မဟောသဓဇာတ်တော်ကြီး/အခန်း-၄၇

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄၇။ ဇာတ်တော်ပေါင်းခန်း

ဤသို့ မဟောသဓသုခမိန်သည် ထိုရေစောင့်ဘီလူးပြဿနာပွဲ ဖြစ်သည့်နေ့မှစ၍ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ကျော်စောထင်ရှားစွာ ဧရာဇ်မင်း၏စည်းစိမ်နှင့် ထီးနန်းမှတစ်ပါး ထပ်တူဖြစ်သောစည်းစိမ်ကို စိုးစံလျက် အသက်အာယုကပ်ပတ်လုံး မင်း၏အကျိုးစီးပွားကိုလည်းကောင်း၊ ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကိုလည်းကောင်း ဘုရားပွင့်တော်မူသောအခါကဲ့သို့ တစ်နေ့မပြတ် ဆုံးမပြညွှန်၍ အသက်၏အဆုံး၌ တာဝတိံသာနတ်ပြည်သို့ ဘဝပြောင်းလဲ စံတော်မူလေ၏။

ဘုရားလောင်း၏ အဆုံးအမ၌တည်ကုန်သော ပြည်သားပြည်သူ လူအပေါင်းတို့သည်လည်း ဘဝအဆုံး၌ ဘုရားလောင်းစံရာ တာဝတိံသာနတ်ပြည်သို့ချည်း ပြောင်းလဲကြကုန်၏။ ဘုရားလောင်း၏အဆုံးအမ၌ မတည်၊ ၁၀-မည်သောဒုစရိုက်ဖြင့် သူမိုက်ကို အဆွေခင်ပွန်းပြုကုန်သော ပါပကာရီ ပါပမိတ္တဖြစ်သူ လူအပေါင်းတို့သည်ကား ဘဝအဆုံး၌ မိမိတို့ကမ္မနိမိတ် တံဆိပ်မှတ်ချက်ချရာ မဟာပထဝီမြေထဲ ငရဲကြီး ၈-ထပ်တို့သို့ ပြောင်းလဲကြရကုန်၏။ ထို့ကြောင့်-

“ဗောဓိသတ္တဿ ပရိသာ၊ သဂ္ဂံ ဂစ္ဆန္တိ ဥတ္တမံ။

အတ္ထဓမ္မမန္တိနော စေကေ၊ ပတန္တိ နိရယံ အဓော။”

ဟူသော ဂါထာကို ဟောတော်မူ၏။

အနက်ကား-ဗောဓိသတ္တဿ၊ ဘုရားလောင်း၏။ ပရိသာ၊ ပရိသတ်ဖြစ်ကုန်သော။ အတ္ထဓမ္မမန္တိနော၊ အကျိုးအကြောင်းကို ကြံလေ့ရှိကုန်သော သူတို့သည်။ ဥတ္တမံ၊ မြတ်သော။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂစ္ဆန္တိ၊ သွားလေကုန်၏။ ဧကေ၊ အချို့သော သူတို့သည်။ အဓော နိရယံ၊ အောက်ငရဲသို့။ ပတန္တိ၊ ကျလေကုန်၏။

(ဤဂါထာတို့၌ “အချို့ ငရဲသို့ကျ၏” ဟူသော်လည်း ငရဲသို့ကျသောသူ အနည်းငယ်မျှသာ ဖြစ်ရာ၏။ ဘုရားလောင်း၏ အဆုံးအမ၌တည်၍ နတ်ပြည်သို့လားရသောသူသာ များရာ၏။ အဘယ်ကိုထောက်၍ သိရသနည်းဟူမူ ဧကေ-ဟူသော သဒ္ဒါဖြင့်ပြသောကြောင့် ငရဲသို့သွားသူ နည်းကြောင်းကို သိရသည်။ အပရေသဒ္ဒါ, ဣတရေသဒ္ဒါတို့ဖြင့် ပြချေမူကား ထပ်တူပင် ယူသင့်၏။)

ဤသို့ မြတ်စွာဘုရားသည် ဝေနေယျတို့၏အလိုကို သိတော်မူသောအားဖြင့် ဤမဟောသဓသုခမိန် ပဏ္ဍိတဇာတ်၌ အတ္ထုပ္ပတ္တိမကြွင်းမကျန်ရအောင် ဟောတော်မူပြီးလျှင် စကားဆက်ဝေး၍ အကြောင်းရင်းပျောက်မည် စိုးတော်မူသောကြောင့် သစ္စာ၄-ပါးကို ပြတော်မူပြီးသည်၏အဆုံး၌ “နဘိက္ခဝေ ဣဒါနေဝ” အစရှိသောပါဠိတော်ဖြင့် စကားစကို ဖော်ပြတော်မူ၏။

