ်ဝါးမျိုးတို့ ထကြွသောင်းကျန်းမှုကြောင့် လူတို့၌လည်းကောင်း၊ ကျွဲ, နွားစသောတိရိစ္ဆာန်သတ္တဝါတို့၌လည်းကောင်း ကျရောက် ဖြစ်ပွားတတ်သော ရောဂါဆိုး, အနာဆိုး, ကပ်, ဥပဒ်မျိုးတို့မှ ကင်းလွတ်ကြအောင် စောင့်ရှောက်ကွယ်ကာမှုကြီးတစ်ပါး၊ မိုးအခါ၌ မိုးလုံလောက်စွာ မရွာသည့်အတွက်ကြောင့် ဖြစ်တတ်သော ငတ်မွတ် ခေါင်းပါးခြင်းဘေးတို့မှ ကင်းလွတ် စောင့်ရှောက်ကြရအောင် ကာကွယ်မှု ကြီးတစ်ပါး၊ ဤအမှုကြီး ၂-ပါးတို့သည် နတ်များတို့၏ဆိုင်ရာ ဘုရား ကျေးဇူး တရားကျေးဇူး, သံဃာ့ကျေးဇူးများကို ဆပ်ပေးမှုများပေတည်း။

ဤ ၂-ပါးတို့တွင်လည်း ရောဂါဆိုး, အနာဆိုး, ကပ်, ဥပဒ်မျိုးတို့မှ ကင်းလွတ်ကြအောင် စောင့်ရှောက်ကွယ်ကာမှုကြီးသည် စတုမဟာရာဇ် နတ်မင်းကြီးများနှင့် နတ်စစ်သူကြီးများတို့၏ ဆိုင်ရာပေတည်း။

မိုးမရွာသည့်အတွက် ငတ်မွတ်ခေါင်းပါးမှုတို့မှ ကင်းလွတ်ကြရ အောင် စောင့်ရှောက်ကာကွယ်မှုကြီးသည် ဝလာဟကနတ် ပဇ္ဇုန္နနတ်များ တို့၏ ဆိုင်ရာပေတည်း။

ယခုအခါ ဗုဒ္ဓဘာသာ သာသနာတော်ကြီး၏တည်ရှိရာ [မုံရွာမြို့] နယ်ပယ်အတွင်း၌ မိုးလအခါ မိုးလုံလောက်စွာ မရွာမှုကြီး ဆိုက်ရောက် လျက် ရှိနေချေပြီ။

အို--မိုး၏ဆိုင်ရာ ဝလာဟက ပဇ္ဇုန္နဟု နာမထင်ရှား နတ်မင်း များတို့- -မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်မြီရပ်ကို ဆပ်ပေးကြ ကုန်လော့၊ မိုးတို့ကို ကောင်းစွာ ရွာစေကြကုန်လော့၊ တရားတော်မြတ် ၏ကျေးဇူးတော် ဂုဏ်မြီရပ်ကို ဆပ်ပေးကြကုန်လော့၊ မိုးတို့ကို ကောင်းစွာ ရွာစေကြကုန်လော့၊ သံဃာတော်မြတ်တို့၏ ကျေးဇူးတော် ဂုဏ်မြီရပ်ကို ဆပ်ပေးကြကုန်လော့၊ မိုးတို့ကို ကောင်းစွာ ရွာစေကြကုန်လော့။

ရှေးအခါ ကမ္ဘာပေါင်း ၇-သင်္ချေအတွင်း၌ ငါးသိန်းကုန်သော ဘုရားရှင်တို့သည် ဖြစ်ပွင့်တော်မူပေကုန်၏၊ ငါတို့၏ ဘုရားအလောင်း တော်သူမြတ်သည် နုလှစွာသော မုဒုပုဂ္ဂိုလ်အဖြစ်၌တည်၍ ထိုငါးသိန်း ကုန်သော ဘုရားရှင်တို့အထံ၌ သဗ္ဗညုဘုရားဆုကြီးကို ပန်ဆင်တော်မူ၏၊ ထို ငါးသိန်းကုန်သော ဘုရားရှင်တို့၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့် ဤ [မုံရွာမြို့] နယ်ပယ်တစ်ဝှမ်းလုံး၌ မိုးတို့သည် ကောင်းစွာရွာစေ ကုန်သတည်း။