အဓိပ္ပာယ်ကား-

“သံသရာဘေးကို ရှုလေ့ရှိကုန်သော ငါ၏ တပည့်သားတော် အပေါင်းတို့။ ယခု သဗ္ဗညုတဉာဏ် အထွတ်အမြတ်သို့ ရောက်တော်မူမှသာလျှင် ငါ ပညာရှိတော်မူသည် မဟုတ်။ သဗ္ဗညုတဉာဏ်ကိုရှာ၍ သံသရာ၌ကျင်လည်လျက် ရှေးပါရမီ မရင့်မီဘဝကပင်လည်း ဤဟောတော်မူအပ်သော ဒေသနာအစဉ်ဖြင့် ကြီးကျယ်သောပညာ ရှိတော်မူသည်သာဖြစ်၏”ဟု မိန့်တော်မူ၍-

“ဘေရီ ဥပ္ပလဝဏ္ဏာသိ၊ ပိတာ သုဒ္ဓေါဒနော အဟု။

မာတာ အာသိ မဟာမာယာ၊ အမရာ စ ဗိမ္ဗာဒေဝီ။”

“သေနကော ကဿပေါ အာသိ၊ အမ္ဗဋ္ဌော အာသိ ပက္ကုသော။

ကာမိန္ဒော ကူဋဒန္တော စ၊ ဒေဝိန္ဒာ စ ပိလောတိကာ။”

“သုဝေါ အဟောသိ အာနန္ဒော၊ သာရိပုတ္တော စ စူဠနီ။

ဒေဝဒတ္တော စ ကေဝဋ္ဋော၊ ပဉ္စာလစန္ဒီ သုန္ဒရီ။”

“မလ္လိကာ သာလိကာ အဟု၊ ဥဒုမ္ဗရာ ဒိဋ္ဌမင်္ဂလိကာ။

ဝေဒေဟော ကာဠုဒါယီ စ၊ အဟံ ဗုဒ္ဓေါ မဟောသဓော။

ဟူသော ၄-ဂါထာတို့ဖြင့် ဇာတ်ကိုပေါင်းတော်မူ၏။

အဓိပ္ပာယ်ကား-

“ယခု အစည်းအဝေးဖြစ်ကုန်သော တပည့်သားတော်အပေါင်းတို့၊ ငါ မဟောသသုခမိန် ဖြစ်တော်မူသောအခါ ပဉ္စာလရာဇ်မင်းအား ဒကရက္ခသ ပြဿနာကိုမေး၍ ချီးမြှောက်သော “ဘေရီပရိဗိုဇ်မ”သည် ယခု ငါဘုရားဖြစ်တော်မူသောအခါ သာဝတ္ထိပြည်၌ ကုဋေ၈၀ ဥစ္စာကြွယ်သော သူဌေး၏သမီးဖြစ်၍၊ ကြာညိုပွင့်အဆင်းနှင့်တူသော အဆင်းရှိခြင်းကြောင့် ဥပ္ပလဝဏ် အမည်တွင်လျက် ကမ္ဘာ ၁-သိန်းပတ်လုံး ဖြည့်ဆည်းပူးအပ်သော ပါရမီနှင့်လျော်စွာ ငါဘုရား၏အထံတော်၌ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝိကာ၏ အရာအထူးဖြင့် ရဟန်းဖြစ်ပြီး၍၊ သာဝတ္ထိပြည်၌ ကဏ္ဍမ္ဗအမည်ရှိသော သရက်ပင်ကိုအမှီပြု၍ ငါဘုရားသည် ယမကပါဋိဟာရိယဖြင့် တိတ္ထိတို့၏မာန်စွယ်ကို နုတ်ပယ်ချိုးဖြတ်တော်မူခါနီး၌ ငါ့ထံလာ၍ “အရှင်ဘုရား။ ပြာဋိဟာပြတော်မမူပါနှင့်။ အကျွန်ုပ်သည် အလျား ၁၂-ယူဇနာ, အနံ ၁၂-ယူဇနာ, အဝန်း ၃၆-ယူဇနာ ဗိုလ်ထုနှင့်တကွ စကြာမင်းအဟန်ဖန်ဆင်း၍ ခြေတော်အစုံကို ဦးခိုက်ပါမည်”ဟု လျှောက်ရာတွင် “ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာနံ ဣဒ္ဓိမန္တာနံ ယဒိဒံ ဥပ္ပလဝဏ္ဏာ” ဟု တန်ခိုးကြီးသောအရာဖြင့် ငါဘုရား ချီးမွမ်းတော်မူအပ်သော ဥပ္ပလဝဏ်ထေရီဖြစ်လာ၏။”

ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒ္ဓိမန္တာနံ၊ တန်ခိုးကြီးကုန်သော။ မမသာဝိကာနံ၊ ငါဘုရား၏ တပည့်မ ဖြစ်ကုန်သော ဘိက္ခုနီတို့တွင်။ ယဒိဒံ-ယာ အယံ ဥပ္ပလဝဏ္ဏာ၊ အကြင် ဥပ္ပလဝဏ်ထေရီသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသာ ဥပ္ပလဝဏ္ဏာ၊ ထို ဥပ္ပလဝဏ်ထေရီသည်။ အဂ္ဂံ-အဂ္ဂါ၊ အထွတ်အမြတ်တည်း။”

“ငါ မဟောသဓသုခမိန် ဖြစ်တော်မူသောအခါ မိထိလာပြည်၌ အရှေ့မဇ္ဈဂုံးရွာစားဖြစ်သော ငါ၏ခမည်းတော် “သိရီဝဍ္ဎန” သူဌေးကြီးသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ ဥက္ကာမုခမင်းမှ သားတော်မြေးတော်မပျက် ဆင်းသက်၍ဆက်ခံသော သာကီဝင်မင်းမျိုး ကပိလဝတ်ပြည်ကိုအစိုးရသော ငါဘုရား၏ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ဖြစ်လာ၏။”

“ငါ မဟောသဓသုခမိန်ဖြစ်သောအခါ မိထိလာပြည် အရှေ့မဇ္ဈဂုံးရွာစား မင်း၏မိဖုရားဖြစ်သော ငါ၏မယ်တော် “သုမနဒေဝီ ”သည် ယခု ငါဘုရားဖြစ်တော်မူသောအခါ သာကီဝင်မင်းမျိုး ဒေဝဒဟပြည်ကို အစိုးရတော်မူသောအခါ အဉ္စနမင်းကြီး၏သမီး၊ ငါ့ဘုရား၏မယ်တော် “မဟာမာယာဒေဝီ” မိဖုရားကြီး ဖြစ်လာ၏။”

“ထိုအခါ မဟောသဓသုခမိန်၏မိဖုရားကြီးဖြစ်သော “အမရာဒေဝီ”သည် ယခုအခါ ဒေဝဒဟပြည်ကိုအစိုးရသော ငါ၏ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကြီးသမီး ဇမ္ဗူရာဇ်ရွှေစင်ကို ရှုချင်ဖွယ်ပုံသွန်းဘိသကဲ့သို့ အတုမရှိတင့်တယ်သော အဆင်းအရည်ဖြင့် “ဗိမ္ဗာဒေဝီ” ဟူသော အမည်, “ဘဒ္ဒကဉ္စနာ”ဟူသော အမည်တင်ပြီးမှ ဖွားမတော်၏အမည်ဖြင့် “ယသောဓရာဒေဝီ” ဟုထင်ရှားစွာ ငါ၏မြောက်သားတော်ဖြစ်၍၊ ကပိလဝတ်ပြည်၌ ရွှေနန်း၃-ဆောင်ကို အတူစိုးစံခဲ့ပြီးမှ ငါဘုရား၏သာသနာတော်၌ ရဟန်းပြုပြီး၍၊ အာသဝေါကင်းပြီးသော ခေမာ, ဥပ္ပလဝဏ် အစရှိသော ရဟန်းမိန်းမဟူသမျှတို့သည် အလွန်အားဖြင့် ကမ္ဘာ၁-သိန်းသာမြင်နိုင်သော အဘိညာဉ်ရှိကုန်မြဲဖြစ်လျက် ရဟန်းမိန်းမတို့ မြင်နိုင်ရိုးတမ်းထက်လွန်ကဲစွာ တစ်ကြိမ်တည်းမျှ ဆင်ခြင်ကာဖြင့် ၄-သင်္ချေနှင့် ကမ္ဘာ၁-သိန်းတိုင်အောင်မြင်နိုင်သော အဘိညာဉ်နှင့် ပြည့်စုံခြင်းကြောင့်- “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ မဟာဘိညာပတ္တာနံ ယဒိဒံ ဘဒ္ဒကဉ္စနာ။”ဟု အလွန်ကြီးမြတ်သော အဘိညာဉ်အရာဖြင့် ငါဘုရား ချီးမွမ်းတော်မူအပ်သော ရာဟုလာမိခင် “ဗိမ္ဗာထေရီ”ဖြစ်လာ၏။”

“ဘိက္ခဝေ၊ ရဟန်းတို့။ မမသာဝိကာနံ၊ ငါ၏ တပည့်တော်မဖြစ်ကုန်သော။ မဟာဘိညာပတ္တာနံ၊ ကြီးမြတ်လွန်ကဲစွာ မဟာအဘိညာဉ်သို့ ရောက်ကုန်သော ဘိက္ခုနီတို့တွင်။ ယဒိဒံ-ယာအယံ ဘဒ္ဒကဉ္စနာ၊ အကြင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ရာဟုလမာတာထေရီသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသာထေရီ၊ ထိုရာဟုလမာတာထေရီသည်။ အဂ္ဂံ-အဂ္ဂါ၊ အမြတ်အထွတ်တည်း။”

(ထို့ကြောင့် “မိန်းမမြတ်တကာတို့၏ မြင်ရိုးတမ်းကိုဖျက်သည်ကား ယသောဓရာတည်း”ဟု သာသနာတော်၌ ထင်ရှားစွာဖြစ်၏။)