ထိုမှနောက် ကမ္ဘာပေါင်း ၉-သင်္ချေအတွင်း၌ (၁၂၀၀၀) တစ် သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့သည် ဖြစ်ပွင့်တော် မူကြကုန်၏၊ ငါတို့၏ ဘုရားအလောင်းတော်သူမြတ်သည် အလတ်ဖြစ်သော မဇ္ဈုံ ပုဂ္ဂိုလ်အဖြစ်၌တည်၍ (၁၂၀၀၀) တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့၏အထံ၌ သဗ္ဗညုဘုရားဆုကြီးကို ပန်ဆင်တော်မူ၏၊ ထို (၁၂၀၀၀) တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့် [မုံရွာမြို့]နယ် တစ်ဝှမ်းလုံး၌ မိုးတို့သည် ကောင်းစွာရွာ စေကုန်သတည်း။

ထိုနောက် ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌ နှစ်ကျိပ်ရှစ် ဆူကုန်သော ဘုရားရှင်တို့သည် ဖြစ်ပွင့်တော်မူပေကုန်၏၊ ငါတို့ဘုရား အလောင်းတော် သူမြတ်သည် ရင့်မာသောတိက္ခပုဂ္ဂိုလ်အဖြစ်၌တည်၍ ထိုနှစ်ကျိပ် ရှစ်ဆူကုန်သော ဘုရားရှင်တို့၏အထံ၌ သဗ္ဗညုဘုရား ဆုကြီးကို ပန်ဆင်တော်မူ၏၊ ထိုနှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့် [မုံရွာမြို့] နယ်တစ်ဝှမ်းလုံး၌ မိုးတို့သည် ကောင်းစွာ ရွာစေကုန်သတည်း။

ဤသို့လျှင် သင်္ချေ ၂၀-အတွင်း၌ ဖြစ်ပွင့်တော်မူကြကုန်သော (၅၁၂၀၂၈) ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့် [မုံရွာမြို့] နယ် တစ်ဝှမ်းလုံး၌ မိုးတို့သည် ကောင်းစွာရွာစေကုန်သတည်း။

“အို...မိုး၏ဆိုင်ရာ ဝလာဟက ပဇ္ဇုန္နဟု နာမထင်ရှား နတ်မင်း များတို့...သီလ သမာဓိ ပညာ သိက္ခာသုံးဝ ပြည့်စုံလှ၍ တိက္ခ ဂမ္ဘီရ ဉာဏသခင် အကျွန်ုပ်တို့၏ ကျေးဇူးရှင်ကြီး ဖြစ်တော်မူသော ပထမ လယ်တီဆရာတော် ဘုရားကြီးသည် အနှစ် ၂၀-တိုင်တိုင် မယိုင်မယိမ်း မတိမ်းမတ်မတ် ဝီရိယဓာတ်ဖြင့် မြတ်စွာဗုဒ္ဓ အစရှိသား သံဃာတော်များ တို့အား ကြီးမားသောစေတနာ သဒ္ဓါဗလဝ အတိဥက္ကဋ္ဌ ဝီရိယဓာတ် တို့ဖြင့် ရေကုသိုလ်များကို ကြိုးစားအားထုတ် ပြုလုပ်ခဲ့ဘူးလေပြီ။