“ရာဂီမစင်သေးသောရွှေလျှင် စံဖက်ရှိမှ ဇမ္ဗူရာဇ်ရွှေစင်သည် ထူး၍ဂုဏ်ထွန်းသကဲ့သို့ ထိုအခါ မိထိလာပြည်၌ မဟောသဓသုခမိန်၏ပညာဂုဏ်ကို ထွန်းစေတတ်သော “သေနက”အမတ်ကြီးသည် ယခုအခါ မဂဓရာဇ်တိုင်း၌ “ဗြာဟ္မဏမဟာသာလ”မျိုးဖြစ်၍၊ လက်သို့ ရောက်ပြီးသော ကာမဂုဏ်စည်းစိမ်ကြီးကို တံတွေးပေါက်ကဲ့သို့စွန့်ပစ်သဖြင့် ငါ၏ထံ၌ ရဟန်းပြုပြီးသော် မဟာသာဝကတို့၏အကြီး “တတိယသာဝက” အဖြစ်သို့ရောက်လျက် အသက်ထက်ဆုံး ၁၃-ပါးသောဓုတင်ကို တစ်နေ့မပြတ် အခါခပ်သိမ်းဆောင်၍ သူတစ်ပါးတို့ကိုလည်း ဓုတင်ဖြင့် ဆုံးမညွှန်ပြတတ်သောကြောင့်- “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဓုတင်္ဂဝါဒါနံ ယဒိဒံ မဟာကဿပေါ။”ဟု ဓုတင်ကိုဆောင်ခြင်း, ဓုတင်ကို ဆုံးမညွှန်ပြတတ်ခြင်း တည်းဟူသောဂုဏ်ဖြင့် ငါဘုရား ချီးမွမ်းတော်မူအပ်သော “မဟာကဿပ”ဖြစ်လာ၏။”

“ဘိက္ခဝေ၊ ရဟန်းတို့။ မမသာဝကာနံ၊ ငါ၏တပည့်သားဖြစ်ကုန်သော။ ဓုတင်္ဂဝါဒါနံ၊ ဓုတင်၁၃-ပါးတို့ကို ကျင့်ဆောင်တတ်, ဆုံးမတတ်ကုန်သောရဟန်းတို့တွင်။ ယဒိဒံ-ယောအယံ မဟာကဿပေါ၊ အကြင် မဟာကဿပသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော မဟာကဿပေါ၊ ထိုမဟာကဿပသည်။ အဂ္ဂံ-အဂ္ဂေါ၊ အထွက်အမြတ်တည်း။”

(ဤအရာ၌ နဒီ, ဂယာ, ဥရုဝေဠ, ကုမာရသဒ္ဒါတို့ကို အစထား၍မဆို၊ ကဿပဟူ၍သာ သာမညဆိုခြင်းကြောင့် အရှင်မဟာကဿပပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဆိုလိုက်ပေသည်။)

“ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၏ သုခမိန်တစ်ယောက်ဖြစ်သော “ပက္ကုသ”အမတ်သည် ယခုအခါ “အမ္ဗဋ္ဌလုလင်” ဖြစ်လာ၏။”

“ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၏ သုခမိန်တစ်ယောက်ဖြစ်သော “ကာမိန္ဒ”အမတ်သည် ယခုအခါ မဂဓရာဇ်တိုင်း၌ “ပုဏ္ဏားသူကြွယ်”ဖြစ်၍၊ ယဇ်တွင်း၌ ဆိတ်, ဝက်, ကြက်တို့ဖြင့် ယဇ်ပူဇော်အံ့ဟု စီရင်စဉ် ငါဘုရားနှင့်တွေ့ကြိမ်ရသဖြင့် “ငါကား ယခု စူဠယညကိုသာ သိ၏။ ရဟန်းဂေါတမကား မဟာယညကို သိရာလိမ့်မည်”ဟု ငါ့ထံလာ၍ မေးလျှောက်သောကြောင့် ရှေး၌ သူတော်ကောင်းတို့စီရင်ဖူးသော အလှူပေးခြင်း, သတ္တဝါတို့ကိုသနားခြင်း တည်းဟူသော မဟာယညကို ဟောတော်မူရာတွင် မိစ္ဆာကွန်ရက်ပြတ်၍ ငါဘုရား၏ သောတာပတ္တိ အမြိုက်ရေစင်ကို ချိုးသောက်ရသော “ကုဋဒန္တပုဏ္ဏား”ဖြစ်လာ၏။”

“ထိုအခါ “ဒေဝိန္ဒ”သုခမိန်သည် ယခုအခါ “ပိလောတိကလုလင်”ဖြစ်လာ၏။”

(ဤအမ္ဗဋ္ဌလုလင်, ပိလောတိက လုလင်တို့ကား မထင်ရှားလွန်းသောသူဖြစ်၍ အကျယ်တဝန်း အဓိပ္ပာယ် မဆိုလိုက်သည်။)