ထိုကျေးဇူးတော်ရှင် မဟာထေရ်မြတ်ကြီး၏ ကြီးမြတ်သော သီလတန်ခိုး, ကြီးမြတ်သော သမာဓိတန်ခိုး, ကြီးမြတ်သော ပညာတန်ခိုး တို့ကြောင့်လည်း အသင်နတ်မင်းတို့သည် ဤ [စစ်ကိုင်းတိုင်း မုံရွာခရိုင် မုံရွာမြို့] နယ် တစ်ဝှမ်းလုံး၌ မိုးရေအယဉ်တို့သည် သွင်သွင် ရိုက်ချုံး မိုးလုံးမဲမှောင် တိမ်တောင်တိမ်လိပ် ဖုံးပိတ်ကာလွှမ်း ( ရွာသွန်းကြပါစေ ကုန်လော့- ၃ ) ရွာသွန်းကြပါစေကုန်သတည်း။

ထိုကျေးဇူးတော်ရှင် လယ်တီဆရာတော်မြတ်ဘုရားကြီး၏ ကြီးမားသော ရေကုသိုလ်စု မြတ်ကောင်းမှု ကြောင့်လည်း အသင်နတ် မင်းတို့သည် ဤ [စစ်ကိုင်းတိုင်း မုံရွာခရိုင် မုံရွာမြို့] နယ် တစ်ဝှမ်းလုံး၌ မိုးရေအယဉ်တို့သည် သွင်သွင်ရိုက်ချုံး မိုးလုံးမဲမှောင် တိမ်တောင် တိမ် လိပ် ဖုံးပိတ်ကာလွှမ်း (ရွာသွန်းကြပါစေကုန်လော့-၃) ရွာသွန်းကြ ပါစေကုန်သတည်း။

ထိုကျေးဇူးတော်ရှင် လယ်တီဆရာတော်မြတ်ဘုရားကြီး၏ ကြီးမားသော ရေကုသိုလ်မှု အဖို့အစုတို့ကို မိုးရပ်ပျော်ပါး အသင် မိုး နတ်သားတို့အား မခြားကိုယ့်တူ ကြည်ဖြူစွာလှ အမျှပေးဝေခဲ့ဖူးလေပြီ၊ ထိုကျေးဇူးတော်သခင် လယ်တီရှင်၏ သွင်သွင်ဝေငှ ပေးဝေသော အမျှကို ရခဲ့သောအား ရည်မှတ်သား၍ အသင်နတ်မင်းတို့သည် မြတ်ဖျား လယ်တီ ပျော်စံမှီ၍ ရွှင်ကြည်နှလုံး သီတင်းသုံးကာ နေခဲ့ဖူးရာဖြစ်သော ဤ [စစ်ကိုင်းတိုင်း မုံရွာခရိုင် မုံရွာမြို့] နယ် တစ်ဝှမ်းလုံး၌ ထန်ပြင်း တစ်ရပ် ကျေးဇူးဓာတ်ကို တုံ့ဆပ်သောထွေ မိုးရေအယဉ်တို့ကို သွင်သွင် ရိုက်ချုံး မိုးလုံးမဲမှောင် တိမ်တောင်တိမ်လိပ် ဖုံးပိတ်ကာလွှမ်း (ရွာ သွန်းကြပါစေကုန်လော့- ၃ ) ရွာသွန်းကြပါစေကုန်သတည်း။

(ဤပြန်တမ်းကြီးကို မိုးပရိတ်ကြီး ရွတ်ပြီးအဆုံး၌လည်းကောင်း၊ မိုးကမ္မဝါစာကြီး ဖတ်ပြီးအဆုံး၌လည်းကောင်း၊ ကျယ်စွာသော အသံဖြင့် တစ်ကြိမ်ဖတ်ရမည်၊ မိုးပရိတ်ကြီး မိုးကမ္မဝါစာကြီးများကို မဖတ်မူ၍ ဤပြန်တမ်းကြီးသက်သက်ကို အခေါက်များစွာ ဖတ်ကြပါလျှင် မိုးသည် ဧကန်ရွာလိမ့်မည်။)

အမှာ။။ ဤ “ ” အတွင်းပါ စကားတို့သည် မူရင်းစာတို့၌ မပါချေ၊ အခါ အားလျော်စွာ နောက်မှ ထည့်သွင်းသော စကားများ ဖြစ်သည်။

မိုးအမိန့်တော် ပြန်တမ်းကြီးပြီး၏၊

------*-----