“ထိုအခါ ခက်ခဲစွာသော မဟောသဓသုခမိန်၏အမှုအခွင့်၌ ညီညာရွက်ဆောင်ဖော်ရပေသော “ကျေးသား”သုခမိန်သည် ယခုအခါ ကပိလဝတ်ပြည်၌ ငါ၏ဘထွေးတော် အမိတ္တောဒနသား ငါဘုရားနှင့် တစ်ရက်တည်းဖွား များစွာသောစည်းစိမ်ကိုစံပြီးမှ ငါ့ထံ၌ရဟန်းပြုပြီးသော် စကြာမင်းတို့ဘဏ္ဍာစိုး ရွှေတိုက်ဝန်ကဲ့သို့ မိမိကိုယ်ကျိုးကိုမငဲ့ ငါ၏အဆုံးအမတော် သာသနာမြင့်ရှည် တည်အံ့သည်ကိုသာ ငဲ့လျက် ငါဘုရားဟောကြားတော်မူအပ်သော ပိဋကတ် ၃-ပုံတို့ကို မယိုမယွင်းရအောင် သင်ကြားလေ့ကျက် ဆောင်ရွက်ခြင်းတည်းဟူသော ဗဟုသုတဂုဏ်။ နိဒါန်း,ဝတ္ထု,ပုဂ္ဂိုလ် စသည်တို့နှင့်တကွ ငါဟောတော်မူအပ်သော တရားတော်ကို တစ်ပါးသောသာဝကတို့ထက် သာလွန်၍ မှတ်သားခြင်းတည်းဟူသော သတိဂုဏ်။ တစ်ဖဝါးလှမ်းကာမျှ၌ ပုဒ်၆-သောင်း, ဂါထာပေါင်း ၁-သောင်း ၅-ထောင်တို့ကို ခဏချင်းပီပြင်စွာ ရွတ်အံနိုင်ခြင်းတည်းဟူသော နှုတ်ကောင်းခြင်း ဂတိဂုဏ်။ ငါ၏တရားတော်ကို သင်ကြားခြင်း, ရွတ်အံခြင်း, ငါ့အား နေ့ညဉ့်မပြတ် ဝတ်ကြီးဝတ်ငယ်ဖြင့် လုပ်ကျွေးခြင်းတို့၌ တစ်ပါးသောသာဝကတို့ထက် သာလွန်စွာ လုံ့လပြုခြင်းတည်းဟူသော ဓိတိဂုဏ်။ မေဃိယ, နာဝိတစသော တစ်ပါးသောသာဝကတို့ လုပ်ကျွေးငြားသော်လည်း ငါဘုရား၏ နှလုံးကို ကျုံးဘိသကဲ့သို့ မသိကြကုန်။ ဤသူသည်သာ ငါဘုရား၏ နှလုံးကို ကျုံးဘိသကဲ့သို့ သိလျက် နေ့ညဉ့်မပြတ် ရိုသေစွာလုပ်ကျွေးခြင်းတည်းဟူသော ဥပဋ္ဌာကဂုဏ်။ ဤဂုဏ် ၅-ပါးနှင့် ပြည့်စုံခြင်းကြောင့် “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ သတိမာနံ ဂတိမန္တာနံ ဓိတိမန္တာနံ ဥပဋ္ဌာကာနံ ယဒိဒံ အာနန္ဒော”ဟု ၅-သွယ်သော ဂုဏ်ဖြင့် ၅-ကြိမ် ၅-ခါ ငါဘုရား ချီးမွမ်းတော်မူအပ်သော ငါ၏ညီတော် “အာနန္ဒာထေရ်” ဖြစ်လာ၏။”

“ဘိက္ခဝေ၊ ရဟန်းတို့။ မမ သာဝကာနံ၊ ငါဘုရား၏ တပည့်သားတော်ဖြစ်ကုန်သော။ ဗဟုဿုတာနံ၊ အကြားအမြင်များကုန်သော ရဟန်းတို့တွင်။ သတိမန္တာနံ၊ သတိရှိကုန်သော ရဟန်းတို့တွင်။ ဂတိမန္တာနံ၊ အရွတ်အဖတ်လျင်မြန်သော ရဟန်းတို့တွင်။ ဓိတိမန္တာနံ၊ လုံ့လကြီးကုန်သော ရဟန်းတို့တွင်။ ဥပဋ္ဌာကာနံ၊ ငါဘုရားအား လုပ်ကျွေးကုန်သောရဟန်းတို့တွင်။ ယဒိဒံ-ယောအယံ အာနန္ဒော၊ အကြင်အာနန္ဒာသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော အာနန္ဒော၊ ထိုအာနန္ဒာသည်။ အဂ္ဂံ-အဂ္ဂေါ၊ အထွတ်အမြတ်တည်း။”

“ထိုအခါ ပဉ္စာလရာဇ်ပြည်၌ မဟောသဓသုခမိန်အား မိမိကိုယ်နှင့်ထပ်တူပြု၍ ကြီးစွာသောစည်းစိမ်ဖြင့် ချီးမြှောက်ပေသော ဇမ္ဗူဒိပ်ကျွန်းလုံးဘုရင် “စူဠနီဗြဟ္မဒတ်” မင်းသည် ယခုအခါ မဂဓတိုင်း နာလကရွာ၌ ဗြဟ္မဏမဟာသာလမျိုး ဥပတိဿရွာသူကြီးသား များစွာသော စည်းစိမ်အခြံအရံဖြင့်ကြီး၍ ၁၆-နှစ်မြောက်သောအခါ တောင်ထိပ်သဘင်ကစားရာတွင် သံဝေဂဖြစ်သဖြင့် ပရိဗိုဇ်ရဟန်းပြုလျက် အမြိုက်တရားကိုရှာလျှင်- “ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော။ အာဟ တေသဉ္စ နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏာ။”ဟူသော ဂါထာကို အဿဇိထေရ်ဟောရာတွင် ယေဓမ္မာမှသည် အာဟ-တိုင်ရုံသော ဂါထာဝှက်ဖြင့်ပင် ဒိဋ္ဌိ, ဝိစိကိစ္ဆာ ၅-ဖြာသောသံယောဇဉ်ကင်းသော အမြိုက်ရေကို သောက်ချိုးပြီးမှ မိမိအခြံအရံ ၂၅၀-နှင့်တကွ ငါ့ထံလာ၍ “ဧဟိဘိက္ခု ဥပသမ္ပဒ” ရဟန်းပြုလျက် ၁၅-ရက်မြောက်သည့်နေ့၌ ငါဘုရားနှင့် ဂိဇ္ဈကုဋ်တောင်ယံ၌နေစဉ် ဒီဃနခအား ဟောကြားအပ်သောတရားကို ငါ့အားယပ်ခတ်ရင်း ကြားနာရပြန်သဖြင့် အထက်မဂ် ၃-တန်ကို ဘဝင်မခြား တန့်နားခြင်းမရှိ ကိလေသာကွန်ရက်ကို ၃-ချက်ဆင့်ကာဖွင့်ဖြတ်၍ အရဟတ္တဖိုလ်အထွတ်အထိပ် အဘိသိက်အမြိုက်ရေကို သွန်းချိုးပြီးမှ သြဝါဒပါတိမောက်ပြရာ သံဃာ ၁-ထောင် အရေအတွက်နှင့် ငါဘုရား၏ ပထမအစည်းအဝေး၌ အမိကိုစွဲ၍ဖြစ်သောအမည်ဖြင့် စကြာမင်း၏ သားကြီးရတနာကဲ့သို့ ငါဘုရား၏ တပည့်ကြီးလက်ယာရံ အဂ္ဂသာဝကအရာ၌ ထားတော်မူပြီးလျှင် “ဂင်္ဂါမြစ်ထဲ၌ သဲလုံးအပေါင်းတို့ကို ရေတွက်နိုင်ရာ၏။ သာရိပုတ္တရာ၏ပညာကို မရေတွက်နိုင်ရာ၊ မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုး, ရေပွက်တို့ကို ရေတွက်သော် ရေတွက်နိုင်ရာ၏။ သာရိပုတ္တရာ၏ပညာကို မရေတွက်နိုင်ရာ။ ဟိမဝန္တာ တော ၃-ထောင်, မဟာသမုဒ္ဒရာ ၄-စင်း၌ရှိသော သဲမြေမှုန့်တို့ကို တစ်ခုမကျန် ရေတွက်သော် ရေတွက်နိုင်ရာ၏။ သာရိပုတ္တရာ၏ပညာကို မရေမတွက်နိုင်။ ငါဘုရားကိုထား၍ ဤလောက၌ ပညာရှိသူ လူ, နတ်,ဗြဟ္မာ, ရဟန္တာအပေါင်းတို့၏ပညာကို တစ်ပေါင်းတည်းစု၍ သာရိပုတ္တရာ၏ပညာနှင့် နှိုင်းယှဉ်သော်လည်း ထိုသတ္တဝါတို့ ပညာအစုသည် သာရိပုတ္တရာ၏ ပညာကို ၁၆-စိတ်စိတ်၍၊ တစ်စိတ်ကို တစ်ဖန် ၁၆-စိတ်စိတ်ပြန်၍၊ ထိုအစိတ်အဝက်သောပညာကိုလည်း မတူမျှနိုင်ရာ”ဟု အခါခါအထပ်ထပ် ငါ ထောမနာပြုတော်မူလျက်- “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ မဟာပညဝန္တာနံ ယဒိဒံ သာရိပုတ္တော။”ဟု ဘုရားမှတစ်ပါး ပညာရှိကုန်သော သူတို့တွင် အထွတ်တပ်၍ ငါချီးမွမ်းတော်မူအပ်သော “ဓမ္မသေနာပတိ သာရိပုတ္တရာ” ထေရ်ဖြစ်လာ၏။

(ဧတဒဂ်ထားတော်မူသော ပါဌ်အနက် လွယ်ပြီ။

ယခင်ဂါထာ၏ အနက်ကား။ ယေဓမ္မာ၊ အကြင်ခန္ဓာ ၅-ပါးတရားတို့သည်။ ဟေတုပ္ပဘဝါ၊ အကြောင်းသာလျှင် အမွန်ဖြစ်ကုန်၏။ တေသံ၊ ထိုခန္ဓာ ၅-ပါးတို့၏။ ဟေတုံ၊ အကြောင်းကို။ တထာဂတော၊ လာခြင်းကောင်းသော ငါတို့ဆရာ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူပြီ။ တေသဉ္စ၊ ထိုအကြောင်းတရားတို့၏လည်း။ နိရောဓော၊ ချုပ်ရာချူပ်ကြောင်းဖြစ်သော နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ ဧဝံ၊ ဤအကြောင်းတရားကို စွဲ၍သာလျှင် ခန္ဓာ၅-ပါး ဖြစ်၏, အကြောင်းတရားတို့၏ ချုပ်ကြောင်းသည်လည်း ရှိ၏ဟူ၍။ မဟာသမဏော၊ ရဟန်းတကာတို့၏ အထွတ်အမြတ်ဖြစ်တော်မူသော ငါတို့ဆရာ မြတ်စွာဘုရားသည်။ ဝါဒီ၊ အယူတော်ရှိ၏။

ဤဂါထာ၌ “ယေ ဓမ္မာ” ဟူသောပါဌ်ဖြင့် ဒုက္ခသစ္စာကို ပြတော်မူ၏။ “ဟေတုပ္ပဘဝါ” ဟူသောပါဌ်ဖြင့် သမုဒယသစ္စာကို ပြတော်မူ၏။ “နိရောဓော” ဟူသောပါဌ်ဖြင့် နိရောဓသစ္စာကို ပြတော်မူ၏။ ထိုသဒ္ဒါ၏အစွမ်းဖြင့် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကို ပြတော်မူ၏။)

“ထိုအခါ ပဉ္စာလရာဇ်မင်းအား အကျိုးအကြောင်းကို ပြညွှန်တတ်သော “ကေဝဋ်” ပုဏ္ဏားသည် ယခုအခါ ဒေဝဒဟပြည်၌ ငါ၏ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကြီးသား ငါဘုရား၏အထံ၌ ရဟန်းပြု၍ လောကီဈာန်အဘိညာဉ်ကိုရပြီးမှ ပစ္စုပ္ပန်၌ အမျိုး၏ချစ်ခင်နှစ်သက်ခြင်းကို သံသရာရန်ငြိုးအဆက်ဆက် နှိပ်စက်နိုင်နင်းသဖြင့် ကြည်ညိုခြင်းပြတ်၍ အဇာတသတ်ကိုအမှီပြုလျက် အလီလီအဝဝ ၉-လပတ်လုံး အသက်ဆုံးကြောင်း မကောင်းသောလုံ့လဖြင့် မြင်းမိုရ်တောင်ကို လက်ဆုပ်ပြသကဲ့သို့ ငါ့အား အန္တရာယ်ပြု၍ မဖြစ်နိုင်လျှင် သံကို သံချေးဖျက်သည်နှင့်အတူ မိမိကိုယ်ကို မိမိပင်နှိပ်စက်ရာတွင် ဂယာသီသ၌ တစ်ယောက်တည်း အထီးကျန်လျက် အသက်မကုန်မီ ငါ့ထံ အဖူးအမြင်ရောက်သောအခါ မဟာပထဝီမြေထဲ ငရဲသို့မဆင်းမီ ငါ့အား လက်အုပ်ချီ၍ ကန်တော့စဉ် “နောင်အခါ၌ ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့”ဟု ငါ၏အမိန့်တော်တံဆိပ် ဗျာဒိတ်တော်ကိုခံရသော “ဒေဝဒတ်”ဖြစ်လာ၏။”

“ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၏မိဖုရားကြီး “ပဉ္စာလစန္ဒီ ဒေဝီ” ယခုအခါ သာဝတ္ထိပြည်၌ အဆင်းနှင့်ပြည့်စုံသော သတို့သမီးဖြစ်၍၊ တိတ္ထိတို့သည် ငါ့အားစွပ်စွဲအံ့သောငှာ ဖြားယောင်းသောစကားနှင့် တံစိုးကိုစားလျက် ပြစ်မှားမိသောကံကြောင့် မိမိကို ထိုတိတ္ထိတို့ပင်သတ်၍ အကောင်ကို ငါ၏ကျောင်းတော် တံမြက်ချေးစွန့်ရာ၌ ပစ်ထားခြင်းကိုခံရလေသော “သုန္ဒရီ” အမျိုးသမီး ဖြစ်လာ၏။”

(စလာကာ ထုလ္လနန္ဒရီ ဟူ၍ စလာကဒေဝီသည် ထုလ္လနန္ဒာဘိက္ခုနီ ဖြစ်လာသောအကြောင်းကို အချို့စာ၌ ရှိသည်။ အချို့စာ၌ မရှိ၊ ဤပါဒကို နိဿယဆရာလည်း အနက်မပေး၊ ဤပါဒကို သွင်းချေလျှင်လည်း ဤဒုတိယဂါထာ၌ တစ်ပါဒ လွန်ရာသည်။ ဆန်းဂိုဏ်းအားဖြင့်လည်း မသင့်၊ ထို့ကြောင့် စလာကာ ထုလ္လနန္ဒရီဟူသောပါဌ်ကို အဓိပ္ပါယ် မဆိုလိုက်သည်။)

“ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီး၏ အိပ်ရာစောင့်ဖြစ်သော “သာလိကာမသည် ယခုအခါ သာဝတ္ထိပြည်၌ ပသေနဒီ ကောသလမင်း၏ စစ်သူကြီးဖြစ်သော ဗန္ဓုလအမတ်၏မိဖုရား ဆင်ပြောင် ၅-စီးအားကိုဆောင်လျက် မဟလ္လတာတန်ဆာကိုဆင်နိုင်သော “မလ္လိကာဒါယိကာမ”ဖြစ်လာ၏။”

“ထိုအခါ မဟောသဓသုခမိန်၏နှမ ဝိဒေဟရာဇ်မင်းကြီး၏မိဖုရားကြီး “ဥဒုမ္ဗရဒေဝီ”သည် ယခုအခါ သာဝတ္ထိပြည်၌ “ဒိဋ္ဌမင်္ဂလိက” အမည်ရှိသောအမျိုးသမီး ဖြစ်လာ၏။”

“ထိုအခါ မဟောသဓသုခမိန်၏ ခမည်းတော်ဘုရားဖြစ်သော ဝိဒေဟရာဇ်မင်းကြီးသည် ယခုအခါ သာဝတ္ထိပြည်၌ “သူကြွယ်သား”ဖြစ်၍၊ သာသနာတော်၌ သဒ္ဓါခြင်းဖြင့် ငါဘုရားထံ ရဟန်းပြုပြီးလျှင် ကိုယ်,နှုတ်လျှပ်ပေါ်သဖြင့် ငါ အကြိမ်ကြိမ်အဖန်ဖန် မောဃပုရိသတင်၍ ကဲ့ရဲ့ရခြင်းကြောင့် ငါထင်ရှားရှိစဉ် မဂ်ဖိုလ်ကိုမရ။ ငါပရိနိဗ္ဗာန်လွန်မှ ရလတ္တံ့သော “ကာဠုဒါယီထေရ်” ဖြစ်လာ၏။”

“ထိုအခါ အဝီစိငရဲမှ အထက်ဘဝဂ်တိုင်အောင် လောကီပညာဖြင့် ၂-ယောက်မရကောင်းသော “မဟောသဓ”သုခမိန်သည်ကား ယခုအခါ ကပိလဝတ်ပြည်၌ မဟာသမ္မတမင်းမှဆင်းသက်၍ မပျက်သော အနွယ်ရှိသော သာကီဝင်မင်းမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဘုန်းကြောင့်ဖြစ်သော ရွှေအိုးကြီး ၄-လုံးနှင့်တကွ ဥတု ၃-ပါးတို့၌ အပူအချမ်းမျှသော ရွှေနန်း ၃-ဆောင်ပေါ်၌ သာကီဝင်မင်းသမီးအပေါင်း ၄-သောင်း၂-ထောင်တို့၏ အကြီးဖြစ်သော မြောက်သားမင်းသမီးနှင့် ၂၉-နှစ်အရွယ်တိုင်အောင် စိုးစံပြီးမှ ရာဟုလာသတို့သားကို ဖွားမြင်သောနေ့၌ နိမိတ် ၄-ပါးကိုမြင်သဖြင့် လောကီစည်းစိမ်ကိုစွန့်ပစ်၍ အနောမာမြစ်နား၌ ရဟန်းပြုပြီးလျှင် ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာကျင့်ပြီးအဆုံးမှ သေနာနိဂုံးရွာ၌ သုဇာတာ၏ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူလျက်၊ ကဆုန်လပြည့်နေ့ ညချမ်းအခါ မဟာဗောဓိပင်ရင်း၌ ဒေဝပုတ္တမာရ်ကို ပယ်လှန်ပြီးလျှင် မိုးသောက်ယံ နေအရုဏ်တက်လုနီး၌ ၄-သင်္ချေနှင့် ကမ္ဘာ၁-သိန်းကာလပတ်လုံး မပြတ်ဖြည့်ဆည်းပူးအပ်သော ပါရမီအပေါင်းရင့်ခြင်းသို့ရောက်သဖြင့် သူတစ်ပါးမပြညွှန် ကိုယ်တော်တိုင်သာလျှင် ဉေယျဓံတရား ၅-ပါးကို သိတော်မူလျက် မရေမတွက်နိုင်သော ဂုဏ်တော်အပေါင်းနှင့်တကွ သဗ္ဗညု အထွတ်သို့ ရောက်တော်မူပြီးသော “ငါဘုရား” ဖြစ်တော်မူ၏။”

မဟောသဓဇာတ်တော်ကြီး ပြီး၏။